ရှေးက ဆော်လမွန်ဘုရင်ကြီးက သူ့ရဲ့ အားအထားရဆုံး ပညာရှိအမတ် ဘင်နေးကို နည်းနည်းနှိမ်လိုတာရယ်၊ အပျော်သဘောရယ်နဲ့ မှော်လက်စွပ်တစ်ကွင်း ရှာဖွေဆက်သဖို့ မိန့်ပါတယ်။ ဒီလက်စွပ်ဟာ သာမန်လက်စွပ် မဟုတ်ပဲ ထူးဆန်းတဲ့ လျှို့ဝှက်စွမ်းအင်တစ်မျိုးရှိရမယ်။ ဒီစွမ်းအင်ကတော့ ဒီလက်စွပ်ကို ဝတ်ရတဲ့သူဟာ ပျော် ရွှင်နေသူဆိုလျင် ဝမ်းနည်းသွားစေရမယ်။ ဝမ်းနည်းနေသူဆိုလျင်လည်း ပျော်ရွှင်လာစေရမယ်။ ငါကိုယ်တော် မြတ် ဒီလက်စွပ်ကို လာမည့်ဆောင်းဦးရဲ့ ကောက်ရိတ်သိမ်းပွဲနဲ့အတူ ကျင်းပမယ့် ဝတ်ပြုဆုတောင်းပွဲတော်မှာ ဝတ်ဆင်လိုတယ်။ လက်စွပ်ရှာဖို့ သင့်ကို ခြောက်လ အချိန်ပေးမယ်လို့ အမိန့်တော်ရှိပါတယ်။
ဆော်လမွန်ဘုရင်ကြီးအနေနဲ့ ဒီလက်စွပ်မျိုး ကမ္ဘာပေါ်မှာ တကယ်မရှိနိုင်ဘူးဆိုတာတော့ သိပါတယ်။ သို့ပေ မယ့် ဘင်နေးကတော့ မှန်လှပါ၊ တကယ်လို့သာ ဒီလက်စွပ်မျိုး အမှန်တကယ်ရှိတယ်ဆိုလျင် မရ ရအောင် ရှာဖွေပြီး ဆက်သပါ့မယ်လို့ လျှောက်ထားခဲ့ပါတယ်။ ရှင်ဘုရင်ဆိုတော့လည်း မဖြစ်နိုင်ပါဘူးဆိုတဲ့စကားကို ကြားချင်မယ် မဟုတ်ဘူးဆိုတာ ဘင်နေးက သိလို့လည်းပဲ ဖြစ်မယ်ပေါ့လေ။
နွေဦးနဲ့ နွေရာသီ၊ ရာသီနှစ်ခု ပြောင်းသွားပေမယ့် ထူးဆန်းတဲ့စွမ်းအင်ရှိတဲ့ ဒီလပ်စွပ်ကို ဘယ်မှာသွားလို့ ရှာရ ပါ့မလဲလို့ စဉ်းစားမရနိုင်ပါဘူး။ ဒါနဲ့ စိတ်ပျက်ပျက်နဲ့ပဲ ဘုရားဖူးရာသီရဲ့ ဝတ်ပြုဆုတောင်းပွဲရောက်ဖို့ တစ်ရက် အလို ညဦးမှာ ဘင်နေးဟာ နန်းတော်တွင်းက ထွက်လာပြီး ဆင်းရဲသားများနေထိုင်ရာ ဂျေရုဆလင်မြို့တွင်း လျှောက်လာခဲ့ပါတယ်။
တစ်နေရာအရောက်မှာတော့ လမ်းဘေးဇရပ်အိုတစ်ခုမှာ တည်းခိုနေတဲ့ ကုန်သည်တစ်စုနဲ့ တွေ့တယ်။ ကုန် သည်များထဲက အဘိုးအိုတစ်ဦးဟာ ဖာထေးရာအထပ်ထပ်နဲ့ ကော်ဇောပေါ် သူ့မှာပါလာတဲ့ ပစ္စည်းဟောင်း တွေကို ရောင်းချဖို့ ခင်းကျင်းနေတာကိုတွေ့ပါတယ်။ မျှော်လင့်ချက် သိပ်မရှိလှပေမယ့် အဘိုးအိုဆီမှာများ သူ ရှာနေတဲ့ လက်စွပ်တွေ့နိုင်မလားရယ်ဆိုပြီး ဘင်နေးက အဘိုးအိုကို "အဘိုးရယ်၊ ဝတ်တဲ့သူကို ဝမ်းနည်းသူ ဝတ်ဆင်ရင် သူ့ရဲ့ ဝမ်းနည်းမှုတွေ ပျောက်ပြီး ပျော်ရွှင်လာစေနိုင်၊ ပျော်ရွင်သူဝတ်မယ်ဆိုရင်တော့ သူ့ရဲ့ပျော် ရွှင်နေမှုတွေ ရုတ်တရက်ပျောက်ဆုံးပြီး ချက်ခြင်းပဲ ဝမ်းနည်းစေနိုင်တဲ့ လက်စွပ်များ အဘိုးဆီမှာ ရှိနိုင်မလား" လို့ မေးပါတယ်။
အဘိုးအိုက သူ့ကော်ဇောပေါ်ရှိ ပြောင်းရှင်းရှင်း သာမန်ရွှေလက်စွပ်တစ်ကွင်းကိုကောက်ယူကာ တစ်စုံတစ်ခုနဲ့ အသာရေးခြစ်ပြီး ဘင်နေးကို ပေးပါတယ်။ ဘင်နေးဟာ လက်စွပ်ကို သေသေချာချာကြည့်၊ လက်စွပ်ပေါ်က စာကိုလည်း ကျကျနန ဖတ်ပြီးတဲ့အခါမှာတော့ ဝမ်းနည်းမှုတွေပျောက်ကာ ဝမ်းသာလာလို့ သူ့မျက်နှာ တဖြေး ဖြေးနဲ့ ပြုံးလာပါတယ်။ ထခုန်မတတ်ပင် ဝမ်းသာပီတိများလည်း ဖြစ်မိပါတယ်တဲ့။
ဝတ်ပြုဆုတောင်းပြုလုပ်မည့်နေ့မှာတော့ ဂျေရုစလင်တစ်မြို့လုံး နန်းရင်ပြင်ကို စုရုံးရောက်ရှိလာကြပါတယ်။ ရောက်လာတဲ့ ပရိတ်သတ်ကြီးအလယ်မှာ ဆော်လမွန်ဘုရင်ကြီးက"ဘယ်လိုလဲ အမတ်ကြီး ဘင်နေး၊ ငါကိုယ် တော် အရှာခိုင်းတော်မူတဲ့ လက်စွပ်ကို တွေ့ခဲ့ပြီလား" လို့ မေးပါတယ်။ မဖြစ်နိုင်တဲ့အရာကို အရှာခိုင်းတာမှန်း သိလို့ စုရုံးနေတဲ့ ပရိတ်သတ်ကြီးရော၊ မှူးကြီးမတ်ရာတွေရော၊ အားလုံးက ပြုံးစိစိနဲ့ဖြစ်နေကြပါတယ်။ ဘုရင် ကြီးကိုယ်တိုင်လည်း သူ့အမတ်ကြီးကို ဒီတစ်ချီတော့ဖြင့် အရူးလုပ်ခွင့်ရလေပြီဆိုတဲ့ အတွေးနဲ့ မျက်နှာမှာ အပြုံး ရိပ် လွှမ်းလို့ပေါ့။
ဒါပေမယ့် ဘုရင်ကြီးနဲ့ ပရိတ်သတ်ကြီး မျှော်လင့်သလို ဖြစ်မလာပါဘူး။ ဘင်နေးက သူ့အိတ်ထဲမှာ သေသေချာ ချာ ထုပ်လာတဲ့ လက်စွပ်ကိုထုတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာပဲ "မှန်လှပါ၊ အရှင်မင်းကြီး၊ အရှာခိုင်းတဲ့ လက်စွပ်ကို ဒီမှာ ရှုစားတော်မူပါ"ဆိုပြီး ထုတ်ပြပါတယ်။ ဆော်လမွန်ဘုရင်ကြီးလည်း လက်စွပ်ကို ဝတ်။ လက်စွပ်ပေါ်မှာ ရေးထိုးထားတဲ့ စာကို သေသေချာချာဖတ်ပြီးချိန်မတော့ သူ့မျက်နှာပေါ်က အပြုံးရိပ်များလည်း တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားပါတော့တယ်။ လက်စွပ်ပေါ်မှာရေးထားတဲ့စာကတော့ ဟီဗရူးဘာသာနဲ့ စကားသုံးလုံးထဲပါ။ "gimel, zayin, yud" တဲ့။ အင်္ဂလိပ်လိုတော့ "This too shall pass away" ပေါ့။ မြန်မာလိုတော့ "ဒါလည်းပြီး သွားမှာပါ" ပေါ့လေ။
စာကို ဖတ်ပြီးအခိုက်အတန့်မှာပဲ ဆော်လမွန်ဘုရင်ကြီးဟာ ကောင်းကောင်းနားလည်လိုက်ပါတယ်။ သူပိုင်ဆိုင် တယ်လို့ ယူဆထားတဲ့ သူ့တိုင်းပြည်ကြီးရယ်၊ သူ့ရဲ့ မောင်းမမိဿံ ခြွေရံသင်းပင်းတွေရယ်၊ စည်းစိမ်ဥစ္စာနဲ့ ကြီး မားလှတဲ့ တံခိုးအာဏာတွေရယ်။ သူဆည်းပူးလေ့လာထားတဲ့ အသိပညာတွေရယ်။ သူနဲ့စပ်ဆိုင်သမျှ သက်ရှိ သက်မဲ့အရာအားလုံးဟာ သူ့ကို စွန့်ခွါသွားလိမ့်မယ်။ နောက်ဆုံးမတော့ သူ့ရဲ့ ကိုယ်ခန္ဓာသည်ပင်လျင် မြေမှုန့်မျှ သာ ကျန်ပေလိမ့်မယ်။ ဒါတွေအားလုံး ပြီးသွားမှာ။ ဒါလည်းပြီးသွားမှာပါဆိုတဲ့စကားလေးကို သဘောပေါက် သွားပါတယ်။
ခုလိုသဘောပေါက်နားလည်ပြီး အမတ်ကြီးဘင်နေးကို သူအလိုရှိတဲ့အရာကို ရအောင်ရှာဖွေနိုင်ပါပေတယ်လို့ ချီးမွမ်းထောမနာပြုကာ ဆုတော်လဒ်တော်များ ပေးကမ်း ချီးမြှင့်ပါတယ်တဲ့။ တိုင်းသူပြည်သားတွေအပေါ်မှာ လည်း ရှေးကထက်ပိုလို့ အကြင်နာထားကာ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်သွားခဲ့ပါတယ်တဲ့။
ဒီပုံပြင်လေးနဲ့ ဒီ"ဒါလည်းပြီးသွားမှာပါ"ဆိုတဲ့ စကားလေးကို ဖတ်ရပြီးတဲ့နောက် ကိုယ့်စိတ်ထဲမှာလည်း ဆော်လ မွန်ဘုရင်ကြီးလိုပဲ အသိတရားရသွားစေချင်တဲ့သူ တစ်ဦးကို မျှော်လင့်ကြည့်မိပါတယ်။ မျှော်လင့်မိရင်းပဲ အော် ဟိုက ဆော်လမွန်ဘုရင်ကြီး။ ပညာအမြော်အမြင်နဲ့ ပြည့်စုံတဲ့သူ။ကိုယ့်ကို ပညာပေးတဲ့အရာကိုလည်း ပညာပေး တဲ့ အရာပဲလို့ နားလည်ပြီး လေးစားအသိအမှတ်ပြုကာ ဆုလဒ်များတောင် ပေးနိုင်အောင် အသိဉာဏ်ကလည်း အဆင့်မြင့်သူ။
ငါမျှော်လင့်တဲ့သူက ဆော်လမွန်လိုမှ မဟုတ်တာ။ ပညာရှင်ကို လေးစားရကောင်းမှန်း မသိသလို၊ ပညာကို လည်း တန်ဖိုးထားရကောင်းမှန်းမှ မသိတာ။ ဘယ်လိုလုပ် ဆော်လမွန်လို အသိမှန်ရနိုင်ပါ့မလဲ။ နားလည်နိုင်ပါ့ မလဲရယ်လို့ မချင့်မရဲ တွေးမိပါတယ်။ ဒီထက်ပိုပြီး ကိုယ့်မျှော်လင့်မှုက ကိုယ့်ဆောင်းပါး ဆုံးပြီးပြီလို့ ထင်ခဲ့ပေ မယ့် ခုလိုဆက်ရေးစရာ အကြောင်းပေါ်လာလို့ ဆက်ရေးဖြစ်တာမျိုးလို မျှော်လင့်စရာ မရှိတဲ့ကြားကပဲ တစ်ခုခု အကြောင်းက ဖေးမလို့ ကိုယ်မျှော်လင့်ထားသူမှာဆီမှာလည်း လက်စရာ အသိလေးတစ်ချက် ရှိလာများ ရှိလာ နိုင်ဦးမလားလို့ နောက်ဆုံးမြက်ပင်တစ်ခုအနေ မျှော်လင့်နေမိသေးတယ်။
မျှော်လင့်တာတွေ ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာလျင်လည်း နေပစေ။ ဒါလည်းပြီးသွားမှာပါဆိုတဲ့ စကားလေး ကတော့ ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်မိစေဖို့ အသိလေးတစ်ခုတော့ ပေးနိုင်ခဲ့တာ အမှန်။ တကယ်တော့ ဒို့တွေအားလုံးမှာ ကိုယ်ပိုင် ကံလက်စွပ်တွေကို အသီးသီးဝတ်ထားပြီးသားပါ။ ဒို့ပိုင်ဆိုင်တဲ့ လက်စွပ်ပေါ်မှာ လည်း "ဒါလည်း ပြီးသွားမှာပါ" ဆိုတဲ့ စာတမ်းလေးကိုလည်း ထင်ထင်ရှားရှား ရေးထိုးပြီးသား။ ဒါပေမယ့် ဒို့တွေ က ဒို့တွေရဲ့ လက်စွပ်ပေါ်က ဒီစာသားလေးကို မမြင်နိုင်ကြဘူးလေ။ မြင်လည်းပဲ မမြင်လိုကြဘူးလေ။ ဒို့တွေက ဒို့ပိုင်ဆိုင်တဲ့ အရာလေးကို စွန့်သွားရမှာ၊ ဒို့ရပ်တည်နေတဲ့ နေရာလေးကနေ ရွေ့လျေားသွားရမှာမျိုးကို လိုမှ မလိုလားကြတာ။ တကယ်တော့ ဒို့တွေက ဘယ်လိုပဲ မျက်ကွယ်ပြုကာ မမြင်ယောင်၊ မသိယောင်ဆောင်ကာ ထားထား။ ဒို့အားလုံးဟာ အချိန်တန်လျင်ဖြင့် အသေအချာ ပြီးကို ပြီးသွားကြရမည့်သူတွေချည်းသာပါပဲလေ။ ။
အရှင်ဉာဏိက။
0 comments:
Post a Comment