Monday, April 25, 2011

This Too Shall Pass Away ("gimel, zayin, yud") "ဒါလည်း ပြီးသွားမှာပါ" နဲ့  ဆော်လမွန်ဘုရင်ကြီး။























ရှေးက ဆော်လမွန်ဘုရင်ကြီးက သူ့ရဲ့ အားအထားရဆုံး ပညာရှိအမတ် ဘင်နေးကို နည်းနည်းနှိမ်လိုတာရယ်၊ အပျော်သဘောရယ်နဲ့ မှော်လက်စွပ်တစ်ကွင်း ရှာဖွေဆက်သဖို့ မိန့်ပါတယ်။ ဒီလက်စွပ်ဟာ သာမန်လက်စွပ် မဟုတ်ပဲ ထူးဆန်းတဲ့ လျှို့ဝှက်စွမ်းအင်တစ်မျိုးရှိရမယ်။ ဒီစွမ်းအင်ကတော့ ဒီလက်စွပ်ကို ဝတ်ရတဲ့သူဟာ ပျော် ရွှင်နေသူဆိုလျင် ဝမ်းနည်းသွားစေရမယ်။ ဝမ်းနည်းနေသူဆိုလျင်လည်း ပျော်ရွှင်လာစေရမယ်။ ငါကိုယ်တော် မြတ် ဒီလက်စွပ်ကို လာမည့်ဆောင်းဦးရဲ့ ကောက်ရိတ်သိမ်းပွဲနဲ့အတူ ကျင်းပမယ့် ဝတ်ပြုဆုတောင်းပွဲတော်မှာ ဝတ်ဆင်လိုတယ်။ လက်စွပ်ရှာဖို့ သင့်ကို ခြောက်လ အချိန်ပေးမယ်လို့ အမိန့်တော်ရှိပါတယ်။

ဆော်လမွန်ဘုရင်ကြီးအနေနဲ့ ဒီလက်စွပ်မျိုး ကမ္ဘာပေါ်မှာ တကယ်မရှိနိုင်ဘူးဆိုတာတော့ သိပါတယ်။ သို့ပေ မယ့် ဘင်နေးကတော့ မှန်လှပါ၊ တကယ်လို့သာ ဒီလက်စွပ်မျိုး အမှန်တကယ်ရှိတယ်ဆိုလျင် မရ ရအောင် ရှာဖွေပြီး ဆက်သပါ့မယ်လို့ လျှောက်ထားခဲ့ပါတယ်။ ရှင်ဘုရင်ဆိုတော့လည်း မဖြစ်နိုင်ပါဘူးဆိုတဲ့စကားကို ကြားချင်မယ် မဟုတ်ဘူးဆိုတာ ဘင်နေးက သိလို့လည်းပဲ ဖြစ်မယ်ပေါ့လေ။

နွေဦးနဲ့ နွေရာသီ၊ ရာသီနှစ်ခု ပြောင်းသွားပေမယ့် ထူးဆန်းတဲ့စွမ်းအင်ရှိတဲ့ ဒီလပ်စွပ်ကို ဘယ်မှာသွားလို့ ရှာရ ပါ့မလဲလို့ စဉ်းစားမရနိုင်ပါဘူး။ ဒါနဲ့ စိတ်ပျက်ပျက်နဲ့ပဲ ဘုရားဖူးရာသီရဲ့ ဝတ်ပြုဆုတောင်းပွဲရောက်ဖို့ တစ်ရက် အလို ညဦးမှာ ဘင်နေးဟာ နန်းတော်တွင်းက ထွက်လာပြီး ဆင်းရဲသားများနေထိုင်ရာ ဂျေရုဆလင်မြို့တွင်း လျှောက်လာခဲ့ပါတယ်။

တစ်နေရာအရောက်မှာတော့ လမ်းဘေးဇရပ်အိုတစ်ခုမှာ တည်းခိုနေတဲ့ ကုန်သည်တစ်စုနဲ့ တွေ့တယ်။ ကုန် သည်များထဲက အဘိုးအိုတစ်ဦးဟာ ဖာထေးရာအထပ်ထပ်နဲ့ ကော်ဇောပေါ် သူ့မှာပါလာတဲ့ ပစ္စည်းဟောင်း တွေကို ရောင်းချဖို့ ခင်းကျင်းနေတာကိုတွေ့ပါတယ်။ မျှော်လင့်ချက် သိပ်မရှိလှပေမယ့် အဘိုးအိုဆီမှာများ သူ ရှာနေတဲ့ လက်စွပ်တွေ့နိုင်မလားရယ်ဆိုပြီး ဘင်နေးက အဘိုးအိုကို "အဘိုးရယ်၊ ဝတ်တဲ့သူကို ဝမ်းနည်းသူ ဝတ်ဆင်ရင် သူ့ရဲ့ ဝမ်းနည်းမှုတွေ ပျောက်ပြီး ပျော်ရွှင်လာစေနိုင်၊ ပျော်ရွင်သူဝတ်မယ်ဆိုရင်တော့ သူ့ရဲ့ပျော် ရွှင်နေမှုတွေ ရုတ်တရက်ပျောက်ဆုံးပြီး ချက်ခြင်းပဲ ဝမ်းနည်းစေနိုင်တဲ့ လက်စွပ်များ အဘိုးဆီမှာ ရှိနိုင်မလား" လို့ မေးပါတယ်။

အဘိုးအိုက သူ့ကော်ဇောပေါ်ရှိ ပြောင်းရှင်းရှင်း သာမန်ရွှေလက်စွပ်တစ်ကွင်းကိုကောက်ယူကာ တစ်စုံတစ်ခုနဲ့ အသာရေးခြစ်ပြီး ဘင်နေးကို ပေးပါတယ်။ ဘင်နေးဟာ လက်စွပ်ကို သေသေချာချာကြည့်၊ လက်စွပ်ပေါ်က စာကိုလည်း ကျကျနန ဖတ်ပြီးတဲ့အခါမှာတော့ ဝမ်းနည်းမှုတွေပျောက်ကာ ဝမ်းသာလာလို့ သူ့မျက်နှာ တဖြေး ဖြေးနဲ့ ပြုံးလာပါတယ်။ ထခုန်မတတ်ပင် ဝမ်းသာပီတိများလည်း ဖြစ်မိပါတယ်တဲ့။

ဝတ်ပြုဆုတောင်းပြုလုပ်မည့်နေ့မှာတော့ ဂျေရုစလင်တစ်မြို့လုံး နန်းရင်ပြင်ကို စုရုံးရောက်ရှိလာကြပါတယ်။ ရောက်လာတဲ့ ပရိတ်သတ်ကြီးအလယ်မှာ ဆော်လမွန်ဘုရင်ကြီးက"ဘယ်လိုလဲ အမတ်ကြီး ဘင်နေး၊ ငါကိုယ် တော် အရှာခိုင်းတော်မူတဲ့ လက်စွပ်ကို တွေ့ခဲ့ပြီလား" လို့ မေးပါတယ်။ မဖြစ်နိုင်တဲ့အရာကို အရှာခိုင်းတာမှန်း သိလို့ စုရုံးနေတဲ့ ပရိတ်သတ်ကြီးရော၊ မှူးကြီးမတ်ရာတွေရော၊ အားလုံးက ပြုံးစိစိနဲ့ဖြစ်နေကြပါတယ်။ ဘုရင် ကြီးကိုယ်တိုင်လည်း သူ့အမတ်ကြီးကို ဒီတစ်ချီတော့ဖြင့် အရူးလုပ်ခွင့်ရလေပြီဆိုတဲ့ အတွေးနဲ့ မျက်နှာမှာ အပြုံး ရိပ် လွှမ်းလို့ပေါ့။

ဒါပေမယ့် ဘုရင်ကြီးနဲ့ ပရိတ်သတ်ကြီး မျှော်လင့်သလို ဖြစ်မလာပါဘူး။ ဘင်နေးက သူ့အိတ်ထဲမှာ သေသေချာ ချာ ထုပ်လာတဲ့ လက်စွပ်ကိုထုတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာပဲ "မှန်လှပါ၊ အရှင်မင်းကြီး၊ အရှာခိုင်းတဲ့ လက်စွပ်ကို ဒီမှာ ရှုစားတော်မူပါ"ဆိုပြီး ထုတ်ပြပါတယ်။ ဆော်လမွန်ဘုရင်ကြီးလည်း လက်စွပ်ကို ဝတ်။ လက်စွပ်ပေါ်မှာ ရေးထိုးထားတဲ့ စာကို သေသေချာချာဖတ်ပြီးချိန်မတော့ သူ့မျက်နှာပေါ်က အပြုံးရိပ်များလည်း တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားပါတော့တယ်။ လက်စွပ်ပေါ်မှာရေးထားတဲ့စာကတော့ ဟီဗရူးဘာသာနဲ့ စကားသုံးလုံးထဲပါ။ "gimel, zayin, yud" တဲ့။ အင်္ဂလိပ်လိုတော့ "This too shall pass away" ပေါ့။ မြန်မာလိုတော့ "ဒါလည်းပြီး သွားမှာပါ" ပေါ့လေ။

စာကို ဖတ်ပြီးအခိုက်အတန့်မှာပဲ ဆော်လမွန်ဘုရင်ကြီးဟာ ကောင်းကောင်းနားလည်လိုက်ပါတယ်။ သူပိုင်ဆိုင် တယ်လို့ ယူဆထားတဲ့ သူ့တိုင်းပြည်ကြီးရယ်၊ သူ့ရဲ့ မောင်းမမိဿံ ခြွေရံသင်းပင်းတွေရယ်၊ စည်းစိမ်ဥစ္စာနဲ့ ကြီး မားလှတဲ့ တံခိုးအာဏာတွေရယ်။ သူဆည်းပူးလေ့လာထားတဲ့ အသိပညာတွေရယ်။ သူနဲ့စပ်ဆိုင်သမျှ သက်ရှိ သက်မဲ့အရာအားလုံးဟာ သူ့ကို စွန့်ခွါသွားလိမ့်မယ်။ နောက်ဆုံးမတော့ သူ့ရဲ့ ကိုယ်ခန္ဓာသည်ပင်လျင် မြေမှုန့်မျှ သာ ကျန်ပေလိမ့်မယ်။ ဒါတွေအားလုံး ပြီးသွားမှာ။ ဒါလည်းပြီးသွားမှာပါဆိုတဲ့စကားလေးကို သဘောပေါက် သွားပါတယ်။

ခုလိုသဘောပေါက်နားလည်ပြီး အမတ်ကြီးဘင်နေးကို သူအလိုရှိတဲ့အရာကို ရအောင်ရှာဖွေနိုင်ပါပေတယ်လို့ ချီးမွမ်းထောမနာပြုကာ ဆုတော်လဒ်တော်များ ပေးကမ်း ချီးမြှင့်ပါတယ်တဲ့။ တိုင်းသူပြည်သားတွေအပေါ်မှာ လည်း ရှေးကထက်ပိုလို့ အကြင်နာထားကာ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်သွားခဲ့ပါတယ်တဲ့။

ဒီပုံပြင်လေးနဲ့ ဒီ"ဒါလည်းပြီးသွားမှာပါ"ဆိုတဲ့ စကားလေးကို ဖတ်ရပြီးတဲ့နောက် ကိုယ့်စိတ်ထဲမှာလည်း ဆော်လ မွန်ဘုရင်ကြီးလိုပဲ အသိတရားရသွားစေချင်တဲ့သူ တစ်ဦးကို မျှော်လင့်ကြည့်မိပါတယ်။ မျှော်လင့်မိရင်းပဲ အော် ဟိုက ဆော်လမွန်ဘုရင်ကြီး။ ပညာအမြော်အမြင်နဲ့ ပြည့်စုံတဲ့သူ။ကိုယ့်ကို ပညာပေးတဲ့အရာကိုလည်း ပညာပေး တဲ့ အရာပဲလို့ နားလည်ပြီး လေးစားအသိအမှတ်ပြုကာ ဆုလဒ်များတောင် ပေးနိုင်အောင် အသိဉာဏ်ကလည်း အဆင့်မြင့်သူ။

ငါမျှော်လင့်တဲ့သူက ဆော်လမွန်လိုမှ မဟုတ်တာ။ ပညာရှင်ကို လေးစားရကောင်းမှန်း မသိသလို၊ ပညာကို လည်း တန်ဖိုးထားရကောင်းမှန်းမှ မသိတာ။ ဘယ်လိုလုပ် ဆော်လမွန်လို အသိမှန်ရနိုင်ပါ့မလဲ။ နားလည်နိုင်ပါ့ မလဲရယ်လို့ မချင့်မရဲ တွေးမိပါတယ်။ ဒီထက်ပိုပြီး ကိုယ့်မျှော်လင့်မှုက ကိုယ့်ဆောင်းပါး ဆုံးပြီးပြီလို့ ထင်ခဲ့ပေ မယ့် ခုလိုဆက်ရေးစရာ အကြောင်းပေါ်လာလို့ ဆက်ရေးဖြစ်တာမျိုးလို မျှော်လင့်စရာ မရှိတဲ့ကြားကပဲ တစ်ခုခု အကြောင်းက ဖေးမလို့ ကိုယ်မျှော်လင့်ထားသူမှာဆီမှာလည်း လက်စရာ အသိလေးတစ်ချက် ရှိလာများ ရှိလာ နိုင်ဦးမလားလို့ နောက်ဆုံးမြက်ပင်တစ်ခုအနေ မျှော်လင့်နေမိသေးတယ်။

မျှော်လင့်တာတွေ ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာလျင်လည်း နေပစေ။ ဒါလည်းပြီးသွားမှာပါဆိုတဲ့ စကားလေး ကတော့ ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်မိစေဖို့ အသိလေးတစ်ခုတော့ ပေးနိုင်ခဲ့တာ အမှန်။ တကယ်တော့ ဒို့တွေအားလုံးမှာ ကိုယ်ပိုင် ကံလက်စွပ်တွေကို အသီးသီးဝတ်ထားပြီးသားပါ။ ဒို့ပိုင်ဆိုင်တဲ့ လက်စွပ်ပေါ်မှာ လည်း "ဒါလည်း ပြီးသွားမှာပါ" ဆိုတဲ့ စာတမ်းလေးကိုလည်း ထင်ထင်ရှားရှား ရေးထိုးပြီးသား။ ဒါပေမယ့် ဒို့တွေ က ဒို့တွေရဲ့ လက်စွပ်ပေါ်က ဒီစာသားလေးကို မမြင်နိုင်ကြဘူးလေ။ မြင်လည်းပဲ မမြင်လိုကြဘူးလေ။ ဒို့တွေက ဒို့ပိုင်ဆိုင်တဲ့ အရာလေးကို စွန့်သွားရမှာ၊ ဒို့ရပ်တည်နေတဲ့ နေရာလေးကနေ ရွေ့လျေားသွားရမှာမျိုးကို လိုမှ မလိုလားကြတာ။ တကယ်တော့ ဒို့တွေက ဘယ်လိုပဲ မျက်ကွယ်ပြုကာ မမြင်ယောင်၊ မသိယောင်ဆောင်ကာ ထားထား။ ဒို့အားလုံးဟာ အချိန်တန်လျင်ဖြင့် အသေအချာ ပြီးကို ပြီးသွားကြရမည့်သူတွေချည်းသာပါပဲလေ။ ။

အရှင်ဉာဏိက။

Wednesday, April 20, 2011

ကလေးများ လိမ်တတ်အောင် သင်ပေးသူ

E-mail Print PDF
လွန်ခဲ့သည့် တစ်လ၊ နှစ်လ ခန့်လောက်က သြစတေးလျ တီဗွီ အစီအစဉ် တစ်ခုတွင် ကလေး ငယ်များသည် လိမ်ညာတတ်သည့် အကြောင်း သုတေသန ပြုသည့် အစီအစဉ် တစ်ခု ပြသွားသည်ကို ကြည့်လိုက်ရသည်။
ထို အစီအစဉ်တွင် အခန်းငယ် ၅ ခန်းခွဲပြီး၊ ကလေး ၅ ဦးကို တစ်ခန်းစီမှာ ထား၍ သူတို့ မသိ မမြင် နိုင်အောင် လှို့ဝှက် ကင်မရာများ တပ်ထားသည်။
ကလေးငယ် များ၏ အနောက်တွင် အရုပ် တစ်ခုချင်း ချပြီး ကလေးများကို နောက်မှာ ချထားသည့် အရုပ်အား လှည့်မကြည့်ရန် မှာထားသည်။ ထို့နောက် လူကြီး တစ်ယောက်စီက တစ်ခန်းစီမှာ ကလေးငယ်များကို နောက်မှ ချထားသည့် အရုပ်၏ အော်သံကို ဖွင့်ပြသည်။ ဥပမာ ဝုတ်ဝုတ် ဟု အော်လျှင်၊ ဒါခွေးရုပ် ဖြစ်သည်၊ ညောင်ဟု အော်လျှင် ဒါကြောင်ရုပ် ဖြစ်သည်ဟု ကလေးများက ဖြေရသည်။ အဖြေမှန်လျှင် သူတို့ကို ထိုအရုပ် ပေးလိုက်သည်။
သို့ဖြင့် တစ်ချိန်တွင် ဂေါ်ဇီလာရုပ် ချထားရာ ဂေါ်ဇီလာ မြည်သံကို ကလေးများက နားယဉ် ကြားဖူးခြင်း မရှိကြချေ။ ထိုအခါ ကလေးများသည် တွေဝေ နေကြစဉ် သူတို့အား မေးနေသည့် လူကြီးက ကဲ မင်းတို့ စဉ်းစားထားနော်၊ နောက်လှည့် မကြည့်ရဖူးနော်၊ မျက်လုံးလဲ သေချာ ပိတ်ထား၊ ၁၅ မိနစ် စဉ်းစားချိန် ပေးမယ်၊ ငါ အပြင်သွားပြီး ၁၅ မိနစ်နေရင် ပြန်လာမယ် လို့ မှာပြီး ကလေးများကို တစ်ဦးထဲ အခန်း တစ်ခုစီမှာ ထားခဲ့ပြီး အပြင် ထွက်သွား သည်။
လူကြီး ထွက်သွားပြီး ကလေး တစ်ဦးချင်း အခန်း တစ်ခန်းစီမှာ ရှိနေကြသည့် အခါတွင် သူတို့သည် မကြာခင်မှာပင် နောက်သို့ ခိုး၍ လှည့်ကြည့်ပြီး အနြေ္ဒိ မပျက် မျက်လုံးကို လက်ကာ၍ အရုပ်ထားရာ ဖက်ကို ကျောခိုင်း နေကြသည်။ လူကြီးက ပြန်ဝင်လာသည့် အခါတွင် ကလေးများကို အဖြေရပြီလား မေးလျှင် ကလေးများက အဖြေမှန် ဂေါ်ဇီလာ ရုပ်ဖြစ်သည်ဟု ဖြေလေသည်။ ထိုအခါ လူကြီးက မင်းတို့ နောက်လှည့် ကြည့်လား မေးလျှင် ဟင့်အင်း- မျက်လုံးမှာ လက်ကာ ထားတာ ညောင်းတာတောင်မှ လက်မချပါဖူးဟု ပိပိရိရိ ညာလေသည်။ ကလေး ၅ ယောက်တွင် တစ်ယောက်သာ ခိုးကြည့် မိပါသည်ဟု ဝန်ခံသည်။ ထိုအစီအစဉ်ကို ကြည့်ခြင်းဖြင့် ကလေးများမှာ ငယ်စဉ်ကပင် လိမ်ညာ တတ်သည်ကို တွေ့ရသည်။
ထိုသို့ လိမ်ညာတတ်ခြင်းမှာ ကလေးများသည် သူတို့၏ အနီးကပ်ဆုံး ရှိသည့် လူကြီး မိဘများထံမှ စတင် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်ကိုမူ လူကြီး မိဘတို့က သတိ မပြုမိဘဲ ရှိတတ်ပြီး၊ ကလေးများ လိမ်တတ်ခြင်း ကိုပင် အပြစ် ဆိုချင် ကြသေးသည်။ ကလေးများမှာ စကား စတင်ပြောတတ်သည့် အရွယ်မှ စလို့ပင် သူတို့၏ ဦးဏှောက်နှင့် မှတ်ဥာဏ် တို့သည် အလွန် လန်းဆန်း ဖွံ့ဖြိုးလာသည် ဖြစ်ပြီး၊ ကလေးများသည် အရာရာကို အနီးစပ်ဆုံး သူများထံမှ ဦးစွာ သင်ယူ ရရှိလာလေသည်။ ထိုအချိန်ကပင် သူတို့၏ ကိုယ်ပိုင်ဥာဏ် နှင့် ရှိသည့် ဗဟုသုတ တို့ဖြင့် စဉ်းစား တွေးတော တတ်လာပြီလည်း ဖြစ်သည်။
ကလေးငယ်များအား လိမ်ညာ တတ်အောင် သင်ပေးခြင်း နှင့် ပတ်သက်၍ မကြာသေးမှီက ကြားသိရသည့် အဖြစ်အပျက် တစ်ခု ပြောရသော် – တရက်တွင် မိမိ၏ မိတ်ဆွေ လူကြီး တစ်ဦးသည် သူ့၏ မိတ်ဆွေ ကလေးငယ်များထံ အလည် အပတ်သွားရာ ကလေးများက – ဘဘကြီး ဘယ်က လာသလဲဟု မေးရာတွင် သူက ဘဘကြီးက နတ်ပြည်က လာတယ်ဟု ပြန်ဖြေလေသည်။ ထိုအခါ ကလေးငယ်များမှာ နတ်ပြည် ဆိုသည်ကို အလွယ်တကူ လက်ခံလိုက်သည် မဟုတ်ပေ။ သူ့အား နတ်ပြည် ဆိုသည်မှာ ဘယ်သို့ ဘယ်ပုံ၊ ဘယ်လိုသွား၊ ဘယ်လို လာရသည် စသည်ဖြင့် အသေးစိတ် လိုက်မေးတော့သည်။ သူကလဲ ပါးစပ်ထဲ ရှိရာ လျှောက်ပြော လိုက်တော့သည်။ ထိုအခါ ကလေးငယ်များမှာ ထိုလူကြီး ပြောခဲ့သည့် အကြောင်း အရာများကို သူတို့၏ ဦးဏှောက် မှတ်ဥာဏ်ထဲတွင် စွဲထည့် ထားသည် ဖြစ်သည်။ တစ်ချိန်တွင် ထိုလူကြီး ပြောခဲ့သည့် အကြောင်းမှာ မဟုတ်သည်ကို သူတို့ တွေ့မြင်သည့် အခါ စကားကို မမှန်မကန် ပြောချင်ရာ ပြောလို့ရတယ်ဟု သူတို့၏ အသိတွင် ဝင်သွားတော့သည်။
အလားတူပင် ကလေးငယ်များအား မိဘများက သူရဲဖြင့် ခြောက်ခြင်း၊ မဟုတ်က ဟုတ်ကပြောပြီး နှစ်သိမ့်ခြင်း၊ ကလေးများ၏ သင်ယူနေသည့် မှတ်ဥာဏ်ကို အထင်သေးပြီး စကားကို အလွယ်တကူ ပေါ့ပေါ့ တန်တန် မဟုတ်တာ ပြောလိုက် ခြင်းတို့သည် ကလေးများအား လိမ်ညာခြင်းကို စသင်ပေးလိုက် သလိုဖြစ်နေတော့သည်။
မိမိ၏ မိတ်ဆွေ တစ်ဦးတွင် ၇နှစ် အရွယ် သားလေး တစ်ယောက်ရှိသည်။ ထိုကလေးသည် အလွန်မှ လိမ်ညာတတ်သည်။ တစ်ခါက မိမိမှာ သူတို့၏ အိမ်သို့ တပတ်ခန့် သွားရောက် နေထိုင်ဖူးစဉ် သူ့ဖခင်မှာ ကလေးက မုန့်စားချင်၍ တောင်းသည့် အခါမှာ မုန့်မရှိတော့ဖူးဟု ညာပြောတာမျိုး၊ ကလေးက အကြောင်း တစ်ခုခု သိလိုလျှင် ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်ပြောတာမျိုး လုပ်လေ့ရှိသည်ကို တွေ့ရသည်။
ကလေး ဆိုသည်မှာ သူတို့ သိချင် လိုချင်သည့် အရာကို အထက်က ပြောခဲ့သည့် တီဗွီ အစီအစဉ်မှာ ပါသလို ကြံဖန် လုပ်တတ်သည် ဖြစ်သည်။ မုန့်မရှိဖူး ပြောသော်လည်း သူသည် မုန့်ထားသည့် နေရာကို ချက်ခြင်း သွားမရှာသည့်တိုင် နောင်တစ်ချိန်တွင် ထိုမုန့်ရှိသည့် နေရာမှ မုန့်ရလာလျှင် ယခင်က ဖခင်သည် သူ့အား ညာခဲ့သည်ကို သူချက်ခြင်း သိနိုင်သည်။ ထိုအခါ လိမ်ညာခြင်းသည် အပြစ်မရှိသည့် လုပ်ရပ် တစ်ခုလို သူအနေဖြင့် သတ်မှတ်သွားမည် ဖြစ်တော့သည်။
မိမိနှင့် သိကျွမ်းသည့် အခြားမိတ်ဆွေ တစ်ဦးမှာမူ သူ့၏ သားကို ကလေးပင် ဖြစ်သော်လည်း လေးလေး စားစား ဆက်ဆံသည်ကို တွေ့ရသည်။ ကလေးက မုန့်စားချင်လို့ တောင်းလျှင် ဒီအချိန်သည် မုန့်စားရသည့် အချိန်မဟုတ်ကြောင်း၊ အကျိုး အပြစ်တို့ကို သေသေချာချာ ခွဲခြား ရှင်းပြတတ်သည်။ ထိုအခါ ထိုကလေးသည် လိမ်ညာခြင်း အကျင့်မရှိတော့ဘဲ အမှန်ကိုသာ ပြောပြီး၊ ထို အမှန်တရားကို လက်ခံသင့်သည့် အကြောင်းအား စူးစမ်းလိုစိတ် ဖြစ်လေတော့သည်။ အလားတူ ကလေးက အကြောင်း တစ်ခုခုကို သိလိုသဖြင့် မေးမြန်းလျှင်လည်း၊ ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်မပြောဘဲ ကလေးနားလည်အောင် သေသေချာချာ ရည်ရည်လည်လည် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်။ ထိုအခါ ကလေးသည် သူသိချင်သည့် အရာကို သေသေချာချာ သိလိုက်ရပြီး နောင်တွင် သူ့အနေဖြင့် သူသိထားသည့် အရာမှာ မှန်ကန်သည်ကို တွေ့ရလျှင် သူ့၏ ဖခင်ကို လေးစားသည့် စိတ်ဝင်သွားမည် ဖြစ်သည်။
သြစတေးလျတွင်မူ ကလေးများအား ကျောင်းမထား မနေရ ဖြစ်ပြီး၊ ကျောင်းပညာရေး အဆင့် အတန်း မှာလည်း မြင့်မားသည့် အတွက်၊ လူကြီး မိဘ အုပ်ထိန်း သူများက ချို့ယွင်းချက် ရှိသည့်တိုင် ကလေးများမှာ ကျောင်းသို့ ရောက်ကြလျှင် လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရန် ပြုပြင် နေထိုင် လာတတ်ရန် အခွင့် အရေး ရှိကြသည်။
မြန်မာနိုင်ငံတွင်မူ ပညာရေး အဆင့်အတန်းမှာ အလွန် နိမ့်ပါးလျှက် ရှိရာ၊ တဖက်မှာလည်း ကလေးများအားလုံး ပညာသင်ရခြင်း မရှိကြသည့် အတွက် လူကြီး မိဘ အုပ်ထိန်းသူ များမှာ ကလေးများ လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရေး အတွက် အလွန် အရေးကြီး လှတော့သည်။
မကြာခင်က မိမိရေးခဲ့သည့် အချဉ်ဖမ်းသည့် အတတ် တွင် လူ့ယဉ်ကျေးမှု အဆင့်အတန်းသည် လူတို့၏ ဂုဏ်ကို ဖော်ဆောင် နေကြောင်း ဖော်ပြခဲ့သည်။ မိမိတို့ လူမျိုးများတွင် အများအားဖြင့် လိမ်ညာမှုကို ယဉ်ပါးစွာ ပြုလုပ်နေကြခြင်းဖြင့် လူ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျနေပြီး၊ လူ့ဂုဏ်သိက္ခာ ကျဆင်းနေခြင်း ဖြစ်သည်ကို ဆင်ခြင်ကြပြီး၊ နောင်မျိုးဆက်များတွင် ထိုသို့ မဖြစ်ရလေအောင် ပြုပြင် ထိန်းသိမ်း လိုကြသည် ဆိုပါက၊ လူကြီး မိဘများ တို့သည် သူတို့၏ ကလေးငယ်များအား လိမ်ညာခြင်း အတတ်ကို မသင်ပေးဖြစ်အောင် စတင် ဆောင်ရွက်သင့်မည် ထင်ပါသည်။
အောင်
(AUNG.INFO မှ ကူးယူ ဖော်ပြပါသည်)

Tuesday, April 19, 2011

လမ်းပျောက်တဲ့သား

Wednesday, April 13, 2011

လူသစ်၊စိတ်သစ်၊နစ်သစ်

လူသစ် စိတ်သစ် နှစ်သစ်<http://www.news-eleven.com/index.php?option=com_content&view=article&id=6454:2010-12-27-07-18-50&catid=78:2009-11-13-06-25-17&Itemid=135>
 [image:
PDF]<http://www.news-eleven.com/index.php?view=article&catid=78%3A2009-11-13-06-25-17&id=6454%3A2010-12-27-07-18-50&format=pdf&option=com_content&Itemid=135>
 [image:
Print]<http://www.news-eleven.com/index.php?view=article&catid=78%3A2009-11-13-06-25-17&id=6454%3A2010-12-27-07-18-50&tmpl=component&print=1&layout=default&page=&option=com_content&Itemid=135>
[image: Share] <http://www.addthis.com/bookmark.php?v=20>
 Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

အတွေးမှားနေသူသည်
အနှစ်မဲ့ကို အနှစ်ရှိဟုထင်၏။
အနှစ်ရှိကို အနှစ်မဲ့ဟုထင်၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရကို မတွေ့ရှိနိုင်ပေ။
အတွေးမှန်သူသည်
အနှစ်ရှိသည်ကို
အနှစ်ရှိသည်ဟု သိ၏။
အနှစ်မဲ့သည်ကို
အနှစ်မဲ့ဟု သိ၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရ တွေ့ရှိနိုင်လေ၏။
(ဓမ္မပဒ)

နှစ်စဉ် ဇန်န၀ါရီလ ၁ ရက် နေ့သည် ခရစ်နှစ် နှစ်သစ်ကူး ဖြစ်၍ ဧပြီလ ၁၇ ရက်၊
သို့မဟုတ် ၁၈ရက် သည် မြန်မာနှစ်သစ်ကူး ဖြစ်သည်။ သင်္ကြန်အကြတ်နေ့က တစ်ရက်တည်း
ဆိုလျှင် ဧပြီလ ၁၇ ရက်သည် ပုံမှန် နှစ်ဆန်းတစ်ရက်နေ့ကျသည်။ တစ် ခါတစ်ရံ
သင်္ကြန်အကြတ်က နှစ်ရက်ဖြစ်သွားလျှင် နှစ်ဆန်းတစ်ရက်က ၁၈ ရက်နေ့ ဖြစ်သွားသည်။
မြန်မာနှစ်ကူးသည် အဘယ်ကြောင့် မြန်မာရက်နှင့် မသတ်မှတ်ပါသနည်း။

၁၂ လကို တစ်နှစ်ဟု သတ်မှတ်ထားရာ ၁၂ လ ကုန်တိုင်း ကုန်တိုင်း နှစ်ကူးလျှင်
နှစ်သစ်ကူးဟု ခေါ်ကြသည်။ ကျန်ခဲ့သော နှစ်ကို နှစ်ဟောင်း၊ ပြောင်းရမည့် နှစ်ကို
နှစ်သစ်၊ ထိုသို့ သတ်မှတ်ကြသည်။ ထို နှစ်သစ်ကူးပွဲတော်ကိုလည်း သူ့လူမျိုး၊
သူ့နိုင်ငံ၊ သူ့ဘာသာ၊ သူ့ဓလေ့အရ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲ၍ နှစ်သစ်ကို
ကြိုဆိုကြသည်။ နှစ်တွေက နှစ်ကူးတိုင်းကူးတိုင်း သစ်ခဲ့သည်။ လူကကောလိုက်၍
သစ်ပါရဲ့လား။ စိတ်ကကောလိုက်၍ သစ်ပါရဲ့လား။
 *
------------------------------
နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ
လိုရင်းဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည်  .  .  .
------------------------------
*

လူအများစု အသစ်ကို နှစ်သက်ကြသည်။ အပြင်ထွက်လျှင် အ၀တ်အစား အသစ်တွေ ၀တ်ဆင်၍
ထွက်ကြသည်။ဖိနပ်အသစ်လေးကို ချ၍စီးသည်။ အခြား အသုံးအဆောင် ပစ္စည်းလေးတွေကိုလည်း
အသစ်ကိုပဲ သုံးစွဲကြသည်။ငွေကြေးတတ်နိုင်သူ

များက အိမ်သစ်၊ တိုက်သစ်နှင့်
နေကြသည်။ မော်ဒယ်လ်မြင့် ကားအသစ်ကို ၀ယ်စီးကြသည်။ ပစ္စည်းဟူသမျှ အားလုံး
အသစ်ကျပ်ချွတ်ကို သုံးစွဲကြသည်။ လူကသာ မသစ်ချင်နေမည်။ စိတ်ကသာ မသစ်ချင်နေမည်။
ပစ္စည်းကို တော့ အသစ်မှသုံးကြသည်။

အသစ်တွေ ဘယ်လိုကောင်းသော်လည်း အဟောင်းကို တလည်လည် ဟူသော ဆိုစကားကလည်း
ရှိသေးသည်။ ဆန်ဟောင်းနှင့်ဆန်သစ်၊ ဆန်ဟောင်းက ဈေးပိုသည်။ ရှေးဟောင်းပစ္စည်းတွေ
တော်တော် တန်ဖိုးကြီးသည်၊ မကြာမီက ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသည်၊ အင်္ဂလန်မှာ
အိမ်ရှင်းရင်း အမှိုက်ပုံထဲကနေ ထွက်လာသည့် ၁၈ ရာစုလောက်က တရုတ်ပန်းအိုးတစ်လုံး
လေလံတင်၍ ရောင်းချရာ ပေါင် ၂၄ သန်း ရသတဲ့။ နားတောင် မလည်နိုင်အောင်ပင်။ ထို
ပစ္စည်းက ဘယ်လောက်များ အသုံးကျ၍ ဤမျှတန်ဖိုးရှိနေပါသနည်း။
ရှေးဟောင်းဘုရားဆင်းတုတွေ အလွန်တန်ဖိုးကြီးသည်။ ရှေးဟောင်းပန်းချီကားတွေ
အလွန်တန်ဖိုးကြီးသည်။ ထို့ကြောင့် ကြာလေကောင်းလေ၊ ဟောင်းလေသစ်လေ ဟူသော
ဆိုရိုးစကား ပေါ်လာလေသလား။

'နိစ္စံ န၀ါဝ သင်္ခါရာ' ဟူသော ဒေသနာပါဠိအရ ဥပါဒ် ဌီ ဘင်ဟူ သော
ခဏသုံးပါးနှင့်ကြည့်က အားလုံး ဖြစ်တည်ပျက်၊ ဖြစ်တည်ပျက်မို့ အဟောင်းဟူ၍ဘ
ာတစ်ခုမျှမရှိ၊ အားလုံး အသစ်ချည်းသာတည်း။ ထိုပါဠိကို တောင်မြို့ဆရာတော်က အနက်
ပြန်ရာတွင် 'သင်္ခါရာ-ရုပ်နာမ် သင်္ခါရတရားတို့သည်၊ နိစ္စံန၀ါဝ- အမြဲ ဖြစ်လျက်
အသစ်စက်စက်တို့ချည်းသာတည်း'ဟု အနက် မြန်မာပြန်ခဲ့သည်။ ဖြစ်တည် ပျက်ပျောက်၊
ဖြစ်တည်ပျက်ပျောက်မို့ ဖြစ်သမျ ရုပ်တွေနာမ်တွေသည် အဟောင်း အဟောင်းဟူ၍
ဘာတစ်ခုမျှ မရှိ။ အားလုံး အသစ်အသစ်တွေချည်းပင် ဖြစ်သည်။ အတွေးအမြင်၌ ဆရာ
တစ်ယောက်က 'အတွေးသစ်ဆိုတာ မရှိ' ဟူ၍ ရေးထားရာ ဤဒေသနာ ပါဠိကို
သတိပြုဖို့သင့်သည်။

ရက်ကွက်တစ်ခု၌ မျက်နှာစိမ်းတွေ ပြောင်းရွှေ့လာလျှင် လူသစ်တွေဟု ပြောကြသည်။
လုပ်ငန်းခွင် တစ်ခုခုမှာလည်း နောက်မှ နောက်မှ ရောက်လာသူတွေကို လူသစ်တွေဟု
ပြောကြသည်။ တချို့ လူသစ်တန်းဟု ခေါ်သည်လည်း ရှိသည်။ တချို့ သိပ်မမြင်ဖူးသော
မျက်နှာစိမ်းများကိုလည်း မျက်နှာသစ်ဟု ခေါ်ကြသည်။ နေရာအသစ်ကြောင့် လူသစ်
ဖြစ်ရလေသလော၊ အလုပ်အသစ်ကြောင့် လူသစ် ဖြစ်ရလေသလော၊ တချို့ ပြီးခဲ့သော
အကောင်းအဆိုး အခြေအနေတွေကို ထားခဲ့ပြီး အလုပ်သစ်တစ်ခု စလုပ်လျှင် ဘ၀သစ်
ပြန်စသည်ဟု ဆိုကြသည်။ အမိဝမ်းက ကျွတ်ကျွတ်ချင်း အနေအထားကိုတော့ ဘ၀သစ်ဟု
မခေါ်ဝေါ်၊ အမှန်က အမိဝမ်းက ကျွတ်ကျွတ်ချင်း ထိုအခိုက်အတန့်က ဘ၀သစ်စခဲ့သည်
မဟုတ်လော။

အဟောင်းအဟောင်းတွေ၌ အကောင်းအကောင်းတွေ ရှိသည် မှန်သော်လည်း အများစုကတော့ အသစ်မှ
ကြိုက်ကြသည်ကား အမှန်ပင်။ အသစ် အသစ်မှ ကြိုက်သူတွေ မိမိတို့ ကိုယ်တိုင်ကော
ဘာတွေများ သစ်ပါသနည်း။ လူကောသစ်ပါ၏လော။ စိတ်ကောသစ်ပါ၏လော။ နှစ်သစ်တွေ၊
နှစ်သစ်တွေ နှစ်တိုင်း ကျော်ဖြတ်ခဲ့ကြသည်။ လူကား သစ် မသစ် စိတ်ကား သစ် မသစ်၊
ပြန်လည်ဆန်းစစ်ဖြစ် ပါ၏လော။

ကာလာချိန်းတိုင်း၊ ကာလာချိန်းတိုင်း သစ်နေပေလိမ့်မည်။ နှစ်သစ်ချင် သစ်၊
မသစ်ချင်နေ၊ လူသစ်ချင်သစ်၊ မသစ်ချင်နေ စိတ်ကတော့ သစ်နေဖို့ လိုအပ်သည်။
စိတ်သာရှင်စော ဘုရားဟော။ အရာရာ စိတ်သာပဓာနမို့ စိတ်သစ်ဖို့သာ အရေးကြီးသည်။

'အာရမ္မဏံ စိန္တေတီတိ စိတံ္တ' ဟူသော ၀ိဂြိုဟ်အရ အာရုံကို ကြံစည်တတ်၊
တွေးတောတတ်သောကြောင့် 'စိတ်'ဟု ခေါ်ရသည်။ စိတ်ကို အတွေးများနှင့်
တည်ဆောက်ထားသည်။ 'လူကြံရင်းသေ၊ ငှက်ပျံရင်းသေ'ဟူသော ဆိုရိုးစကားကို ကြည့်
လျင်လည်း လူဟူသည်မှာ အတွေးသမား၊ အကြံသမားတွေသာ ဖြစ်သည်။ တစ်ခုခုတော့
သူကြံနေသည်။ တစ်ခုခုတော့ သူတွေးနေသည်။ ထိုသို့ တွေးရင်းကြံရင်းနှင့်ပဲ လူသည်
အသက်ထွက်ရသည်။ ထို့ကြောင့် 'လူကြံရင်း သေ'ဟု ဆိုရိုးစကား ထားခဲ့ကြသည်။

နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်း
ဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည်။ စိတ်ဟောင်းချည်းနှင့်သာ
တလည်လည် ဆိုလျှင်တော့ ခေတ်ဟောင်းကိုပဲ ပြန်ရောက်ဦးမည်။ လောကဟောင်းကိုပဲ
ပြန်ရောက်ဦးမည်။ စိတ်ကိုအတွေးက ပြဋ္ဌာန်းတာဆိုတော့ စိတ်သစ်ဖို့အတွက်
အတွေးသစ်ရပါလိမ့်မည်။ အတွေးသစ်မှသာ စိတ်ကလည်း သစ်ပါလိမ့်မည်။

အတွေးကို ပါဠိလို သင်္ကပ္ပဟုလည်း ခေါ်၏။ ၀ိတက်ဟုလည်း သုံး၏။ ၀ိတက်ကိုတော့
အများသိကြပါသည်။ ထိုအတွေးသည် သမ္မာနှင့် မိစ္ဆာ နှစ်မျိုးသာရှိ၏။ အတွေးက သမ္မာ
ဖြစ်လျှင် မှန်ကန်၏။ သမ္မာဖြစ်လျှင် သစ်၏။ အတွေးက မိစ္ဆာဖြစ်လျှင် မှားယွင်း၏။
မိစ္ဆာဖြစ်လျှင် ဟောင်းနွမ်း၏။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက်
သုံးမျိုးတို့သည် မိစ္ဆာဝိတက်များ ဖြစ်ကြ၏။ သူတို့နှင့် ဆန့်ကျင်ဘက်
နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက် သုံးမျိုးတို့သည် သမ္မာဝိတက်များ
ဖြစ်ကြ၏။

သတ္တ၀ါတွေ (မိမိတို့တစ်တွေ) သံသရာတစ်လျှောက်လုံး အဘယ်အတွေးတွေများ
တွေးခဲ့ကြပါသနည်း။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက် တို့သာ အတွေးများခဲ့ကြ၏။
ထို့ကြောင့် ထိုဝိတက် သုံးမျိုးတို့သည် သံသရာအဆက် ဘ၀အဆက် ဆက် တွေးလာခဲ့ကြသဖြင့်
ဟောင်းနေ၊ ဆွေးနေ၊ မြည့်နေသော အတွေးဟောင်းများသာ ဖြစ်ကြလေ၏။
ရှေးဟောင်းပစ္စည်းတွေ အဘယ်မျှပင် ဟောင်းနေပါစေ ဤအတွေးဟောင်းများ လောက်တော့
ဟောင်းလိမ့်မည် မဟုတ်ပေ။ ရှေးဟောင်းပစ္စည်းတွေက နှစ်ပရိစ္ဆေဒ ခန့်မှန်းတွက်ချက်၍
ရသေး၏။ ဤအတွေးဟောင်းတွေကနှစ်ပရိစ္ဆေဒ မည်သို့မျှ ခန့်မှန်းတွက်ချက်၍ မရပေ။

ကာမ၀ိတက်ဟူသည် ကာမကို တွေးခြင်း ဖြစ်၏။ ကာမဟူသည် လိုချင်စရာ တပ်မက်စရာ
ဆွဲဆောင်မှု အပြင်းစား၊ သက်ရှိသက်မဲ့ အာရုံငါးမျိုးလုံးကို ခေါ်၏။
ရဖို့တွေးခြင်း၊ ယူဖို့တွေးခြင်း၊ သာယာခံစားဖို့တွေးခြင်း၊ ငါ့ဖို့တွေးခြင်း၊
ငါ့မိသားစု၊ ငါ့အသိုင်းအ၀ိုင်း၊ ငါနီးစပ်ရာ၊ ငါ့အုပ်စုအတွက် တွေးခြင်း စသော
အတ္တနယ်နိမိတ်အတွင်းမှ တွေးခြင်း ဟူသမျှသည် ကာမ၀ိတက်များပင် ဖြစ်ကြ၏။
ဂုဏ်ရဖို့တွေးခြင်း၊ လာဘ်ရဖို့တွေးခြင်း၊ ထင်ပေါ်ကျော်ကြားဖို့တွေးခြင်း
တို့သည်လည်း ကာမ၀ိ တက်များပင် ဖြစ်သည်။ အချီးကျူးခံရဖို့၊ ဂုဏ်ပြုခံရဖို့၊
အပူဇော်ခံရဖို့၊ အပသခံရဖို့၊ အလေးအမြတ်ပြုခံရဖို့၊ ကျော်ကြားအောင်မြင်ဖို့
တွေးခြင်းများသည်လည်း ကာမ၀ိတက်၏ အနွယ်များပင် ဖြစ်ကြ၏။ ကာမ၀ိတက်ဟူသည်
နယ်ကျယ်လှ၏။ ကာမဘုံ သား အများစုကလည်း ကာမကိုသာ စိတ်ဝင်စားကြလေတော့
ကာမ၀ိတက်နှင့်ပဲ အချိန်ကုန်ကာ အတွေးဟောင်းထဲမှ ရုန်းမထွက်နိုင်ဘဲ ရှိကြလေ၏။

ဗျာပါဒ၀ိတက်ဟူသည် သတ်ဖြတ်ဖို့၊ ဖျက်ဆီးဖို့၊ သူတစ်ပါး
ပျက်စီးရာပျက်စီးကြောင်းကို တွေးတောခြင်း ဖြစ်၏။ ၀ိဟိံသာဝိတက်ဟူသည်
ညှဉ်းပန်းနှိပ်စက်ဖို့၊ ဒုက္ခပေးဖို့၊ ချောက်တွန်းဖို့ တွေးတောခြင်း ဖြစ်၏။
ဤ၀ိတက်နှစ်ခုကတော့ အဖြစ် နည်းနိုင်ပါ၏။ အဖြစ်များတာကတော့ ကာမ၀ိတက်သာဖြစ်၏။
ကာမဘုံသားသည် ကာမကိုသာ သူ အဓိက စိတ်ဝင်စား၏။

အတွေးသစ်ဟူသည် နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊
သမ္မာဝိတက် သုံးမျိုးဖြစ်၏။ ကာမ၀ိတက်က လောဘနှင့်တွေးခြင်း ဖြစ်၏။ ရဖို့၊ ယူဖို့၊
ပိုင်ဆိုင်ဖို့သာ တွေး၏။ နေက္ခမ္မ၀ိတက်က အလောဘနှင့် တွေးခြင်း ဖြစ်၏။ စွန့်လွှတ်
အနစ်နာခံဖို့၊ ကူညီရိုင်းပင်းဖို့သာ တွေး၏။ ကာမ၀ိတက်က ငါ့ဖို့သာတွေး၏။
နေက္ခမ္မ၀ိတက်က သူဖို့ပါထည့်၍တွေး၏။ ကာမ၀ိတက်က အသာစံဖို့တွေး၏။ နေက္ခမ္မ၀ိတက်က
အနာခံဖို့ တွေး၏။ ကာမ၀ိတက်က အတ္တဟိတ ကို တွေး၏။ နေက္ခမ္မ၀ိတက်က ပရဟိတကိုတွေး၏။
အဗျာပါဒ၀ိတက်က မေတ္တာနှင့်ယှဉ်၍ တွေး၏ အ၀ိဟိံသာဝိတက်က ကရုဏာနှင့်ယှဉ်၍ တွေး၏။

ဤနေက္ခမ္မ၊ အဗျာပါဒ၊ အ၀ိဟိံသာဟူသော သမ္မာဝိတက် သုံးမျိုးသည် အမြဲတမ်း
တွေးနေနိုင်သည် မဟုတ်၊ တစ်ခါတစ်ခါမှသာ တွေးဖြစ်၏။ ထို့ကြောင့် သူတို့သည်
ဟောင်းသွား၊ နွမ်းသွားသည် ဟူ၍ မရှိ။ အမြဲတမ်း သစ်လွင်တောက်ပြောင်နေ၏။
ဥပမာ-အပြင်ထွက်မှ သို့မဟုတ် ပွဲလမ်းရှိမှ ထုတ်၍၀တ်သော ၀တ်ကောင်း
စားကောင်းများနှင့် တူ၏။ ကာမ၊ ဗျာပါဒ၊ ၀ိဟိံသာဟူသော မိစ္ဆာဝိတက် သုံးမျိုးကတော့
အိမ်မှာ အမြဲဝတ်နေသော အ၀တ်အစားအဟောင်းများနှင့် တူကြ၏။ စိတ်ဟူသည်မှာ သူချည်း
သက်သက် အသစ်လည်းမဟုတ်၊ အဟောင်းလည်း မဟုတ်။ စိတ်ကို အတွေးများကသာ ချယ်လှယ်လေတော့
လောဘဒေါသတို့ မောင်းနှင်ရာနောက်လိုက်ကာ လောဘနှင့်ပေါင်းတွေး၊
ဒေါသနှင့်ပေါင်းတွေးဆိုလျှင်တော့ အတွေးဟောင်းတွေကိုသာ ထပ်ချည်းတလဲလဲ
တွေးနေသဖြင့် စိတ်ကလည်း မည်သို့မျှ သစ်၍မလာနိုင်ပေ။ သစ်လွင်တောက်ပ၍ မလာနိုင်ပေ။
စိတ်ဟောင်း၊ စိတ်နွမ်း၊ စိတ်ဆွေးတို့သာ ဖြစ်နေကြပေလိမ့်မည်။

စိတ်သစ်ဖို့ဆိုလျှင် လောဘ၊ ဒေါသတွေနှင့်သာ အမြဲ ပေါင်းသင်းမနေဘဲ တစ်ခါတစ်လေ
လောဘနှင့် ခွဲ၊ ဒေါသနှင့်ခွဲကာ အလောဘနှင့်တွဲ၊ အဒေါသနှင့် ပေါင်းပေးရမည်။
ငါ့ဖို့မှ သူ့ဖို့သို့၊ ငါ့အကျိုးစီးပွားမှ သူ့အကျိုးစီးပွားသို့ အတ္တမှ
အနတ္တသို့၊ အတ္တမှ ပရသို့ အတ္တဟိတမှ ပရဟိတသို့ အနည်းစုမှ အများစုသို့၊
အကျဉ်းမှအကျယ်သို့၊ အတိုမှအရှည်သို့၊ အပူမှအအေးသို့၊ မငြိမ်းချမ်းရာမှ
ငြိမ်းချမ်းရာသို့၊ မကျေမနပ်မှ ကျေကျေနပ်နပ်သို့၊ မစုမစည်းမှ စုစုစည်းစည်းသို့၊
စိတ်အေးအေးထားကာ ခေါင်းအေးအေးထားကာ စဉ်းစား၍၊ ဆင်ခြင်၍၊ မြော်မြင်၍ တွေးပေးမည်
ဆိုပါက အတွေးများသစ်၍ စိတ်ပါသစ်ပါလိမ့်မည်။ ထိုအခါ နှစ်သစ်နှင့် လိုက်ဖက်ညီစွာ
လူသစ်၊ စိတ်သစ် ဖြစ်လာပါလိမ့်မည်။ လူသစ်၊ စိတ်သစ်နှင့်သာ ခေတ်သစ်ကို
ထူထောင်နိုင်ပါလိမ့်မည်။

Sunday, April 10, 2011

ကျောက်ဆောင်ဒေသနာ


အသိတရားတချို့ဝေမျှခဲ့တာ
ဝန်ထုပ်ဝန်ပိုးတွေ တနင့်တပိုးသယ်ဆောင်လို့
ထွက်ဖြစ်ခဲ့တဲ့ဒီခရီး
သူနဲ့နီးတော့မှ သက်သာရာရခဲ့တယ်။
ကမ်းခြေအမြင်က သူဟာ မှုန်ပြပြလေးပါပဲ့။
အနီးရောက်တော့မှ သူ့ရှင်သန်မှုကို 
သဘောပေါက်လာတယ်။
မုန်တိုင်းတွေအခါခါကြုံ
လှိုင်းတံပိုးတွေ အကြိမ်ကြိမ်ပုတ်
လောကဓံကို အရုပ်လိုပဲ့ မှတ်ယူခဲ့ပါသတဲ့လား။
သူ့ရှင်သန်ခွင့်အတွက်
သူအတတ်နိုင်ဆုံး ရုန်းကန်ခဲ့မှာပဲ့။
ကွဲအက်ရာတွေ ဗလပွပေမဲ့
ဒီနေ့အထိ သူရပ်တည်နိုင်တာ ဘာကြောင့်ပါလဲ
သူပေးခဲ့တဲ့ခွန်အား
တခုတ်တရသိမ်းလာခဲ့ပါတယ်။
တနေ့နစ်မြုပ်မယ်ဆိုတာ
သူမသိတာမဟုတ်ပါဘူး
မနစ်မြုပ်ခင်လေးမှာ
သူအကောင်းဆုံး ရှင်သန်နိုင်အောင် ကြိုးစားနေဆဲပါ။
ဝိပယောဂဒုက္ခနဲ့သမယောဂဒုက္ခနှစ်ခုကို
ချိန်ညှိုဖို့ကြိုးစားရင်း
သူလွတ်မြောက်သွားတဲ့တနေ့
အရာရာဟာအနတ္တဆိုတာ သဘောပေါက်သွားမှာပါ။
မနစ်မြုပ်ခင်လေးသာ
Boat Safari အတွက် သူအကောင်းဆုံးဝန်ဆောင်မှုပေးနေတာ
သူ့ဆီမှာ အလှတရားအပြည့်ရှိတယ်။
လောကဓံအကွဲအအက်တွေကြားမှာ
သူ့ဘ၀ကို ကျောက်ပန်းတွေနဲ့
အကောင်းဆုံးဝန်ဆောင်မှုပေးတယ်။
အဲဒီအကွဲအအက်တွေ ကြားမှာပေါ့
အလှငါးလေးတွေ၊ ပင်လယ်လိပ်ကြီးတွေကို 
ရင်ခွင်အက်နဲ့ ခိုလှိုခွင့်ပေးနေဆဲပါ။
လှိုင်းတံပိုးဒဏ် အလူးအလှိမ့်ခံရင်းနဲ့ပေါ့
သူငယ်ချင်းတို့ရေ
ဘယ်တော့မှ အရှုံးမပေးပါနဲ့
နေသာလေလာရင် တကျွန်းလုံးပတ်လို့ရပါတယ်။
အင်္ဂလိပ်စကားပုံတခုရှိပါတယ်။
No man is an island.တဲ့။
လူဆိုတာ ကျွန်းတခုလို အထီးတည်းရပ်တည်လို့မရဘူးတဲ့။
Man is social animal.ဆိုတာ
ပင်လယ်နဲ့ကျောက်ဆောင်
မညီမျှမှုနှစ်ခုကြား 
ညီမျှခြင်းချဖို့ သူကြိုးစားရင်း
ဒီနေ့ထိ ရပ်တည်လာခဲ့တယ်။
ကျောက်ဆောင်လေးရေ
မင်းကိုငါ လေးစားတယ်။
ဖြစ်နိုင်ရင် မင်းလိုပဲ့ ငါနေချင်တယ်။
ဆုပ်လည်းစူး စားလဲရူးတဲ့ ဒီလောကမှာ
မဆုပ်မစားတဲ့မင်းလို
ငါလဲ လူကောင်းတစ်ယောက်ဖြစ်ချင်ပါတယ် 
ကျောက်ဆောင်လေးရေ
နင့်ပို့ချတဲ့နင့်ဒေသနာ
ငါအပြန်မှာ သယ်လာခဲ့ပါတယ်။ ။





(3.11.2011) Galle Beach, Sri lanka အမှတ်တရကျောက်ဆောင်ဒေသနာပါ။

Template by : kendhin x-template.blogspot.com