Friday, May 27, 2011

ငါးပါးသီလ

    မဟာဝဂ္ဂသံယုတ်၊ပုညာဘိသန္ဒ၀ဂ်၊မဟာနာမသုတ်၌ မဟာနာမ်သာကီဝင်မင်းအား ဥပါသကာ ဂုဏ်ရည်ငါးရပ်ကို ဟောကြားတော်မူခဲ့၏။ ထိုဂုဏ်ရည်ငါးရပ်တွင် ငါးပါးသီလစောင့်ထိန်းခြင်းကို သီလနှင့်ပြည့်စုံသော ဥပါသကာ၏ဂုဏ်ရည်တစ်ရပ်အဖြစ် ဟောကြားတော်မူခဲ့၏။ ထိုကြောင့် ဤသုတ် တော်ပါသီလကို ဂဟဋ္ဌသီလအဖြစ် မှတ်ယူသင့်၏။
    ဂဟဋ္ဌသီလဟူသည်မှာ လူတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ အမြဲဆောက်တည်ထားသင့်သော ငါးပါး သီလ၊ စွမ်းနိုင်ပါက ဆယ်ပါးသီလနှင့် အင်္ဂါရှစ်ပါးရှိသောသီလတို့ကို ခေါ်ဆိုခြင်းဖြစ်၏။ ဤ၌ ငါးပါးသီလနှင့်စပ်၍ မကျဉ်းမကျယ်တင်ပြပါမည်။
၂း၆။ ငါးပါးသီလဟူသည်
    ငါးပါးသီလကို အမည်အမျိုးမျိုးဖြင့် ပြဆိုကြ၏။ လူတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် 'နိစ္စသီလ'ဟူ၍လည်းကောင်း၊ အရိယာပုဂ္ဂိုလ်တို့ လိုက်နာ ကျင့်သုံးကြသောသီလဖြစ်သောကြောင့် 'အရိယဓမ္မသီလ'ဟူ၍လည်းကောင်း၊ မြောက်ကျွန်သူ မြောက်ကျွန်းသားတို့မှာ မိမိအလိုအလျောက် ဆောက်တည်ကြသောသီလ ဖြစ်သောကြောင့် 'ပဏီတသီလ'ဟူ၍လည်းကောင်း၊ နိဗ္ဗာန်ကိုတောင့်တပြီး ငါးပါးသီလဆောက်တည်က နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သောကြောင့်'အဓိသီလ'ဟူ၍လည်ကောင်း၊ သူတော်ကောင်းတို့ အလေးအမြတ် ထား၍ ကျင့်သုံးအပ်သောသီလဖြစ်သောကြောင့် 'ဂရုဓမ္မ(ကုရုဓမ္မ)သီလဟူ၍လည်းကောင်း၊ အိမ်ရာ တည်ထောင်လူဝတ်ကြောင်ဟူသမျတို့စောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် 'ဂဟဋ္ဌ သီလ' ဟူ၍လည်းကောင်း၊အရိယာပုဂ္ဂိုလ်တို့နှစ်သက်မြတ်နိုး အပ်သောကြောင့်'အရိယကန္တသီလ'ဟူ၍ လည်းကောင်း၊ သူတော်ကောင်းသူမြတ်လောင်းများဖြစ်အောင် ပြုပေးတတ်သောကြောင့်'ဗြဟ္မဏ်ကာရဏသီလ'ဟူ၍လည်းကောင်း၊ ဘ၀ကင်းရာနိဗ္ဗာန်သို့ သွားရောက်ကြောင်း ဖြစ်သောကြောင့် '၀ိဘ၀ဂါမိသီလ'ဟူ၍လည်းကောင်း အမည်အမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြ၏။
    ငါးပါးသီလတွင်ပါဝင်သောသိက္ခာပုဒ်တို့မှာ-
    ၁။ ပါဏာတိပါတာ ဝေရမဏိ=သက်ရှိသတ္တ၀ါကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
    ၂။ အဒိန္နာဒါနာ ဝေရမဏိ=သူတစ်ပါးတို့ ကိုယ်နှုတ်ဖြင့်မပေးသော ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
    ၃။    ကာမေသု မိစ္ဆာစာရာ ဝေရမဏိ=ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှရှောင်ကြဉ်     ခြင်း၊
    ၄။     မုသာဝါဒါ ဝေရမဏိ=မဟုတ်မမှန်လိမ်ညာလှည့်ဖြား ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊
    ၅။    သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ=မူးယစ်စေတတ်သော သေရည်သေအရက်၊ဆေး အမျိုးမျိုးကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။
    လူတို့အမြဲစောင့်ထိန်းရမည့်သီလဖြစ်သောကြောင့် ယင်းငါးပါးသီလကို ခါးဝတ်ပုဆိုးနှင့် တင်စား၍ ဆိုလေ့ရှိကြ၏။လူပုံအလယ်တွင် ခါးဝတ်ပုဆိုးကျွတ်သွားပါက ရှက်ဖွယ်ဖြစ်သကဲ့သို့ ငါးပါးသီလမမြဲလျင်လည်း လောကတွင်ရှက်ဖွယ်ပင်ဖြစ်၏။ သို့သော် လူအချို့တို့သည် ခါးဝတ်ပုဆိုး ကျွတ်သွားခြင်းကိုသာ ရှက်ဖွယ်အဖြစ်ထင်မှတ်ကြ၏။ ခါးဝတ်ပုဆိုးကျွတ်ခြင်းကား တခဏတာ လူပုံအလယ်၌ ရှက်စရာဖြစ်၍ ငါးပါးသီလမလုံခြုံခြင်းကား မျက်မှောက်ဘ၀တွင် လူတို့အကဲ့အရဲ့ ခံရခြင်းစသည်နှင့် တမလွန်ဘ၀၌လည်း ကိုယ်လက်အင်္ဂါချွတ်ယွင်းခြင်း၊ ရူးသွပ်ခြင်း၊ ဆင်းရဲမွဲတေခြင်း စသည်တို့ဖြစ်ရတတ်ခြင်းကြောင့် တစ်သံသရာစာပတ်လုံး ရှက်စရာဖြစ်သည်။ ထိုကြောင့် ငါးပါးသီလ ကို မိမိတို့၏ခါးဝတ်ပုဆိုး ကဲ့သို့ မြဲသင့်လှ၏။ ငါးပါးသီလမြဲဖို့ရန်အတွက် ထိုငါးပါးသီလနှင့် စပ် သည့် အဓိပ္ပါယ်အသေးစိတ်ကို သိသင့်လှ၏။

၂း၆း၁။ ပါဏာတိပါတအဓိပ္ပါယ်
    ငါးပါးသီလတွင် ပထမဆုံးသီလကို ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ= သက်ရှိသတ္တ၀ါကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟု ရွတ်ဆို၍ ဆောက်တည်ရ၏။ ထိုတွင် ပါဏာတိပါတ ဟူသောပုဒ်သည် ပါဏနှင့်အတိပါတ ဟူသောပုဒ်နှစ်ခုကို ပေါင်းစပ် ထားခြင်းဖြစ်သည်။ လူသားတို့ ပြောဆိုနေကြသော လောကဝေါဟာရအားဖြင့် သတ္တ၀ါ၊ ပရမတ္ထအားဖြင့် ရုပ်ဇီဝိတိနြေ္ဒ နာမ်ဇီဝိတိ နြေ္ဒတို့ကို ပါဏဟုခေါ်၏။ သတ်ခြင်း၊သေစေခြင်း(၀ါ)သေစေလိုသောစေတနာဖြင့် ဓားစသော လက် နက်ဖြင့် သတ်ခြင်းကို အတိပါတဟုခေါ်၏။ ထိုကြောင့် ပါဏဟူသည် သတ္တ၀ါဖြစ်၍ အတိပါတ ဟူသည်သတ်ခြင်းဟုမှတ်သင့်၏။ ထိုသို့ သတ်ဖြစ်အောင် ၀ဓကစေတနာက စေ့ဆော်၏။ ထိုကြောင့် ပါဏာတိပါတဟူသည် သတ္တ၀ါဟုအမှတ်ရှိသည်ဖြစ်၍ သတ္တ၀ါတို့ကို ကိုယ်တိုင်သတ်ခြင်းဟူသော ကာယပယောဂ၊ 'သတ်လိုက်ပါ'စသည်ဖြင့် စေခိုင်းခြင်းဟူသော ၀စီပယောဂကို ဖြစ်စေတတ်သော သတ်ကြောင်း စေတနာ(၀ဓကစေတနာ)ကို ခေါ်ဆိုခြင်းဖြစ်၏။၁ ထိုကြောင့် သေစေလိုသောစေတနာ ဖြင့် ကိုယ်တိုင်ဖြစ်စေ၊ သူတပါးကို စေခိုင်း၍ဖြစ်စေ သတ်လျင် ပါဏာတိပါတကံမြောက်၏။
    ရုပ်ဇီဝိတ၊နာမ်ဇီဝိတနှစ်မျိုးကို အသက်ဟုခေါ်ဆိုရာ ယင်းဇီဝိတနှစ်မျိုးသည် သတ္တ၀ါတို့ အကောင်အထည် ထင်ရှားမဖြစ်ပေါ်မီ အမိဝမ်း၌ ပဋိသန္ဓေနေစဉ်အခါ ကလလရေကြည်တည်ချိန်မှစ၍ ဖြစ်ပေါ်လာသည့် ရုပ်နာမ်တရားများဖြစ်၏။၂ ထို့ကြောင့် ကိုယ်ဝန်ပျက်ကျစေလိုသော စေတနာဖြင့် ကိုယ်ဝန်ပျက်ဆေး တိုက်ကျွေးခြင်း၊ နှိပ်နယ်ပေးခြင်းစသည် ပြုလုပ်လျင် ပါဏာတိပါတကံထိုက်၏။ ထို့အတူ အကောင်ပေါက်နိုင်သော ကြက်ဥ၊ဘဲဥစသည့်ဥများကို ချက်ပြုတ်ကြော်လှော် စားသောက်ရာ၌ လည်း စေတနာပါလျင် ပါဏာတိပါတကံထိုက်၏။ သို့သော် သေစေလိုသော စေတနာသက်သက်ဖြင့် ကား ပါဏာတိပါတကံမမြောက်ပေ။ အင်္ဂါငါးရပ်နှင့်ပြည့်စုံမှသာ ပါဏာတိပါတကံမြောက်၏။

၂း၆း၁း၁။ ပါဏာတိပါတကံအင်္ဂါ(၅)ပါး
    ပါဏာတိပါတကံမြောက်ရန်အင်္ဂါသည်(၅)ပါးရှိ၏။ယင်းတို့မှာ-
၁။ သတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟုလည်းသိခြင်း၊
၃။ သတ်လိုသောစိတ် စေတနာလည်းထင်ရှားရှိခြင်း၊   
၎။ သေအောင်လည်း လုံ့လပယောဂပြုခြင်း၊
၅။ ထိုလုံ့လပယောဂကြောင့် သေခြင်းဟူ၍ ဖြစ်သည်။၁
    အထက်ပါအင်္ဂါ(၅)ပါးနှင့် ပြည့်စုံလျင် ပါဏာတိပါတကံမြောက်၏။ကမ္မပထမြောက်သော အကုသိုလ်ကံဖြစ်၏။ကမ္မပထမြောက်လျင် အပါယ်ကျရန်သေချာ၏။အထက်ပါ အင်္ဂါ(၅)ပါးလုံးနှင့် မပြည့်စုံလျင်ကား ပါဏာတိပါတကမ္မပထမမြောက်ပေ။ အပါယ်ပဋိသန္ဓေအကျိုးကို မုချမပေးနိုင်သည့် ကံမျသာ(ကမ္မမတ္တမျသာ)ဖြစ်၏။ ထိုကြောင့် သက်ရှိသတ္တ၀ါ ပင်ဖြစ်သော်လည်း သက်ရှိသတ္တ၀ါဟုမသိ လျင်လည်းကောင်း၊ သိပင်သိငြားသော်လည်း သေစေလိုသောစိတ်မရှိလျင်လည်းကောင်း၊ အမှတ်တမဲ့ပြု လုပ်မိ၍ သေသွားခဲ့လျင်လည်းကောင်း၊သေစေလိုသောစိတ်ရှိသော်လည်း မိမိ၏လုံ့လပယောဂမပါဘဲ သတ္တ၀ါသေသွားခဲ့လျင်လည်းကောင်း၊ မိမိ၏လုံ့လပယောဂဖြင့် သေစေရန် သတ်ပင်သတ်ငြားသော် လည်း သတ္တ၀ါမသေခဲ့လျင်လည်းကောင်း ပါဏာတိပါတကမ္မပထမမြောက်ပေ။ ကမ္မပထမမြောက် လျင် အပါယ်ကျရန်မသေချာ။
    ယင်းကမ္မပထမြောက်မှု၊မမြောက်မှုတို့၏ အကျိုးပေးမှုနှင့်စပ်၍ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ ၌'ပဋိသန္ဓေအကျိုးကိုဖြစ်စေနိုင်သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုသာလျင် ကမ္မပထဟုဆို၍ ပဋိသန္ဓေ အကျိုးကိုပေးရန် မသေချာသော ကုသိုလ်ကံ အကုသိုလ်ကံ တို့ကိုကား ကမ္မပထဟု မဆိုအပ်ကုန်ဟု ဖွင့်ဆို၏။၂ သို့ဖြစ်၍ ကံမြောက် မမြောက်ကို အထက်ပါအင်္ဂါရပ်တို့နှင့် တိုက်ဆိုင်၍ ကြည့်ရမည်။ယင်းအင်္ဂါ(၅)ပါးလုံးနှင့် ပြည့်စုံလျင် ကံမြောက်၍ တစ်ပါးပါးချွတ်ယွင်းလျင် ကံမမြောက်ဟု မှတ်ရမည်။
   
၂း၆း၁း၂။ သတ်နည်းအမျိုးမျိုး
    ပါဏာတိပါတအင်္ဂါ(၅)မျိုးတွင် နံပါတ်(၄)အင်္ဂါဖြစ်သည့် သေအောင်လုံ့လ ပြုခြင်းဟူရာ၌ သတ်နည်းအမျိုးမျိုးကို ကျမ်းဂန်များ၌ ပြဆိုထား၏။ ယင်းတို့မှာ-
    ၁။ သာဟတ္ထိက=     တုတ်ဓားစသည်တို့ကို ကိုယ်တိုင်ကိုင်စွဲ၍ကိုယ်ထိလက်ရောက်                 ရိုက်ပုတ်ထိုးခုတ်သတ်ဖြတ်ခြင်း၊
    ၂။ အာဏတ္တိက=     နှုတ်ဖြင့်ပြောဆို၍ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ၊ အရိပ်နိမိတ်ကို                 ပြ၍ဖြစ်စေ သတ်ခိုင်းခြင်း၊
    ၃။ နိဿဂ္ဂိယ=        လေး၊မြှား၊သေနတ်၊အြောက်၊ဗုံးစသည်တို့ဖြင့် ပစ်ခတ်သတ်                                           ဖြတ်ခြင်း၊
    ၄။ ထာဝရ=        သွားလာရာလမ်းခရီးတို့၌ သတ္တ၀ါများသေကြေပျက်စီးအောင်                 တွင်းတူး၍ ဖြစ်စေ၊ ထောင်ချောက်ဆင်၍ ဖြစ်စေ၊ ဆူးငြောင့်                 စသည်ကို စိုက်ထား၍ဖြစ်စေ၊     ဗုံးအမြောက်စသည်တို့ကို                     မြုပ်ထား၍ဖြစ်စေ သတ်ဖြတ်ခြင်း၊
    ၅။ ၀ိဇ္ဇာမယ=        အင်းအိုင်ချ၍ဖြစ်စေ၊ မန္တာန်မန်းမှုတ်၍ဖြစ်စေ သတ်ဖြတ်ခြင်း၊                 လောကအတတ်အတတ်ပညာအမျိုးမျိုးတို့ဖြင့် သတ်ဖြတ်ခြင်း၊
    ၆။ ဣဒ္ဓိမယ=        ကံကြောင့်ဖြစ်သောတန်ခိုး(ကမ္မဇိဒ္ဓိ)တို့ဖြင့် သတ်ဖြတ်ခြင်း ဟူ၍ ဖြစ်၏။၁
    ထိုသတ်နည်းအမျိုးမျိုးတို့တွင် တစ်မျိုးမျိုးသောနည်းဖြင့် သတ်ရာ၌ မိမိရည်ရွယ်သော သတ္တ၀ါ သေလျင် ပါဏာတိပါတကံထိုက်သည်။ မရည်ရွယ်သောသတ္တ၀ါသေလျင် ပါဏာတိပါတကံမထိုက်ပေ။
       
၂း၆း၁း၃။ သတ္တ၀ါအလိုက်အပြစ်ကြီးငယ်ကွဲပြားပုံ
    ပုဂ္ဂိုလ်သတ္တ၀ါတို့ကို သတ်ဖြတ်၍ သေဆုံးရာ၌ သင့်ရောက်သောအပြစ်သည် အသတ်ခံရသော  ပုဂ္ဂိုလ်သတ္တ၀ါတို့အပေါ်လိုက်၍ ကွဲပြားခြားနား၏။ သေဆုံးမှုချင်း တူသော်လည်း အပြစ်ကားမတူညီပေ။
    တိရစ္ဆာန်တို့ကို သတ်ဖြတ်ရာ၌ ခန္ဓာကိုယ်သေးငယ်သော တိရစ္ဆာန်ကို သတ်ဖြတ်လျင် အပြစ်လည်း သေးငယ်၏။ ခန္ဓာကိုယ်ကြီးသောတိရစ္ဆာန်ကို သတ်ဖြတ်လျင် အပြစ်ပိုကြီး၏။ ခန္ဓာကိုယ် ကြီးလျင်လုံ့လစိုက်ထုတ်ရမှုပို၍ကြီးသောကြောင့်လည်းကောင်း၊ လုံ့လစိုက်ထုတ်ရ မှုခြင်းတူသော်လည်း ခန္ဓာကိုယ်ပို၍ကြီးသောကြောင့်လည်းကောင်း အပြစ်ပိုကြီးရခြင်းဖြစ်၏။ သို့ဖြစ်၍ ကြမ်းပိုး၊ ခြင်စသည့် သတ္တ၀ါငယ်လေးများကို သတ်ဖြတ်ခြင်းထက် ဆင်၊ ကျွဲ၊ နွားစသည့် တိရစ္ဆာန် အကြီးများကို သတ်ဖြတ်ခြင်းက အပြစ်ပိုကြီးသည်ဟုမှတ်ရမည်။ လူတို့ကို သတ်ဖြတ်ရာ၌ အပြစ် အကြီးအငယ် ကိုလည်း ထိုသူတို့၏ သီလစသည့်ဂုဏ်သို့လိုက်၍ ဆုံးဖြတ်ရမည်။ ကိုယ်ကျင့်သီလ မရှိသူကို သတ်ဖြတ်ရာ၌ အပြစ်သေးငယ်၍ ကိုယ်ကျင့်သီလရှိသူကို သတ်ဖြတ်ရာ၌ အပြစ်ပိုကြီး၏။၂ ကိုယ်ကျင့် သီလစသည့် ဂုဏ်တို့နှင့် ပြည့်စုံသူတို့တွင်လည်း သောတာပန်ကို သတ်သူထက် သကဒါဂါမ်ကို သတ်သူက အပြစ်ပိုကြီး၏။ သကဒါဂါမ်ကိုသတ်သူထက် အနာဂါမ်ကိုသတ်သူက အပြစ်ပိုကြီး၏။ အနာဂါမ်ကို သတ်သူထက် ရဟန္တာကိုသတ်သူက အပြစ်ပိုကြီး၏ဟု မှတ်သင့်၏။
       
၂း၆း၁း၎။ ပါဏာတိပါတကံ၏ ဆိုးကျိုးများ
    ပါဏာတိပါတကံကို ကျူးလွန်သူသည် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်ဟူသော အပါယ်(၄)ဘုံတို့တွင် တစ်ဘုံဘုံ၌ ဖြစ်ရတတ်၏။ ကောင်းမှုတစ်ခုခုကြောင့် လူ့ဘ၀သို့ ရောက်လာ ပြန်လျင်လည်း အောက်ပါဆိုးကျိုးများကို ခံစားရတတ်၏။ ထိုဆိုးကျိုးများမှာ-
၁။ မျက်စိနားနှာခြေလက်အင်္ဂါ ချို့တဲ့ခြင်း၊
၂။ အနာရောဂါများပြားခြင်း၊
၃။ အင်အားချို့တဲ့ခြင်း၊(အားနည်းခြင်း၊)
၎။ ဘေးရန်ပေါ်လာလျင် ကြောက်ရွံ့တတ်ခြင်း၊
၅။ စိုးရိမ်သောကများရခြင်း၊
၆။ သူတပါးတို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရခြင်း၊
၇။ သူတပါး အသတ်ခံရခြင်း၊(၀ါ)ကိုယ့်ကိုယ်ကို သတ်သေခြင်း၊
၈။ အခြွေအရံပျက်စီးရခြင်း၊
၉။ လျင်မြန် ဖျတ်လတ်မှု မရှိခြင်း၊
၁၀။ အသက်တိုခြင်း စသည်တို့ဖြစ်သည်။၁
    ဤဆိုးကျိုးများကို ကြည့်လျင် ပါဏာတိပါတကံကို ကျူးလွန်ခဲ့သူသည် ဒုလ္လဘဟုဆိုသည့် လူ့ဘ၀ကိုပင် ရငြားသော်လည်း လူတန်းစေ့မနေနိုင်ဘဲ အရမတော်လှသည်ကို တွေ့ရမည်ဖြစ်၏။ထို ကြောင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သင့်၏။ ပါဏာတိပါတကံကျူးလွန်က ခံစားရမည့် ဆိုးကျိုးများနှင့်စပ်၍ မှတ်ရလွယ်ကူစေရန် ရှေးဆရာတော်များက ဤသို့လင်္ကာစပ်ဆိုခဲ့ သည်။
    ''ပါဏာတိပါတ်၊သူ့သက်သတ်က၊ချို့တဲ့အင်္ဂါ၊မွဲပြာရုပ်သွင်၊အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊ဘေး ကိုကြောက်တတ်၊အသတ်ခံရာ၊အနာများလျက်၊ခြွေရံပျက်၍၊အသက်တိုလျ၊ပြစ်များစွာ့သည်၊ရှောင်က
အပြန်အကျိုးတည်း။''၂

၂း၆း၁း၅။ ပါဏာတိပါတမှ ရှောင်ကြဉ်ရကျိုးများ
    သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျင် နတ်ရွာသုဂတိသို့ရောက်ပြီး လူဖြစ်လျင် လည်း အောက်ပါအကျိုးတို့ကို ခံစားရတတ်သည်။ ထိုအကျိုးတရားတို့မှာ-
၁။ အင်္ဂါကြီးငယ်နှင့်ပြည့်စုံခြင်း၊
၂။ အလုံးအရပ် အချိုးအစားကျခြင်း၊
၃။ လျင်မြန်ပေါ့ပါးခြင်း၊
၎။ ညီညွတ်သော ခြေဖ၀ါး လက်ဖ၀ါးရှိခြင်း၊
၅။ တင့်တယ်ပြေပြစ်ခြင်း၊
၆။ အသားအရေ နူးညံ့သိမ်မွေ့ခြင်း၊
၇။ စင်ကြယ်ခြင်း၊
၈။ ရဲရင့်ခြင်း၊
၉။ ခွန်အားဗလ ကြီးခြင်း၊
၁၀။ စကားပြေပြစ်ခြင်း၊
၁၁။ လူအများချစ်ခင်ခြင်း၊
၁၂။မိမိပရိသတ်စည်းလုံး ညီညွတ်မှုရှိခြင်း၊
၁၃။ အကြောက်အရွံ့ကင်းခြင်း၊
၁၄။ အဆိပ်အတောက်မသင့်ခြင်း၊
၁၅။ သူတစ်ပါးလုံ့လပယောဂကြောင့် မသေခြင်း၊
၁၆။ အခြံအရံ ပရိသတ်များခြင်း၊
၁၇။ အဆင်းလှခြင်း၊
၁၈။ ရုပ်ရည်သန္တာန်ကောင်းခြင်း၊
၁၉။ အနာရောဂါကင်းခြင်း၊
၂၀။ စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
၂၁။ ချစ်ခင်မြတ်နိုးသူတို့နှင့် မကွေမကွင်းခြင်း၊
၂၂။ အသက်ရှည်ခြင်း စသည်တို့ဖြစ်ကြောင်း ခုဒ္ဒကပါဌအဋ္ဌကထာ၁၌ ဖွင့်ပြထား၏။
    မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင် ရှည်သောဖနောင့်၊လက်ချောင်း၊ ခြေချောင်း နှင့်ပြည့်စုံပြီး ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ခန္ဓာကိုယ်ရှိခြင်းဟူသည့် လက္ခဏာတော်ကြီးသုံးပါးတို့ ပါဝင်၏။ မြတ်စွာဘုရားရှင်အား ထိုလက္ခဏာတော်ကြီးသုံးပါးနှင့်ပြည့်စုံရခြင်းမှာ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သောကြောင့်ဖြစ်၏။ သူအသက်သတ်မှုမှ ရှောင်ကြဉ်ခဲ့သူသည် စကြာဝ တေးမင်းဖြစ်၍  ဆန့်ကျင်ဘက်ရန်သူတို့က မသတ်ဖြတ်နိုင်ခြင်း၊ အသက်ရှည်ခြင်း၊အကျိုးတို့ကို ရရှိနိုင်၏။ ဘုရားဖြစ်ခဲ့သော် သက်တော်ရှည်ခြင်း၊ ဆန့်ကျင်ဘက်ကို အလိုရှိကြသည့် သမဏဗြဟ္မဏ စသူတို့၏ အသက်အန္တရာယ်မပေးနိုင်ခြင်းအကျိုးတို့ကို ရရှိ၏။၂
    သို့ဖြစ်၍ ကျူးလွန်လျင် ချို့တဲ့မှုများစွာဖြစ်ပြီး ရှောင်ကြဉ်လျင် အကျိုးများစွာရသောသူ့ အသက်သတ်ခြင်း ပါဏာတိပါတကံကို လူသားတိုင်း ရှောင်ကြဉ်သင့်လှ၏။

၂း၆း၂။ အဒိန္နာဒါနအဓိပ္ပါယ်
    ငါးပါးသီလ၌ ဒုတိယမြောက်ဖြစ်သောသီလကို အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိ ယာမိ=ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ဟု ရွတ်ဆို၍ ဆောက်တည်ရ၏။ ထိုတွင် အဒိန္နာဒါနဟူသည် အဒိန္န နှင့် အာဒါန ဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်၏။
    ထိုအဒိန္နာဒါန ပုဒ်နှင့်စပ်၍ အဋ္ဌကထာများ၌ အောက်ပါအတိုင်း ဖွင့်ဆိုထားကြ၏။
    ''အဒိန္နဟူသည် ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့်မပေးအပ်သောပစ္စည်း၊ သူတပါးတို့ သိမ်းဆည်း ထားသောပစ္စည်းဖြစ်၍ အာဒါနဟူသည် ယူခြင်းဖြစ်သည်။''၁
    ပိုင်ရှင်မပေးသောဥစ္စာကို ခိုးယူခြင်းသည် အဒိန္နာဒါနမည်၏။ အဒိန္နဟူသည် သူတပါး သိမ်းဆည်းအပ်သော ပစ္စည်းဖြစ်သည်။ ဥစ္စာရှင်သည် ထိုပစ္စည်းကို အလိုရှိတိုင်းသုံးစွဲနိုင်၏။ အပြစ်မရှိ။မကဲ့ရဲ့ထိုက်။ ထိုသူတပါးတို့ သိမ်းပိုက်အပ်သော ပစ္စည်း၌ သူတပါးပစ္စည်း မှန်းသိလျက် ယူသောသူ၏ လုံ့လကို ဖြစ်စေတတ်သော ခိုးသူ၏ဖြစ်ကြောင်းစေတနာသည် အဒိန္နာဒါနမည်၏။၂
    လူအများစုတို့သည် သူတပါးပစ္စည်းကို ပိုင်ရှင်မသိခိုက်ယူမှသာ အဒိန္နာဒါနကံမြောက်၏ဟု ထင်တတ်ကြ၏။ အမှန်စင်စစ် ပိုင်ရှင်သိသော်လည်း ဓားပြတိုက်ယူခြင်း၊ လုယက်ခြင်း၊ ရာထူး အာဏာဖြင့်ခြောက်လှန့်၍ယူခြင်း၊ တင်းတောင်းချိန်ခွင်တို့ဖြင့် အလေးခိုး၍ ရောင်းဝယ်ခြင်း ၊အကြပ် ကိုင်၍ ယူခြင်းစသည်တို့မှာလည်း အဒိန္နာဒါနကံမြောက်၏။
    ထို့ပြင် သူတပါးပစ္စည်းကို ခိုးယူခြင်းအားဖြင့် တူညီသော်လည်း သင့်ရောက်သောအပြစ်သည် ပစ္စည်းဝတ္ထု၊ ပိုင်ရှင်အပေါ်လိုက်၍ အပြစ်အကြီးအသေးကွဲပြား၏။ တန်ဖိုးနည်းယုတ်ညံ့သည့်ဥစ္စာကို ခိုးခြင်းထက် အဖိုးတန်သည့်ရွှေငွေစသည်ကိုခိုးယူခြင်းက ပို၍အပြစ်ကြီး၏။ ပစ္စည်းဝတ္ထုတူမျသော် လည်း သီလစသောဂုဏယုတ်နိမ့်သောသူ၏ ဥစ္စာကို ခိုးယူခြင်းထက် သီလစသောဂုဏကြီးမြတ်သူ၏ ဥစ္စာကို ခိုးယူခြင်းက ပို၍ အပြစ်ကြီးလေ၏။

၂း၆း၂း၁။ အဒိန္နာဒါနကံအင်္ဂါ(၅)ပါး
    သူတစ်ပါးပိုင်ဥစ္စာကိုခိုးယူရာ၌ အောက်ပါအင်္ဂါ(၅)ပါးနှင့်ပြည့်စုံရလျင် အဒိန္နာဒါနကံမြောက် ၏။ ယင်းတို့မှာ-
၁။ သူတစ်ပါးတို့၏ဥစ္စာဖြစ်ခြင်း၊
၂။ သူတစ်ပါးတို့၏ ဥစ္စာဟုသိရှိခြင်း၊
၃။ ခိုးယူလိုသောစိတ်ရှိခြင်း၊
၎။ ခိုးယူလိုသောစိတ်ဖြင့်လုံ့လပြုခြင်း၊
၅။ ခိုးယူခြင်း၃တို့ဖြစ်သည်။
    ဤအင်္ဂါ(၅)ပါးနှင့်ပြည့်စုံလျင် ကမ္မပထမြောက်၏။ အင်္ဂါတစ်ပါးပါးချွတ်ယွင်းပါက ကမ္မပထ မမြောက်ပေ။    

၂း၆း၂း၂း။ အဒိန္နာဒါနကံ၏ဆိုးကျိုးများ
    အဒိန္နာဒါနကံ ကျူးလွန်သူသည် အပါယ်ဒုဂ္ဂတိသို့ ကျရောက်ရပြီး သုဂတိဘ၀ကို ရသောအခါ၌ လည်း လူ့လောကအလယ် မတင့်မတယ်ဥစ္စာမွဲသူအဖြစ်သို့ ရောက်ရ၏။ အဒိန္နာဒါနကံကျူးလွန်သူတို့ ခံစားရမည့်ဆိုးကျိုးများမှာ--
၁။ ပစ္စည်းဥစ္စာနွမ်းပါး၍ ဆင်းရဲရခြင်း၊
၂။ ကိုယ်စိတ်နှစ်ပါးဆင်းရဲရခြင်း၊
၃။ အစာရေစာငတ်မွတ်ခြင်း၊
၎။ အလိုရှိသည့်အရာကို မရရှိနိုင်ခြင်း၊
၅။ ပစ္စည်းဥစ္စာရှိပြန်လျင်လည်း မတည်မမြဲခဏချင်းပျက်စီးတတ်ခြင်း၊
၆။ ရေမီးမင်းခိုးသူအမွေခံသားဆိုးသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့ဖျက်ဆီးမှုကြောင့် ပစ္စည်းဥစ္စာ ပျက်စီးရခြင်းစသည့် ဆိုးကျိုးတို့ကိုခံစားရ၏။
    ဤသို့သောဆိုးကျိုးတို့ကို မှတ်ရလွယ်စေရန် ရှေးဆရာတို့က-
'' အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုး အပြား၊ရန်မျိုးငါးကြောင့်၊ မျက်ပြားဥစ္စာ၊ပြစ်များစွာသည်၊ ရှောင်က အပြန်အကျိုးတည်း။ ''ဟု လင်္ကာစပ်ဆိုတော်မူခဲ့ကြ၏။၁
   
၂း၆း၂း၃။ အဒိန္နာဒါနကံမှ ရှောင်ကြဉ်ရကျိုးများ
    လူသားတိုင်းသည် မိမိတို့အသက်ရှင်နေထိုင်စဉ်အတွင်း ချမ်းချမ်းသာသာနေလိုကြ၏။ ပစ္စည်းဓန ချမ်းသာကြွယ်ဝရန် အမျိုးမျိုးအဖုံဖုံကြိုးစားကြ၏။ ထိုသို့ ကြိုးစားရာ၌ သူတပါး တို့၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်သင့်၏။သူတပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်သူတို့သည် ဖြစ်လေရာဘ၀တွင် ကြီးကျယ်သောဥစ္စာပစ္စည်းရှိခြင်း၊ ဆန်ရေစပါးပေါများခြင်း၊ အတိုင်းမသိသော စည်းစိမ်ဥစ္စာရရှိခြင်း၊မရရှိသေးသော စည်းစိမ်ဥစ္စာများရရှိခြင်း၊ ရပြီးသောစည်းစိမ်ဥစ္စာများ အမြဲတည် ခြင်း၊အလိုရှိသောစည်းစိမ်ဥစ္စာများကို လျင်မြန်စွာရရှိခြင်း၊ မိမိတို့၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါး တို့ မဖျက်ဆီးနိုင်ခြင်း၊သူတပါးမရရှိနိုင်သော ဥစ္စာရရှိခြင်း၊လောကတွင် အမြတ်ဆုံးဥစ္စာရှင်ဖြစ်ခြင်း၊ မရှိဟူသောစကားကို မကြားရခြင်း၊ ချမ်းချမ်းသာသာနေထိုင်ရခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိခံစားနိုင်၏။၂

၂း၆း၃။ ကာမေသုမိစ္ဆာစာရအဓိပ္ပါယ်
    ကာမေသုမိစ္ဆာစာရပုဒ်သည် ကာမသုနှင့်မိစ္ဆာစာရဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားသည့် အလုတ္တသမာသ်ပုဒ်ဖြစ်သည်။ ကာမပုဒ်သည် ၀တ္ထုကာမ၊ ကိလေသာကာမ၊ လိုချင်တောင့်တခြင်း၊ မေထုန်၊အလိုအတိုင်းဖြစ်ခြင်း၊ခွင့်ပြုခြင်းဟူသော အနက်တို့ကို ဟော၏။၃ ဤကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်၌ ကာမအရ မေထုန်အနက်ကိုယူရမည်။မေထုန်ဟူသည် ရုန့်ရင်းကြမ်းတမ်းသော ရေဆေး ခြင်းလျင်အဆုံးရှိသော ကွယ်ရာအရပ်၌ ပြုကျင့်ရသည့် တပ်ခြင်းတူသော ယောက်ျားမိန်းမနှစ်ဦးသား တို့၏အကျင့်ကို ခေါ်ဆိုခြင်း ဖြစ်၏။ ထိုအကျင့်နှင့်စပ်၍ ဗုဒ္ဓဘာသာက မရှောင်လွဲသာသော ပုထုဇဉ် လူသားများအဖို့ စည်းမျဉ်းသတ်မှတ်ပေးခဲ့၏။သို့ဖြစ်၍ လူတို့ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမည့်(၅)ပါး သီလတွင် တတိယမြောက်အဖြစ် ''ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ=မိမိမယား မှ တပါးသော အခြားသူတို့၌ ယုတ်မာသောမေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ် သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏''ဟူသည့် စည်းမျဉ်းကို ချမှတ်ပေးခဲ့၏။
    ထိုတွင် ကာမေသုမိစ္ဆာစာရဟူသည် သူတပါးသားမယား(အိမ်ရာ)၌ မှားမှားယွင်းယွင်း ကျူးလွန်ပြစ်မှားခြင်းကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် မေထုန်မှီဝဲလိုသဖြင့် ကာယကံမြောက် မသွားမလာထိုက်သောသူတို့၌ မှီဝဲကျူးလွန်ကြောင်းစေတနာကို ကောက်ရ၏။၁ ၄င်းကာမေသုမိစ္ဆာ စာရကံသည် သီလစသည့် ဂုဏ်မရှိသူ၌ လွန်ကျူးခြင်းထက် သီလစသည့်ဂုဏ်ရှိသူ၌ လွန်ကျူးခြင်းက အပြစ်ပိုကြီး၏။၂

၂း၆း၃း၁။ ကာမေသုမိစ္ဆာစာရ အင်္ဂါ (၄)ပါး
    ကာမေသုမိစ္ဆာစာရကံ၌ ကမ္မပထမြောက်သည့် အင်္ဂါ(၄)ပါးရှိ၏။ယင်းတို့မှာ-
၁။ မသွားမလာထိုက်သော အဂမနီယ၀တ္ထုဖြစ်သည့် မိန်းမ (၂၀) ဖြစ်ခြင်း၊
၂။ ထိုဝတ္ထုတို့၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့် စိတ်ရှိခြင်း၊
၃။ မှီဝဲရန် လုံ့လပယောဂ ပြုခြင်း၊
၎။ မှီဝဲပေါင်းသင်းဆက်ဆံရာ၌ သာယာခြင်း ဟူ၍ဖြစ်သည်။၃
ယင်းအင်္ဂါလေးပါးနှင့်ပြည့်စုံလျင် ကာမေသုမိစ္ဆာစာရကမ္မပထမြောက်၏။ တစ်ပါးပါးချွတ်ယွင်းလျင် ကမ္မပထမမြောက်ဟု မှတ်အပ်၏။

၂း၆း၃း၂။ မသွားမလာထိုက်သောမိန်းမ(၂၀)
    အထက်ပါအင်္ဂါ(၄)ပါး၌ နံပါတ်(၁)အင်္ဂါတွင်ပါဝင်သည့် မသွားမလာထိုက်သော အဂနီယ ၀တ္ထုဖြစ်သည့် မိန်းမ(၂၀)နှင့်စပ်၍ ဤနေရာ၌ တင်ပြလို၏။ယင်းတို့မှာ-
၁။ မိခင်စောင့်ရှောက်အပ်သောမိန်းမ၊
၂။ ဖခင်စောင့်ရှောက်အပ်သောမိန်းမ၊
၃။ မိဘနှစ်ပါးလုံးစောင့်ရှောက်အပ်သောမိန်းမ၊
၎။ မောင်ကြီးမောင်ငယ် စောင့်ရှောက်အပ်သောမိန်းမ၊
၅။ အစ်မ၊ညီမတို့စောင့်ရှောက်အပ်သောမိန်းမ၊
၆။ ဆွေမျိုးတို့စောင့်ရှောက်အပ်သောမိန်းမ၊
၇။ အနွယ်တူတို့ စောင့်ရှောက်အပ်သောမိန်းမ၊
၈။ သီတင်းသုံးဖော်တို့ စောင့်ရှောက်အပ်သောမိန်းမ၊
၉။ ကိုယ်ဝန်တည်စကစ၍ မယားအဖြစ်လက်ထပ်ယူရန် တောင်းရမ်း သတ်မှတ်သိမ်းဆည်းခံထား ရသောမိန်းမ၊
၁၀။ 'ဤမိန်းမကို သွားလာလျင် ဒဏ်သင့်စေ'ဟု မင်းအမိန့်ထုတ်ခံထားရသောမိန်းမ၊
၁၁။ ဥစ္စာဖြင့်ဝယ်ယူထားသောမိန်းမ၊
၁၂။ အလိုတူ၍ ပေါင်းသင်းနေသောမိန်းမ၊
၁၃။ စည်းစိမ်အတွက်သွားရောက်နေထိုင်သောမယား၊
၁၄။ အ၀တ်တန်ဆာဆင်ပေး၍ ပေါင်းသင်းခံရသောမယား၊
၁၅။ လူကြီးစုံရာလက်ထပ်ပေါင်းသင်းထားသောမယား၊
၁၆။ ထင်းခွေရေခပ်လုပ်ကိုင်သောမိန်းမအား ထိုအလုပ်ကိုမလုပ်စေဘဲ မယားအဖြစ်ပေါင်းသင်းခံရ သောမယား၊
၁၇။ မယားအဖြစ်သိမ်းပိုက်ခံထားရသောအလုပ်သမ၊
၁၈။ မယားအဖြစ်သိမ်းပိုက်ခံထားရသောအလုပ်သမ၊
၁၉။ စစ်အောင်၍ ဆောင်ယူအပ်သော သုံ့ပန်းမယား၊
၂၀။ ခေတ္တငှါးရမ်းပေါင်းသင်းထားသောမယား ဟူ၍ဖြစ်သည်။၁
ယောက်ျားတို့အား မိမိမယားမှတပါး အထက်ပါမိန်းမ(၂၀)တို့ကို လွန်ကျူးခဲ့သော် ကာမေသုမိစ္ဆာကံ ထိုက်၏။
    အထက်ပါမိန်းမ(၂၀)တို့တွင် အမှတ်(၁)မှ အမှတ်(၈)ထိသော မိန်းမတို့သည် မိမိတို့၏ ကာမအတွေ့ကို မိမိတို့ပင်ပိုင်ဆိုင်၏။ထိုမိန်းမတို့သည် ယောက်ျားတို့နှင့် ကာမဆက်ဆံသော် ကာမေသုမိစ္ဆာစာရကံမထိုက်။ သွားလာဆက်ဆံသော ယောက်ျားတို့သာ ကံထိုက်၏။ အမှတ်(၉)မှ အမှတ်(၂၀)ထိသော မိန်းမတို့ကား မိမိတို့၏ ကာမအတွေ့ပိုင်ရှင် ရှိပြီးဖြစ်သောကြောင့် ပိုင်ရှင် ယောက်ျားမှတပါး အခြားယောက်ျားတို့နှင့် ဆက်ဆံသော် ကာမေသုမိစ္ဆာရကံထိုက်၏။၂

၂း၆း၃း၃။ ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးများ
    ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်သူသည် မျက်မှောက်ဘ၀၌ပင် ဘေးရန်အမျိုးမျိုးနှင့် တွေ့ကြုံ ၍ ကိုယ်စိတ်ဆင်းရဲရ၏။ တမလွန်ဘ၀တွင်လည်း အပါယ်လေးဘုံသို့ ကျရောက်ရ၏။ အပါယ်လေးဘုံမှ လွတ်၍ လူဖြစ်ပြန်လျင်လည်း ထိုကံ၏ အကျိုးဆက်ကြောင့်-
၁။ မလိုမုန်းထားသူပေါများခြင်း၊
၂။ ရန်သူပေါများခြင်း၊
၃။ လာဘ်လာဘပစ္စည်းဥစ္စာရှားပါးခြင်း၊
၎။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခမှ ကင်းဆိတ်ခြင်း၊
၅။ မိန်းမဖြစ်ရခြင်း၊
၆။ မိန်းမမဟုတ် ယောက်ျားမဟုတ် နပုံးပဏ္ဍုတ်ဖြစ်ရခြင်း၊
၇။ ယောက်ျားဖြစ်သော်လည်း ယုတ်ညံ့သောအမျိုး၌ ဖြစ်ရခြင်း၊
၈။ မျက်နှာပျက် အရှက်တကွဲဖြစ်ခြင်း၊
၉။ ကိုယ်လက်အင်္ဂါ ချို့ယွင်းသေးသိမ်ခြင်း၊
၁၀။ စိုးရိမ်ကြောင့်ကြအားကြီးရခြင်း၊
၁၁။ ချစ်သူနှင့် ကွေကွင်းရခြင်း စသည့်ဆိုးကျိုးများကို ခံစားရတတ်၏။၁
    ထိုဆိုးကျိုးများနှင့်စပ်၍ မှတ်သားလွယ်စေရန် ရှေးဆရာတို့က ဤသို့လင်္ကာစပ်ဆိုတော်မူ ခဲ့ကြ၏။'' မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ချမ်းသာ ဆိတ်၏၊ဣတ္ထိပဏ္ဍုတ်၊မျိုးယုတ်ခါခါ၊မျက်နှာမလှ၊အရှက်ရလျက်၊လက္ခဏဣနြေ္ဒ၊ယွင်း သွေချို့သိမ်၊စိုးရိမ်များစွာ၊ချစ်သူကွာသည်၊ရှောင်ခါအပြန်အကျိုးတည်း။''၂

၂း၆း၃း၎။ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရကျိုးများ
    ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်သူတို့သည် အောက်ပါအကျိုးများကို ခံစားရနိုင်၏။ထိုအကျိုးများမှာ-
၁။ ရန်သူကင်းခြင်း၊
၂။ လူအပေါင်းတို့ ချစ်ခင်မြတ်နိုးခြင်း၊
၃။ စားဝတ်နေရေး အဆင်ပြေခြင်း၊
၎။ ချမ်းသာစွာ အိပ်ရ နိုးရခြင်း၊
၅။ မိန်းမ ပဏ္ဍုတ်မဖြစ်ခြင်း၊
၆။ အမျက်မထွက်ခြင်း၊
၇။ ဇနီးမောင်နှံအချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၈။ ကိုယ်အင်္ဂါလက္ခဏာပြည့်စုံခြင်း၊
၉။ စိုးရိမ်ကြောင့်ကြမှု နည်းပါးခြင်း၊
၁၀။ ချမ်းသာစွာ နေထိုင်ရခြင်း၊
၁၁။ ဘေးရန်ကင်းခြင်း၊
၁၂။ ချစ်သူတို့နှင့် မကွေမကွင်းခြင်း စသည်တို့ဖြစ်သည်။၁

၂း၆း၎။ မုသာဝါဒအဓိပ္ပါယ်
    ငါးပါးသီလတွင် စတုတ္ထမြောက်သိက္ခာပုဒ်ဖြစ်သည့် မုသာဝါဒသိက္ခာပုဒ်ကို 'မုသာဝါဒါ ဝေရမဏိသိက္ခာဒံ သမာဒိယာမိ=လိမ်လည်လှည့်စား မုသားစကားပြော ကြားခြင်းမှ ရှောင်ကြဉ် ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ ဟုရွတ်ဆို ဆောက်တည်ရ၏။
    ထိုတွင် မုသာဝါဒဟူသောပုဒ်သည် မုသာနှင့်ဝါဒဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ထင်ရှားမရှိမဟုတ်မှန်သော အကြောင်းအရာကို မုသားဟုခေါ်၏။ ထင်ရှားမရှိမဟုတ်မှန်သော အကြောင်းအရာကို ထင်ရှားရှိဟုတ်မှန်သောအားဖြင့် သိစေခြင်းကို ၀ါဒ ဟုခေါ်၏။၂ သို့ဖြစ်၍ မုသာဝါဒဟူသည် ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန် ပြောဆိုမှုကို ရှေးရှုသောသူ၏ သူတပါးအကျိုး စီးပွါးကို ပျက်ပြားစေတတ်သော ကိုယ်ဖြင့် လိမ်ညာခြင်း၊ နှုတ်ဖြင့်လိမ်ညာခြင်းတို့ကို ဖြစ်စေတတ်သည့် အကုသိုလ်စေတနာပင် ဖြစ်၏။၃
    ထိုမုသာဝါဒသည် မိမိ၏ လိမ်လည်မှုကြောင့် သူတပါး၏ အကျိုးစီးပွါးပျက်စီးမှု အနည်း အများအပေါ်မူတည်၍လည်းကောင်း၊ အလိမ်ခံရသူ၏ သီလစသည့်ဂုဏ်ရှိ မရှိအပေါ် မူတည်၍ လည်းကောင်း အပြစ်ကြီးငယ်ကွဲပြား၏။ မိမိ၏ လိမ်လည်မှုကြောင့် သူတပါး၏ အကျိုးစီးပွား အနည်းငယ်သာပျက်စီးလျင် အပြစ်သေးငယ်၍ ပျက်စီးဆုံးရှုံးများလျင် အပြစ်ပိုကြီး၏။ အလိမ်ခံရသူက သီလစသည့်ဂုဏ်မရှိလျင် အပြစ်သေးငယ်၍ သီလစသည့်ဂုဏ်ရှိသူဖြစ်လျင် အပြစ်ပိုကြီး၏။

၂း၆း၎း၁။ မုသာဝါဒအင်္ဂါ(၄)ပါး
    မုသားပြောရာ၌ အင်္ဂါ(၄)ပါးရှိ၏။ ထိုအင်္ဂါတို့မှာ-
    ၁။ မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
    ၂။ ချွတ်ယွင်းလွဲမှားစေလိုသောစိတ်ရှိခြင်း၊ 
    ၃။ ထိုစိတ်မျိုးဖြင့် သူတပါးအား လိမ်ညာရန်အားထုတ်ခြင်း၊
    ၄။ အလိမ်ခံရသူက လိမ်သည့်အတိုင်း ယုံကြည်ခြင်း ဟူ၍ ဖြစ်သည်။၎
    အထက်ထက်သိက္ခာပုဒ်တို့၌ ဆိုင်ရာအင်္ဂါများနှင့် ပြည့်စုံလျင် ကမ္မပထမြောက်၏။ ဤမုသာ ၀ါဒသိက္ခာပုဒ်၌ကား မုသာဝါဒအင်္ဂါ(၄)ပါးနှင့် ညီညွတ်သော်လည်း သူတပါး၏ အကျိုးစီးပွားပျက်စီးမှု မရှိလျင် ကမ္မပထမမြောက်။ ကမ္မမတ္တ=ဒုစရိုက်ကံဖြစ်ရုံသာဖြစ်၏။ သိက္ခာပုဒ်သီလပျက်ရုံသာဖြစ်၏။ အထက်ပါအင်္ဂါ(၄)ပါးနှင့် ပြည့်စုံ၍ သူတပါးအကျိုးစီးပွား ပျက်စီးမှုလည်း ရှိလျင်ကား သိက္ခာပုဒ် လည်းပျက်၏။ ကမ္မပထလည်းမြောက်၏။၁
    အသက်အန္တရာယ်စသည်တို့ကြောင့် ကိုယ်လွတ်ရုန်းလို၍ လိမ်လည်ပြောရာ၌ကား မုသာဝါဒ ကမ္မပထမမြောက်ပေ။ သံသုမာရဇာတ်၌ မိချောင်းတစ်ကောင်သည် ဘုရားအလောင်းဝါနရိန္ဒမျောက်မင်း ၏ အသည်းနှလုံးကို တောင်းလေ၏။ ထိုအခါ မျောက်မင်းက 'ငါတို့မျောက်မျိုး၏ အသည်းနှလုံးကား ကိုယ်ထဲ၌ မရှိ။ ရေသဖန်းပင်၌ ချိတ်ထားသည်' ဟုပြော၍ နီရဲနေသော ရေသဖန်းသီးကို လက်ညှိုး ညွှန်ပြခဲ့၏။၂
    ပဉ္စာဝုဓဇာတ်၌လည်း ဘုရားအလောင်းပဉ္စာဝုဓမင်းသားသည် တောအုပ်တစ်ခုအတွင်း၌ သိလေသလောမဘီးလူးမကြီးအား''ငါ့ဝမ်းထဲ၌ ၀ရဇိန်လက်နက်ရှိ၏။ ငါ့အား သင်စားသော် အစာမကြေဘဲ အူအပိုင်းပိုင်းပြတ်၍ သေလိမ့်မည်''ဟု ပရိယာယ်ဖြင့် လိမ်လည်လှည့်ပတ်ပြောဆိုရာ သေဘေးမှ လွတ်မြောက်ခဲ့၏။၃ ဤ၀တ္ထုတို့၌ ဘုရားအလောင်းသည် လိမ်ပြောသည်ပင်ဖြစ်သော်လည်း သူတစ်ပါးအကျိုးပျက်စီးရန် မရည်ရွယ်သောကြောင့် မုသာဝါဒကမ္မပထ မမြောက်ပေ။

၂း၆း၎း၂။  မုသာဝါဒကံ၏ ဆိုးကျိုးများ
    သူတစ်ပါး၏အကျိုးပျက်စီးဆုံးရှုံးအောင် မုသားစကားပြောဆိုသူတို့သည် ယခုဘ၀၌ပင် လူမှု ရေးဒုက္ခအ၀၀ကို ခံစားရနိုင်သည့်အပြင် နောက်ဘ၀၌လည်း အပါယ်ဘုံများသို့ ကျရောက်ရ၏။ ထိုအပါယ်ဘုံမှ လွတ်၍ လူဖြစ်ပြန်သောအခါ၌လည်း
    ၁။ စကားမပီသခြင်း၊ 
    ၂။ သွားများညီညီညာညာမရှိခြင်း၊
    ၃။ ခံတွင်းမှအပုပ်နံ့ထွက်ခြင်း၊
    ၄။ အသားအရေခြောက်ကပ်ခြင်း၊
    ၅။ မျက်စိနားစသောဣနြေ္ဒများမကြည်လင်းခြင်း၊
    ၆။ ချွတ်ယွင်းဖောက်ပြန်ပုံဟန်မလှခြင်း၊ 
    ၇။ သူတစ်ပါးအပေါ်သြဇာအာဏာမတည်ခြင်း၊
    ၈။ အပြောအဆိုနှုတ်လျာများကြမ်းတမ်းခြင်း၊
    ၉။ လျပ်ပေါ်လော်လီစိတ်မတည်ကြည်ခြင်း၎ စသည့်ဆိုးကျိုးများကို ခံစားရ၏။
    ယင်းကိုရည်ရွယ်၍ ရှေးဆရာတို့က ''မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊သွား မညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက် သြဇာ၊နှုတ်လျာကြမ်းထော်၊ လျပ်ပေါ်လော်လည်၊စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း''၅ ဟု လင်္ကာစပ်ဆိုတော်မူခဲ့ကြ၏။
၂း၆း၎း၃း။  မုသာဝါဒမှရှောင်ကြဉ်ရကျိုးများ
    မုသားစကားပြောကြားခြင်းမှ ရှောင်ကြဉ်သောသူတို့သည် အထက်ပါဆိုးကျိုးများ၏ ဆန့်ကျင် ဘက်ဖြစ်သည့် ကောင်းကျိုးများကို ခံစားရမည့်အပြင် ဖြစ်လေရာဘ၀တို့၌-
    ၁။ မျက်စိနားစသောဣနြေ္ဒများကြည်လင်ခြင်း၊
    ၂။ စကားပီသချိုသာပြတ်သားခြင်း၊
    ၃။ ညီညွတ်၍သန့်စင်သောသွားရှိခြင်း၊
    ၄။ မ၀လွန်း၊မပိန်လွန်းခြင်း၊
    ၅။ အရပ်မနိမ့်လွန်း၊မမြင့်လွန်းခြင်း၊
    ၆။ ကောင်းသောကိုယ်အတွေ့ရှိခြင်း၊
    ၇။ ခံတွင်းမှမွှေးသောအနံ့ထွက်ခြင်း၊
    ၈။ မိမိစကားကိုနားထောင်ကြခြင်း၊
    ၉။ မိမိပြောဆိုသောစကားကိုအများကယုံကြည်ခြင်း၊
    ၁၀။ နူးညံ့နီမြန်း၍ပါးလွှားသောလျာရှိခြင်း၊
    ၁၁။ စိတ်တည်ကြည်ခြင်း၊
    ၁၂။ မလျပ်ပေါ်မလော်လည်ခြင်း၁စသည့် အကျိုးများကို ခံစားရနိုင်၏။
    ဤကဲ့သို့ အကျိုးများလှသည့် မုသားစကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းကို လူသားတိုင်း ကျင့်ကြံသင့်လှ၏။ ဘုရားရှင်၏လက္ခဏာတော်ကြီး ၃၂ ပါးအနက် ဧကေကလောမတာလက္ခဏာ= မွေးညှင်းတွင်းတစ်ခုလျင် တစ်ပင်စီသာပေါက်ခြင်းလက္ခဏာ နှင့် ဥဏ္ဏလောမတာလက္ခဏာ=မျက်မှောင် နှစ်ဖက်ကြား၌ နူးညံ့သည့် လဲ ၀ါဂွမ်းနှင့်တူ၍ ဖြူစင်သောဥဏ္ဏလုံမွေးရှင်တော်ပေါက်ခြင်းလက္ခဏာ ဟူသည့် လက္ခဏာတော်ကြီး(၂)ပါးနှင့် ပြည့်စုံခြင်းတို့မှာ ဖြစ်လေရာဘ၀တို့၌ မုသားစကားပြောဆိုမှုမှ ရှောင်ကြဉ်ခဲ့သောကြောင့်ဖြစ်၏။၂ သို့ဖြစ်၍ မုသာဝါဒမှ ရှောင်ကြဉ်မှုကို လူ့အခြေခံကျင့်ဝတ်အဖြစ် လူသားတိုင်းလိုက်နာသင့်၏။
   
၂း၆း၅။  သုရာမေရယမဇ္ဇပမာဒဋ္ဌာနာသီလအဖွင့်
    ငါးပါးသီလ၏ပဉ္စမမြောက်သိက္ခာပုဒ်ဖြစ်သည့် သုရာမေရယမဇ္ဇပမာဒဋ္ဌာနာသိက္ခာပုဒ်ကို ဆောက်တည်သောအခါ''သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ=မူးယစ်မေ့ လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာ ပုဒ်ကို ဆောက်တည်ပါ၏။ ဟု ရွတ်ဆိုဆောက်တည်ရ၏။
    ထိုတွင် သုရာမေရယ ဟူသောသိက္ခာပုဒ်သည် သုရာ နှင့် မေရယ ဟူသော ပုဒ်နှစ်ပုဒ်ကို တွဲစပ်ထားခြင်းဖြစ်၏။ သုရာ ဟူသည် သေရည်ကိုခေါ်ဆိုခြင်းဖြစ်ပြီး မေရယ ဟူသည် အရက်ကိုခေါ်ဆို ခြင်းဖြစ်၏။ ယင်းသုရာနှင့်မေရယသည် အမျိုးအစားအားဖြင့် အသီးသီးငါးမျိုးစီရှိ၏။ ယင်းသုရာနှင့်မေရ ယတို့သည် ယစ်မူးမေ့လျော့စေတတ်၏။ ယင်းတို့ကိုသောက်ရှုလျင် ကုသိုလ်ကောင်းမှုအရေးကို မေ့လျော့စေတတ်၏။ ထို့ကြောင့် ယင်းတို့ကို ပမာဒဋ္ဌာနဟုလည်း ခေါ်၏။၁ သို့ဖြစ်၍ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနဟူသည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက် သုံးမှုဟု သိမှတ်အပ်၏။ 

    ယင်းသေရည်အရက်ကို သောက်သုံးရာ၌ သောက်သုံးသည့်ပမာဏအနည်း အများအပေါ်မှုတည် ၍ အပြစ်ကြီးငယ်ကွဲပြား၏။ တစ်လက်ဖက်မျလောက်သော သေရည်အရက်ကိုသောက်သုံးခြင်းသည် အပြစ်ငယ်၍ တစ်လက်ခုပ်အတိုင်းအရှည်ရှိသော သေရည်အရက်ကိုသောက်သုံးခြင်းက အပြစ်ပိုကြီး၏။ သေရည်သေရက်များစွာသောက်ပြီး ရွာ နိဂုံးစသည်တို့ကို ဖျက်ဆီးမှုပြုသောသူကား ထိုထက်ပို၍ပင် အပြစ်ကြီး၏။၂ ထို့ကြောင့်သေရည်သေရက်ဆိုလျင် နည်းသည်ပင် ဖြစ်စေ များသည်ပင်ဖြစ်စေ ရှောင်ကြဉ်သင့်လှ၏။ 
   
၂း၆း၅း၁။  သုရာ(၅)မျိုး
    သုရာဟူသည် မုန့်ညက်စသည်ကို ပြုပြင်စီမံချက်လုပ်အပ်သော အရည်များကိုခေါ်ဆိုခြင်း ဖြစ်၏။ ယင်းသုရာသည်(၅)မျိုးရှိ၏။ ၄င်းတို့မှာ-
    ၁။ ပိဋ္ဌသုရာ=မုန့်ညက်ဖြင့်ပြုလုပ်အပ်သောသေရည်၊
    ၂။ ပူဝသုရာ=မုန့်ဖြင့်ပြုလုပ်အပ်သောသေရည်၊
    ၃။ သြဒနသုရာ=ထမင်းဖြင့်ပြုလုပ်အပ်သောသေရည်၊
    ၄။ ကိဏ္ဏပက္ခိတ္တသုရာ=သေရည်ကိုခပ်လောင်း၍ပြုလုပ်အပ်သောသေရည်၊
    ၅။သမ္ဘာရသံယုတ္တသုရာ=သစ်မြစ် သစ်သီးအစရှိသော အဆောက်အဦးတို့နှင့် ရောစပ်၍ပြုလုပ် အပ်သောသေရည်၃ဟူ၍ဖြစ်၏။   
၂း၆း၅း၂။  မေရယ(၅)မျိုး
    မေရယဟူသည် အပွင့်အသီးတို့ကို ထုထောင်းပြီး ရသောအရည်ဖြင့် ကြာရှည်စွာစိမ်အပ်သော အရည်မျိုးကိုခေါ်၏။ ယင်းမေရယသည်(၅)မျိုးရှိ၏။ ၄င်းတို့မှာ-
    ၁။ ပုပ္ဖာသ၀=သစ်ပွင့်ဖြင့်ပြုအပ်သောအရက်၊
    ၂။ ဖလာသ၀=သစ်သီးဖြင့်ပြုအပ်သောအရက်၊
    ၃။ မဓွာသ၀=မုဒရက်အသီးအရည်ဖြင့်ပြုအပ်သောအရက်၊
    ၄။ ဂုဠှာသ၀=တင်လဲဖြင့်ပြုအပ်သောအရက်၊
    ၅။သမ္ဘာရသံယုတ္တာသ၀= အထူးထူးသောအဆောက်အဦးတို့၏အရည်ဖြင့် ပြုအပ်သောအရက် ၁ဟူ၍ဖြစ်၏။  
    ယင်းသုရာ(၅)မျိုးနှင့်မေရယ(၅)မျိုးတို့အပြင်ယခုကာလသုံးစွဲနေကြသော ကဇော်၊ဘိန်း၊ ကိုကင်းဆေးခြောက်၊ ဘီယာစသည့်အရာများကိုလည်း သုရာမေရယ၌ သွင်းယူသင့်၏ ဟု ဘာသာဋီကာဆရာ တော်မိန့်၏။၂

၂း၆း၅း၃။ သုရာမေရယသိက္ခာပုဒ်အင်္ဂါ(၄)ပါး

    သုရာမေရယသိက္ခာပုဒ်ပျက်ကြောင်းအင်္ဂါသည်(၄)ပါးရှိ၏။ ယင်းတို့မှာ-
    ၁။ သုရာမေရယတစ်မျိုးမျိုးဖြစ်ခြင်း၊
    ၂။ သောက်စားမူးယစ်လိုသောစိတ်ရှိခြင်း၊
    ၃။ သောက်စားနိုင်ရန်လုံ့လပြုခြင်း၊
    ၄။ သောက်စားမူးယစ်ခြင်း တို့ဖြစ်သည်။၃
    ဤအင်္ဂါလေးပါးနှင့်ညီညွတ်သော်လည်း မူးယစ်သောက်စား၍ အခြားဒုစရိုက်မှုများကို မကျူးလွန်က သီလသာပျက်၏၊ ကမ္မပထမမြောက်ပေ။ သို့သော် မည်သို့သောသောက်စား မူးယစ်ခြင်းပင်ဖြစ်စေ လူမှုရေးရှုထောင့်မှကြည့်လျင် အရက်သေစာသောက်စားမှုမှန်သမျ မကောင်းပါ၊ အရက်သေစာသောက်စားမှုကြောင့် လူမှုဝန်းကျင်၌ အိမ်ထောင်ရေးတာဝန်မကျေပြွန်မှု စသောအပြစ် များစွာဖြစ်ရ၏။

၂း၆း၅း၎။ အရက်သေစာသောက်စားခြင်း၏အပြစ်များ
    အရက်သေစာသောက်စားခြင်းကြောင့် မျက်မှောက်ဘ၀၌ပင် ဒုက္ခအဖုံဖုံကြုံရနိုင်၏။ အရက်သေ စာသောက်စားသူသည်-
    ၁။ စီးပွားဥစ္စာဆုံးရှုံးပျက်စီးခြင်း၊
    ၂။ သူတစ်ပါးတို့နှင့် ငြင်းခုံခိုက်ရန်မှုများဖြစ်ခြင်း၊
    ၃။ အနာရောဂါထူပြောခြင်း၊
    ၄။ မကောင်းသတင်းကျော်စောခြင်း၊
    ၅။ အရှက်အကြောက်ကင်းမဲ့စွာ လျို့ဝှက်အပ်သောအင်္ဂါတို့ကိုထုတ်ပြတတ်ခြင်း၊
    ၆။ ဉာဏ်ပညာအားနည်းအောင်ပြုတတ်ခြင်း၎ဟူသည့် ဆိုးကျိုးတို့ကို မျက်မှောက်ဘ၀၌ပင် ကြုံတွေ့ရနိုင်၏။
    ထို့အပြင် အရက်သေစာသောက်စားမှုကိုပြုသောပုဂ္ဂိုလ်သည် တမလွန်ဘ၀၌ အပါယ်ဒုဂ္ဂတိသို့ လားရောက်ရ၏၊ လူဖြစ်ပြန်သောအခါ၌လည်း-
    ၁။ ကိစ္စခပ်သိမ်းတို့၌ အခွင့်အရေးသင့်မသင့်ကို မသိတတ်ခြင်း၊
    ၂။ ပျင်းရိတတ်ခြင်း၊
    ၃။ မေ့လျော့မူးရူးတတ်ခြင်း၊
    ၄။ သူတစ်ပါးကျေးဇူးကိုမသိတတ်ခြင်း၊
    ၅။ အရှက်အကြောက်မရှိခြင်း၊
    ၆။ မကောင်းမှုမှန်သမျကိုအလွယ်တကူပြုမိတတ်ခြင်း ၁စသည့် ဆိုးကျိုးများကို တွေ့ကြုံရနိုင်၏။

၂း၆း၅း၅။ အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ရကျိုးများ
    ''လူကို ဖျက်အရက်''ဟူသကဲ့သို့ပင် အရက်သေစာသောက်စားမှုသည် လူ့ဘ၀တစ်ခုလုံးကို အညွန့်တုံးစေနိုင်သည်ဖြစ်၍ ရှောင်ကြဉ်သင့်လှသည်။ သို့မှသာ လူနေမှုဘ၀ သာယာမည်ဖြစ်၏၊ အရက်သေစာသောက်စားမှုမှ ရှောင်ကြဉ်သူတို့သည် အောက်ပါ အကျိုးများရရှိခံစား နိုင်ကြောင်း ခုဒ္ဒကပါဌအဋ္ဌကထာ၌ ဆိုထား၏။ ယင်းအကျိုးတို့မှာ-
    ၁။ အမှုကိစ္စအားလုံးတို့၌လျင်မြန်စွာသိတတ်ခြင်း၊
    ၂။ အမြဲမပြတ်သတိရှိခြင်း၊
    ၃။ ရူးပေါမှုမရှိခြင်း၊
    ၄။ ဉာဏ်ပညာရှိခြင်း၊
    ၅။ မပျင်းမရိလုံ့လ၀ီရိယရှိခြင်း၊
    ၆။ မထိုင်မှိုင်းမတွေဝေခြင်း၊
    ၇။ မမေ့မလျော့ခြင်း၊
    ၈။ ၀စီကံလေးပါးလုံခြုံခြင်း၊
    ၉။ သူတစ်ပါးကျေးဇူးကိုသိတတ်ခြင်း၊
    ၁၀။ နှမြောတွန့်တိုမှုမရှိဘဲစွန့်ကြဲပေးကမ်းတတ်ခြင်း၊
    ၁၁။ သီလရှိခြင်း၊
    ၁၂။ စိတ်ထားဖြောင့်၍ဒေါသနည်းခြင်း၊
    ၁၃။ အရှက်အကြောက်ရှိခြင်း၊
    ၁၄။ အယူမှန်ခြင်း၊
    ၁၅။ ပညာကြီး၍အကျိုးရှိမရှိ၌လိမ်မာသိမြင်ခြင်း၁စသည်တို့ဖြစ်၏။
    အထက်ပါအကျိုးတရားတို့ကိုပိုင်ဆိုင်လိုသူတို့အနေဖြင့် သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်သင့်၏။ ထိုသို့ရှောင်ကြဉ်က ဆိုင်ရာအကျိုးတရားများကို ခံစားရမည့်အပြင် မျက်မှောက် ဘ၀၌လည်း မိမိကိုအမှီပြုသောမိသားစု၊ ပတ်ဝန်းကျင်၏ ကောင်းကျိုးကို မပျက်မကွက်သယ်ပိုး ရွက်ဆောင်နိုင်၏။
    ဤပြဆိုပြီးသမျတို့ကား ဂဟဋ္ဌသီလတွင်ပါဝင်သည့် ငါးပါးသီလနှင့်စပ်၍ မှတ်သားဖွယ်ရာ များဖြစ်ပါ၏။ ဤကဲ့သို့သောသီလမျိုးကို မြတ်စွာဘုရားက ပဌမမဟာနာမသုတ်တော်၌ ဘ၀အာမခံချက် ပေးနိုင်သော တရားတစ်ပါးအဖြစ် ဟောကြားတော်မူခဲ့၏။ တစ်ဖန် သီလပျက်စီးခြင်း၏ အပြစ်များကို ဆက်လက်တင်ပြပါမည်။

၂း၇။ သီလပျက်စီးခြင်း၏အပြစ်
    ငါးပါးသီလဟူသည် လူသားများ စည်းစနစ်ကျစွာ နေထိုင်တတ်ရန် သွန်သင်သော ကိုယ်ကျင့် တရားဖြစ်၏။ သတ္တ၀ါအချင်းချင်း၊ လူသားအချင်းချင်း ကိုယ်ချင်းစာတရားလက်ကိုင်ထားဖို့ရန်လည်း ဆုံးမထား၏။တစ်ဦး၏တန်ဖိုးကို တစ်ဦးက အသိအမှတ်ပြုကာ အချင်းချင်းလေးစား တန်ဖိုးထား တတ်ရန်လည်း လမ်းညွှန်ပေး၏။ ထိုကိုယ်ကျင့်တရားသည် လူမျိုးဘာသာမရွေးကျင့်သုံးသင့်သော အခြေခံလူ့ကျင့်ဝတ်ဖြစ်၏။ ယင်းကျင့်ဝတ်ကို ဖောက်ဖျက်က တမလွန်ဘ၀ကို မဆိုထားဘိ။ယခုဘ၀ ၌ပင် အောက်ကျနောက်ကျဖြစ်၍  ပွဲမတိုးနိုင်ကြောင်းကို ကျမ်းဂန်များ၌ အောက်ပါအတိုင်းပြဆိုထား၏။
    ၁။ မေ့လျော့ခြင်းကြောင့် များစွာသော ပစ္စည်းဥစ္စာတို့ ဆုံးရှုံးရခြင်း၊
    ၂။ မကောင်းသတင်းပြန့်နှံ့ကျော်ကြားခြင်း၊
    ၃။ ပရိသတ်အပေါင်းသို့ မ၀ံ့မရဲဝင်ရခြင်း၊
    ၄။ တွေဝေစွာဖြင့် သေရခြင်း၊
    ၅။ သေပြီးသည့်နောက် ငရဲ၌ ဖြစ်ရခြင်း၂ ဟူ၍ ဆိုးကျိုးများဖြစ်ပွားနိုင်ကြောင်း ပြဆိုထား၏။ထို့အပြင် အင်္ဂုတ္တိုရ်၌ သီလပျက်စီးလျင် တရားထူးမရနိုင်ကြောင်းကို ''သစ်ပင်သည်အခက်အရွက် ပျက်စီးခဲ့သော် ထိုသစ်ပင်၏ အပွေး၊အခွံ၊အခေါက်၊အနှစ်တို့ ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ သီလ ပျက်စီးသောပုဂ္ဂိုလ်များ၌ ကိလေသာတို့မှ လွတ်မြောက် သောဉာဏ်အမြင်တို့ မဖြစ်နိုင်၃ဟု မိန့်ဆို ထား၏။ ဤဒေသနာတို့ကို ရှုပါက သီလမရှိသူအား ဘ၀အာမခံချက်မရှိကြောင်းကား ထင်ရှား ၏။ 
၂း၈။ သီလရှိက ဘ၀အာမခံချက်ရှိပုံ
    လူတို့က 'ကိုယ်ကျင့်တရား'ဟု သုံးနှုံးပြောဆိုကြသော သီလသည် ကျင့်သုံးသူအား ပစ္စုပ္ပုန်ဘ၀ ကိုလည်း သာယာစေ၏။ တမလွန်ဘ၀ကိုလည်း ချမ်းသာစေ၏။ သို့ဖြစ်၍ ယင်းသီလခေါ် ကိုယ်ကျင့် တရားကို နှစ်ဖက်လှတရား ဟုဆိုနိုင်၏။
    သီလနှင့်ပြည့်စုံသူသည် အပေါင်းအသင်းဆံ့၏။ပတ်ဝန်းကျင်အကူအညီဖြင့် မိမိစီးပွားရေးကို လွယ်ကူစွာ လုပ်ကိုင်နိုင်၏။ စီးပွားရေးချောမွေ့သဖြင့် စည်းစိမ်ဥစ္စာတိုးပွားနိုင်၏။ 
    ဤလောက၌ ကိုယ်ကျင့်တရားကောင်းသူကိုသာ ခေါင်းဆောင်ခန့်ချင်ကြ၏။ ကိုယ်ကျင့်တရား မရှိသူအား ရှောင်ဖယ်ချင်ကြ၏။ ကိုယ်ကျင့်တရားရှိသူအား ကောင်းသတင်းရနံ့သည် အလိုလိုပင် ပြန့်နှံ့လေသောကြောင့် အချိန်မရွေး ခေါင်းဆောင်ဖြစ်နိုင်ကြ၏။
    သီလရှိသူသည် ပွဲလမ်းသဘင်အခမ်းအနားများ၌လည်း မိမိ၏သီလအားကိုးဖြင့် အလိုလိုရဲဝံ့ လျက်ရှိတတ်ကြ၏။ မလုံမလဲဖြစ်မှု၊ ကြောက်ရွံ့မှု မရှိတတ်ကြ။
    သီလရှိသူသည် သေခါနီးအခါ၌လည်း သေခြင်းတရားကို မတွေမဝေ ရဲရဲဝံ့ဝံ့ ရင်ဆိုင် နိုင်စွမ်း ရှိတတ်ကြ၏။ ဤသည်တို့ကား ကိုယ်ကျင့်တရားကောင်းလျင် ပစ္စုပ္ပန်ဘ၀၌ တွေ့ကြုံရမည့် သုခများ ဖြစ်ကြ၏။ သေပြီးသည့်နောက် တမလွန်ဘ၀ကျရောက်သည့် အခါ၌လည်း ကောင်းမွန် သည့်ဂတိသို့သာ ရောက်နိုင်၏။ သီလရှိသူအား ဂတိဖောက်ပြန်မှုဟူသည် မရှိ။၁ ဘ၀အာမခံချက်ကို ရထားပြီးသူဖြစ်၏။ ထိုကြောင့် မြတ်စွာဘုရားက ပဌမမဟာနာမသုတ်တော်၌ သီလတရားကို ဘ၀အာမခံချက် ပေးနိုင်သည့် တရားအဖြစ် ဟောကြားခဲ့ခြင်းဖြစ်ပါ၏။        ။

Thursday, May 26, 2011

ကိုယ်ချင်းစာစေချင်သည်

ဒီအကြောင်းအရာကို ရေးချင်နေခဲ့တာ ကြာပါပြီ။ ကိုယ်ချင်းစာတရားတဲ့။ သူတပါးကို မိမိကိုယ်နဲ့ နှိုင်းစာတာပါကို ပြောတာပါ။ သူတပါးကို မကောင်းတာလုပ်စဉ်က ပြုံးပြုံး ပြုံးပြုံးနဲ့ အမှတ်တမဲ့နေပြီး မိမိတို့ ကိုယ်တိုင် ထိုမိမိတို့ပြုခဲ့သော မကောင်းမှုကံဧ။် အကျိုးတရားကို တန်ပြန်ခံစားရသောအခါမှ အမိတတတ်
သည့် လူ့ဓလေ့ကို တွေ့လာရလေလေ ထိုသူတို့ကို ပြောပြချင်လေဖြစ်မိပါသည်။

 မြတ်စွာဘုရားက '' မိမိနှင့်တူသော ချစ်သောသူမရှိ''လို့ ဟောကြားခဲ့ပါသည်။ လိုရင်ဆိုသည်မှာ လူသားတိုင်းသည် မိမိကိုယ်ကိုသာ မိမိတို့အချစ်ဆုံးဟု ဆိုလိုသည်။ မှန်ပါသည်။ လူသားတိုင်း ကိုယ်စီကိုယ်ငှ မွေးသည်မှ သေသည်အထိ အများဆုံးလုပ်ဖြစ်သည့်အလုပ်မှာ မိမိကောင်းစားရေးဖြစ်သည်။
ကောင်းတာမှ စားချင်သည်။ ကောင်းတာမှ ၀တ်ချင်သည်။ ကောင်းတာမှ ကြိုက်တတ်သည်။ က်ျသည်မှာ အရိယာမဖြစ်သေးသည့် သာမာန်ပုထဇဉ်လူသားတို့ဧ။် ငြင်းမရသော အမှန်တရားပင်။

သို့သော် သို့သော် တချို့တချို့သော ဖြစ်ရပ်များဝယ် မိမိတို့ကောင်းစားရေးအတွက် လုပ်ဆောင်ရင်း မိမိတို့
ကြောင့် သူတပါးထိခိုက်နစ်နာသွားသည်ကို ဂရုမပြု၊ သတိမထားမိဘဲ ရှိတတ်သည်။ ခံရသည့်သူမှာကား
မသက်သာလှ။ သို့သော် မိမိတို့အတ္တကို ဦးစားပေးရင်း ထိခိုက်သွားသည့် သူတပါးအပေါ် ကိုယ်ချင်းစာရ
ကောင်းမှန်မသိ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်မျိုးဖြင့် ရရှိလာသည့် စည်းစိမ်အပေါ်မူးဝေယစ်မူးကာ ကိုယ်ချင်းစာတရားဆိုသည်ကို မေ့လျော့နေတတ်သည်။ က်ျသည့်အချက်သည် ကိုယ်ကျင့်တ
ရားစတင်ဖောက်ဖျက်ခြင်းဖြစ်လာသည်။

မြတ်စွာဘုရား လူသားတို့အတွက် အခြေခံကိုယ်ကျင့်တရားအဖြစ် ငါးပါးသီလကို ချမှတ်ကျင့်သုံးစေခဲ့ဧ။်။ ထို
ငါးပါးသီလကို လေ့လာကြည့်လျှင်
၁။ သူ့အသက်မသတ်ရ။
၂။ သူတပါးပစ္စည်းဥစ္စာကို မခိုးယူရ။
၃။သူတပါးသားမယားကို မကျူးလွန်မပြစ်မှားရ။
၎။လိမ်ညာမုသားစကားမပြောရ။
၅။မူးယစ်သေစာ မသောက်စားရ ဟုတွေ့ရှိနိုင်ဧ။်။
ထိုအချက်ငါးချက်စလုံးကို ရှုကြည့်ပါ။ မြတ်စွာဘုရားသည် လူတို့ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမည်ဟု ချမှတ်ပေးခဲ့
သော လူ့အခြေခံကျင့်ဝတ်သည် မည့်သည့်တရားအပေါ်တွင် အခြေခံထားပါသနည်း။
 ''အော် ငါ့အသက်ကို သူလာသတ်ရင် ငါက ခံချင်မှာ မဟုတ်ဘူးလေ။ ဒီတော့ ငါလဲ သူ့အသက်ကို ရန်မရှာဘဲ နေမယ်'' ဟူရ်ျ လူသားအချင်းချင်း စာနာထောက်ထားမှုကိုယ်ချင်းစာတရားအပေါ် အခြေခံထား
သည်ကို တွေ့မြင်နိုင်သည်။ ထို့အတူ ကျန်သည့်အခြေံအင်္ဂါတို့ကိုလဲ ချဲ့ထွင် စဉ်းစားကြည့်စေချင်သည်။ ကိုယ့်ပစ္စည်းဥစ္စာကို သူတပါးတို့က မိမိမသိဘဲ လာရောက်ယူငင်ခိုးဆောင်သည်ကို မိမိတို့က ကျေနပ်ပါ့မလား။ မိမိက မကျေနပ်လျှင် သူတပါးပစ္စည်းဥစ္စာကို မိမိက သွားခိုးယူသည်ဆိုလျှင်ကော သူကျေနပ်လက်ခံနိုင်ပါ့မလား။ ထို့အပြင် မိမိဧ။် သားမယားကို သူတပါးတို့က လာရောပျော်ပါးစော်ကားခဲ့
သည်ရှိသော် မိမိကျေနပ်လက်ခံနိုင်ပါ့မလား။ ထို့အတူ သူတပါးသားမယားကို မိမိက သွားစော်ကားခဲ့သည်ရှိသော် သူတပါးတို့ကကော ကြိုက်နှစ်သက်ပါ့မလား။ ထို့အပြင် မိမိကို လိမ်ညာ
ကောက်ကျစ်ဖြားယောင်းလာသူကို မိမိက လိမ်ညာမှန်းသိလျက်နှင့် အသာတကြည်လက်ခံကျေနပ်နိုင်ပါ
သလား။ ထို့အတူ မိမိက သူတပါးအပေါ် လိမ်ညာကောက်ကျစ်ခဲ့သည်ရှိသော် သူတပါးတို့ကော မိမိဧ။် လိမ်
ညာမှုကို ကြိုက်နှစ်သက်ပ့ါမလား။ ထို့အပြင် မိမိကိုယ်သောက်စားမူးယစ်နေသူတယောက်က လာရောက်
ရမ်းကားနေလျှင် မိမိက ကြိုက်နှစ်သက်ပါ့မလား။ ထို့အတူ မိမိက သောက်စားမူးယစ်ရ်ျ သူတပါးအား ခိုက်ရန်သွားဖြစ်ပါက သူတပါးက မိမိအပေါ်ကျေနပ်ပါ့မလား။

အထက်ပါအချက်တို့ကို မြင်တတ်က မြတ်စွာဘုရားသည် လူသားတို့အား ငါးပါးသီလကို အခြေခံလူ့ကျင့်ဝတ်အဖြစ် ချမှတ်ပေးခဲ့သည်မှာ ကိုယ်ချင်းစာတရားဖြင့် လူသားအချင်းအချင်း ဒေါသမပွါး မေတ္တာထားရ်ျ ကြင်နာနွေးထွေးမှုပြည့်ဝသော၊ စည်းကမ်းပြည့်ဝသော လူ့ဘောင်လောကကို ထူထောင်စေလိုသည်မှာ သံ
သယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့်လည်း အထက်ပါငါးချက်ကို ကျူးလွန်သူကို လူမပီသတော့သည့် လူးးး တစ်
ဦးအဖြစ် ပယ်ပယ်နယ်နယ်ရှုတ်ချခဲ့သည်။

ကမ္ဘာဦးမှစရ်ျ ယနေ့အထိ ဖြစ်ပျက်ခဲ့သော ပဋိပက္ခမှန်သမျှဧ။် အကြောင်းရင်းတွင် က်ျကိုယ်ချင်းစာတရားမထားတတ်ခြင်းသည် ထိပ်ဆုံးကပါဧ။်။ ကိုယ်ချင်းစာတရားဖြင့်သာ နေထိုင်တတ်လျှင် ပဋိပက္ခဖြစ်သည်ထားဦး။ တခဏအတွင်း ပြန်လည်ပြေငြိမ်းနိုင်ဧ။်။ က်ျသည်မှာ ငါတကော ကောတတ်သည့် အတ္တကို ချိုးနှိမ်ရာလည်းရောက်ဧ။်။ အနတ္တ၀ါဒကိုလည်း ပုံဖေါ်ရာရောက်ဧ။်။
ထိုကြောင့် မိမိတို့ပြုလုပ်သမျှ ကိစ္စတိုင်းဝယ် ကိုယ်ချင်းစာတရားလေး ထည့်သွင်းကာ ပြုမူပြောဆိုကြံစည်သင့်ဧ။်။ မိမိကိုယ်ကို ချစ်သော်လည်း သူတပါးအား နှစ်ရာရောက်သွားစေနိုင်သည့် လုပ်
ရပ်ဟူသမျှကို ကိုယ်ချင်းစာတရားဖြင့် မလုပ်မိခင် ရှောင်းရှားသင့်ဧ။်။ သူတပါးအပေါ် ထိခိုက်စေနိုင်သည့်
မကောင်းမှုကို ပြုမိပြီးမှ ထိုမကောင်းမှုဧ။် အကျိုးကို ကြောက်ရွံ့နေခြင်းသည်ကား ကိုယ်လဲ ပင်ပန်းဧ။်။ စိတ်
လည်း ညစ်နွမ်းဧ။်။ ထိုကြောင့် မိမိတို့ဧ။် ပြောဆိုပြုမူလုပ်ကိုင်ကြံစည်သမျှကိစ္စရပ်တိုင်းတွင် သူတပါးကို မနှစ်သည့် ကိုယ့်ကိုယ်ကို ချစ်ခြင်းမျိုးသာ ဖြစ်စေလိုဧ။်။

မြတ်စွာဘုရားက လူသားတိုင်းမိမိကိုယ်ကို ချစ်မြတ်နိုးသည်ကို သိတော်မူသည့်အလျှောက် ချစ်တတ်အောင်
အောက်ပါဂါထာလေးဖြင့် ချစ်နည်းသင်ပေးခဲ့ဧ။်။

အတၱနေဥၥ ပိယံ ဇဥာ၊ ရေကၡယ် နံ သုရကၡိတံ။
တိဏမညတရံ ယာမံ၊ ပဋိဇေဂယ် ပဏ္ဍိတော။ (ပါဌ်ဆင့်ရိုက်ရာတွင် ကီးဘုတ်အခက်အခဲကြောင့် အမှားအယွင်း ရှိပါသည်။ ပြင်ဆင်ဖတ်ရှုပါရန်)
အထက်ဂါထာဧ။် မြန်မာပြန်မှာ
မိမိကိုယ်ကို တကယ်ချစ်တယ်လို့ သိတဲ့သူဟာ မည်သည့်အချိန်အခါတွင်မဆို မကောင်းမှုမပြုမိအောင် နေပါ။ ဟူရ်ျဖြစ်သည်။

သို့ဖြစ်ရ်ျ သူတပါးအပေါ်မနှစ်သည့်မိမိကိုယ်ကို ချစ်နည်းဖြစ်သော ကိုယ်ချင်းချင်းစာတရားလေးဖြင့် မိမိတို့ကိုယ်ကို ချစ်ခြင်းကို ထူထောင်လျှက် သူတပါးအပေါ် ကရုဏာထားနိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်
လိုက်ရပေသည်။ ။ 

Saturday, May 21, 2011

လောကပါလမရှိတော့သူ

Wednesday, May 18, 2011

Visakha Puja Day, Colombo, Sri Lanka



























Sunday, May 15, 2011

သံဝေဇနိယလေးဌာန

Friday, May 13, 2011

ဖိုတိုအက်ဆေး


သီရိလင်္ကာနိုင်ငံမှာ ဗုဒနေ့အကြို ညတရားပွဲလေးတပွဲ ကျင်းပနေပုံပါ။ သီရိလင်္ကာရောက်စဉ်ကတည်းက
သတိထားမိတာက သူတို့နိုင်ငံရဲ့ ဘယ်ပွဲတော်အခမ်းအနားမဆို ဘုန်းကြီးကျောင်းဝင်းထဲက ဗောဓိညောင်ပင်မှာ ကျင်းပခြင်းပင်။ ဘာသာရေးကို အကြောင်းပြုပြီး မူးရူးပျော်ပါးနေသည်ကို မတွေ့ရဖူး။
မူးယစ်သေစာများကိုလည်း အခွန်စည်းကျပ်ကာ တော်ရုံလူ ၀ယ်မသောက်နိုင်အောင် လုပ်ထားပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုကလဲ အခမဲ့ပါတဲ့။ ဆေးရုံတက်ဗိုက်ခွဲဖူးသည့် မြန်မာတယောက်က ပြောပြပါတယ်။ အဲ... ချွင်းချက်အနေနဲ့တော့ အရက်ကြောင့်ဖြစ်တဲ့ရောဂါ၊ အရက်သောက်သူတွေကိုတော့ အခကြေးငွေပေးမှ ကုပေးပါသတဲ့။ ကျန်တဲ့လူနာမှန်သမျှ အခမဲ့ကျန်းမာရေး ၀န်ဆောင်မှုစနစ်ပါ။ မည်သည့်အခမ်းအနားပင်ဖြစ်ဖြစ် လက်အုပ်လေးတချီချီနှင့် မြင်တွေ့ရသည်မှာ ကျက်သရေမင်္ဂလာတပါးပင်။ ၀ိသာခပူဇာဒေး နီးကပ်လာသည်နှင့်အမျှ သီရိလင်္ကာနိုင်ငံတ၀ှန်း ရပ်ကွက်တိုင်း၊ ကျောင်းတိုင်းမှာ တရားအသံများဝေစည်နေတာ တွေ့ရတော့ သူတို့ရဲ့ ဘာသာတရားမြတ်နိုးကို အရမ်းလေးစားအားကျမိပါတယ်။ 
ဒီနေရာမှာ နမူနာယူစရာဖြစ်ရပ်လေးတခုကို ပြောပြမယ်။ သူငယ်ချင်းဦးဇင်းတပါး နယ်ဖက် ဘုရားဖူးထွက်တော့ တည်းခိုးခန်းမှာ တည်းရပါတယ်။ တည်းခိုခန်းပိုင်ရှင်က ဗုဒဘာသာပါ။ စကားအတော်အတန်ပြောဆို မိတ်ဆက်ပြီးတော့ သူက မုတ်ဆိတ်မွေးပရဗွနဲ့မို့ ငါတို့နိုင်ငံမှာ မင်းလို မုတ်ဆိတ်မွေး ပရဗွထားရင် တခြားဘာသာဝင်တမျိုးလို့ သတ်မှတ်ကြတယ် ပြောလိုက်တော့ သူက ရှက်ရွံ့တဲ့ဟန်နဲ့ အခန်းအပြင်ထွက်သွားပါသတဲ့။ တအောင့်ကြာ ပြန်ဝင်လာတော့ မုတ်ဆိတ်မွှေးတွေ အကုန်ပြောင်ရှင်းနေတာကို  ပြပါသတဲ့။ ကဲ ဗုဒဘာသာနဲ့ တူပြီလားလို့ မေးပါသတဲ့။ သူတို့က ဗုဒဘာသာနဲ့ မတူရင် အမြတ်တနိုးမွေးထားတဲ့ မုတ်ဆိတ်မွှေးလဲ ချက်ခြင်းဖြတ်ပစ်ရဲပါ
သတဲ့။သူရဲ့ ရယ်စရာဇာတ်လမ်းလေးက ကြားရသူကို အတွေးပွါးစေပါတယ်။

ယခုအခါ မြတ်စွာဘုရား ဖွား၊ပွင့်၊စံခဲ့တဲ့ နေ့ဖြစ်တဲ့ ၀ိသာခပူဇာဒေး နီးကပ်လာတဲ့အတွက် ကိုလံဘိုတမြို့လုံးကို လှည့်ပတ်ကြည့်လိုက်ရင် မြန်မာနိုင်ငံသင်္ကြန်ပွဲတော်နီးလို့ ဆောက်ထားတဲ့မဏ္ဍာပ်တွေ
လို ဘုရားရုပ်ပုံတော်ပါ မဏ္ဍာပ်အကြီးကြီးတွေကို သာသနာ့အလံများ ၀န်းရံလို့ နေရာအနှံ့မှာ တွေ့နေရပါ
တယ်။ ဒေသခံများ ပြောပြတာကတော့ ဒီမဏ္ဍာပ်တွေဟာ ၀ိသာပူဇာနေ့ကျရင် ပြိုင်ပွဲဝင်ဖို့ အပြိုင်အဆိုင်
ဆောက်လုပ်နေကြတာတဲ့။ အဲဒီနေ့ကျရင် မဏ္ဍာပ်တိုင်းက မြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ် ဇာတ်တော်တွေကို ကပြဖျော်ဖြေလို့ နိုင်ငံအနှံ့ ပြိုင်ပွဲဝင်ကြပါသတဲ့။ သူတို့တွေရဲ့ ပွဲပျော်ရွှင်ပွဲဆိုပေမဲ့
အနှစ်ရှိအောင် လုပ်တတ်တဲ့အလေ့က အတုယူစရာပါ။ ၀ိသာခပူဇာဒေးနေ့ရောက်မှ ဓာတ်ပုံတွေလှည့်ရိုက်
ပြီး တင်ပေးပါအုံးမယ်။

ဒီပုံလေးကတော့ အပတ်တိုင်း စနေ၊တနင်္ဂနွေနေ့တိုင်း ကျောင်းသားအရွယ်လူငယ်တိုင်း ပုံမှန်တက်ရောက်ရတဲ့ ဆန်းဒေးစကူးမစတင်ခင် လူငယ်လေးများကို သင်တန်းဆရာများမှ သြ၀ါဒခြွေနေပုံပါ
ဒီ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ Sunday School အောင်မြင်ထားတဲ့ လက်မှတ်ရှိမှလဲ အလုပ်ခွင်ဝင်ရောက်တဲ့အခါ အလုပ်အကိုင်ကောင်းများ ပေးတတ်ကြောင်း သိရပါတယ်။ ဒီလက်မှတ်ရရှိဖို့အတွက် ကျောင်းတက်စဉ်မှာ သီရိလင်္ကာကျောင်းသားတိုင်း ကြိုးစားကြရပါတယ်။ လူငယ်များနဲ့ ဘာသာရေးအသိ မဝေးကွာစေဖို့ သီရိလင်္ကာအစိုးရရဲ့ လုပ်ဆောင်ချက်တရပ်ပါ။ နမူနာယူစရာပါပဲ့။ တချို့သော မြန်မာဗုဒဘာသာအမည်ခံများလို အသက်သုံးဆယ်ကျော်သည်အထိ နမော တဿကို မပီတပီရွတ်ဖတ်သည်မျိုးကို မတွေ့ရ။ အသက်ကြီးလာသည့်အခါ ဆန်းဒေးစကူး
က ပေးလိုက်တဲ့ ဘာသာရေးအသိတွေက သူတို့အတွက် ခိုင်မာတဲ့ဗုဒဘာသာအဖြစ် ရပ်တည်ခွင့် ရရှိစေပါတယ်။ တန်ဖိုးဆိုတာ မြတ်နိုးတတ်သူရဲ့ ရင်တွင်းက ပေါက်ဖွားလာတာ မဟုတ်လား။ ဒီတော့ ကိုယ့်
ဘာသာအကြောင်း ကိုယ်ကောင်းကောင်းသိပြီး မြတ်နိုးတတ်အောင် ဗုဒဘာသာတိုင်း ဗုဒစာပေကို အနည်းနဲ့ အများ သင်ယူထားသင့်ပါတယ်။ အနာဂတ်လူကြီးတွေဖြစ်လာမဲ့ မိမိတို့ရဲ့ သားသမီးများကိုလဲ
မိမိတို့လို မဖြစ်ရလေအောင် ငယ်ရွယ်စဉ်ကတည်းက ဗုဒစာပေကို သင်ယူထားစေသင့်ပါတယ်။ ဒါမှလဲ နောင်တချိန် မိဘခေါင်း ရောက်မလာမှာလေ။


(အကြောင်းသိမှ မြတ်နိုးတတ်မယ်။ မြတ်နိုးတတ်မှ တန်ဖိုးထားတတ်လာမယ်)
(ဗုဒဘာသာအကြောင်း ရေရေရာရာဂဃနဏမသိဘဲ ဘာသာပြောင်းမယ်လို့ နောက်သလိုလို ပြောင်သလိုလို ပြောတတ်သော မိသားစုတစုကို ရည်ရွယ်ပါတယ်။)

Tuesday, May 10, 2011

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ


ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော်
------လင်္ကာဆောင်ပုဒ်------
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ် သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်ဆယ်ကို။ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။


လင်္ကာဆောင်ပုဒ် အဖြေ
၁။ မူလနှစ်ဖြာ …. …. အ၀ိဇ္ဇာနှင့် တဏှာ။
၂။သစ္စာနှစ်ခု …. …. သမုဒယသစ္စာ - ဒုက္ခသစ္စာ။
၃။လေးခုအလွှာ …. …. အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။
ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
၎။အင်္ဂါတစ်ဆယ့်နှစ်ပါး …. …. အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။
၅။သုံးပါးအစပ် …. …. သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။
၆။ဝဋ်သုံးဝနှင့် …. …. >>ကိလေသ၀ဋ် (၃)ပါး - အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
>>ကမ္မ၀ဋ် (၂)ပါး- သင်္ခါရနှင့် ကမ္မဘဝ
>>၀ိပါက၀ဋ် (၈)ပါး-, ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘ၀)
၇။ကာလသုံးဖြာ …. …. >>လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
>>ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ - ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္မဘဝ
>>နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ- ဇာတိ , ဇရာမရဏ။
၈။ခြင်းရာနှစ်ဆယ် …. …. >>အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
>>ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး - ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ
အ၀ိဇ္ဖာနှင့် တဏှာ ရင်းခံ၊ ဥပါဒါန်၊ကံကြောင့်ရုပ်နာမ်ပေါ်အပင်မှမျိုး ၊မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်ဖြစ်ပြန်နည်းအလျှော်၊ ဗြဟ္မာ-သိကြားစသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု မဟုတ်ဟုညဏ်ဖြင့် ရှု၍မျှော်။
ခန္ခာ (၅ )ပါး
ရုပ်တရား ၁။ရူပက္ခန္ဓာ ... ဖောက်ပြန်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
နာမ်တရား ၂။ဝေဒနက္ခန္ဓာ ... ခံစားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
၃။သညာက္ခန္ဓာ ... မှတ်သားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
၎။သင်္ခါရက္ခန္ဓာ ... ပြုပြင်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
၅။ဝိညာဏက္ခန္ဓာ ... သိတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

အာယတနာ(၁၂)ပါး
အခံဓာတ်(၆)ပါး
အတိုက်ဓာတ်(၆)ပါး
အပွင့်ဓာတ်(၆)ပါး
ဓာတ်(၁၈)ပါး
၁။မျက်စိအကြည်
၂။နားအကြည်
၃။နှာခေါင်းအကြည်
၎။လျှာအကြည်
၅။ကိုယ်အကြည်
၆ ၊စိတ်(ဘ၀င်စိတ်)
၁။အဆင်း
၂။အသံ
၃။အနံ
၎။အရသာ
၅။တွေ့ထိစရာ
၆။ကြံတွေးစရာ
၁။မြင်စိတ်
၂။ကြားစိတ်
၃။နံစိတ်
၎။စားစိတ်
၅။ယားနာကောင်းစိတ်
၆။တွေးတောစိတ်

သစ္စာ(၄)ပါး ဒုက္ခသစ္စာ
ဆင်းရဲခြင်းအမှန်တရား၊ ဖြစ်ဒုက္ခ-ပျက်ဒုက္ခပိုင်းခြားသိရမည့်တရား။
သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်းအမှန်တရား၊(တဏှာ-လောဘ)ပယ်ရမည့်တရား။
နိရောဓသစ္စာ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန်(နိဗ္ဗာန်)မျက်မှောက်ပြုရမည့်တရာ။
မဂ္ဂသစ္စာ ဒုက္ခသစ္စာ၏ ချုပ်ကြောင်း၊ သမုဒယသစ္စာကိုပယ်ကြောင်း။
နိရောဓသစ္စာကို မျက်မှောက်ပြုကြောင်း
အကျင့်အမှန်တရား(မဂ္ဂင်၈ပါး)ပွားများရမည့်တရား။

လောကီးမဂ္ဂင်(၅)ပါး ရှုညဏ်တရား
သမ္မဒီဋ္ဌိ
သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင် (၂)ပါး
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမာဓိမဂ္ဂင်(၃)ပါး

လောကုတ္တရာ မဂ္ဂင်(၈)ပါး
သမ္မာဒိဋ္ဌိ
သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင်(၂)ပါး
သမ္မာဝါယာမ
သမ္မာသတိ
သမ္မာသမာဓိ
သမာဓိမဂ္ဂင်(၃)ပါး
သမ္မာဝါစာ သမ္မာကမ္မန္တ
သမ္မာအာဇိဝ
သီလမဂ္ဂင်(၃)ပါး

စိတ္တါနုပဿနာရှုပွားနည်း
၁။မြင်စိတ်
အပြင်ဧည်သည်စိတ်(၅)ခု
၁။လောဘစိတ် အတွင်းဧည်သည်စိတ်(၅)ခု
၂။ကြားစိတ် ၂။ဒေါသစိတ်
၃။နံစိတ် ၃။မောဟစိတ်
၎။စားစိတ် ၄။အလောဘစိတ်
၅။ယား၊ နာ၊ ကောင်းစိတ် ၅။အဒေါသစိတ်
၆။တွေးတောစိတ်

၁။လေကိုထုတ်သောစိတ် ရှုပွားပုံရှုနည်းမှာ
၂၊လေကိုသွင်းသောစိတ်
၃။အိမ်သည်စိတ်(၂)ခု
အိမ်သည်စိတ်ကို(၂)ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေါ်ပေါ်၊
ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မလွတ်အောင် ရှုရမည်ဖြစ်ပါသည်။

ဝေဒနာနုပဿနာ ရှုပွားနည်း
စိတ်နှင့် ဝေဒနာသည် ဖြစ်အတူ ပျက်အတူသဟဇာတ တရားဖြစ်သည်။

အပြင် ဧည့်သည် ဝေဒနာ(၆)ခု
၁။ ဥပေက္ခာ ဝေဒနာသည်
၂။ ဥပေက္ခာ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
၎။ ဥပေက္ခာ ဝေဒနာသည်
၅။ သုခ ဝေဒနာသည်
၆။ ဒုက္ခ ဝေဒနာသည်
မျက်လုံးမှာ ပေါ်သည်။
နားမှာပေါ်သည်။
နှာခေါင်းမှာပေါ်သည်။
လျှာမှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
အထက်ပါ ဝေဒနာများကို အပြင်ဧည့်သည် (၆)ပါးခု ဟုခေါ်သည်။
အတွင်းဧည့်သည် ဝေဒနာ(၃)ခု

၁။ သောမနှဿ ဝေဒနာသည်
၂။ ဒေါမနဿ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
အထက်ပါ ဝေဒနာများကို အတွင်းဧည့်သည် (၆)ပါးခု ဟုခေါ်သည်။

အိမ်သည် ဝေဒနာ (၃)ခု
၁။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်ပြေနေသောအခါ (၀င်လေ-ထွက်လေကို) သောမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၂။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်မပြေနေသောအခါ (၀င်လေ-ထွက်လေကို) ဒေါမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၃။တစ်ခါတစ်ရံ(၀င်လေ-ထွက်လေကို) သောမနာဿလည်းမဟုတ် ၊ ဒေါမနဿလည်း မဟုတ်၊ ဥပေက္ခာဝေဒနာနှင့် အမှတ်မထင်ရှူရှိုက်နေသည်။
အထက်ပါဝေဒနာများကို အိမ်သည် ဟုခေါ်သည်။

ဝေဒနာနုပဿနာ ရှုရာ၌ ပေါ်သည် အချိန်၊ ပေါ်သည့်နေရာကို စောင့်၍ ရှုရမည်ဖြစ်သည်။ ဝေဒနာသည် ဒွါရ (၆)ပေါက်၌ အမြဲဖြစ်သည်။ မဖြစ်သည့်အခါ မရှိ၊ ဖဿဖြစ်တိုင်းဝေဒနာဖြစ်သည်။ ဝေဒနာကို ရှုရာ၌ နာမှ ကျင်မှ ဝေဒနာမဟုတ်ပါ၊ နာမှု ကျင်မှု မခံသာသည့် ဝေဒနာရှိသလို ၊ နာမှု ကျင်မှု ပျောက်ကင်းပြီး ခံသာသည့် ဝေဒနာလည်းရှိသည်။ ခံသာသည်လည်း မဟုတ်၊ မခံသာသည်လည်း မဟုတ်၊ အလယ်အလတ် အမှတ်မဲ့ ခံစားမှု ၀ဒနာမျိုးလည်းရှိသည်။ စိတ်နှင့် ဝေဒနာသည် သဟဇာတ တရားဖြစ်၍ စိတ်ဖြစ်တိုင်း ဝေဒနာဖြစ်သည်။
ဝေဒနာသည် ပေါ်လည်း ပေါ်သည်၊ ပျက်လည်း ပျက်သည်၊ ဝေဒနာနှင့်ငါ-မရောစေနှင့် ၊ ဝေဒနာခွာ၍ အနိစ္စ မြင်အောင်ကြည့် ၊ အနိစ္စတွေ့မှ လမ်းမှန်ကျမည်။
(ဤကား အကျဉ်းချုပ်မျှသာ ဖြစ်သည်။)

Wednesday, May 4, 2011

ဗုဒ္ဓဝင် အကျဉ်းချုပ်

 ရတနာဝါသဘုရားကျောင်းမှ ကူးယူပူဇော်သည်။

ဗုဒ္ဓ၀င် ဆိုသည်မှာ ဗုဒ္ဓ၏ ရာဇ၀င်ကို ခေါ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓသည်လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က အရှေ့တိုင်း အိန္ဒိယတိုက်တွင် ဗုဒ္ဓ၀ါဒ ကိုစတင်တည်ထောင်ခဲ့သော မဟာလူသားတစ်ဦး အကြောင်း ဖြစ်ပေသည်။ အရှေ့တိုင်းတွင် ဒဿနနှင့် ဆက်သွယ်သော အခြားသော ၀ါဒ ထူထောင်သူများ ဖြစ်သည့် ကွန်ဖြူးရှပ်လောင်ဇူ တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏၀ါဒမှာ ထိုသူများ၏၀ါဒနှင့် သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။
ဗုဒ္ဓသည် ထိုခေတ်က မင်းမျိုးဖြစ်သော ခတ္တိယမျိုးနွယ်မှဆင်းသက်လာခဲ့သည်။ ထိုခေတ်ကရှေးဟောင်း အိန္ဒိယလူမူ့ ဖွဲ့စည်းပုံတွင်
ပုဏ္ဏားမျိုး(ဗြဟ္မဏ)၊မင်းမျိုး သို့မဟုတ် စစ်သားမျိုး
(ခတ္တိယ)၊ကုန်သည်မျိုး(၀ဿ) နှင့်ဆင်းရဲသားမျိုး
(သုဒ္ဓ)ဟူ၍ အမျိုးလေးပါးခွဲကာ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ရှိခဲ့သည်။
ဗြာဟ္မဏတို့သည် ဝေဒကျမ်းလာဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကို(ဂေါ့ဒ်)
ယုံကြည်ကြပြီး ဂေါ့ဒ်၏ဦးခေါင်းမှဆင်းသက် လာသော
မိမိတို့အမျိုးသည်သာအမြတ်ဆုံးဟုခံယူပြီး ဇာတ်ခွဲခြားမူ့ကိုလိုလားသည်။
ဗုဒ္ဓ၀ါဒမှာ ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။
ထို့ကြောင့်ဗုဒ္ဓကို လေ့လာမည်ဆိုပါက လူသားစင်စင်စစ် ဘုရားဖြစ်သည်ဟု
ယုံကြည်ထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင်
ဗုဒ္ဓအား ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ
ဆိုသောဝေါဟာရမှာ ဥာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ
နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။
အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။
ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန် စံတော်မူခြင်း ဟူ၍
ငါးပိုင်းရှိသည်။

၁။ မင်းပျိုမင်းလွင်ဘဝ


ဖွားတော်မူခန်း
ဗုဒ္ဓဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓ၏ လူဘ၀မှမျိုးရိုး အမည်မှာ ဂေါတမဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရဖြစ်ပါသည်။ (အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို
ပြီးငြိမ်းစေတတ်သော) အဓိပ္ပါယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုခေတ်က မျိုးရိုးအားဖြင့် အဆင့်မြင့်အသိုင်း
အ၀ိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ ထိုအချိန်သည် ခရစ်တော်မပေါ်မှီ နှစ်ပေါင်းငါးရာကျော်ခန့်က ဖြစ်ပါသည်။
ဖခင်မှာ သာကိယမျိုးနွယ်စု၏အကြီးအကဲဖြစ်ကာ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလ၀တ် ဟုခေါ်သည်။
ထိုနေရာသည် ယခုခေတ် အိန္ဒိယနှင့် နီပေါနိုင်ငံနယ်စပ်တွင်တည်ရှိသည်။ ကပိလ၀တ်ကို အုပ်ချုပ်ရသောကြောင့်
ဘုရင်ဟု ခေါ်နိုင်သော်လည်း ဧကရာဇ်မင်း ဖြစ်နိုင်လောက်သော နယ်ပယ်အကျယ်အ၀န်းမရှိခဲ့ပေ။ ကပိလ၀တ်
နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စုအမြောက်အမြားနေထိုင်ကြသည်။
သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။
မယ်တော်မဟာမာယာသည် သိဒ္ဓတ္ထမင်းသားအား လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင်
မွေးဖွားတော်မူခဲ့သည်။ ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-
“အဂ္ဂေါဟမသ္မိလောကဿ
ဇေဋ္ဌောဟမသ္မိလောကဿ
သေဋ္ဌောဟမသ္မိလောကဿ” ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။
ထိုခေတ်က အမျိုးသမီးများသည် မိမိတို့၏သားဦးအား မိဘရပ်ရွာထံတွင်ပြန်၍ မွေးဖွားရသော ဓလေ့ရှိခဲ့နိုင်သည်။ သိဒ္ဓတ္ထမင်းသားအားဖွားမြင်ပြီး
ခုနစ်ရက်အကြာတွင် မယ်တော်မာယာ နတ်ရွာစံခဲ့သောကြောင့် သိဒ္ဓတ္ထမင်းသားသည်
မိထွေးတော်ဂေါတမီ ၏ ထိန်းကျောင်းမူ့ဖြင့် ကြီးပြင်းလာခဲ့သည်။
သိဒ္ဓတ္ထမင်းသား၏ ဖခင်သုဒ္ဓေါဓန မင်းသည်
ထိုခေတ်ကအမြင့်ဆုံးနိုင်ငံရေးအာဏာဖြစ်နိုင်သော စကြာမင်းအရာကို ရစေလိုသည်။
သို့သော်ကြိုတင်နိမိတ်များအရ သိဒ္ဓတ္ထမင်းသားသည် လောကီဘုံကိုစွန့်ခွာ၍
ဘုရားဖြစ်မည်ဟု ပြောကြားသဖြင့် လောကီကာမဂုဏ် အာရုံများဖြင့်
မင်းသားကိုဖြားယောင်းထားစေခဲ့သည်။ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်တွင်
ညီမ၀မ်းကွဲတော်သူ ယသော်ဓရာနှင့် လက်ဆက်ခဲ့သည်။ ယောက္ခမလောင်း ဖြစ်သူ
သုပ္ပဗုဒ္ဓက သဘောမတူသောကြောင့် လေးအတတ်အစွမ်းပြ၍ ကြင်ရာတော်ကို
ကိုယ်တိုင်ရွေးယူနိုင်ခဲ့သည်။

၂။ တောထွက်တော်မူခြင်း


နိမိတ်ကြီးလေးပါးကိုမြင်တော်မူခန်း

အနော်မာသောင်ကမ်းတွင် ဆံတော်ဖြတ်ခန်း
သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာဒေ၀ီတို့မှ သားတစ်ယောက်ဖွားမြင်၍ အမည်မှာရာဟုလာ ဟုခေါ်သည်။ လကိုရာဟု ဖမ်းသလို ငါလျှောက်မယ့်လမ်းကို သံယောဇဉ်တို့ဖြင့် ချည်နှောင်မည့်သူဟု ဆိုကာ “ရာဟုလာ” ဟုသိဒ္ဓတ္ထမင်းသား ကိုယ်တိုင်နာမည်ပေးခဲ့ခြင်းဖြစ်သည်။
လောကီအာရုံများဖြင့် ဖျားယောင်းထားခြင်း၊ အနိဌာရုံများကို မမြင်အောင်ဖန်တီးထားခြင်း၊ သားမယား သံယောဇဉ်
များကို တိုးလာစေခြင်းအားဖြင့် ခမည်းတော်မှစီမံထားသော်လည်း သိဒ္ဓတ္ထမင်းသားသည်လက်ရှိဘ၀ ထက်ပိုမိုမြင့်မြတ်
သော ဘ၀အမှန်မွန်ကို ရှာဖွေလိုစိတ်ပြင်းထန်လာသည်။
ထို့ကြောင့်တစ်နေ့တွင် ခါးသီးသောအမှန်တရားကို သိဒ္ဓတ္ထမင်းသား မြင်တွေ့ခဲ့လေသည်။ ထိုသို့တွေ့ရှိခဲ့ရာ လူ့ဘ၀၏
အစစ်အမှန်တရားကို သင်္ကေတလေးပါးဖြင့် ဖေါ်ပြကြသည်။ ဗုဒ္ဓကျမ်းစာများတွင် နိမိတ်ကြီးလေးပါးဟု ညွှန်းဆိုကြပါသည်။
ဤသည်တို့မှာ
  • သူအို၊
  • သူနာ
  • သူသေနှင့်
  • ရဟန်းတို့ဖြစ်ကြသည်။
ပထမသင်္ကေတသုံးပါးမှာ ဘ၀ကိုကိုယ်စားပြုသည်။ အိုခြင်း၊နာခြင်း၊သေခြင်းတို့၏ တည်ရာမှီရာဖြစ်သည်။ နောက်ဆုံး သင်္ကေတရဟန်းမှာ ဘ၀ကိုကျော်လွန်သွားပြီး အိုခြင်း၊နာခြင်း၊သေခြင်းကင်းရာလွတ်မြောက်ရေးလမ်းကို ကိုယ်စားပြုသည်။ ထိုသဘောတရားများကို သိရှိလာသော သိဒ္ဓတ္ထမင်းသားသည် မင်းသားဘ၀နှင့်တာရှည်နေရန်မဖြစ်နိုင်သောကြောင့်
တစ်ခုသောညတွင် သားငယ်နှင့် ဇနီးသည်ကို နောက်ဆုံးကြည့်ကာ အမှန်တရားကိုရှာဖွေရန်တောထွက်တော်မူခဲ့လေသည်။
သိဒ္ဓတ္ထမင်းသားသည် ထိုစဉ်က အသက် ၂၉ နှစ်ရှိပြီဖြစ်သောကြောင့် စဉ်းစားဝေဖန်ပိုင်းခြားတတ်သောအရွယ်ရောက်
နေလေပြီဖြစ်သည်။ ထို့ပြင်ကောင်းမွန်သေချာသော အနာဂတ်တစ်ခုရှိသော်လည်း စွန့်လွှတ်ပြီး တောထွက်ခဲ့သည်မှာ
တော်ရုံတန်ရုံ စိတ်ပိုင်းဖြတ်မူ့မျိုးမဟုတ်ဟု သေချာပြောဆိုနိုင်သည်။

၃။ သစ္စာတရားကို ရှာခြင်း


ဒုက္ကယစရိယာကျင့်တော်မူခန်း
ဗုဒ္ဓကျမ်းစာများတွင် ထိုကာလအပိုင်းအခြားကို ဒုက္ကယစရိယာ ကျင့်ခြင်းဟူ၍ဖေါ်ပြကြသည်။ တောထွက်တော်မူပြီးနောက် ဘုရားမဖြစ်ခင်အထိ ခြောက်နှစ်တာမျှသော အချိန်ကိုဆိုလိုသည်။
ပထမဆုံးစမ်းသပ်ခဲ့သောအချက်မှာ ယောဂ(သမထ)ကျင့်စဉ်ဖြစ်သည်။
တင်္ဒဂအားဖြင့်စိတ်တည်ငြိမ်မူ့ရရှိသော်လည်း
ထာဝရစိတ်၏ ငြိမ်းချမ်းသောလွတ်မြောက်ရာလမ်းကိုသာရှာဖွေလိုသည်။ ထို့ကြောင့်
ထို သမထ သက်သက်ကျင့်စဉ်ကို
လည်းစွန့်လွှတ်ခဲ့သည်။
သို့သော်ယောဂအကျင့်မှာ နောင်ဗုဒ္ဓသာသာနာတွင်အရေးကြီးလာမည့်
ကမ္မဌာန်းလုပ်ငန်းအတွက် အခြေခံကောင်းများကို
ပေးနိုင်ခဲ့သည်ဟုဆိုရမည် ဖြစ်သည်။
ယောဂအကျင့်မှ ကမ္မဌာန်းမှာ (Meditation for sake of meditation) သာဖြစ်၍
သိဒ္ဓတ္ထမင်းသားအလိုရှိသော
ကမ္မဌာန်းမှာ ဘ၀ဖြစ်တည်မူ့ကို အနက်ရှိုင်းဆုံးနေရာထိ မျက်မှောက်ပြုနိုင်သော
(Insight Meditation)မျိုးဖြစ်လေသည်။
ဝိပဿနာ ကမ္မဌာန်းမျိုးကိုဆိုလိုသည်။
ဒုတိယစမ်းသပ်ချက်မှာ တပအကျင့်(asceticism)ဖြစ်သည်။ ကောဏ္ဍည အမှူးပြုသော
တပသီငါးဦးနေထိုင်ရာ
ဥရုဝေလတောအုပ်ထဲရှိ တောကျောင်းကလေးတွင်သွားရောက်နေထိုင်ခဲ့သည်။
ထိုနေရာတွင်အလွန်အကျွံခြိုးခြံ
ချွေတာခြင်း၊ မိမိကိုယ်ကိုပင်ပန်းဆင်းရဲစေခြင်းစသည့်
ပြင်းထန်သည့်အကျင့်များကို ကျင့်ခဲ့သော်လည်း ခန္ဓာကိုယ်သာ
အိုမင်းရင့်ရော် ခန်းခြောက်လာခဲ့ကာ
သစ္စာတရားကိုရှာဖွေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
တပသီငါးဦးသည်လည်း သိဒ္ဓတ္ထမင်းသားကို
စိတ်ပျက်ကာစွန့်ခွာသွားကြလေသည်။ထိုကဲ့သို့ ယောဂ၊တပနှင့် အခြားအတတ်များတွင်
ကျင့်ကြံရင်း သစ္စာတရားကိုရှာဖွေရာ ခြောက်နှစ်တာမျှအချိန်ကုန်
လာခဲ့သည်။ ထိုအခါဗုဒ္ဓသည် သစ္စာတရားကိုရှာဖွေသောလမ်းမှာ
အချိုဆုံးလမ်းလည်းမဟုတ်သလို အခါးဆုံးလမ်းလည်း
မဖြစ်နိုင်ဟုဆင်ခြင်မိကာ ထိုအစွန်းနှစ်ပါးကြားမှတတိယ
လမ်းသာဖြစ်ရမည်ဟုတွေးမိလေသည်။
ဤအခိုက်အတန့်မှာပင် ငယ်စဉ်ဘ၀ကအဖြစ်အပျက်တစ်ခုကို
အလောင်းတော်သည်ဆင်ခြင်မိလေသည်။ ခမည်းတော်
လယ်ထွန်မင်္ဂလာပွဲကျင်းပနေချိန် တွင် မင်းသားငယ်အား သပြေပင်ရိပ်တွင်
သိပ်ထားခဲ့လေသည်။ ကလေးငယ်အရွယ်
မျှသာဖြစ်သော သိဒ္ဓတ္ထမင်းသားသည် ဘေးပတ်ဝန်းကျင်မှအသံများကိုလည်းကောင်း
သပြေပင်ရိပ်မှအေးမြမူ့ကိုလည်းကောင်း
သတိမပြုမိဘဲ၊ မိမိခန္ဓာကိုယ်အတွင်းတွင်သာ သိစိတ်ကိုစုစည်းထားမိသည်။
ထိုအချိန်ကရရှိခဲ့သော ချမ်းသာပီတီမျိုးကို
သိဒ္ဓတ္ထမင်းသားသည် ဘ၀တွင်နောက်ထပ်ကြုံတွေ့ခဲ့ရခြင်းမရှိတော့ပေ။
ထိုချမ်းသာပီတိအား ဗုဒ္ဓကျမ်းစာများတွင် ပထမဈာန်ဟု သတ်မှတ်ပါသည်။
ဤအတွေ့အကြုံကိုဆင်ခြင်မိသော
သိဒ္ဓတ္ထမင်းသားသည်၊ သစ္စာတရားကိုရှာဖွေသောလမ်းစမှာ
မိမိကိုယ်အတွင်းတွင်သာရှိမည်ဟု သဘောရလာလေသည်။
ထို့နောက်ယောဂဆရာကြီးများထံမှရလာသော
ကမ္မဌာန်းအကျင့်နှင့်အာရုံတို့ကိုစုစည်းကြည့်လေရာ ရုပ်ခန္ဓာသာမက
သိစိတ်အလျင်၏ မမြဲသောသဘောတရားတို့ကိုပါဆင်ခြင်မိလေသည်။
ထိုမှတဆင့်မမြဲခြင်း၏ မနှစ်မြို့ဖွယ်ရာအဖြစ်များကိုလည်းကောင်း၊
မိမိအလိုသို့မလိုက်သည့်သဘော၊မိမိဆန္ဒနှင့်
မည်သို့မျှမသက်ဆိုင်သည့်သဘော၊ အစိုးမရသည့်သဘောများကို
ပီပီပြင်ပြင်မြင်တွေ့လာလေသည်။
ကျမ်းစာများအရ အနိစ္စ၊ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကိုဆိုလိုပါသည်။
ခန္ဓာကိုယ်မှရသော ထိုလမ်းစကိုဆွဲဆန့်ကြည့်လိုက်ရာ လူ့ဖြစ်တည်မူ့တစ်ခုလုံး၏
အခြင်းအရာများမှာတဖြည်းဖြည်း
ပီပြင်လာသည်။ ဘ၀၏တွန်းအားများ၊ ထိုလမ်းမှလွတ်မြောက်ရာလမ်း၊
ထာဝရငြိမ်းအေးမူ့ ထိုသည်တို့ပင်ဗုဒ္ဓ
ရှာဖွေနေသော သစ္စာတရားပင်ဖြစ်လေသည်။ ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊
မဂ္ဂသစ္စာ၊နိရောဓသစ္စာဟူသော သစ္စာလေးပါး
တရားပင်ဖြစ်ပါတော့သည်။
ဗုဒ္ဓဥာဏ်အလင်းရခဲ့ရာ နေရာဉ္ဇာရာအနီးမှ ညောင်ပင်ကြီးအား ဗုဒ္ဓဘာသာဝင်များက
ဗောဓိပင်ဟုခေါ်ကြသည်။
သဘောမှာ ဥာဏ်အလင်းသစ်ပင်(Tree of enlightenment) သို့မဟုတ်ဥာဏ်ပညာသစ်ပင်
(Tree of wisdom)
ဟုအဓိပ္ပာယ်ရပါသည်။
ဤသည်ပင်လျင် နယူတန်၏ ကမ္ဘာ့ဆွဲအား၊ ပတ်စချာ၏ ပိုးမွှားဗေဒ၊ အိုင်းစတိုင်း၏
နှိုင်းရသဘောတရားစသော
ခေတ်သစ်တွေ့ရှိချက်များအားလုံးထက် နှစ်ပေါင်းများစွာစောပြီး၊
အဆပေါင်းများစွာ ကျယ်ပြန့်နက်ရှိုင်းလှသော
မဟာရှာဖွေတွေ့ရှိမူ့ကြီး ဖြစ်ပါသည်။

၎။ သာသနာပြုခရီးရှည်


ပဉ္စဝဂ္ဂီငါးပါးအားတရားဦးဟောခန်း

ဗုဒ္ဓဘုရားရှင် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွချီတော်မူပုံ
ဗုဒ္ဓဘုရားရှင်သည် ရရှိခဲ့သော ဥာဏ်အလင်းအား တပဿီအကျင့်အားအတူကျင့်ကြံခဲ့သော ရှင်ကောဏ္ဍညအမှုးပြုသော တပသီဟောင်းငါးဦးအားအရင်ဖြန့်ဝေခဲ့သည်။ ထို့ကြောင့်ရှင်ကောဏ္ဍည ဦးဆောင်သော သံဃာတော်ငါးပါးသည် ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်းတွင် ပထမဆုံးသောသံဃာများဖြစ်လာခဲ့သည်။ ထိုပဉ္စဝဂ္ဂီငါးပါးအား ဟောကြားတောမူခဲ့သော ဓမ္မစက္ကပ၀တ္တနသုတ်တော်သည် ဗုဒ္ဓဟောကြားတော်မူခဲ့သော ပထမဆုံး
တရားဦးဖြစ်ပေသည်။
ထိုအချိန်မှစကာ ဗုဒ္ဓဘုရားရှင်သည် ၄၅ နှစ်တာကာလပတ်လုံး သာသနာပြုခရီးရှည်ကြီးထွက်ကာ သတ္တ၀ါအပေါင်းအား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်တော်မူခဲ့ပါသည်။သမိုင်းဆိုင်ရာအထောက်အထားများနှင့် ဗုဒ္ဓကျမ်းစာများပါအချက်အလက် များအရ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးကို အောက်ပါအတိုင်းမှတ်တမ်းတင်နိုင်သည်။
  1. ဘီစီ ၅၂၈ - က္ကှုသိပတန(ယခု-ဆာရနာတ်)
  2. ဘီစီ ၅၂၇ -ရာဇဂြိုဟ်
  3. ဘီစီ ၅၂၆ -ရာဇဂြိုဟ်
  4. ဘီစီ ၅၂၅ -ရာဇဂြိုဟ်
  5. ဘီစီ ၅၂၄ -ဝေသာလီ
  6. ဘီစီ ၅၂၃ -မကုဋတောင်(ယခု-ဗိဟာရ်)
  7. ဘီစီ ၅၂၂ -တာဝတိံသာနတ်ပြည်(ကျမ်းစာအရ)
  8. ဘီစီ ၅၂၁ -သုသုမာရတောင်(ယခု-ကျုနာရ်)
  9. ဘီစီ ၅၂၀ -ကောသမ္ဗီ(ယခု-က္ကုလဟာဗာ်)
  10. ဘီစီ ၅၁၉ -ပါလိလေယျက(ယခု-မိရ်-ဂျာပူ)
  11. ဘီစီ ၅၁၈ -နာဠာ(ယခု-ဗိဟာရ်)
  12. ဘီစီ ၅၁၇ -ဝေရဉ္ဇာ(ယခု-မထုရာ)
  13. ဘီစီ ၅၁၆ -စာလိယတောင်(ယခု-ဗိဟာရ်)
  14. ဘီစီ ၅၁၅ -သာဝတ္ထိ(ယခု-ဂေါဏ္ဍာ)
  15. ဘီစီ ၅၁၄ -ကပိလ၀တ္ထု
  16. ဘီစီ ၅၁၃ -အာလ၀ီ(ယခု-အာရ်ဝလိ)
  17. ဘီစီ ၅၁၂ -ရာဇဂြိုဟ်
  18. ဘီစီ ၅၁၁ -စာလိယတောင်
  19. ဘီစီ ၅၁၀ -စာလိယတောင်
  20. ဘီစီ ၅၀၉ -ရာဇဂြိုဟ်
  21. ဘီစီ ၅၀၈မှ ၄၈၄ -သာဝတ္ထိ
  22. ဘီစီ ၄၈၃ -ဝေသာလီ
ထိုသာသနာပြုခရီးသည် အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းတခွင်သို့ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးပင်ဖြစ်သည်။

၅။ ပရိနိဗ္ဗာန်စံတော်မူခြင်း


ပရိနိဗ္ဗာန်စံတော်မူခန်း
လူသတ္ထ၀ါတို့အား ကယ်တင်ရန်အလို့ငှာဘုရားဖြစ်သောမူသော ဂေါတမဗုဒ္ဓသည် ဘီစီ ၄၈၃ ခုနှစ်တွင် ဝေသာလီ ပြည် မလ္လာမင်းများ၏ အင်ကြင်းဥယျာဉ်တစ်ခုတွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။ ဗုဒ္ဓ၏ နောက်ဆုံးအချိန်တွင် နောက်ဆုံးမှာကြားခဲ့သော စကားမှာ ဗုဒ္ဓဘာသာများအတွက်သာမက၊ လူသားအားလုံးအတွက်ပါ အထူးအဓိပ္ပါယ်
ရှိလှသည်ဟု နှောင်းခေတ်ပညာရှင်များက ဆိုကြသည်။ ထိုအမှာစကားမှာ
"၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ"
ဟူသော ပါဠိဂါထာတို လေးဖြစ်သည်။ မြန်မာဘာသာဖြင့်ဤကဲ့သို့အဓိပ္ပါယ်ယူနိုင်ပါသည်။
"ဘ၀သည် မမြဲ၊မမေ့မလျော့သော ကိုယ်စိတ်နှစ်လုံးရှိကြစေ။"

အကိုးအကား

Buddhism Made plain၊ ဘာသာပြန်သူ ဆရာကျော်ဝင်း၊
မဟာဗုဒ္ဓ၀င်။ တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး။

Template by : kendhin x-template.blogspot.com