နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
သာသနတက္ကသီလမဟာဓမ္မာစရိယ
M.A (Buddhism)
ဘွဲ့အတွက်တင်သွင်းသောကျမ်း
ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်း
သို့
ပါမောက္ခဆရာတော်
ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။
အကြောင်းအရာ။ ။ကျမ်းစာကွန်ပျူတာရိုက်ခွင့်ပြုပါရန် လျောက်ထားခြင်း။
အထက်ပါအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘိ-၂၀၁(၇၀) (အဘိဓမ္မပိဋကမဟာဌာန၊ကျမ်းပြု)သည် တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့၏(၂၀-၂-၂၀၀၉) ရက်စွဲပါ ရုံးအမိန့်စာအမှတ် ၁/၂၀၀၉အရ (၂-၃-၂၀၀၉)နေ့တွင် ဗုဒ္ဓဒေသနာပြန့်ပွါးရေးပညာဌာန၏ ကြီးကြပ်မှုဖြင့် ''ပထမမဟာနာမသုတ် ကို လေ့လာသုံးသပ်ခြင်း'' ကျမ်းကို ရေးသားပြုစုရန် တာဝန်ပေးအပ် ခြင်း ခံခဲ့ရပါသည်။
ယခုအခါ တပည့်တော်၏ ''ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်း'' ကျမ်းကို ဆရာတော်နှင့် ကျမ်းကြီးကြပ်တာဝန်ခံဆရာတော်တို့၏ ကြီးကြပ်လမ်းñွှန်မှုကို ခံယူ၍ ရေးသားခဲ့ရာ ပြီးဆုံးသို့ ရောက်ပြီးဖြစ်ပါသည်။ သို့ဖြစ်၍ တပည့်တော်၏ ''ပထမမဟာနာမသုတ်ကို လေ့လာ သုံးသပ်ခြင်း''ကျမ်းကို ကွန်ပျူတာစာစီစာရိုက်ခွင့်ပြုပါရန် ရိုသေစွာလျောက်ထား ပါသည်ဘုရား။

ခွင့်ပြုပါသည် လျောက်ထားသူ
နိဒါန်း
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလျက်ရှိသည်။ သာသနာ့တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားရသည့် ရှစ်နှစ်တာကာလသည်ပင် ယခုအချိန်ပြန်တွေးလျင် မိမိအတွက် 'သိပ်မကြာလိုက်၊ခဏလေး'ဟုပင် ထင်မြင်မိ၏။ အချို့ကျောင်းသား များက အကြောင်းမျိုးစုံဖြင့် ထွက်သွားကြ၏။ အချို့ကျောင်းသားများက အကြောင်းပြ ချက်အမျိုးမျိုးဖြင့်ဝင်လာကြ၏။ ဤသို့ တွေ့ကြုံဆုံကွဲနိယာမတရားများက သင်္ခါရသရုပ်ကို ပီပြင်စွာဖေါ်ထုတ်လျက် တရားပြလျက်ရှိပေ၏။ နိယာမသဘောအတိုင်းပင် အချိန်သည် မည်သူ့ကိုမျမစောင့်၊ တရွေ့ရွေ့ ကုန်ဆုံးလျက်ရှိပင် ရှိချေ၏။ နာရီ၊မိနစ်များကုန်ဆုံးလာသည်နှင့်အမျ သတ္တ၀ါအား လုံးတို့အား ခြိမ်းခြောက်စပြု လာသည်မှာ အိုနာသေဘေးပင်ဖြစ်၏။ ဘေးဟု အမည်တပ်ထားသည့်နှင်အညီ အမှန်တကယ်လည်း ကြောက်စရာ ကောင်းလှသော မသွားဘဲလျက် ရောက်ရမည့်ခရီးစဉ်ပင် ဖြစ်၏။ မည်မျပင် ပြည့်စုံကြွယ်ဝ အာဏာရှိသူ ဖြစ်စေကာမူ အိုနာသေဘေးကိုကား ဟန့်တား၍ မရပေ။ မည်သူမဆို မလွဲမသွေ ကြုံရမည်သာ ဖြစ်၏။
ယင်းအိုနာသေဘေးဟူသည်ကို မလွဲမသွေကြုံရမည့်အတူတူ ကြောက်ရွံ့ ထိတ်လန့်စွာ ရင်ဆိုင်ခြင်းထက် ရဲရင့်စွာရင်ဆိုင်ခြင်းက လူ့အရည် အသွေးကို ပိုမိုပေါ်လွင်စေ၏။ အမှန်တကယ်အားဖြင့် ဗုဒ္ဓ၏ တရားတ်ာများသည် သတ္တ၀ါတို့အား သေခြင်းတရားကို ရဲရဲရင်ဆိုင်ကာ သေတတ်သူဖြစ်အောင် သင်ပေး သည့်ဒေသနာများ ဖြစ်၏။ ဤနေရာ၌ ''သေတာခြင်းအတူတူ 'အသေတတ်သည်၊ အသေမတတ်'ဟူ၍ ခွဲခြားမှုရှိပါသေးသလော''ဟု မေးဖွယ်ရာရှိ၏။ ခွဲခြားမှုကား အမှန်တကယ်ပင် ရှိပါ၏။

သတ္တ၀ါတို့အဖို့ အ၀ိဇ္ဇာနှင့်တဏှာဝဋ်အမြစ်နှစ်ပါးကို အမြစ်ပြတ် မဖြတ်နိုင်သေးသရွေ့ ဘ၀ သံသရာသည် ဆက်လက် ကာရှိနေဦးမည်သာဖြစ်၏။ ဘ၀သံသရာတွင် ကျင်လည်ပြီဆိုသည်နှင့် အာမခံလုပ် မထားသူအဖို့ သုဂတိသို့လည်း ရောက်နိုင်၏။ ဒုဂ္ဂတိသို့လည်း ကျရောက်နိုင်၏။ သေပြီးသည့်နောက် မည်သို့သော ဂတိသို့ ရောက်ရမည်ဆိုသည်မှာ သေချာရေရာမှုမရှိပေ။ သို့သော် အသေတတ်သူ အတွက် နောက်နောင်ဘ၀များ၌ သုဂတိသည် သေချာ၏။
သို့ဖြစ်လျင် အသေတတ်သူဖြစ်အောင် မည်ကဲ့သို့ ကြိုးပမ်းလုပ်ဆောင်ရမည်နည်း၊ဆောင် ရန်၊ ရှောင်ရန်အချက်တို့ကို သိသင့်လှ၏။ ယင်းအချက်တို့ကို ကျမ်းပြုသူ ယခုလေ့လာမည့် ပထမမဟာနာမ သုတ်က လမ်းညွှန်လျက်ရှိ၏။
ဤပထမမဟာနာမသုတ်တော်တွင် မြတ်စွာဘုရားသည် ဘ၀အာမခံချက်တရားများအနေဖြင့် သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာဟူသော တရားငါးမျိုးနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း ဟောပြတော်မူခဲ့၏။ဤသုတ်၏အဋ္ဌကထာ၊ဋီကာစသည်တို့၌ ထိုတရားငါးမျိုးတို့နှင့် စပ်၍ အကျယ်ဖွင့်ဆိုထားမှုမရှိသော် လည်း ဤသုတ်နှင့် နီးစပ်သည့် သုတ်တော်များ၊ အဖွင့်အဋ္ဌကထာ၊ဋီကာများကို ရှာဖွေကြည့်ရှုကာ လေ့လာသုံးသပ်ဖွင့်ဆိုသွားပါမည်။
ကျမ်းပြုသူသည် ဤကျမ်းကို ပြုစုရာ၌ အခန်း(၅)ခန်းခွဲကာ လေ့လာသုံးသပ် တင်ပြသွား ပါမည်။ အခန်း(၁)တွင် သဒ္ဓါနှင့်စပ်၍ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ အခန်း(၂)တွင် သီလနှင့်စပ်၍ ကျင့်သုံးဖွယ်ရာတို့ကိုလည်းကောင်း၊ အခန်း(၃)တွင် သုတနှင့်စပ်၍ လေ့လာဖွယ်ရာ တို့ကိုလည်းကောင်း၊ အခန်း(၄)တွင် စာဂနှင့်စပ်၍ လိုက်နာ ပြုကျင့်ဖွယ်ရာတို့ကိုလည်းကောင်း၊ အခန်း(၅)တွင် ပညာနှင့်စပ်၍ ဗဟုဿုတဖြစ်ဖွယ်ရာတို့ကိုလည်းကောင်း လက်လှမ်းမှီသမျကျမ်းစာတို့ကို ဖတ်ရှု ကာလ့လာဖွင့်ဆိုတင်ပြ
သွားပါမည်။
အခန်း(၁)ဖြစ်သည့် သဒ္ဓါတရားအကြောင်းကို လေ့လာဖွင့်တင်ပြရာ၌လည်း ဤသုတ်တော် ပါဝင်သည့်ပိဋကင့် သုတ်တော်ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ သဒ္ဓါတရားနှင့် စပ်သည့် သိမှတ်ဖွယ်ရာများ၊ ယင်းသဒ္ဓါတရားတိုးပွားအောင် လုပ်ဆောင်နည်းများ၊သဒ္ဓါတရားကို မှီ၍ ဘ၀လွတ်မြောက်ရေး ကြံဆောင်နိုင် ပုံများစသည်တို့ကို လေ့လာဖွင့်ဆိုသွားပါမည်။
အခန်း(၂)ဖြစ်သည့် သီလအကြောင်းကို လေ့လာဖွင့်ဆိုရာ၌ သီလအမျိုးအစားများ၊ကုသိုလ်ပြု တိုင်း သီလအရေးပါမှု၊လူသားတို့ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမည့်ငါးပါးသီလအကြောင်း၊ကိုယ့်ကျင့်တရားပျက်စီး က ဖြစ်တတ်သည့်အပြစ်များ၊ကိုယ်ကျင့်တရားရှိက ခံစားနိုင်သည့်အကျိုးတရားများ၊ သီလတရားဖြင့် ဘ၀ လွတ်မြောက်ရေး ကြံဆောင်နိုင်ပုံများစသည်တို့ကို လေ့လာတင်ပြထားထားပါသည်။
အခန်း(၃)ဖြစ်သည့် သုတအကြောင်းကို လေ့လာဖွင့်ဆိုရာ၌ သုတဆည်းပူးပုံဆည်းပူးနည်း၊ သာသနာတော်က သတ်မှတ်ထားသည့်သုတအမျိုးအစား၊သုတကို ယောနိသောမနသိကာရနှင့်သီလတို့
ဖြင့် ထိန်းကွပ်သင့်ပုံ၊သုတမယပညာသည် ဘာဝနာမယပညာဖြင့် ပေါင်းစည်းနိုင်မှ သံသရာသရာမှ လွတ်မြောက်နိုင်ပုံစသည်တို့ကို လေ့လာဖွင့်တင်ပြထားပါသည်။
အခန်း(၄)ဖြစ်သည့် စာဂအကြောင်းကို လေ့လာတင်ပြရာ၌ စာဂနှင့်ဒါနတူ/မတူ၊အာမိသစာဂ နှင့်ဓမ္မစာဂတို့အကြောင်း၊သူတော်ကောင်းတို့အလှူပြုနည်း၊လူတို့က အလှူဒါနပြုသည်ဟုပင်ထင် တတ်ကြသည့် အပါယ်ချမည့် ဒါန(၁၀)မျိုးအကြောင်း၊ သာသနာတွင်းဒါနနှင့် သာသနာပဒါနတို့၏ထူးခြားချက်၊စစ်ပွဲဆင်နွှဲရသည့်နှင့်တူသည့်ဒါန၊ဒါနအကျိုးအမျိုးမျိုး၊စာဂဖြင့် ဘ၀လွတ်မြောက် မှု ရှာဖွေနိုင်ပုံစသည်တို့ကို လေ့လာတင်ပြထားပါသည်။
အခန်း(၅)ဖြစ်သည့် ပညာအကြောင်းကို လေ့လာတင်ပြရာ၌ လောကီပညာနှင့်လောကုတ္တရာ ပညာတို့၏ ထူးခြားမှု၊ပညာအစစ်နှင့်အတုတို့၏သဘော၊ပညာဆုတ်ယုတ်ကြောင်းနှင့်တိုးပွါးကြောင်း
တရားများအကြောင်း၊ ပညာနှင့်ဘ၀လွတ်မြောက်ရေးစသည့်အချက်များကို လေ့လာဖွင့်ဆိုသွားပါမည်။
ဤကျမ်းစာကို လေ့လာဖတ်ရှုခြင်းဖြင့် စာဖတ်သူအား သေခြင်းတရားနှင့်ဆိုင်သော သိဖွယ်ရာများ၊သေခြင်းတရားဟူသည်ကို အမှီကောင်းရှိလျင် ကြောက်စရာမလိုကြောင်း၊ သဒ္ဓါ သီလ သုတ စာဂ ပညာဟူသည့်တရားတို့ဖြင့် အာမခံလုပ်ထားလျင် သေခြင်းတရားကို အံတုနိုင် ကြောင်း၊ အာမခံရရန် မည်သို့ပြင်ဆင်ထားသင့်ကြောင်းစသည်များကို လေ့လာသိရှိစေရန် ရည်ရွယ်ပါ သည်။ ဤကျမ်းကို ဖတ်ရှုပြီးနောက် စာဖတ်သူတို့အား တမလွန်ဘ၀တွင် ကြုံတွေ့ရနိုင်သည့် ဂတိဖောက်လွဲဖောက်ပြန်မှုများကို ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်ကာ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ ကောင်းကျိုးတရားများကို ရရှိနိုင်လိမ့်မည်ဟုလည်း ယုံကြည်မိပါ၏။
ဤကျမ်းစာကို ပြုစုရာ၌ ကျမ်းပြုသူသည် မိမိလက်လှမ်းမှီသမျသော ကျမ်းစာတို့ကို ဖတ်ရှုကာ အစွမ်းကုန်ကြိုးစားရေးသားပင် ရေးသားငြားသော်လည်း ပြည့်စုံလုံလောက်ပြီဟုကား မဆိုဝံ့ပါချေ။ သုတေသန၏ သဘောသည် ပြီးဆုံးသည်ဟူ၍ မရှိသောကြောင့် ဖြည့်စွက်ရန် လိုအပ်ချက်များကား ရှိနေဦးမည်သာဖြစ်သည်။ ထိုကြောင့် ကျမ်းပြုသူ၏ ဤကျမ်းစာကို ပိဋကတ်တော်မှ အချက်အလက်များ အပြည့်အစုံပါဝင်သည်ဟု မဆိုဝံ့ပါ။ လက်လှမ်းမှီသမျသော ကျမ်းစာများကို ရှာဖွေဖတ်ရှုကာ မိမိဉာဏ်စွမ်းရှိသလောက် အားသွန်ခွန်စိုက်ပြုစုခဲ့ခြင်းမျသာ ဖြစ်သည်။ ဤကျမ်းစာသည် စာဖတ်သူတို့အတွက် ဂတိမဖောက်ပြန်ရေး ကြိုတင်ပြင် ဆင်နိုင်ပြီး နောင်သုတေသီတို့ ပြုစုကြမည့်ကျမ်းစာအတွက် အထောက်အကူပြုသည်ဟု ဆိုလျင်ပင် ကျမ်းပြုသူ အနေဖြင့် ရှာဖွေစုဆောင်းဖတ်မှတ်ရေးသားရကျိုးနပ်ပြီဟု ခံယူပါသည်။ ကျမ်းစာရေးသားခြင်းကို ယခုမှ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံရသည့် မိမိအတွက် ကျွမ်းကျင်မှုနည်းပါးသည့်အလျောက် အမှားကား ကင်းနိုင်မည်မဟုတ်ပါ။ အမှားများတွေ့ရှိခဲ့ပါက ပြင်ဆင်ဖြည့်စွက်ကာ နားလည်ဖတ်ရှုပေးကြပါ ရန် တောင်းပန်အပ်ပါသည်။
ကျမ်းညွှန်းသင်္ကေတနှင့်ကျမ်းအမည်များ
ကျမ်းညွှန်းသင်္ကေတ ကျမ်းအမည်
ပါဠိတော်ကျမ်းများ
၁။ ၀ိ၊၁ ပါရာဇိကပါဠိ
၂။ ၀ိ၊၅ ပရိဝါပါဠိ
၃။ ဒီ၊၁ သီလက္ခန္ဓ၀ဂ္ဂပါဠိ
၎။ ဒီ၊၂ မဟာဝဂ္ဂပါဠိ
၅။ ဒီ၊၃ ပါထိက၀ဂ္ဂပါဠိ
၆။ မ၊၁ မူလပဏ္ဏာသပါဠိ
၇။ မ၊၂ မဇ္ဈိမပဏ္ဏာသပါဠိ
၈။ မ၊၃ ဥပရိပဏ္ဏာသပါဠိ
၉။ သံ၊၁ သဂါထာဝဂ္ဂပါဠိ၊နိဒါန၀ဂ္ဂသံယုတ္တပါဠိ၊
၁၀။ သံ၊၂ ခန္ဓ၀ဂ္ဂ၊သဠာယတန၀ဂ္ဂသံယုတ္တပါဠိ၊
၁၁။ သံ၊၃ မဟာဝဂ္ဂသံယုတ္တပါဠိ၊
၁၂။ အံ၊၁ အင်္ဂုတ္တရပါဠိ (ပထမတွဲ)
၁၃။ အံ၊၂ အင်္ဂုတ္တရပါဠိ (ဒုတိယတွဲ)
၁၄။ အံ၊၃ အင်္ဂုတ္တရပါဠိ (တတိယတွဲ)
၁၅။ ပဋ္ဌာန၊၁ ပဋ္ဌာနပါဠိ (ပထမအုပ်)
၁၆။ ဘိ၊ဓ ဓမ္မသင်္ဂဏီပါဠိ
၁၇။ ဘိ၊၀ိ၊ ၀ိဘင်္ဂပါဠိ
၁၈။ ခုဒ္ဒက ခုဒ္ဒကပါဠိ
၁၉။ ဓမ္မ ဓမ္မပဒပါဠိ
၂၀။ ဥဒါန ဥဒါနပါဠိ
၂၁။ ဣတိဝုတ် ဣတိဝုတ္တကပါဠိ
၂၂။ သုတ္တနိ၊ သုတ္တနိပါတပါဠိ
၂၃။ အပ၊၂၊ အပဒါနပါဠိ (ဒုတိယတွဲ)
၂၄။ ပဋိသံ၊ ပဋိသမ္ဘိဒါမဂ္ဂပါဠိ
၂၅။ ဇာ၊၁ ဇာတကပါဠိ (ပထမတွဲ)
၁၆။ ဇာ၊၂ ဇာတကပါဠိ (ဒုတိယတွဲ)
၂၇။ မိလိန္ဒ၊ မိလိန္ဒပဥှပါဠိ
အဋ္ဌကထာကျမ်းများ
၁။ ၀ိ၊ဋ္ဌ၊၁၊ ပါရာဇိကဏ္ဍအဋ္ဌကထာ(ပထမတွဲ)
၂။ ၀ိ၊ဋ္ဌ၊၂၊ ပါရာဇိကဏ္ဍအဋ္ဌကထာ(ဒုတိယတွဲ)
၃။ ၀ိ၊ဋ္ဌ၊၃၊ ပါစိတျာဒိအဋ္ဌကထာ
၎။ ဒီ၊ဋ္ဌ၊၁၊ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ
၅။ ဒီ၊ဋ္ဌ၊၂၊ မဟာဝဂ္ဂအဋ္ဌကထာ
၆။ ဒီ၊ဋ္ဌ၊၃၊ ပါထိက၀ဂ္ဂအဋ္ဌကထာ
၇။ မ၊ဋ္ဌ၊၁၊ မူလပဏ္ဏာသအဋ္ဌကထာ(ပထမတွဲ)
၇။ မ၊ဋ္ဌ၊၂၊ မူလပဏ္ဏာသအဋ္ဌကထာ(ဒုတိယတွဲ)
၈။ မ၊ဋ္ဌ၊၃၊ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ
၉။ မ၊ဋ္ဌ၊၄၊ ဥပရိပဏ္ဏာသအဋ္ဌကထာ
၁၀။ သံ၊ဋ္ဌ၊၁၊ သံယုတ္တအဋ္ဌကထာ(ပထမတွဲ)
၁၁။ သံ၊ဋ္ဌ၊၂၊ သံယုတ္တအဋ္ဌကထာ(ဒုတိယတွဲ)
၁၂။ သံ၊ဋ္ဌ၊၃၊ သံယုတ္တအဋ္ဌကထာ(တတိယတွဲ)
၁၃။ အံ၊ဋ္ဌ၊၁၊ အင်္ဂုတ္တရအဋ္ဌကထာ(ပထမတွဲ)
၁၄။ အံ၊ဋ္ဌ၊၂၊ အင်္ဂုတ္တရအဋ္ဌကထာ(ဒုတိယတွဲ)
၁၅၊ အံ၊ဋ္ဌ၊၃၊ အင်္ဂုတ္တရအဋ္ဌကထာ(တတိယတွဲ)
၁၆။ ဘိ၊ဋ္ဌ၊၁၊ အဋ္ဌသာလိနီအဋ္ဌကထာ
၁၇။ ဘိ၊ဋ္ဌ၊၂၊ သမ္မောဟ၀ိနောဒနီအဋ္ဌကထာ
၁၈။ ဘိ၊ဋ္ဌ၊၃၊ ပဉ္စပကရဏဋ္ဌကထာ
၁၉။ ခုဒ္ဒက၊ဋ္ဌ၊ ခုဒ္ဒကပါဌအဋ္ဌကထာ
၂၀။ ဓမ္မ၊ဋ္ဌ၊၁၊ ဓမ္မပဒအဋ္ဌကထာ(ပထမတွဲ)
၂၁။ ဓမ္မ၊ဋ္ဌ၊၂၊ ဓမ္မပဒအဋ္ဌကထာ(ဒုတိယတွဲ)
၂၂။ ဥဒါန၊ဋ္ဌ၊ ဥဒါနအဋ္ဌကထာ
၂၃။ ဣတိဝုတ်၊ဋ္ဌ ဣတိဝုတ္တကအဋ္ဌကထာ၊
၂၄။ သုတ္တနိ၊ဋ္ဌ၊၁၊ သုတ္တနိပါတအဋ္ဌကထာ(ပ)
၂၅။ အပ၊ဋ္ဌ၊၁၊ အပဒါနအဋ္ဌကထာ(ပ)
၂၆။ ပဋိသံ၊ဋ္ဌ၊၁၊ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ(ပ)
၂၇။ ဇာ၊ဋ္ဌ၊၁၊ ဇာတကအဋ္ဌကထာ(ပ)
၂၈။ ဇာ၊ဋ္ဌ၊၂၊ ဇာတကအဋ္ဌကထာ(ဒု)
၂၉။ ဇာ၊ဋ္ဌ၊၃၊ ဇာတကအဋ္ဌကထာ(တ)
၃၀။ ဇာ၊ဋ္ဌ၊၅၊ ဇာတကအဋ္ဌကထာ(မ)
၃၁။ ဇာ၊ဋ္ဌ၊၇၊ ဇာတကအဋ္ဌကထာ(သ)
၃၂။ ထေရ၊ဋ္ဌ၊၁၊ ထေရဂါထာအဋ္ဌကထာ(ပ)
၃၃။ ထေရ၊ဋ္ဌ၊၂၊ ထေရဂါထာအဋ္ဌကထာ(ဒု)
၃၄။ ထေရီ၊ဋ္ဌ၊ ထေရီဂါထာအဋ္ဌကထာ
၃၅။ စူဠနိ၊ဋ္ဌ၊ စူဠနိဒ္ဒေသအဋ္ဌကထာ
၃၆။ စရိယာ၊ဋ္ဌ၊ စရိယာပိဋကအဋ္ဌကထာ
၃၇။ ဗုဒ္ဓ၀ံ၊ဋ္ဌ၊ ဗုဒ္ဓ၀ံသအဋ္ဌကထာ၊
၃၈။ ၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊(ပ)
၃၉။ ၀ိသုဒ္ဓိ၊ဋ္ဌ၊၂၊ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊(ဒု)
ဋီကာကျမ်းများ
၁။ မဟာဝဂ္ဂ၊ဋီ၊ မဟာဝဂ္ဂဋီကာ
၂။ သာရတ္ထ၊ဋီ၊၃၊ သာရတ္ထဒီပနီဋီကာ၊(တ)
၃။ ဒီ၊ဋီ၊၂၊ မဟာဝဂ္ဂဋီကာ
၎။ သံ၊ဋီ၊၁၊ သံယုတ္တဋီကာ(ပ)
၅။ သံ၊ဋီ၊၂၊ သံယုတ္တဋီကာ(ဒု)
၆။ အံ၊ဋီ၊၁၊ အင်္ဂုတ္တရဋီကာ(ပ)
၇။ အံ၊ဋီ၊၃၊ အင်္ဂုတ္တရဋီကာ(တ)
၈။ မ၊ဋီ၊၁၊ မူလပဏ္ဏာသဋီကာ
၉။ သီ၊ဋီ၊၁၊ သီလက္ခန္ဓ၀ဂ္ဂအဘိန၀ဋီကာ(ပ)
၁၀။ ၀ိဘာဝိနီ၊ အဘိဓမ္မတ္ထ၀ိဘာဝိနီဋီကာ
၁၁။ ၀ိသုဒ္ဓိ၊ဋီ၊၁၊ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ၊(ပ)
၁၂။ ၀ိသုဒ္ဓိ၊ဋီ၊၂၊ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ၊(ဒု)
၁၃။ ပရမတ္ထဒီပနီ၊ ပရမတ္ထဒီပနီ၊(သင်္ဂဟမဟာဋီကာ)
အထွေထွေကျမ်းစာများ
၁။ အဘိဓာနပ္ပ၊ အဘိဓာနပ္ပဒီပိကာပါဌ်၊
၂။ လောကနီတိအဖွင့်၊ လောကနီတိအဖွင့်
၃။ ကိုယ်ကျင့်အဘိဓမ္မာ ကိုယ်ကျင့်အဘိဓမ္မာ
၎။ တိပိဓာန်၊တွဲ (၇)၊ တိပိဋကပါဠိမြန်မာအဘိဓာန်(အတွဲ-၇)
၅။ တိပိဓာန်၊တွဲ (၁၃)၊ တိပိဋကပါဠိမြန်မာအဘိဓာန်(အတွဲ-၁၃)
၆။ နိဗ္ဗာနဂါ၊၂၊ နိဗ္ဗာနဂါမိနီပဋိပဒါ(ဒုတိယတွဲ)
၇။ ပါသက်ဓာန်၊ ပါဠိသက်မြန်မာဝေါဟာရအဘိဓာန်
၈။ ပါစိတ်၊ဘာဋီ၊၁ ပါစိတ်ဘာသာဋီကာ(ပ)
၉။ မဟာဗုဒ္ဓ၀င်၊ပ-တွဲ၊ဒု-ပိုင်း၊ မဟာဗုဒ္ဓ၀င်၊ပထမတွဲ၊ဒုတိယပိုင်း
၁၀။ မဟာဗုဒ္ဓ၀င်၊အနု၊ပ၊ပ၊ဆူ၊ မဟာဗုဒ္ဓ၀င်၊အနုဒီပနီ၊ပ၊ပ၊ဆူ
၁၁။ မဟာဗုဒ္ဓ၀င်၊အနု၊ပ၊ပ၊ဗု၊ မဟာဗုဒ္ဓ၀င်၊အနုဒီပနီ၊ပ၊ပ၊ဗု
၁၂။ မှန်နန်းရာဇ၀င်၊၁ မှန်နန်းရာဇ၀င် (ပ)
၁၃။ မဃ၊ပိုဒ်၊ မဟာသုတကာရီမဃဒေ၀လင်္ကာသစ်၊ပိုဒ်ရေ၊
၁၄။ ရတနာ့ဂုဏ်ရည် ရတနာ့ဂုဏ်ရည်
၁၅။ ရှုနည်း၊၁ ၀ိပဿနာရှုနည်းကျမ်း (ပထမတွဲ)
၁၆။ လယ်တီဒီပနီပေါင်း၊၁၊ လယ်တီဒီပနီပေါင်းချုပ်၊အတွဲ(၁)၊
၁၇။ သင်္ဂြိုဟ်ဘာဋီ၊ သင်္ဂြိုဟ်ဘာသာဋီကာ၊
မာတိကာ
စဉ် အကြောင်းအရာ စာမျက်နှာ
(၁) ကျေးဇူးတင်လွှာ က
(၂) မာတိကာ ကိ
(၃) ကျမ်းညွှန်းသင်္ကေတနှင့် ကျမ်းအမည်များ ကော့
(၄) နိဒါန်း ခ
(၅) ပဏာမနှင့်ပဋိညာဉ် ခီ
အခန်း (၁)
သဒ္ဓါအကြောင်းကိုလေ့လာခြင်း
၁း ၁။ ပထမမဟာနာမသုတ် ၁
၁း ၁း ၁။ မဟာနာမ်သာကီဝင်မင်း ၂
၁း ၁း ၂။ သုတ်တော်ဖြစ်ပေါ်လာပုံ ၎
၁း ၁း ၃။ ဘ၀အာမခံချက်ပေးနိုင်သည့် တရားငါးမျိုး ၎
၁း ၂။ သဒ္ဓါဟူသည် ၆
၁း ၂း ၁။ သဒ္ဓါ၏ လက္ခဏ၊ ရသ၊ ပစ္စုဋ္ဌာန်၊ ပဒဋ္ဌာန် ၈
၁း ၂း ၂။ သဒ္ဓါ၏ ပကတူပနိဿယသတ္တိ ၈
၁း ၂း ၃။ သဒ္ဓါအစစ်နှင့်အတု ၉
၁း ၂း ၄။ သဒ္ဓါစရိုက် ၉
၁း ၂း ၅။ ပကတိသဒ္ဓါ နှင့် ဘာဝနာသဒ္ဓါ ၁၀
၁း ၂း ၆။ လောကီသဒ္ဓါ နှင့် လောကုတ္တရာသဒ္ဓါ ၁၂
၁း ၂း ၇။ ရတနတ္တယသဒ္ဓါ နှင့် ကမ္မဖလသဒ္ဓါ ၁၂
၁း ၂း ၇း ၁။ ဘုရားအလောင်းနှင့်ကမ္မဖလသဒ္ဓါ ၁၂
၁း ၂း ၇း ၂။ မဟာကပ္ပိနမင်းနှင့် ရတနတ္တယသဒ္ဓါ ၁၄
၁း ၂း ၈။ စလသဒ္ဓါ နှင့် အစလသဒ္ဓါ ၁၅
၁း ၂း ၈း ၁။ အရိယာပုဂ္ဂိုလ်တို့နှင့် အစလသဒ္ဓါ ၁၆
၁း ၂း ၉။ အာဂမသဒ္ဓါ ၁၇
၁း ၂း ၉း ၁။ အဓိဂမနသဒ္ဓါ ၁၇
၁း ၂း ၉း ၂။ သြကပ္ပနသဒ္ဓါ ၁၉
၁း ၂း ၉း ၃။ ပသာဒသဒ္ဓါ ၂၀
၁း ၂း ၉း ၃း ၁။ ပသာဒသဒ္ဓါမှ သြကပ္ပနသဒ္ဓါသို့ ပြောင်းခဲ့သည့် ၀က္ကလိမထေရ် ၂၁
၁း ၂း ၁၀။ သဒ္ဓါရှိသူ၏ လက္ခဏာ(၃)ပါး ၂၂
၁း ၂း ၁၀း ၁။ သီလရှိသူကို ဖူးတွေ့လိုခြင်း ၂၃
၁း ၂း ၁၀း ၂။ သူတော်ကောင်းတရားကို နာကြားလိုခြင်း ၂၄
၁း ၂း ၁၁။ သဒ္ဓါတရားရှိသူ၏ လက္ခဏာ(၁၁)ပါး ၂၅
၁း ၂း ၁၂။ သဒ္ဓါတရားရှိသူတို့ အလေးအမြတ်ပြုသည့် (၄)ဌာန ၂၆
၁း ၂း ၁၃။ သဒ္ဓါနှင့်စပ်၍ မှတ်သားဖွယ်ရာဥပမာများ ၂၇
၁း ၂း ၁၃း ၁။ လက်နှင့်တူသောသဒ္ဓါ ၂၇
၁း ၂း ၁၃း ၂။ မျိုးစေ့နှင့်တူသောသဒ္ဓါ ၂၇
၁း ၂း ၁၃း ၃။ ပန်းနှင့်တူသောသဒ္ဓါ ၂၈
၁း ၂း ၁၃း ၄။ ရေနှင့်တူသောသဒ္ဓါ ၂၉
၁း ၂း ၁၃း ၅။ ငွေကြေးနှင့်တူသောသဒ္ဓါ ၂၉
၁း ၂း ၁၃း ၆။ ရိက္ခာထုပ်နှင့်တူသောသဒ္ဓါ ၂၉
၁း ၂း ၁၃း ၇။ အဖော်မွန်နှင့်တူသောသဒ္ဓါ ၃၀
၁း ၂း ၁၃း ၈။ အမြတ်ဆုံးဥစ္စာနှင့်တူသောသဒ္ဓါ ၃၀
၁း ၂း ၁၃း ၉။ တံခါးတိုင်နှင့်တူသည့်သဒ္ဓါ ၃၀
၁း ၂း ၁၃း ၁၀။ ပင်ညောင်ပင်နှင့်တူသည့်သဒ္ဓါ ၃၁
၁း ၂း ၁၃း ၁၁။ ဟိမ၀န္တာတောင်မင်းနှင့်တူသည့်သဒ္ဓါ ၃၂
၁း ၂း ၁၄။ နတ်တို့လိုလား သဒ္ဓါတရား ၃၂
၁း ၂း ၁၆။ သဒ္ဓါတရားတိုးပွားကြောင်းတရား (၁၁)ပါး ၃၄
၁း ၂း ၁၇။ သဒ္ဓါတရားရှိသူတို့ ရရှိနိုင်သောအကျိုး (၅)ပါး ၃၅
၁း ၂း ၁၈။ သဒ္ဓါရှိက အလိုပြည့်ရ ၃၅
အခန်း (၂)
သီလအကြောင်းကိုလေ့လာခြင်း
၂း ၁။ သီလအဓိပ္ပါယ် ၃၈
၂း ၂။ ကုသိုလ်တရားတို့၏ အစဖြစ်သည့်သီလ ၃၉
၂း ၃။ သီလ၏ လက္ခဏ၊ ရသ၊ ပစ္စုဋ္ဌာန်၊ ပဒဋ္ဌာန် ၃၉
၂း ၄။ သီလအမျိုးအစားများ ၄၀
၂း ၄း ၁။ စာရိတ္တသီလနှင့်ဝါရိတ္တသီလ ၄၁
၂း ၄း ၂။ အာဘိသမာစာရိကသီလနှင့်အာဒိဗြဟ္မစရိယကသီလ ၄၁
၂း ၄း ၃။ ၀ိရတီသီလနှင့်အ၀ိရတီသီလ ၄၂
၂း ၄း ၄။ နိဿိတသီလနှင့်အနိဿိတသီလ ၄၂
၂း ၄း ၅။ ကာလပရိယန္တသီလနှင့်အာပါဏကောဋိကသီလ ၄၂
၂း ၄း ၆။ သပရိယန္တသီလနှင့်အပရိယန္တသီလ ၄၃
၂း ၄း ၇။ လောကီသီလနှင့်လောကုတ္တရာသီလ ၄၄
၂း ၄း ၈။ ဟီနသီလ၊ မဇ္ဈိမသီလ၊ မဟာသီလ ၄၄
၂း ၄း ၉။ အတၲာဓိပေတယ်သီလ၊ေလာကာဓိပေတယ်သီလ၊
ဓမၼာဓိပေတယ်သီလ ၄၅
၂း ၄း ၁၀။ ပရာမ႒သီလ၊အပရာမ႒သီလ၊ပဋိပႆဒၶိသီလ ၄၅
၂း ၄း ၁၁။ ၀ိသုဒၶသီလ၊အ၀ိသုုဒၶသီလ၊ေ၀မတိကသီလ ၄၆
၂း ၄း ၁၂။ သေက္ခသီလ၊အသေက္ခသီလ၊နေ၀သေက္ခနာသေက္ခသီလ ၄၆
၂း ၄း ၁၃။ ဟာနဘာဂိယသီလ၊ဌိတိဘာဂိယသီလ၊၀ိသေသဘာဂိယသီလ၊
နိဗ္ဗေဓိကဘာဂိယသီလ ၄၆
၂း ၄း ၁၄။ ဘိက္ခုသီလ၊ဘိက္ခုနီသီလ၊အနုပသမ္ပန္နသီလ၊ဂဟဋ္ဌသီလ ၄၇
၂း ၄း ၁၅။ ပကတိသီလ၊အာစာရသီလ၊ဓမ္မတာသီလ၊ပုဗ္ဗဟေတုကသီလ ၄၇
၂း ၄း ၁၆။ ပါတိမောက္ခသံဝရသီလ၊ဣန္ဒြိယသံဝရသီလ၊အာဇီဝပါရိသုဒ္ဓိသီလ၊
ပစ္စယသန္နိဿိတသီလ ၄၇
၂း ၄း ၁၇။ ပရိယန္တပါရိသုဒ္ဓိသီလ၊အပရိယန္တပါရိသုဒ္ဓိသီလ၊ပရိပုဏ္ဏ-
ပါရိသုဒ္ဓိသီလ၊အပရာမဋ္ဌပါရိသုဒ္ဓိသီလ၊ပဋိပဿဒ္ဓိ ပါရိသုဒ္ဓိသီလ၊ ၄၈
၂း ၄း ၁၈။ ပဟာနသီလ၊ဝေရမဏိသီလ၊စေတနာသီလ၊သံဝရသီလ၊
အ၀ီတိက္ကမသီလ၊ ၄၉
၂း ၅။ ပထမမဟာနာမသုတ်တော်၌ယူသင့်သည့်သီလ ၄၉
၂း ၆။ ငါးပါးသီလဟူသည် ၅၀
၂း ၆း ၁။ ပါဏာတိပါတအဓိပ္ပါယ် ၅၁
၂း ၆း ၁း ၁။ ပါဏာတိပါတကံအင်္ဂါ (၅)ပါး ၅၁
၂း ၆း ၁း ၂။ သတ်နည်းအမျိုးမျိုး ၅၂
၂း ၆း ၁း ၃။ သတ္တ၀ါအလိုက် အပြစ်ကြီးငယ်ကွဲပြားပုံ ၅၃
၂း ၆း ၁း ၄။ ပါဏာတိပါတကံ၏ ဆိုးကျိုးများ ၅၃
၂း ၆း ၁း ၅။ ပါဏာတိပါတမှ ရှောင်ကြဉ်ရကျိုးများ ၅၄
၂း ၆း ၂။ အဒိန္နာဒါနအဓိပ္ပါယ် ၅၅
၂း ၆း ၂း ၁။ အဒိန္နာဒါနကံအင်္ဂါငါးပါး ၅၆
၂း ၆း ၂း ၂။ အဒိန္နာဒါနကံ၏ဆိုးကျိုးများ ၅၆
၂း ၆း ၂း ၃။ အဒိန္နာဒါနကံမှ ရှောင်ကြဉ်ရကျိုးများ ၅၇
၂း ၆း ၃။ ကာမေသုမိစ္ဆာစာရအဓိပ္ပါယ် ၅၇
၂း ၆း ၃း ၁။ ကာမေသုမိစ္ဆာစာရကံအင်္ဂါ(၄)ပါး ၅၈
၂း ၆း ၃း ၂။ မသွားမလာထိုက်သောမိန်းမ(၂၀) ၅၈
၂း ၆း ၃း ၃။ ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးများ ၅၉
၂း ၆း ၃း ၄။ ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်ရကျိုးများ ၆၀
၂း ၆း ၄။ မုသာဝါဒအဓိပ္ပါယ် ၆၁
၂း ၆း ၄း ၁။ မုသာဝါဒအင်္ဂါ(၄)ပါး ၆၁
၂း ၆း ၄း ၂။ မုသာဝါဒကံ၏ဆိုးကျိုးများ ၆၂
၂း ၆း ၄း ၃။ မုသာဝါဒမှ ရှောင်ကြဉ်ရကျိုးများ ၆၃
၂း ၆း ၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာသီလအဖွင့် ၆၃
၂း ၆း ၅း ၁။သုရာ(၅)မျိုး ၆၄
၂း ၆း ၅း ၂။မရယ(၅)မျိုး ၆၄
၂း ၆း ၅း ၃။သုရာမေရယသိက္ခာပုဒ်အင်္ဂါ(၄)ပါး ၆၅
၂း ၆း ၅း ၄။အရက်သေစာသောက်စားခြင်းအပြစ်များ ၆၅
၂း ၆း ၅း ၅။အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ရကျိုးများ ၆၆
၂း ၇။ သီလပျက်စီးခြင်း၏အပြစ် ၆၇
၂း ၈။ သီလရှိက ဘ၀အာမခံချက်ရှိပုံ ၆၇
အခန်း (၃)
သုတအကြောင်းကို လေ့လာခြင်း
၃း ၁။ သုတအဓိပ္ပါယ် ၆၉
၃း ၂။ သုတရှာရန်နည်းလမ်းများ ၇၀
၃း ၃။ ဗဟုဿုတ (၂)မျိုး ၇၀
၃း ၃း ၁။ ပရိယတ္တိဗဟုဿုတ (၄)မျိုး ၇၁
၃း ၄။ လောကုတ္တရာနယ်မှ ဗဟုဿုတပုဂ္ဂိုလ် ၇၃
၃း ၄း ၁။ သုတ္တ၊ဂေယျ၊ဝေယျာကရဏစသည်တို့၏ အဓိပ္ပါယ် ၇၄
၃း ၄း ၂။ ဗဟုဿုတရှိသော်လည်း ပျက်စီးရသည့် ကပိလရဟန်း ၇၅
၃း ၄း ၃။ အသုံးချ၍ အသုံးကျခဲ့သည့် ပေါဋ္ဌိလမထေရ် ၇၆ ၃း ၄း ၄။ စာသင်ခြင်းသုံးမျိုး ၇၈
၃း ၅။ ဗဟုဿုတကို သီလဖြင့်ထိန်းကွပ်သင့်ပုံ ၇၈
၃း ၆။ ဗဟုဿုတပုဂ္ဂိုလ်ကြောင့် သာသနာပျက်နိုင်ပုံ ၈၁
၃း ၇။ လောကဓံကြုံရာ၌ သုတရှိသူနှင့်မရှိသူတို့၏ ကွဲပြားချက် ၈၂
၃း ၈။ ကိုယ့်ဒုက္ခ ကိုယ်ရှာသူများ ၈၃
၃း ၉။ သုတဖြင့် လောကဓံကို အန်တုခဲ့သူ/ မလ္လိကာ ၈၅
၃း ၁၀။ နွားကျောင်းသားနှင့်တူသည့်သူ ၈၅
၃း ၁၁။ အထမြန်၍ အသွားနှေးခဲ့သူ/ အရှင်မဟာသီဝ ၈၈
၃း ၁၂။ သုံးတတ်လျင်ဆေး ၈၉
၃း ၁၃။ ဗဟုဿုတမှီက အကျိုးရ ၉၁
၃း ၁၄။ ဗဟုဿုတမရှိ၍ အောက်ကျနောက်ကျဖြစ်ရပုံများ ၉၂
၃း ၁၅။ သုတများခြင်းသည် မင်္ဂလာတစ်ပါး ၉၃
၃း ၁၆။ သုတဗုဒ္ဓ ၉၃
၃း ၁၇။ ဗဟုဿုတဧတဒဂ်ရပုဂ္ဂိုလ်နှစ်ဦး ၉၄
၃း ၁၈။ လောကီသုတနှင့်လောကုတ္တရာသုတတို့၏ ထူးခြားချက် ၉၅
၃း ၁၉။ သုတရကြောင်း နည်းလမ်းကောင်း ၉၆
၃း ၂၀။ သုတမယပညာနှင့် လောကလွတ်မြောက်ရေး ၉၆
အခန်း( ၄ )
စာဂအကြောင်းကို လေ့လာခြင်း
၎း ၁။ စာဂဟူသည် ၉၈
၎း ၂။ စာဂနှင့်ဒါန တူ/မတူ ၉၉
၎း ၃။ စာဂ၏ လက္ခဏာစသည် ၁၀၁
၎း ၄။ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (၈)မျိုး ၁၀၂
၎း ၅။ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၏ အကြောင်းတရား (၈)ပါး ၁၀၂
၎း ၆။ စာဂအပြား ( ၂)ပါး ၁၀၃
၎း ၇။ စေတနာနှင့် အလှူခံပုဂ္ဂိုလ်အပေါ်လိုက်၍ အကျိုးပေးပုံ ၁၀၃
၎း ၈။ ဒုဿီလရဟန်းအားလှူက အကျိုးရှိ/မရှိ ၁၀၆
၎း ၉။ အလှူ၏စင်ကြယ်ခြင်း (၄)မျိုး ၁၀၇
၎း ၁၀။ အလောင်းတော်တို့၏ စွန့်ခြင်းကြီး(၅)ပါး ၁၀၉
၎း ၁၁။ ယုန်ပညာရှိ၏ အလှူတော် ၁၁၃
၎း ၁၂။ အသက်နှင့်လဲ၍ လှူရဲသူ ၁၁၅
၎း ၁၃။ အမည်ခံအလှူရှင်နှင့် ကိုယ်တိုင်လှူသူ ၁၁၅
၎း ၁၄။ သူတော်ကောင်းတို့အလှူပြုနည်း ၁၁၇
၎း ၁၅။ အပါယ်ချမည့်ဒါန (၁၀)မျိုး ၁၁၈
၎း ၁၆။ သာသနာတွင်းဒါနနှင့်သာသနာပဒါန ၁၁၉
၎း ၁၇။ ဒါနစစ်ပွဲ ၁၂၁
၎း ၁၇း ၁။ ဧကသာဋကဇနီးမောင်နှံ ၁၂၂
၎း ၁၈။ အာစိဏ္ဏကံကုသိုလ် ၁၂၄
၎း ၁၉။ ဒါနအကျိုးအမျိုးမျိုး ၁၂၅
၎း ၂၀။ စေတနာချို့တဲ့လျင် ၁၂၆
၎း ၂၁။ လှူသည့်အတွက် မွဲသွားသည်ဟူ၍မရှိ ၁၂၈
၎း ၂၂။ အလှူမမြောက်အောင် နှောင့်ယှက်တတ်သည့်တရားများ ၁၂၉
၎း ၂၃။ စာဂ(ဒါန)ဖြင့် ဘ၀အာမခံချက်ရရှိနိုင်ပုံ ၁၃၂
၎း ၂၄။ စွန့်ကြဲပေးကမ်းမှုဖြင့် သေခြင်းတရားကို ရင်ဆိုင်ရဲ၏ ၁၃၃
၎း ၂၅။ စွန့်ကြဲပေးကမ်းလှူဒါန်းပြီးတိုင်း ဆုတောင်းအမျဝေသင့် ၁၃၄
အခန်း(၅)
ပညာအကြောင်းကို လေ့လာခြင်း
၅း ၁။ ပညာဟူသည် ၁၃၅
၅း ၂။ လောကီပညာနှင့်လောကုတ္တရာပညာတို့၏ ထူးခြားချက် ၁၃၆
၅း ၃။ ပညာအစစ်နှင့်ပညာအတု ၁၃၇
၅း ၄။ ပညာ၏ လက္ခဏာစသည် ၁၃၉
၅း ၅။ ပညာတိုးပွားကြောင်းတရားများ ၁၄၀
၅း ၆။ ပညာဆုတ်ယုတ်ကြောင်းတရားများ ၁၄၀
၅း ၇။ ပညာနှင့်တွဲဘက်တရားများ ၁၄၁
၅း ၈။ ပညာပါဝင်သောတရားစုများ ၁၄၂
၅း ၉။ ပညာအမျိုးအစားများနှင့် ဤ၌ယူသင့်သည့်ပညာ ၁၄၃
၅း ၉း ၁။ ၀ိပဿနာပညာနှင့်မဂ်ပညာ ၁၄၄
၅း ၉း ၁း ၁။ ၀ိပဿနာ(၃)မျိုး ၁၄၅
၅း ၉း ၁း ၂။ ၀ိပဿနာရှုနည်း (၂) မျိုး ၁၄၈
၅း ၉း ၁း ၃။ ၀ိပဿနာရှုမှတ်ပွားများအားထုတ်နည်း ၁၄၉
၅း ၉း ၁း ၃း ၁။ နာမရူပပရိစ္ဆေဒဉာဏ် ၁၅၁
၅း ၉း ၁း ၃း ၂။ ပစ္စယပရိဂ္ဂဟဉာဏ် ၁၅၂
၅း ၉း ၁း ၃း ၃။ သမ္မသနဉာဏ် ၁၅၃
၅း ၉း ၁း ၃း ၄။ ဥဒယဗ္ဗယဉာဏ် ၁၅၄
၅း ၉း ၁း ၃း ၅။ ဘင်္ဂနုပဿနာဉာဏ်(ဘင်္ဂဉာဏ်) ၁၅၆
၅း ၉း ၁း ၃း ၆။ ဘယတုပဋ္ဌာနဉာဏ်(ဘယဉာဏ်) ၁၅၆
၅း ၉း ၁း ၃း ၇။ အာဒီန၀ါနုပဿနာဉာဏ်(အာဒီန၀ဉာဏ်) ၁၅၇
၅း ၉း ၁း ၃း ၈။ နိဗ္ဗိဒါနုပဿနာဉာဏ်(နိဗ္ဗိဒါဉာဏ်) ၁၅၈
၅း ၉း ၁း ၃း ၉။ မုဉ္စိတုကမျတာဉာဏ် ၁၅၈
၅း ၉း ၁း ၃း၁၀။ ပဋိသင်္ခါနုပဿနာဉာဏ်(ပဋိသင်္ခါဉာဏ်) ၁၅၈
၅း ၉း ၁း ၃း၁၁။ သင်္ခါရုပေက္ခာဉာဏ် ၁၅၉
၅း ၉း ၁း ၃း၁၂။ အနုလောမဉာဏ် ၁၅၉
၅း ၉း ၁း ၃း၁၃။ ဂေါတြဘုဉာဏ် ၁၆၁ ၅း ၁၀။ ကမ္မဿကတာပညာ ၁၆၂
ခြုံငုံသုံးသပ်ချက် ၁၆၄
နိဂုံး ၁၆၈
ကျမ်းကိုးစာရင်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်း
အခန်း(၁)
၁း၁။ပထမမဟာနာမသုတ်
ဤသုတ်သည် ပိဋကအားဖြင့် သုတ္တန္တပိဋက၊ နိကာယ်အားဖြင့် သံယုတ္တနိကာယ်တွင် ပါဝင်ပါသည်။ ၄၅၀ါပတ်လုံး ဗုဒ္ဓရှင်တော်ဘုရားဟောကြားတော်မူခဲ့သည့် တရားစကားများကို လည်းကောင်း၊ ဗုဒ္ဓရှင်တော၏တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကို ယူ၍ ဟောကြားတော်မူခဲ့သည့် တရားတော်များကိုလည်းကောင်း ပါဠိတော် (စကားအစဉ်) ဟုခေါ်ဝေါ်ကြ သည်။ ထိုပါဠိတော်တို့ကို ပိဋကအားဖြင့် သုံးသွယ်၊ နိကာယ်အားဖြင့် ငါးရပ်ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူခဲ့ကြပေသည်။
ထိုတွင် ပိဋကတ်သုံးပုံဟူသည် ၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကတို့ဖြစ်သည်။ နိကာယ်ငါးရပ်ဟူသည် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အဂုင်္တ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်တို့ပင်ဖြစ်သည်။ ဤတွင် ယခုလေ့လာသုံးသပ်မည့် ပထမမဟာနာမသုတ်တော်မှာ သုတ္တန္တပိဋကတွင် အ၀င်အပါဖြစ်သည့် သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ သရဏာနိဝဂ်၏ ပထမ အဦးဆုံးသုတ်ဖြစ်ပေသည်။ မဟာနာမ်သာကီဝင်မင်းသည် မြတ်ဗုဒ္ဓ၏ဆွေမျိုးရင်းလည်းဖြစ်၊ သာသနာတော်၌ ထင်ရှားသည့် ဧတဒဂ်ရဥပါသကာတစ်ယောက်လည်းဖြစ်သည့်အားလျော်စွာ ထိုမင်းကို အကြောင်းပြု၍ ဟောကြားတော်မူခဲ့သော သုတ်များသည် ပိဋကတ်တော်တို့၌ များစွာပင်ရှိ၏။ မဟာနာမသုတ်ဟူသော အမည်ဖြင့်ပင် အဂုင်္တ္တရနိကာယ်၌ သုံးသုတ်တွေ့ရှိရ၏။ ယင်းသုံးသုတ်မှာ တိကနိပါတ်၊ အာနန္ဒ၀ဂ်၌လာသော မဟာနာမသုတ်၁၊ ဧကာဒသကနိပါတ်၊ အနုဿတိဝဂ်၌လာသည့် ပဌမမဟာနာမသုတ်၊၂ ဒုတိယမဟာနာမသုတ်၃ တို့ဖြစ်သည်။ ယင်းသုံး သုတ်လုံးမှာ ကပိလ၀တ်ပြည် နိဂြောဓာရုံ ကျောင်း၌ မြတ်စွာဘုရားသီတင်းသုံးတော်မူစဉ် မဟာနာမ် သာကီဝင်မင်းကို အကြောင်းပြု၍ ဟောကြားခဲ့ခြင်းဖြစ်သည်။ သံယုတ္တနိကာယ်၌လည်း သုံးသုတ် တွေ့ရှိရသည်။ ယင်းတို့မှာ မဟာဝဂ္ဂသံယုတ်၊ သရဏနိဝဂ်လာ ပထမမဟာနာမသုတ်၎၊ ဒုတိယ မဟာနာမသုတ်၅နှင့် ပုညာဘိသန္ဒ၀ဂ်လာ မဟာနာမသုတ်၆ တို့ဖြစ်၏။
ယခုလေ့လာမည့်သုတ်တော်ကိုမူ ပဌမမဟာနာမသုတ်ဟု အမည်တပ်ထား၏။ ထိုကဲ့သို့ ပဌမအက္ခရာတပ်ထားခြင်းမှာ သရဏာနိဝဂ်၏ နှစ်ခုမြောက်သုတ်ဖြစ်သည့် မဟာနာမသုတ်နှင့် မရောထွေးစေရန် ဖြစ်နိုင်သည်ဟု ယူဆဖွယ်ရှိသည်။ ထို့ကြောင့်ပင် သရဏာနိဝဂ်၏ အစဆုံးနှစ်သုတ် ဖြစ်သည့် မဟာနာမသုတ်တို့ကို ပဌမမဟာနာမသုတ်၊ ဒုတိယမဟာနာမသုတ်ဟု သံဂါယနာတင် မထေရ်များ သတ်မှတ်ထားခဲ့ဟန်ရှိ၏။ မဟာနာမ်သာကီဝင်မင်းကို အကြောင်းပြု၍ ဟောကြား ခဲ့သောကြောင့် မဟာနာမသုတ်ဟု အမည်ပေးခဲ့သည်။
၁း၁း၁။ မဟာနာမ်သာကီဝင်မင်း
ပိဋကတ်တော်များ၌ မဟာနာမ်ဟူသောအမည်ဖြင့် ပုဂ္ဂိုလ်သုံးဦးတွေ့ရှိရသည်။ ပထမပုဂ္ဂိုလ် မှာ ပဉ္စ၀ဂ္ဂီငါးဦးတွင်ပါဝင်သည့် မဟာနာမမထေရ်ဖြစ်သည်။ ဒုတိယပုဂ္ဂိုလ်မှာ ထေရဂါထာ၁၌ ဖေါ်ပြ ထားသည့် ဗြဟ္မဏအနွယ်ဝင်တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် သာသနာ၌ ရဟန်းပြုသွားပြီး မဟာနာမမထေရ်ဟူ၍ အမည်တွင်ခဲ့သည်။ တတိယပုဂ္ဂိုလ်မှာ ဤသုတ်တော်ကို ဟောကြားခြင်းခံရ သည့် မဟာနာမ်သာကီဝင်မင်းဖြစ်သည်။
မဟာနာမ်သာကီဝင်မင်းသည် ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်အခါ၌ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းသားတစ်ဦးဖြစ်ခဲ့၏။ မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားက ဥပါသကာတစ်ဦးကို 'ပဏီတရသဒါန= အရသာကောင်းမြတ်သည့် ဆွမ်းဆေး လှူဒါန်းသောအရာဝယ် အသာဆုံးအမြတ်ဆုံးဧတဒဂ်' ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှုကုသိုလ်ကို ပြုပြီးလျင် နောင်ပွင့်မည့်ဘုရားရှင်တို့အထံတော်ပါးဝယ် ယင်းဧတဒဂ်မျိုးရရှိရန် ဆုတောင်းခဲ့၏။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကားမိန့်ကြားတော်မူခဲ့ လေသည်။
ထိုအမျိုးကောင်းသားသည် ကမ္ဘာတစ်သိန်းကာလပတ်လုံး နတ်ပြည်လူ့ပြည်တို့၌ ကျင်လည် ခဲ့၏။ ဂေါတမဘုရားရှင်လက်ထက်တော်အခါတွင် ကပိလ၀တ်ပြည်၊သာကီဝင်မင်းမျိုး၌ မဟာနာမ အမည်ရှိသော သာကီဝင်မင်းသား(အရှင်အနုရုဒ္ဓါ၏နောင်တော်) ဖြစ်လာ၏။ အရွယ်သို့ ရောက်သော် မြတ်စွာဘုရားရှင်ကို ပထမအကြိမ်ဖူးမြင်ရလျင်ပင် သောတာပတ္တိဖိုလ်၌ တည်လေ၏။
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇာပြည်၌ ၀ါတွင်းသုံးလပတ်လုံး သီတင်းသုံး နေတော်မူ၏။ ၀ါကျွတ်သောအခါ ကပိလ၀တ်နေပြည်တော်သို့ ဒေသစာရီကြွတော်မူခဲ့၏။ ထို့နောက် နိဂြောဓာရုံ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူလေသည်။ ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် '' မြတ်စွာဘုရားကြွလာပြီ'' ဟု သတင်းကြား၍ ဘုရားရှင်ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးလျင် မြတ်စွာဘုရားရှင်ကို '' မြတ်စွာဘုရား ရဟန်းအပေါင်းသည် ဝေရဉ္ဇာပြည်၌ ဆွမ်းခံလှည့်လည်ရခြင်းဖြင့် အလွန်ဆင်းရဲပင်ပန်းကြသတဲ့'' ဟု တပည့်တော် သတင်း စကားကြားသိအပ်ပါသည်။ တပည့်တော်အား လေးလပတ်လုံး နေ့စဉ်ရက်ဆက် ရဟန်းသံဃာ အား ပြုစုလုပ်ကျွေးရန် ခွင့်ပြုတော်မူပါဘုရား။ တပည့်တော်သည် ရဟန်းသံဃာအား သြဇာနှင့်ပြည့်စုံ သည့် စားကောင်းသောက်ဖွယ်များကို လှူဒါန်းလိုပါသည်ဘုရား'' ဟု လျောက်ထားလေသည်။ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူသဖြင့် မဟာနာမ်သာကီဝင်မင်း၏ လျောက်ထား ချက်ကို လက်ခံတော်မူလေ၏။
မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားလက်ခံတော်မူသည်ကို သိ၍ နောက်နေ့မှ အစပြုကာ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့အား လွန်စွာမွန်မြတ်သော ဘောဇဉ်ငါးပါး စတုမဓု ဆေးစသည်တို့ဖြင့် နေ့စဉ်နေ့တိုင်း ပြုစုလုပ်ကျွေး၍ လေးလစေ့ပြန်သောအခါ တစ်ဖန်လေးလပြုစု လုပ်ကျွေးရန် လျောက်ထား၏။ တစ်နှစ်ပြည့်သောအခါတွင်ကား မြတ်စွာဘုရားခွင့်ပြုတော်မမူတော့ပေ။ မဟာနာမ်သာကီဝင်မင်းသည်ကား ထိုအချိန်မှ အစပြု၍ မိမိထံမှောက် ကြွရောက် လာတိုင်းသော ရဟန်းသံဃာတို့အား အလွန်မွန်မြတ်အရသာရှိသည့် ဘောဇဉ်ငါးပါး စတုမဓုဆေးများဖြင့် ပြုစု လုပ်ကျွေးလေသည်။ မဟာနာမ်သာကီဝင်မင်း၏ ရဟန်းသံဃာအား အလွန်မွန်မြတ် အရသာ ရှိသည့် ဘောဇဉ်ငါးပါး စတုမဓုဆေးများဖြင့် ပြုစုလုပ်ကျွေးခြင်းတည်းဟူသော ဂုဏ်သတင်းသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ ထင်ရှားစွာ ပြန့်နှံ့တော့၏။
ထိုကြောင့် မြတ်စွာဘုရားသည် မဟာနာမ်သာကီဝင်မင်းကို----
''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ပဏီတဒါယကာနံ ယဒိဒံ မဟာနာမော သက္ကော=ရဟန်းတို့ မွန်မြတ်သောဘောဇဉ်အရသာ ဆေးပစ္စည်းကို လှူဒါန်းကြသည့် ငါဘုရား၏ တပည့်သာဝကတို့ တွင် မဟာနာမ်သာကီဝင်မင်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည်။'' ၁ ဟု ချီကျူးစကား မိန့်>မက်တော်မူကာ ပဏီတဒါန=အကောင်းအမွန်ကို လှူဒါန်းသောအရာဝယ် အသာဆုံးအမြတ်ဆုံးဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားနှင့် ဆွေမျိုးတော်စပ်သူဖြစ်၏။ မြတ်စွာ ဘုရား၏ ဘထွေးတော်၏ သားဖြစ်ပြီး မြတ်စွာဘုရားထက် အသက်တစ်လမျ ကြီးလေသည်။ သကဒါဂါမ် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်လေသည်။၂ သာသနာတော်၌ နေလိုလလို ထင်ရှားသောအရှင်အနုရုဒ္ဓါ၏ အစ်ကိုရင်းလည်း ဖြစ်၏။၁ အရှင်အနုရုဒ္ဓါသာ သာသနာတော်သို့ မ၀င်ဖြစ်လျင် မိမိကိုယ်တိုင် ရဟန်းဝတ်ရန် ဆုံးဖြတ်ထားခဲ့သူဖြစ်၏။
၁း၁း၂။ သုတ်တော်ဖြစ်ပေါ်လာပုံ
အခါတပါး မြတ်စွာဘုရားသည် သက္ကတိုင်း၊ ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်းတိုက်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍---
'' အရှင်ဘုရား ဤကပိလ၀တ်ပြည်သည် ပြည့်စုံကြွယ်ဝ၏။ စည်ပင်ဝပြော၏။ လူဦးရေများ၏။ လူမျိုးစုံတို့ဖြင့် ပြည့်၏။ လမ်းတိုလမ်းကျဉ်းလည်း ရှိ၏။ အရှင်ဘုရား တပည့်တော်သည် မြတ်စွာ ဘုရားနှင့် ရဟန်းတို့ကို ချဉ်းကပ်ခံစားပြီး၍ ညနေချမ်းအချိန်၌ ကပိလ၀တ်ပြည်သို့ ၀င်သည်ရှိသော် လှည့်လည်ပြေးသွားသော ဆင်၊ မြင်း၊ ရထား၊ လှည်း၊ ယောင်္ကျားတို့နှင့် တွေ့ကြုံရပါ၏။ ''အရှင်ဘုရား ထိုအခါ တပည့်တော်အား မြတ်စွာဘုရားကိုအာရုံပြုသောသတိ၊ တရားတော်ကိုအာရုံပြုသောသတိ၊ သံဃာတော်ကိုအာရုံပြုသောသတိသည် လွတ်သည်သာတည်း။ အရှင်ဘုရား၊ တပည့်တော်အား ငါသည် ဤအချိန်၌သေမူ ငါ၏လားရာဂတိကား အဘယ်နည်း။ ငါ၏တမလွန်ဘ၀ကား အဘယ်နည်း' ဟု အကြံဖြစ်ပါ၏'' ဟုလျောက်ထား၏။
ထိုအခါ မြတ်စွာဘုရားက ''မဟာနာမ် မကြောက်လင့်။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဟူသည့် တရားငါးမျိုးကို အသက်ထက်ဆုံး လက်ကိုင်ထားကျင့်သုံးသူသည် သတိလွတ်သေစေ ကာမူ အပါယ်ဒုဂ္ဂတိသို့ မကျရောက်နိုင်ပေ။ မဟာနာမ် ဥပမာသော်ကား ယောင်္ကျားတစ်ယောက် သည် ထောပတ်အိုး၊ ရေအိုးတို့ကို နက်သောရေအိုင်၌ ဆင်း၍ ခွဲငြားအံ့။ ထိုအခါ အိုးခြမ်းကွဲကြီးငယ် တို့သည် အောက်သို့ ကျဆင်း၍ ထောပတ်ဆီတို့သည် အထက်သို့သာ တက်ရာသကဲ့သို့ ဖြစ်၏'' ဟု ပြန်လည်ဖြေကြားတော်မူရာမှ ဤသုတ်တော် ဖြစ်ပေါ် လာခြင်းဖြစ်သည်။
၁း၁း၃။ ဘ၀အာမခံချက်ပေးနိုင်သည့် တရား(၅)မျိုး
အထက်ပါသုတ်တော်တွင် တိုးတက်လာသည့်ခေတ်ကာလအလျောက် အချိန်မရွေး အသက်ဆုံးရှုံးနိုင်မှုကြောင့် ယင်းအပေါ် မဟာနာမ်မင်း၏ ကြောင့်ကြစိုးရိမ်မှုကိုလည်းတွေ့ရှိနိုင်၏။ မြတ်ဗုဒ္ဓကလည်း သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတရားငါးမျိုးနှင့် ပြည့်စုံမှုကို ဘ၀အာမခံချက် ရှိမှုအဖြစ် ဟောကြားတော်မူကာ အားပေးမှုကိုလည်းတွေ့မြင်နိုင်၏။ သတ္တ၀ါတိုင်းသည် သံသရာစက်ရဟတ် အဆက်မပြတ်လည်ခြင်း၏ အရင်းမူလဖြစ်သော အ၀ိဇ္ဇာနှင့် တဏှာတရား နှစ်ပါးကို မသတ်နိုင်သေးသမျကာလပတ်လုံး သံသရာစက်ရဟတ်သည် အဆက်မပြတ်လည် နေမည်သာ ဖြစ်၏။ သို့ဖြစ်၍ ဘ၀တွင် ဒုဂ္ဂတိကို ပယ်မြစ်နိုင်သော ဘ၀အာမခံသည် လူသားတိုင်း အတွက် မရှိမဖြစ် လိုအပ်၏။
ဤလောက၌ ဧကန်အားဖြင့် ဘ၀အာမခံချက်ရှိသူတို့မှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်၏။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်များသည် အ၀ိဇ္ဇာနှင့် တဏှာတရားနှစ်ပါးကို အမြစ်ပြတ်အပြီးတိုင် မပယ်သတ်နိုင်သေး၍ ဘ၀ရှိနေကြသေးသော်လည်း ဒိဋ္ဌိ၊၀ိစိကိစ္ဆာစသော တရားအချို့ကို အကြွင်းမဲ့ပယ်သတ်နိုင်ခြင်း၊ တဏှာ မာနစသော တရားအချို့ကို တစ်စိတ်တစ်ဒေသပယ်သတ်နိုင်ခြင်းကြောင့် အပါယ်ဘ၀ရောက်ရန် အကြောင်းမရှိကြတော့ပေ။ မကောင်းသောဘုံဝဘ၀သို့ မရောက်နိုင်ကြတော့။ ထို့ကြောင့် ထိုသူတို့ကို ဘ၀အာမခံချက်ရှိသူများ ဟု ဆိုနိုင်ပါသည်။ ရဟန္တာပုဂ္ဂိုလ်တို့ကား အ၀ိဇ္ဇာ၊တဏှာတရားနှစ်ပါးကို အမြစ်ပြတ်အပြီးတိုင် ပယ်သတ်ပြီး သူများဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်တို့အတွက် ဘ၀အသစ်ဟူ၍ မရှိတော့ပေ။ လက်ရှိရထား သောဘ၀သည် နောက်ဆုံးဘ၀ဖြစ်၏်။ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်များသည် ဘ၀အာမခံချက်အပြည့် ရှိသူများဖြစ်သည်။
ဘ၀အာမခံချက်မရှိသူများကား ပုထုဇဉ်ပုဂ္ဂိုလ်များဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်များသည် မည်သည့်အကုသိုလ်ကိုမျ မပယ်သတ်နိုင်သေး၍ ဘ၀အပြည့်ရှိနေကြသူများ ဖြစ်ကြ၏။ အကန်းအန္ဓ ပုထုဇဉ်နှင့် အကောင်းကလျာဏပုထုဇဉ်ဟုနှစ်မျိုးရှိရာတွင် အကောင်းကလျာဏပုထုဇဉ်ဖြစ်ပါမူ တော်ပေသေး၏။ အကောင်းကလျာဏပုထုဇဉ်မှာ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ရုပ်နာမ်တရားတို့၏ သဘောကို သိနေ၍ အရိယာအဖြစ်သို့ ရောက်ရှိရန် နီးကပ်နေသောကြောင့် ဖြစ်၏။ ထို့ထက် တစ်ဆင့်တက်၍ စူဠသောတာပန်ဖြစ်ပါမူ နောက်တစ်ဘ၀အတွက် ဘ၀အာမခံချက်ရှိသူ ဖြစ်၏။ သို့သော် တတိယဘ၀မှစကာ နောက်နောက်ဘ၀များအတွက် ဘ၀အာမခံချက်မရှိသေး၍ ရတက် မအေးရသေးပေ။ ထို့ကြောင့် ဘ၀အာမခံချက်ရှိသူဟု မဆိုနိုင်သေးပါ။
သို့ဖြစ်၍ ဘ၀အာမခံချက်မရှိသေးသမျကာလပတ်လုံး
၁။ ဒေ၀ဂတိ၊ နတ် ဗြဟ္မာဘ၀။
၂။ မနုဿဂတိ၊ လူ့ဘ၀။
၃။ နိရယဂတိ၊ ငရဲဘ၀။
၎။ ပေတဂတိ၊ ပြိတ္တာဘ၀(သူရဲ၊ တစ္ဆေဘ၀)
၅။ တိရစ္ဆာနဂတိ၊ တိရစ္ဆာန်ဘ၀တို့၌ တပြောင်းတပြန်ကျင်လည်နေရမည်သာ ဖြစ်၏။ ထိုတွင် နိရယ၊ ပေတ၊ တိရစ္ဆာနဂတိသုံးမျိုးကို မကောင်းသောသတ္တ၀ါတို့ လားရောက်ရာဖြစ်သော ကြောင့် ဒုဂ္ဂတိဘ၀ ဟုခေါ်၏။ ဒေ၀၊ မနုဿဂတိနှစ်မျိုးကို ကောင်းသောသတ္တ၀ါတို့ လားရောက်ရာ ဖြစ်သောကြောင့် သုဂတိဘ၀ဟုခေါ်၏။ မည်သို့ပင်ဖြစ်စေ ဘ၀မှန်သမျသည် ဒုက္ခမကင်းသေးသောကြောင့် မည်သည့် ဘ၀မျ မကောင်းပေ။ သောတာပန်အဆင့်သို့ မရောက်သေးသော သတ္တ၀ါအားလုံးတို့သည် ရှေးရှေးဘ၀ ယခုဘ၀တို့ ၌ ပြုအပ်ခဲ့သော မိမိတို့၏ ကံအကျိုးပေးအားလျော်စွာ ဂတိငါးမျိုးအနက် တစ်မျိုးမျိုးသို့ ထိုက်သလိုရောက်နိုင်၏။ လောဘနှင့်သေသော သတ္တ၀ါများသည် များသောအားဖြင့် ပြိတ္တာဘ၀(ပေတဂတိ)သို့ ရောက်ကြရ၏။ ဒေါသနှင့်သေသော သတ္တ၀ါများသည် များသောအားဖြင့် ငရဲဘ၀ (နိရယဂတိ)သို့ ရောက်ကြရ၏။ မောဟနှင့်သေသော သတ္တ၀ါများသည် များသောအားဖြင့် တိရစ္ဆာန်ဘ၀ (တိရစ္ဆာနဂတိ)သို့ ရောက်ကြရ၏။ ကာမာဝစရကံများသော သတ္တ၀ါများသည် များသောအားဖြင့် လူ့ဘ၀၊ နတ်ဘ၀ (မနုဿဂတိ၊ ဒေ၀ဂတိ)တို့၌ ဖြစ်ကြရကုန်၏။ ဈာန်ရထားသော ပုဂ္ဂိုလ်များသည် ဗြဟ္မာဘ၀ (ဒေ၀ဂတိ)သို့ ရောက်ကြရ၏။ သောတာပန်အဆင့်သို့ ရောက်ပြီးသော နောက်ဘ၀ရှိနေသေးသည့် အရိယာပုဂ္ဂိုလ်တို့သည် ဂတိငါးမျိုးအနက် ဒေ၀ဂတိ၊ မနုဿဂတိသို့သာ ရောက်ကြရ၏။ လူ၊ နတ်၊ ဗြဟ္မာတစ်မျိုးမျိုးသာ ဖြစ်ကြရ၏။ ဤသို့ ဘ၀၀ဋ် အမြစ်မပြတ်သေးသမျ သံသရာရဟတ်၌ ကျင်လည် နေကြရမည်သာဖြစ်၏။ ဘ၀အာမခံချက် မရှိသူများအတွက် သံသရာ၌ ပရမ်းပတာကျင်လည်ရမည့်အရေးကား ရင်လေးစရာပင်ဖြစ်၏။ သို့ဖြစ်၍ ဘ၀အာမခံချက် ရရှိရေး သည် ပုထုဇဉ်သတ္တ၀ါများအဖို့ အရေးပါလှ၏။ ပုထုဇဉ်သတ္တ၀ါများအတွက် ဂတိမမှားစေရန် လုပ်ဆောင်ရမည့် ကျင့်စဉ်တို့ကို မြတ်ဗုဒ္ဓသည် ဒေသနာအချို့တို့၌ ဟောကြားတော်မူခဲ့၏။
ဤပထမမဟာနာမသုတ်တော်အလိုအရ ဘ၀ကူကောင်းဖို့ရန် အသက်ရှိစဉ်အခါ၌ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဟူသော တရား(၅)မျိုးကို ဖြည့်ဆည်းထားရန် လိုအပ်၏ဟု ဟောတော်မူ ထားပါသည်။ သို့ဖြစ်၍ ထိုတရားငါးမျိုးနှင့်စပ်၍ ပြည့်စုံစွာသိရှိရန် လိုအပ်၏။
၁း၂။ သဒ္ဓါဟူသည်
ဘ၀သံသရာလမ်းခရီးကို လျောက်လှမ်းနေကြသော ပုဂ္ဂိုလ်သတ္တ၀ါတိုင်းအတွက် သဒ္ဓါတရား သည် မရှိမဖြစ်လိုအပ်၏။ သဒ္ဓါဆိုသည်မှာ ယုံကြည်ချက်ကို ခေါ်ခြင်းဖြစ်သည်။ ပါဠိ စာပေ၌ သဒ္ဓါပုဒ်ကို ''သဒ္ဒဟန္တိ ဧတာယာတိ သဒ္ဓါ၊ သယံဝါ သဒ္ဒဟတီတိ သဒ္ဓါ''၁ ဟု ဖွင့် ဆိုထားပါသည်။ သို့သော် ယုံကြည့်ချက်မှန်သမျကို သဒ္ဓါဟု မခေါ်ဆိုနိုင်ပေ။ ဘုရားအစရှိသော ယုံကြည် သင့်ယုံကြည်ထိုက်သည့် သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုကိုသာ သဒ္ဓါဟု ခေါ်ဆိုနိုင်သည်။၂ သဒ္ဓေယျဝတ္ထုဟူသည်မှာ ဘုရား၊ တရား၊ သံဃာဟူသော ရတနာ(၃)ပါးနှင့် ကံ၊ကံ၏အကျိုးတို့၌ ယုံကြည်မှုပင် ဖြစ်၏။၃ ဤယုံကြည်မှုသဒ္ဓါတရားသည် လောကီလောကုတ္တရာနယ်ပယ်နှစ်ခုလုံးဝယ် အရေးပါအရာရောက်လှသည်။ မည်သည့်အလုပ်ကိစ္စ၌မဆို ယုံကြည်မှုမရှိလျင် ရာနှုန်းပြည့် အောင်မြင်မှု မရရှိနိုင်ပေ။
ထိုသဒ္ဓါတရားသည် စိတ်ကို ကြည်လင်ရွှင်ပြစေတတ်၏။ သဒ္ဓါ၏အဓိကဆန့်ကျင့်ဘက်မှာ နီဝရဏတရားများ ဖြစ်လေသည်။ နီဝရဏတရားများသည် စိတ်ကို ညစ်နွမ်းစေတတ်၏။ နီဝရဏ တရားများ ဖုံးလွှမ်းထားသောအခါ စိတ်ကြည်လင်သန့်ရှင်းမှု မရှိပေ။ နီဝရဏကင်းစင်ကာ သဒ္ဓါတရား ရောက်ရှိလာသောအခါ စိတ်သည်လည်း ကြည်လင်သန့်ရှင်းလာလေသည်။
ကိုယ်ကျင့်အဘိဓမ္မာကျမ်း၌ သဒ္ဓါကို ''ယုံကြည်မှု'' ဟု မြန်မာပြန်၏။ ရတနာသုံးပါးနှင့် ကံçကံ၏အကျိုးတရားများ၌ ယုံကြည်မှုကို သဒ္ဓါဟု ဖွင့်၏။ အလှူဒါနပြုရာအခါ၊သီလ ဆောက်တည်ရာအခါ၊ ကမ္မဋ္ဌာန်း စီးဖြန်းရာအခါတို့၌ စိတ်တွင် ကြည်လင်နေသော သဘောတရားကို သဒ္ဓါဟုဆို၏။၁ ယင်းသဒ္ဓါတရားသည် စကြာမင်း၏ ပတ္တမြားရတနာနှင့် တူလေသည်။၂ စကြာမင်း၏ ရတနာသည် အနယ်အမှုန့်များဖြင့် ပြည့်နှက်နေသော ရေနောက်ကို အနယ်အမှုန့်ကင်းရှင်းပြီး ကြည်လင် သွားစေနိုင်သကဲ့သို့ ယုံကြည်မှုသဒ္ဓါတရားသည်လည်း စိတ်ကို ညစ်ညမ်းစေတတ်သော နီဝရဏ တရားများကို ဖယ်ရှားပေးကာ ကြည်လင်လန်းဆန်းလာစေနိုင်လေသည်။
သတ္တ၀ါတို့သန္တာန်ဝယ် အကုသိုလ်စိတ်များ ဖြစ်ပေါ်နေချိန်တွင် စိတ်သည်လည်း ညစ်ညမ်း နေ၏။ ကြည်လင်သန့်ရှင်းမှုမရှိပေ။ ကုသိုလ်စိတ်များ ဖြစ်ပေါ်နေချိန်၌ကား ကြည်လင်လန်းဆန်း နေလေသည်။ စိတ်ကြည်လင်နေသောအခါ စိတ်ကြောင့်ဖြစ်သောရုပ်(စိတ္တဇ)တရားများလည်း ကြည် လင်ရွှင်ပြလာ၏။ ထို့ကြောင့် သဒ္ဓါတရားဖြင့် နေထိုင်သူ၊ သဒ္ဓါတရားအရင်းခံရှိသူ၏ရုပ် အဆင်း မှာလည်း ကြည်လင်သန့်ရှင်းနေလေသည်။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာတရားတို့သည် သတ္တ၀ါတို့၏ စိတ်ကို ညစ်ညူးစေတတ်၏။ ယုံကြည်မှုသဒ္ဓါတရားသည်ကား ကိလေသာတို့ကို ဖယ်ရှားပေးနိုင်သည့်သဖြင့် စိတ်ကိုလည်း ကြည်လင်သန့်ရှင်းအောင် ပြုလုပ်ပေးနိုင်သော အစွမ်းသတ္တိရှိလေသည်။
ထို့ပြင်လည်း သဒ္ဓါတရားရှိသူသည် အရာဌာနတိုင်း၌ ကြောက်ရွံ့ထိတ်လန့်မှု မရှိတတ်ပေ။ မဆုတ်မနစ် သက်ဝင်ပြုလုပ်တတ်၏။ သဒ္ဓါတရား၏ မဆုတ်မနစ် သက်ဝင်ပုံကို အဋ္ဌသာလိနီ အဋ္ဌကထာ၌ စစ်သူရဲကောင်းဥပမာဖြင့် ပြဆိုထား၏။ စစ်သူရဲကောင်းသည် မိကျောင်း၊ ငါးမန်းများဖြင့် ပြည့်နှက်နေသော မြစ်ကမ်း၌ လူအများကို တစ်ဖက်ကမ်းသို့ ရဲ့ဝံစွာ ပို့ဆောင်ပေး တတ်၏။၃ ထို့အတူ သဒ္ဓါတရားသည်လည်း အကုသိုလ်တရားများကို ရှင်းလင်းပေး၏။ အလှူပေးမှု၊ သီလ ဆောက်တည်မှု၊ ဥပုသ်သီတင်းစောင့်ထိန်းမှု၊ ဘာဝနာတရားပွားများမှုတို့၌ အကုသိုလ် အန္တရာယ်များကြောင့် ဆုတ်နစ် တွန့်ဆုတ်မှုမရှိဘဲ စွဲစွဲမြဲမြဲပြုလုပ်တတ်၏။
ယုံကြည်မှုသဒ္ဓါတရားအားနည်းသူများသည် အလုပ်ကိစ္စတစ်ခုခုကို ပြုလုပ်ရာတွင် အခက် အခဲနှင့် ရင်ဆိုင်တွေ့ကြုံသည့်အခါ ရင်မဆိုင်ရဲကြဘဲ နောက်ဆုတ်သွားတတ်ကြသည်။ ထို့အတူ ဘာသာရေးအလုပ်ဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာအမှုတို့၌လည်း သဒ္ဓါတရားအားနည်းသူတို့သည် အခက်အခဲကြံသည်နှင့် နောက်ဆုတ်သွားတတ်ကြ၏။ ကုသိုလ်ကောင်းမှုစသည်ပြုလုပ်ရာအခါ စသည်တို့၌ သဒ္ဓါတရား (ယုံကြည်ချက်) ရှိရန်မှာ အခြေခံလိုအပ်ချက်ဖြစ်သည်။ ယုံကြည်မှုသဒ္ဓါတရား ထက်သန်သူသည် ကုသိုလ်ကောင်းမှုနှင့် ပတ်သက်လာလျင် မည်သည့်အန္တရာယ်မျိုးကိုမဆို ကျော်လွှား နိုင်၏။ လိုရာသို့ရောက်အောင် ပြုလုပ်နိုင်စွမ်းရှိ၏။
၁း၂း၁။သဒ္ဓါ၏ လက္ခဏ၊ရသ၊ပစ္စုပဋ္ဌာန်၊ပဒဋ္ဌာန်
သဒ္ဓါသည်
၁။ ရတနာသုံးတန် ကံ၊ ကံ၏အကျိုးတို့ကို ယုံကြည်ခြင်းလျင် မှတ်ကြောင်း လက္ခဏာရှိ၏။ (တစ် နည်း) သက်ဝင်ခြင်း လက္ခဏာရှိ၏။
၂။ ယုံကြည်ခြင်း ကိစ္စရှိ၏။ (တစ်နည်း) ပြေးဝင်ခြင်း ကိစ္စရှိ၏။
၃။ မနောက်ကျူခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (တစ်နည်း)နှလုံးသွင်းခြင်းလျင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန် ရှိ၏။
၎။ ယုံကြည်အပ်၊ ယုံကြည်ထိုက်သော ဘုရားစသော သဒ္ဓေယျဝတ္ထုလျင် နီးစွာသောအကြောင်းရှိ၏။ (တစ်နည်း) သောတာပန်အကြောင်းအင်္ဂါလျင် နီးစွာသောအကြောင်းရှိ၏။၁
၁း၂း၂။သဒ္ဓါ၏ ပကတူပနိဿယသတ္တိ
သဒ္ဓါတရားသည် ဤသို့ လက္ခဏာအစရှိသည်နှင့်အညီ ဒါနစသည်ပြု၍ လူစသော သုဂတိဘ၀၊ ဈာန်၊ အဘိညာဉ်၊ မဂ်၊ ဖိုလ် နိဗ္ဗာန်ကို ရစေတတ်၏။ ¤င်းကို ပကတူပနိဿယ ပစ္စည်းဖြင့် ကျေးဇူး ပြုသည်ဟုခေါ်၏။ ထို့ကြောင့် မြတ်စွာဘုရားက ပဋ္ဌာန်းပါဠိတော်၊ ပဉ္စ၀ါရ၌ ပကတူပနိဿယပစ္စည်းသည် သဒ္ဓါတရားကိုမှီ၍ အလှူကို ပေးလှူ၏။ ငါးပါးသီလဆောက်တည်၏။ ရှစ်ပါးသော ဥပုသ်ကံကို ပြုလုပ်၏။ လောကီဈာန်၊ လောကုတ္တရာဈာန် တရားကို ဖြစ်စေ၏။ ၀ိပဿနာတရားကို ဖြစ်စေ၏။ သောတာပတ္တိမဂ်ဉာဏ်စသည်ကို ဖြစ်စေ၏။ လောကီအဘိညာဉ်၊ လောကုတ္တရာ အဘိညာဉ်တရား ကို ဖြစ်စေ၏။ ဈာန် သမာပတ်၊ ဖလသမာပတ်တရားကို ဖြစ်စေ ၏''၂ဟု ဟောတော်မူခဲ့သည်။
၁း၂း၃။သဒ္ဓါအစစ်နှင့်အတု
လူတို့၏အသုံးအဆောင်ဖြစ်သည့် ရွှေငွေအစရှိသည်တို့၌ အတုအစစ်ရှိသကဲ့သို့ ထို့အတူ သဒ္ဓါ တရားကို သဒ္ဓါအစစ်နှင့် သဒ္ဓါအတုဟု နှစ်မျိုးခွဲခြားနိုင်၏။ ရတနာသုံးပါး၏ဂုဏ်တော်ကို ယုံကြည်မှု၊ ကံနှင့်ကံ၏ ကောင်းကျိုး၊ မကောင်းကျိုးရှိ၏ဟု ယုံကြည်မှု၊ရှေးအတိတ်ဘ၀မှ ယခုပစ္စုပ္ပန်ဘ၀သို့ လာခဲ့ရသည်ဖြစ်၍ အတိတ်ဘ၀ကိုထောက်ဆလျင် ပစ္စုပ္ပန်ဘ၀လည်း အမှန်ရှိ၏၊ ပစ္စုပ္ပန်ဘ၀ကို ထောက်ဆလျင် အနာဂတ်ဘ၀လည်းအမှန်ရှိရမည်ဟု ယုံကြည်မှုမျိုးသာ သဒ္ဓါအစစ်ဖြစ်သည်။
ဘုရား၊တရား၊သံဃာဟူသော ရတနာသုံးပါး၊ ကံ၊ကံ၏အကျိုး၊ပစ္စုပ္ပန်လောက တမလွန်လောက မှတပါးသော မယုံကြည်သင့် မယုံကြည်ထိုက်သောအရာတို့၌ ယုံကြည်ခြင်းသည် ကား သဒ္ဓါအစစ်မဟုတ်ပေ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ယုံကြည်အပ်သမျတို့သည် သဒ္ဓါဟုဆိုလျင် မိစ္ဆာအယူရှိသူတို့လည်း မိမိတို့၏ ဘုရားနှင့်တရားများကို လွန်စွာ ယုံကြည်တတ်၏။ ဟိန္ဒူဘာသာတွင် မဟာမေဒင်ဘုရား၏ ယောင်္ကျားအင်္ဂါဇာတ်နှင့် စန္ဒီနတ်သမီး၏ မိန်းမအင်္ဂါဇာတ်ကို ယှဉ်စပ်ထား၍ ထိုပုဂ္ဂိုလ်တို့၏ ကိုယ်စားကိုးကွယ်ကြ၏။ ဤသို့ ကြည်ညိုခြင်းသည် သဒ္ဓါအစစ် မဟုတ်။သဒ္ဓါအတုသာဖြစ်သည်။ မိစ္ဆာဓိမောက္ခသာဖြစ်ကြောင်း ပရမတ္ထဒီပနီ၌၁ဆို၏။ ကာဠနဂါးမင်းက ဘုရားရှင်၏ ပုံတော်ဟန်ဖန်ဆင်း၍ ပြရာ၌ ဓမ္မာသောကမင်း၏ လွန်စွာကြည်ညိုသော သဒ္ဓါမျိုးကဲ့သို့ ''အတုသည်ပင် ဤမျ သပ္ပါယ်တင့်တယ်တော်မူသေး၏''ဟု အောက်မေ့ကာ လွန်စွာကြည်ညိုသော အရာ၌ကား သဒ္ဓါအစစ်ပင်ဖြစ်ဖွယ်ရှိသည်ဟု ဘာသာဋီကာဆရာတော် သုံးသပ်၏။၂
၁း၂း၎။သဒ္ဓါစရိုက်
စရိုက်ဟူသောမြန်မာဝေါဟာရမှာ စရိတဟူသော ပါဠိဝေါဟာရမှဆင်းသက်လာသော ပါဠိသက် စကားလုံးဖြစ်သည်။ အလေ့၊ ၀ါသနာ၊ ပင်ကိုယ်သဘော၊ အဖြစ်များသောသဘောကို စရိုက်ဟုဆို၏။၃ထို့ကြောင့် သဒ္ဓါစရိုက်ရှိသူဟူသည်မှာ ပင်ကိုယ်သဘောအားဖြင့် သဒ္ဓါတရားအဖြစ် များသည့် သဘောရှိသည့်သူဟု မှတ်အပ်၏။
ထိုစရိုက်သည် ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ၀ိတက်စရိုက်ဟူ၍ (၆)မျိုးရှိ၏။ ထိုခြောက်မျိုးတွင် ရာဂစရိုက်ရှိသူနှင့်သဒ္ဓါစရိုက်ရှိသူ၊ ဒေါသစရိုက်ရှိသူနှင့် ဗုဒ္ဓိစရိုက်ရှိသူ၊ မောဟစရိုက်ရှိသူနှင့် ၀ိတက်စရိုက်ရှိသူများသည် ပြုမူပြောဆိုနေထိုင်ပုံတူညီကြသည်။ နီးစပ် တူညီပုံကို ၀ိသုဒ္ဓိမဂ်၌
'' ရာဂထူပြောအားကောင်းသောပုဂ္ဂိုလ်အား ကုသိုလ်စိတ်ဖြစ်သောအခါ၌ သဒ္ဓါတရားသည် အားကောင်း၏။ ရာဂနှင့်နီးစပ်သော ဂုဏ်ရှိသောကြောင့်ဖြစ်၏။ အကုသိုလ်အဖို့တွင် ရာဂသည် သိမ်မွေ့နူးညံ့၍ မကြမ်းတမ်းမရုန့်ရင်းသည် ဖြစ်သကဲ့သို့ ကုသိုလ်အဖို့တွင် သဒ္ဓါသည် သိမ်မွေ့၏။ ရာဂသည် ၀တ္ထုကာမကို ရှာသကဲ့သို့ သဒ္ဓါသည် သီလစသောဂုဏ်တို့ကို ရှာ၏။ ထို့ကြောင့် ရာဂထူပြော အားကောင်းသူနှင့် သဒ္ဓါထူပြောအားကောင်းသူ တူ၏''ဟု ပြဆိုသည်။၁
ထို့အပြင် ရာဂစရိုက်ရှိသူသည် ဣရိယာပုတ်အားဖြင့် အသွား၊ အလာ၊ အနေအထိုင် ယဉ်ကျေး ပျပ်ဝပ် လျောက်ပတ်စံပယ်တင့်တယ်၏။ ကိစ္စအားဖြင့် တံမြက်လှည်းမှု၊ အ၀တ်ဖွပ်လျှော်မှု၊ ဆိုးမှု၊ ၀တ်စားဆင်ယင်မှုလည်း ကျနသေသပ်၏။ ဘောဇဉ်အားဖြင့် အချိုအစိမ့်အမွှေးအကြိုင် ပျံ့လှိုင်နူးညံ့သော ဘောဇဉ်ကို နှစ်သက်၏။ ဒဿနစသည်အားဖြင့် အတော်အတန်လှပသာယာသော ရူပါရုံ၊ သဒ္ဒါရုံနှင့် တွေ့ကြုံလျင် မခွာချင်အောင်ဖြစ်တတ်၏။ ဓမ္မပ္ပ၀တ္တိ= စိတ်နေစိတ်ထားအားဖြင့် ပရိယာယ်မာယာများ၏။ ကောက်ကျစ်စဉ်းလဲမှု သာဌေယျ ပေါ၏။ မာနကြီး၏။ လောဘရမ္မက်ကြီး၏။
ရာဂစရိုက်ရှိသူ၌ ပြခဲ့သောဣရိယာပုတ်စသော ရှေ့လေးပါးသည် သဒ္ဓါစရိုက်ရှိသူ၌လည်း ဖြစ် လေ့ရှိ၏။ သို့သော် သဒ္ဓါစရိုက်ရှိသူ၌ကား ဓမ္မပ္ပ၀တ္တိ= စိတ်နေစိတ်ထားအားဖြင့် မာယာစသော အကုသိုလ်များဖြစ်လေ့မရှိဘဲ ကြည်လင်ရွှင်လန်းစွာ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏။ ရဟန်း သံဃာ တော်များနှင့် ၀တ်ကျောင်းဘုရားကို ဆည်းကပ်ကိုးကွယ်ကာ တရားဒေသနာများကို မှတ်သားနာယူ လေ့ရှိ၏။၂
သို့ဖြစ်၍ ရာဂစရိုက်ရှိသူနှင့် သဒ္ဓါစရိုက်ရှိသူတို့သည် အပြင်ပပုံသဏ္ဍာန်အနေဖြင့် တူညီသည်ဟု ဆိုနိုင်ကြသော်လည်း စိတ်ပိုင်းဆိုင်ရာ၌ကား လုံးဝကွဲပြားခြားနားသည်ကို တွေ့မြင်နိုင်၏။ စင်စစ် သဒ္ဓါစရိုက်ရှိသူတို့ကား ကောက်ကျစ်လိမ်လည်မှုမရှိ။ လှည့်ပတ်မှု၊ ပရိယာယ်များမှု မရှိ။ မာနကြီးမှု မရှိ။ အလိုမကြီး။ ရတနာသုံးပါးတို့အား ဆည်းကပ်ရာ၌ ဖြစ်စေ၊ စွန့်ကြဲပေးကမ်းလှူဒါန်းရာ၌ဖြစ်စေ၊ မိမိပြုလုပ်သော ကုသိုလ်၏ စင်ကြယ်သန့်ရှင်းမှုကိုသာ အာရုံပြုတတ်၏။
၁း၂း၅။ ပကတိသဒ္ဓါနှင့် ဘာဝနာသဒ္ဓါ
သဒ္ဓါသည် ပကတိသဒ္ဓါနှင့် ဘာဝနာသဒ္ဓါဟူ၍ (၂)မျိုးရှိပြန်၏။ ထိုတွင် ပကတိသဒ္ဓါဟူသည် အလှူပေးသောအခါ၊ သီလဆောက်တည်သောအခါ၊တရားနာသောအခါတို့၌ လူတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ယုံကြည်မှုသဒ္ဓါဖြစ်၏။ ထိုသဒ္ဓါသည် လူတို့၏စိတ်ကို အစိုးရ၏ဟုဆိုသော်လည်း ခိုင်ခိုင်မြဲမြဲ ကြာရှည်စွာ အစိုးရခြင်းသဘောမရှိပေ။ သို့သော်လည်း ထိုသဒ္ဓါမျိုးမရှိလျင် ဒါနမှုစသည်ကို ပြုလုပ်နိုင်မည် မဟုတ်ပေ။
လူတို့၏ သန္တာန်၌ ကြာရှည်တည်တံ့ခိုင်မြဲအောင် အဖန်ဖန်အထပ်ထပ်ရှုမှတ်ပွားများ၍ ဖြစ်ပေါ် လာသော သဒ္ဓါတရားကို ဘာဝနာသဒ္ဓါဟုခေါ်သည်။ ထိုသဒ္ဓါတို့၏ သဘောနှင့်စပ်၍ လယ်တီဆရာ တော်က---
'' ပကတိလူတို့၏ ဒါနအမှု၊ သီလအမှု၊ အတုအပဘာဝနာအမှုနှင့် ဖြစ်၍နေသော သဒ္ဓါသည် ပကတိသဒ္ဓါမည်၏။ ထိုပကတိသဒ္ဓါသည် စိတ်ကို အစိုးရ၏ ဟုဆိုသော်လည်း သူရူးဥပမာအတိုင်း ပကတိလူတို့၏ စိတ်ရူးစိတ်နောက်ကို ပျောက်ငြိမ်းအောင် အုပ်ချုပ်နိုင် သည်မဟုတ်။ ထိုစိတ်ရူး စိတ်နောက်အတိုင်းမှာ အလိုက်သင့် လိုက်လျော၍ ဒါနပြုရုံမျစိတ် အစိုးရ၏။ သဒ္ဓါမရှိဘဲ စိတ်သည် အဘယ်အခါမှ ကောင်းမှုကုသိုလ်ဆီ မသိပြီ။ မကောင်းမှု၌ သာ မွေ့လျော်၏။
ဘာဝနာသဒ္ဓါဆိုသည်ကား ထွက်သက်ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာ အလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွားစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးမားလေ အောင် ပျိုးထောင်ပြုပြင်၍ ထားအပ်သော သဒ္ဓါသည် ဘာဝနာသဒ္ဓါမည်၏ ဟုဖွင့်ဆိုခဲ့သည်။၁
ထိုသဒ္ဓါနှစ်မျိုးတွင် ပကတိသဒ္ဓါက တဏှာ၏ လွှမ်းမိုးခြင်းကို ခံရ၍ ဘာဝနာသဒ္ဓါသာ တဏှာကို တွန်းလှန်းနိုင်ကြောင်း ဤသို့ ရှင်းပြခဲ့သည်။
ပွားများခြင်းမရှိသော ပကတိသဒ္ဓါသည် တဏှာနှင့် အလိုက်သင့်ပေါင်း၍ လှူဒါန်းမှု၊ပစ္စုပ္ပန်ဘ၀ သီလဆောက်တည်မှုစသော ပကတိကုသိုလ်မှုတို့ကိုသာ ဖြစ်ပွားစေနိုင်၏။ တဏှာကို မတွန်းလှန်နိုင်။ တဏှာကသာ ထိုသဒ္ဓါကို တွန်းလှဲနင်းချိုး၍ထား၏။ ထားပုံကား ပိဋကတ်တော်၌ ဆွမ်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း၊ သင်္ကန်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း၊ ကျောင်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း၊ ဘာဝနာမှု၌ မွေ့လျော်ခြင်းဟူသော အရိယ၀ံသတရား၎ပါးအစီအရင်သည် ကောင်းကင်၌ နေလကဲ့သို့ ထင်ရှား၏။ သဒ္ဓါနယ်ကြီးတည်း။ ထိုသဒ္ဓါနယ်ကြီးသည် ယခု လောက၌ တိမ်မြုပ်နေ၏။ ယခုလောက၌မူကား ပစ္စည်း၎ပါးဟူသော ပစ္စယာမိသ၌ သာယာမှု၊ လောက၌ ဂုဏ်ကျက်သရေဟူသော လောကာမိသ၌ သာယာမှု၊ နောင်ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ၊ ဣဿရိယသမ္ပတ္တိဟုဆိုအပ်သော ၀ဋ္ဋာမိသ၌ သာယာမှုဟူသော တဏှာနယ်ကြီးသည် ကျွန်းအပြင်မှာ ပင်လယ်ရေပြင်ကြီးလွှမ်း၍ နေသကဲ့သို့ ထင်ရှား၏။ ဤကား ပကတိသဒ္ဓါအစွမ်းညံ့ပုံကို လောက၌ ဒိဋ္ဌသိမြင်ကြရန် အချက်တည်း။၂
ထွက်သက်ဝင်သက်စသည်၌ ကာယဂတာသတိအလုပ်၊ ကောင်းစွာထမြောက်၍ စိတ်ရူး စိတ်နောက်ပျောက်သည့်တိုင်အောင် ပွားများအပ်သောဘာဝနာသည်သာလျင် ထိုအာမိသသုံးပါး၌ သာယာတွယ်တာသော တဏှာသုံးပါးတို့အား တိုက်တွန်းလှဲနိုင်လေသည်။ တဏှာသုံးပါးတည်း ဟူသော ပင်လယ်ရေပြင်ကြီးအတွင်း၌ နစ်မွန်း၍ နေသော ရဟန်း ရှင်လူကို ထုတ်ဆယ် ကယ်တင်၍ အရိယ၀ံသတရားလေးပါးတည်းဟူသော ကျွန်း သောင်ကြီးသဖွယ် သဒ္ဓါနယ်သို့ ရောက်စေနိုင်သည်။
၁း၂း၆။ လောကီသဒ္ဓါနှင့်လောကုတ္တရာသဒ္ဓါ
ထို့အပြင် သဒ္ဓါသည် လောကီသဒ္ဓါနှင့် လောကုတ္တရာသဒ္ဓါဟု နှစ်မျိုးရှိ၏။၁ထိုသဒ္ဓါနှစ်မျိုး၏ အဓိပ္ပါယ်ကို ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာတို့၌ကား ဖွင့်ဆိုထားခြင်းမရှိပေ။ ကြံဆ၍ယူသော် သောဘဏစိတ် ၂၅ပါးတွင်ပါဝင်သော သဒ္ဓါစေတသိက်သည် သောဘဏစိတ်အကျဉ်း ၅၉ပါး၊ အကျယ်၉၁ပါး၌ ယှဉ်၏။ သို့ဖြစ်၍ လောကီသောဘဏစိတ်၅၁ပါး၌ ယှဉ်သည့် သဒ္ဓါကို လောကီသဒ္ဓါဟု ယူဆဖွယ်ရှိ၏။ လောကုတ္တရာစိတ် ၈ ပါး၌ ယှဉ်သော သဒ္ဓါကို လောကုတ္တရာသဒ္ဓါဟု ခေါ်ဆိုသည်ဟု ယူဆဖွယ်ရှိ၏။ ဣတိဝုတ္တအဋ္ဌကထာ၌ကား လောကိယလောကုတ္တရ သဒ္ဓါပိ ယထာ သမ္ဘ၀ံ လောကိယလောကုတ္တရံ ၀ိပါကသုခမာဝဟတိ= လောကီလောကုတ္တရာသဒ္ဓါသည် လောကီ လောကုတ္တရာ အကျိုးကို ထိုက်သည့် အားလျော်စွာ အကျိုးပေး၏ဟုဆို၏။၂
၁း၂း၇။ရတနတ္တယသဒ္ဓါနှင့်ကမ္မဖလသဒ္ဓါ
တစ်ဖန် သဒ္ဓါတရားကို ရတနတ္တယသဒ္ဓါနှင့် ကမ္မဖလသဒ္ဓါဟု (၂)မျိုးခွဲခြားနိုင်သည်။၃ ရတနာ သုံးပါးအပေါ်၌ ယုံကြည်ခြင်းသည် ရတနတ္တယသဒ္ဓါဖြစ်၏။ ကံ၊ကံ၏ အကျိုးကို ယုံကြည်ခြင်းသည် ကမ္မဖလသဒ္ဓါဖြစ်၏။ ဤနှစ်ပါးတွင် ရတနတ္တယသဒ္ဓါကို ဘုရားပွင့်တော်မူရာ သာသနာတွင်း ကာလ၌သာ ရရှိနိုင်လေသည်။ ဘုရား၊တရား၊သံဃာဟူသောရတနာသုံးပါးသည် သာသနာတွင်းကာ လ၌သာ ပေါ်ထွန်းနိုင်သောကြောင့် ဖြစ်ပါသည်။
ကမ္မဖလသဒ္ဓါကိုကား သာသနာတွင်းအခါ၊ သာသနာအပအခါနှစ်မျိုးလုံး၌ ရရှိနိုင်၏။ ယင်းကမ္မ ဖလသဒ္ဓါသည် ကမ္မသကတဉာဏ်၌ အကျုံးဝင်သည်။ ကမ္မဿကတာဉာဏ်ကို အရင်းခံသော ပုဂ္ဂိုလ်များသည် လူ၊နတ်၊ဗြဟ္မာဟူသော သုဂတိဘုံဘ၀တို့ကိုသာ ရရှိခံစားနိုင်ကြ၏။ မဂ်၊ဖိုလ်၊ နိဗ္ဗာန်ကိုကား မရရှိနိုင်ကြပေ။
၁း၂း၇း၁။ဘုရားအလောင်းနှင့်ကမ္မဖလသဒ္ဓါ
ဘုရားအလောင်းပါရမီဖြည့်စဉ်က အလောင်းတော်၏ ကမ္မဖလသဒ္ဓါကား ကြောက်ခမန်းလိလိ ပင်ဖြစ်၏။ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားအလောင်းသည် ဗာရာဏ သီပြည် သူဌေးမျိုးနွယ်၌ ဖြစ်လေသည်။ အရွယ်ရောက်၍ မကြာမြင့်မီမှာပင် သူ့ဖခင်ကွယ် လွန်ခဲ့လေရာ သူဌေးအရာကို ဆက်ခံရလေသည်။ သူဌေးအဖြစ်သို့ ရောက်လာသည်ဆိုလျင်ပင် အလှူပေးရန် မဏ္ဍပ်ကြီးခြောက်ခုတို့ကို ဆောက်လုပ်စေသည်။ မဏ္ဍပ်ကြီးခြောက်ခုတို့၌ နေ့ညမပြတ် အလှူကြီးပေးသည်။ ဥပုသ်လည်း ဆောက်တည်သည်။ တစ်နေ့သောအခါ သူဌေးသည် မွန်မြတ်သော ဘောဇဉ်များဖြင့် နံနက်စာတည်ခင်းမည်ပြုခိုက် ပစ္စေကဗုဒ္ဓါတစ်ပါးသည် အိမ်ရှေ့၌ ဆွမ်းရပ်လာသည်။
သူဌေးသည် ပစ္စေကဗုဒ္ဓါကို မြင်လိုက်ရသည်ဆိုလျင် အနီးရှိလူတစ်ယောက်အား ပစ္စေကဗုဒ္ဓါ၏ လက်မှ သပိတ်ကို သွား၍ ယူစေသည်။ ယင်းခဏတွင်ပင် မာရ်နတ်သည် ''ငါသည် ဤပစ္စေက ဗုဒ္ဓါကိုလည်း ဖျက်စီးမည်။ သူဌေး၏ အလှူကိုလည်း နှောင့်ယှက်မည်ဟု နှလုံးသွင်း၍ အိမ်နှင့် ပစ္စေကဗုဒ္ဓါအကြားတွင် အတောင်ရှစ်ဆယ်ရှိ မီးကျီးတွင်းကြီးတစ်ခုကို ဖန်ဆင်းလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ပြင်၌ ရပ်နေလိုက်သည်။
သပိတ်ယူရန် ထွက်လာသူသည် မီးကျီးတွင်းကို တွေ့လိုက်ရသည်နှင့် သူဌေးထံ ပြန်ပြေး လာသည်။ ''ချစ်သား အဘယ့်ကြောင့် ပြန်လာခဲ့ရသနည်း'' ဟု သူဌေးက မေးသည်။ ဤတွင် သူက မီးကျီးတွင်း အကြောင်းကို ပြောပြလေသည်။ သို့ဖြင့် နောက်တစ်ယောက်ကို ထပ်၍ လွှတ်လိုက် ပြန်သည်။ ထိုသူလည်း မအောင်မြင်ခဲ့ပြန်။ သူဌေးသည် မကျေနပ်၍ ထပ်လွှတ်ပြန်သည်။ မည္သူ လက္တြင္မ် သပိတ္ပါမလာခဲ့။ ထိုအခါ သူဌေးသည် သူကိုယ်တိုင် ဆွမ်းခွက်ကိုယူကာ အိမ်ထဲမှ ထွက်ပြီး မီးကျီးတွင်း နှုတ်ခမ်းတွင်ရပ်၍ ကောင်းကင်သို့ မော့ကြည့်လျက် '' ဤမီးကျီးတွင်းကို သင်ဖန်ဆင်းသလော'' ဟု မာရ်နတ်ကို မေး၏။ မာရ်နတ်က သင်၏ အလှူနှင့် ပစ္စေကဗုဒ္ဓါ၏ အသက်ကို ဖျက်ဆီးလို၍ ဖန်ဆင်းသည်ဟု တုန့်ပြန်ပြောဆိုသည်။ ထိုအခါ သူဌေးက '' ငါသည် မိမိ၏အလှူကို လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ၏ အသက်ကိုလည်းကောင်း သင့်၏ အန္တရာယ်ပြုခြင်း ငှါ မပေး။ သင်နှင့်ငါတွင် မည်သူက စွမ်းအားမြင့်သည်ကို ယခုပင် သင်သိရမည်'' ဟုပြောသည်။ တစ်ဖန်ပစ္စေကဗုဒ္ဓါအား '' အရှင်ဘုရား တပည့်တော်သည် ဤမီးကျီးတွင်း၌ ဦးစောက်ကျသော်လည်း မပြန်တော့ပါ။ အရှင်ဘုရားသည် တပည့်တော်လှူသော ဘောဇဉ်ကို ခံယူတော်မူပါ'' ဟုလျောက်ထား ပြီးလျင် မီးကျီးတွင်းပေါ်သို့ နင်းလိုက်သည်။
ယင်းခဏ၌ပင်လျင် ပွင့်ချပ်တစ်ရာပါသော ပဒုမ္မာကြာပွင့်ကြီးသည် မီးကျီးတွင်းမှ ပေါ်ပေါက်လာလေရာ သူဌေးသည် ကြာပွင့်ပေါ်တွင် နင်း၍ ပစ္စေကဗုဒ္ဓါအား ဆွမ်းလောင်း လှူသည်။ ပစ္စေကဗုဒ္ဓါသည် ဆွမ်းအနုမောဒနာပြုပြီးနောက် လူအများဖူးမြှော်နေစဉ်မှာပင် ကောင်းကင် ခရီးဖြင့် ဟိမ၀န္တာသို့ ကြွတော်မူလေသည်။ မာရ်နတ်လည်း စစ်ရှုံး၍ နှလုံးမသာမယာဖြင့် သူ့နေရာသို့ ပြန်သွား လေတော့သည်။ ၁ ဤ၀တ္ထုကိုကြည့်လျင် ကမ္မဖလသဒ္ဓါပေါ်ယုံကြည်မှု အပြည့်ထားရှိသော အလောင်းတော်၏ စိတ်ဓာတ်ကို တွေ့မြင်နိုင်၏။ ထိုစိတ်ဓာတ်ကြောင့် ကောင်း ကျိုးပြီးမြောက် လိုရာရောက်သွားသည်ကိုလည်း တွေ့မြင်နိုင်၏။
၁း၂း၇း၂။ မဟာကပ္ပိနမင်းနှင့် ရတနတ္တယသဒ္ဓါ
ရတနတ္တယသဒ္ဓါနှင့်စပ်၍ မဟာကပ္ပိနမင်း၏ ယုံကြည်မှုမှာ လေးစားအားကျဖွယ်ကောင်းလှ၍ တင်ပြလိုပါသည်။ ကုက္ကဋ၀တီမြို့ဝယ် မဟာကပ္ပိနဟူသော မင်းတစ်ပါးရှိ၏။ ထိုမင်းတွင် ဗလ၊ ဗလ၀ါဟန၊ ပုပ္ဖ၊ ပုပ္ဖ၀ါဟန၊ သုပတ္တဟုအမည်ရသော စီးတော်မြင်းငါးစီး ရှိ၏။ ထိုမြင်းငါးစီးတို့တွင် သုပတ္တမြင်းကို မိမိကိုယ်တိုင်စီးပြီး ကျန်လေးစီးကို မြင်းသည်တော်တို့အား စီးစေ၍ ရတနာသုံးပါး ပေါ်ထွန်းမှုသတင်းကို နေ့စဉ်စုံစမ်းစေ၏။ တစ်နေ့သ၌ မင်းကြီးသည် အမတ်တစ်ထောင်ခြံရံလျက် ဥယျာဉ်သို့ ထွက်စဉ် ယူဇနာ၁၂၀ဝေးသော သာဝတ္ထိပြည်မှလာသော ကုန်သည်ငါးရာနှင့်တွေ့၏။ ထိုအခါ မင်းကြီးက''သတင်းစကား တစ်စုံတစ်ရာပါသလော'' ဟု မေး၏။ ကုန်သည်တို့က ''ဘုရား ပွင့်ပါပြီ''ဟုဖြေ၏။ ထိုအခါ မင်းကြီးသည် တစ်ကိုယ်လုံး ပီတိလွှမ်းသွားပြီး '' အမောင်တို့ အဘယ်သို့ ဆိုလိုက်သနည်း'' ဟုလေးကြိမ်တိုင်အောင် အထပ်ထပ်မေး၏။ ကုန်သည်တို့က ''ဘုရားပွင့်ပါပြီ'' ဟု၍ပင် အဖြေပေး၏။ မင်းကြီးက ကုန်သည်တို့အား အသပြာတစ်ထောင်ဆုချ၏။ တရားရတနာ၊ သံဃာရတနာပေါ်ထွန်းမှု၌လည်း အထက်ပါအတိုင်းလေးကြိမ်တိုင်တိုင် အမေးအဖြေ ပြုကြပြီး အသပြာတစ်ထောင်စီ ဆုချ၏။ မဟာကပ္ပိနမင်းကြီးသည် ထိုအရပ်မှပင် မိမိ၏မိဖုရား အနောဇာဒေ၀ီထံသို့ နန်းအပ်ကြောင်း သ၀ဏ်လွှာပါးစေ၍ သာဝတ္ထိပြည်သို့ ကြွသွားလေ၏။လမ်းခရီးအကြား၌ အနက်တစ်ဂါဝုတ်၊ အကျယ်နှစ်ဂါဝုတ်ရှိသော အပရစ္ဆာမည်သော မြစ်တစ်စင်းကို တွေ့လေ၏။ လှေကူးတို့မရှိသောကြောင့် ဘုရား၌ အာရုံပြုသောသတိ(ဗုဒ္ဓါနုဿတိ)ကို ဆင်ခြင်ပွား များလျက် မြင်းကျောကုန်းတို့၌ ထိုင်၍ မြစ်ကို ဖြတ်သန်း၏။ ကျောက်ဖြာ၌ သွားသကဲ့သို့ မြင်းတို့သည် သွားကြကုန်၏။ ထိုမြစ်ကို ဖြတ်ပြီးသောအခါ အနက်အကျယ်အားဖြင့် ယူဇနာဝက်ရှိသော နီလ၀ါဟိနီမည်သော မြစ်တစ်စင်းကို တွေ့ပြန်သည်။ ထိုမြစ်ကိုလည်း တရား၌အာရုံပြုသောသတိ (ဓမ္မာနုဿတိ)ဖြင့် ဖြတ်ကျော်ခဲ့၏။ တစ်ဖန် အနက်အကျယ်အားဖြင့် တစ်ယူဇနာရှိသော စန္ဒဘာဂါမြစ်ကို သံဃာ၌အာရုံပြု၍ဖြစ်သောသတိ(သံဃာနုဿတိ)ဖြင့် ဖြတ်ကျော်ခဲ့၏။ မြတ်စွာဘုရား ရှင်ကလည်း သာဝတ္ထိပြည်မှ ယူဇနာ၁၂၀ဝေးသော နေရာ၌ သီတင်းသုံးလျက် မဟာကပ္ပိနမင်းအလာကို မျော်လင့်၏။ မဟာကပ္ပိနမင်းသည် ဘုရားရှင်နှင့်တွေ့ဆုံပြီး တရားတော်ကို နာကြားရသောအခါ သောတာပန်ဖြစ်ခဲ့ကြ၏။ ရဟန်းဘ၀ဖြင့် တရားအားထုတ်ပြီး ရဟန္တာ ဖြစ်သွားသည်။၁
ထိုအရှင်သည် နောင်အခါ
''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဘိက္ခုသြ၀ါဒကာနံ ယဒိဒံ မဟာကပ္ပိနော၂ဟု ဧတဒဂ်ရာထူးရတော်မူ၏။ မြတ်စွာဘုရားသည် မဟာကပ္ပိနမင်းကို သြ၀ါဒအရာ၌ ဧတဒဂ်ပေးတော်မူ၏။
ထိုဝတ္ထုကို ရှုလျင် မဟာကပ္ပိန၏ ရတနတ္တယသဒ္ဓါ၌ ယုံကြည်မှုမှာ အံ့သြအတုယူဖွယ် ကောင်းလှသည်ကို တွေ့မြင်နိုင်၏။
၁း၂း၈။ စလသဒ္ဓါနှင့်အစလသဒ္ဓါ
သဒ္ဓါတရားသည် တုန်လှုပ်တတ်သောသဒ္ဓါတရားနှင့် မတုန်လှုပ်တတ်သောသဒ္ဓါဟု နှစ်မျိုးရှိပြန်၏။ တုန်လှုပ်တတ်သောသဒ္ဓါသည် စလသဒ္ဓါဖြစ်၏။ ပုထုဇဉ်တို့သန္တာန်၌ဖြစ်သော သဒ္ဓါတရားသည် စလသဒ္ဓါမျိုးဖြစ်၏။ ပုထုဇဉ်တို့သည် ဒိဋ္ဌိဝိစိကိစ္ဆာတို့ကို မပယ်ရသေးသဖြင့် ထိုပုဂ္ဂိုလ်တို့၏ သဒ္ဓါတရား သည် အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားနိုင်၏။ ထိုသို့ ပျက်စီးလွယ်သဖြင့်လည်း ထိန်းသိမ်းရန် ခက်ခဲ၏။ ပုထုဇဉ်တို့၏ သန္တာန်၌ဖြစ်သော စလသဒ္ဓါမျိုးကို ပျက်စီးမသွားအောင် အာမခံလျက် ထိန်းသိမ်းထားနိုင်ခြင်းလည်း မရှိပေ။ ရဟန္တာများသော်မှ အာမမခံနိုင်သော တရားဖြစ်လေသည်။
အရိယာပုဂ္ဂိုလ်တို့သည် ရတနာသုံးပါးအပေါ်၌ ယုံမှားတတ်သော ၀ိစိကိစ္ဆာကို ပယ်ပြီး ဖြစ်သောကြောင့် အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်ဖြစ်သောသဒ္ဓါသည် မတုန်လှုပ်သော အစလသဒ္ဓါ မည်၏။ အစလသဒ္ဓါမျိုးရှိသူသည် ယခုလက်ရှိဘ၀၌လည်း ရတနာသုံးပါးအပေါ်၌ ယုံကြည်မှု ပျက်စီး ခြင်းမရှိ။ တမလွန်ဘ၀၌လည်း ရတနာသုံးပါးနှင့် ကံ ကံ၏ အကျိုးတရားအပေါ်၌ ယုံကြည်မှု ပျက်စီးခြင်း မရှိတော့ပေ။ ထိုကဲ့သို့ ရတနာသုံးပါးအပေါ်၌ ယုံကြည်နေမှုကို နတ်၊ ဗြဟ္မာ၊ သိကြားမင်း တို့ ၀ိုင်းဝန်းဖျက်စီးသော်လည်း မပျက်စီးနိုင်ပေ။ စလသဒ္ဓါမျိုးကား မပျက်စီးအောင် အာမခံနိုင်ခြင်းမရှိ။ အချိန်နေရာမရွေး ပျက်စီးသွားနိုင်၏။
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ စလသဒ္ဓါတရားအရာ၌ အာမခံချက်မရှိကြောင်းကို သာဓက ထုတ်ဆောင်ရ လျင်-
အခါတပါး၌ အရှင်သီဝလိ၏ မယ်တော်ဖြစ်သော သုပ္ပါဝါသာသည် ကောလိယမင်းသားအား ဘုရားအမှူးရှိသော သံဃာများကို ဆွမ်းစားပင့်ခိုင်း၏။ ထိုအချိန်တွင် မဟာမောဂ္ဂလာန် ၏တပည့်အရင်းဖြစ်သော ဒကာတစ်ဦးသည် မြတ်စွာဘုရားရှင်အား ဆွမ်းစားပင့်ထားပြီး ဖြစ်နေ၏။ သာသနာတော်တွင် အစဉ်အလာအားဖြင့် ရှေးဦးစွာပင့်ထားပြီးသော ဆွမ်းရှိလျင် ထိုဆွမ်းကို ပယ်ပြီးမှ နောက်ထပ်ပင့်ဆောင်လာသော ဒါယကာ၏ဆွမ်းကို လက်ခံရမြဲဖြစ်၏။ ရှေးဦးစွာဖိတ်သောဆွမ်းကို မပယ်ဖြစ်ဘဲ နောက်ထပ်ဖိတ်သူ၏ ဆွမ်းကို လက်မခံရချေ။ ထိုအစဉ်အလာအတိုင်း ဘုရားရှင်တို့သည် ထူးခြားသော အကြောင်းတစ်စုံတစ်ရာမရှိပါက ပယ်ဖျက်ရိုးထုံးစံမရှိပေ။ မြတ်စွာသည် ရှေးဦးစွာ ပင်ဖိတ်ထားသော ဒါယကာ၏ ဆွမ်းရှိပြီး ဖြစ်သောကြောင့် ထိုဆွမ်းကိုပယ်မြစ်ရန် ဒါယကာနှင့် အရင်းနှီးဆုံးဖြစ်သော အရှင်မဟာမောဂ္ဂလာန်အား တာဝန်ပေးလိုက်၏။ အရှင်မောဂ္ဂလာန်သည် ထိုဒါယကာ၏အထံသို့သွား၍ အကျိုးအကြောင်းပြောကာ ခုနှစ်ရက်နောက်ဆုတ်ရန် မေတ္တာ ရပ်ခံ၏။
ထိုအခါ ဆွမ်းဒါယကာက '' အရှင်ဘုရား တပည့်တော်၏ အသက်စည်းစိမ်ဥစ္စာနှင့်သဒ္ဓါ တရားကို 'ဤခုနှစ်ရက်အတွင်း မပျက်စီးစေရပါ' ဟု အာမခံချက်ပေးနိုင်လျင် သုပ္ပ၀ါသာအား မနက်ဖြန် ဆွမ်းကပ်ခွင့်ပြုလိုက်ပါ'' ဟု လျောက်ထားလေ၏။ အရှင်မောဂ္ဂလာန်သည် ဉာဏ်ဖြင့် ဆင်ခြင်၍ ခုနှစ်ရက်အတွင်း ဒါယကာ၏ အသက်နှင့်စည်းစိမ်ကို မပျက်စီးစေရန် တာဝန်ယူ၏။ ''ဆင်၏ သဒ္ဓါတရားကိုကား သင်ကိုယ်တိုင်ပင် တာဝန်ယူပါ'' ဟု မိန့်ကြားတော်မူ၏။၁
ဤသာဓကကို ကြည့်ပါက ပုထုဇဉ်တို့၏ သဒ္ဓါတရားကို တန်ခိုးအရာဧတဒဂ်ရသော လက်ဝဲတော်ရံ အဂ္ဂသာဝကကြီး အရှင်မောဂ္ဂလာန်သော်မှပင် အာမခံချက်မပေးနိုင်သည်ကို တွေ့ရ၏။ ပုထုဇဉ်တို့၏ သဒ္ဓါတရားမှာ ခိုင်မြဲခြင်းမရှိဘဲ လေဟာပြင်တွင် ထွန်းညှိထားသော ဆီမီးတိုင်ကဲ့သို့ အချိန်ကာလမရွေး ပျက်စီးနိုင်သည်မှာ သိသာထင်ရှားလှ၏။ ရဟန္တာပုဂ္ဂိုလ်များပင် အာမခံချက် မပေးနိုင်သောအရာကား ပုထုဇဉ်တို့၏ သဒ္ဓါတရားပင်ဖြစ်လေသည်။
၁း၂း၈း၁။ အရိယာပုဂ္ဂိုလ်တို့နှင့် အစလသဒ္ဓါ
အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်သော သဒ္ဓါတရားသည်ကား မြင်းမိုရ်တောင်နှင့် တူ၏။ အရိယာ မဂ်တည်းဟူသော ရေသောက်မြစ်တွယ်နေသည်ဖြစ်၍ အလွန်ခိုင်မြဲသောကြောင့် ဖြစ်၏။ မြင်းမိုရ်တောင် သည် အရပ်လေးမျက်နှာတို့မှလာသော လေမုန်တိုင်းတို့ကြောင့် မတုန်မလှုပ်ဘဲ ကြံ့ကြံ့ခံနိုင်၏။ ထို့အတူ အရိယာပုဂ္ဂိုလ်တို့သည်စည်းစိမ်ဥစ္စာဖြင့် ဖြားယောင်း၍ဖြစ်စေ၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်၍ ဖြစ်စေ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးမဲ့အပြစ်ကို ပြောဆိုခိုင်းပါက စည်းစိမ်ဥစ္စာနှင့် အသက်ကိုသာ စွန့်လွှတ်ကြပေမည်။ မည်သည့်အခါမှ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုလိမ့်မည်မဟုတ်။ သူတို့၏ သဒ္ဓါတရားကို မည်သည့်နတ်ဗြဟ္မာမှ ဖျက်ဆီးခြင်းငှါ မစွမ်းနိုင်ပေ။
ဘုရားရှင်လက်ထက်တော်အခါ၌ သုပ္ပဗုဒ္ဓအမည်ရှိသော ကုဋ္ဌနူနာရောဂါသည်ကြီးသည် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သောတာပတ္တိမဂ်ရရှိ၍ အရိယာအဖြစ်သို့ ရောက်ရှိခဲ့၏။ တရားနာရာမှ အပြန်လမ်းခုလတ်သို့ ရောက်သောအခါ သိကြားမင်းက သုပ္ပဗုဒ္ဓ၏စိတ်ကို စမ်းသပ် လိုသည့်အတွက်''အဆွေသုပ္ပဗုဒ္ဓ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ်ဟု သင်ပြောက သင်အား ငါသည် ရွှေငွေပုံပေးမည်'' ဟုပြော၏။သုပ္ပဗုဒ္ဓက '' သင်သည် သိကြားမင်းမဟုတ်ပါလော၊ ငါသည် သင်ထင်သကဲ့သို့ ဆင်းရဲသူ တစ်ယောက်မဟုတ်ပေ။ ငါ့မှာ သဒ္ဓါစသော သူတော်ကောင်းတရား၊ သူတော်ကောင်းဥစ္စာများ ရှိသည့်အတွက် ငါသည် ဆင်းရဲသူမဟုတ်၊ ချမ်းသာသူသာဖြစ်၏။ ထို့ကြောင့် သင်ပြောခိုင်းသော စကားများကို ဘယ်သောအခါမှ ပြောလိမ့်မည်မဟုတ်'' ဟု သိကြားမင်းအား ပြန်လည်ပြောကြား လိုက်၏။၁
ဤသာဓကို ကြည့်ပါက သုပ္ပဗုဒ္ဓသည် ဆင်းရဲသောပုဂ္ဂိုလ်ပင်ဖြစ်သော်လည်း စည်းစိမ်ဥစ္စာဖြင့် သိကြားမင်း၏ ဖြားယောင်းမှုကို မျက်ကွယ်ပြုခဲ့၏။ သူကိုယ်တိုင်လည်း သဒ္ဓါစသော သူတော်ကောင်းတရား၊ သူတော်ကောင်းဥစ္စာရှိသည့်အတွက် လူချမ်းသာဟုပင် ကြွေးကြော်ခဲ့၏။ စင်စစ် သုပ္ပဗုဒ္ဓသည် မြတ်စွာဘုရား၏ အရိယာတပည့်သာဝကတစ်ဦးဖြစ်၏။ ရတနာသုံးပါးအပေါ်၌ စွဲမြဲသက်ဝင်ယုံကြည်၏။ မည်သည့်အန္တရာယ်ကြောင့်မှ ရတနာသုံးပါး အပေါ်၌ ယုံကြည်မှုကို မစွန့်။
၁း၂း၉။ အာဂမသဒ္ဓါ
သဒ္ဓါတရားသည် ဖြစ်ပွါးသည့်ပုဂ္ဂိုလ်၏အစွမ်းအားဖြင့် အာဂမသဒ္ဓါ၊အဓိဂမသဒ္ဓါ၊ သြကပ္ပနသဒ္ဓါ၊အဓိဂမသဒ္ဓါဟု လေးပါးကွဲပြားရာ ထိုတွင် အာဂမသဒ္ဓါဆိုသည်မှာ ဘုရား အလောင်းသည် ဘုရားဆုပန်ဆင်သော အခါမှစ၍ တွန့်ဆုတ်မှုမရှိ အစဉ်အမြဲဦးဆောင်မှု ပြုနေသည့် ယုံကြည်မှု သဒ္ဓါမျိုးဖြစ်၏။ ဤသဒ္ဓါမျိုးသည် ဘုရားလောင်းတို့၏ သန္တာန်၌သာ ဖြစ်၏။၂
ဘုရားအလောင်းတော်များတွင်----
ဝိရိယာဓိက ဘုရားအလောင်းသည် (၁၆) သင်္ချေနှင့် တစ်ကမ္ဘာတစ်သိန်း၊
သဒ္ဓါဓိက ဘုရားအလောင်းသည် (၈) သင်္ချေနှင့် တစ်ကမ္ဘာတစ်သိန်း၊
ပညာဓိက ဘုရားအလောင်းသည် (၄) သင်္ချေနှင့် တစ်ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ရသည်။ ထိုသို့ ပါရမီတရားများကို ဖြည့်ကျင့် နေစဉ် အတွင်း၌ ဘ၀မျိုးစုံ၌ ဖြစ်ကြရ၏။ တိရစ္ဆာန်ဘ၀သို့ပင် ရောက်စေကာမူ ယုံကြည်မှု သဒ္ဓါတရားသည် ခိုင်မြဲလျက်ပင်ရှိ၏။ ဘုရားအလောင်းတော်တို့၏ ထိုကဲ့သို့ ခိုင်မြဲသော သဒ္ဓါတရားကို အာဂမသဒ္ဓါဟု ခေါ်၏။
၁း၂း၉း၁။အဓိဂမသဒ္ဓါ
သောတာပန်စသော အရိယာသာဝကတို့၏ သန္တာန်၌ သစ္စာလေးပါးမြတ်တရားကို ထိုးထွင်း၍ သိချိန်မှစ၍ ဖြစ်ပေါ်လာသည့် ရတနာသုံးပါး၌ သက်ဝင်ယုံကြည်သော သဒ္ဓါတရားသည် အဓိမာန သဒ္ဓါမည်၏။၃ ထိုသဒ္ဓါသည် အရိယာပုဂ္ဂိုလ်ဖြစ်သည်မှ စ၍ဖြစ်ပေါ်လာသည့် ရတနာသုံးပါး၌ သက်ဝင် ယုံကြည်သော သဒ္ဓါတရားသည် အဓိဂမသဒ္ဓါမည်၏။၁ ထိုသဒ္ဓါသည် အရိယာဖြစ် သည်မှစ၍ ပရိနိဗ္ဗာန်စံသည့် တိုင်အောင် ပျက်စီးမှုမရှိ တည်တံ့ခိုင်မြဲမှု ရှိပါသည်။
အရိယာပုဂ္ဂိုလ်တို့အား မဂ်၏ အစွမ်းဖြင့်ဖြစ်သော အဓိဂမနသဒ္ဓါ၏ ရတနာသုံးပါး အပေါ်၌ ယုံကြည်တည်တံ့ခိုင်မြဲပုံကို သုရမ္ဘဋ္ဌဥပါသကာဝတ္ထုဖြင့် သာဓကပြုနိုင်၏။
မြတ်စွာဘုရားသည် သာဝတ္ထိပြည်ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား သုရမ္ဘဋ္ဌဥပါသကာသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ တရားတော်ကို နာယူလေ၏။ ရှေးကောင်းမှု ကံထောက်ပံ့သည့်အလျောက် သောတာပန်ဖြစ်၍ အိမ်ပြန်လာသည်။ အိမ်သို့ ရောက်ပြီးခဏအကြာ တွင် ၀သ၀တ္ထိပြည်မှ ဆင်းလာသော မာရ်နတ်သည် ဘုရား အသွင်တော်ဖန်ဆင်း၍ သုရမ္ဘဋ္ဌအိမ်သို့ ရောက်လာ၏။ သုရမ္ဘဋ္ဌသည် မြတ်စွာဘုရား အထင်ဖြင့် ရှိခိုးပြီးရပ်နေ၏။ ထိုအခါ ဘုရားရှင်သဏ္ဍာန် ဖန်ဆင်းထားသော မာရ်နတ်သည် ''ဒါယကာ သုရမ္ဘဋ္ဌ ငါဘုရားသည် သင့်အား ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့သည် အမြဲမရှိဟု ဟောကြားခဲ့၏။ ထိုသို့ ဟောကြားခြင်းသည် မဆင်ခြင် မစူးစမ်းဘဲ ဟောကြားမိခြင်းဖြစ်သည်။ ဒါယကာ သုရမ္ဘဋ္ဌ သင်သည် ယနေ့မှစ၍ အသက်ဆုံးသည့် တိုင်အောင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့သည် မြဲ၏ဟူ၍ မှတ်ပါလေ''ဟု ဟောကြား၏။
ထိုအခါ သုရမ္ဘဋ္ဌသည် '' ဘုရားရှင်တို့မည်သည်ကား မစူးစမ်းမဆင်ခြင်ဘဲ ဟောရိုးထုံးစံမရှိ။ စင်စစ်မာရ်နတ်သည် ငါ၏ သဒ္ဓါတရားကို တားမြစ်ဖျက်ဆီးရန် လာရောက်ခြင်းဖြစ်မည်'' ဟုတွေး၍ ''အသင်ကား မာရ်နတ် မဟုတ်လော'' ဟုမေး၏။ မာရ်နတ်က ဟုတ်သည်ဟု ၀န်ခံသောအခါ အဘယ့်ကြောင့် ဤကဲ့သို့ ဘုရားရှင်သဏ္ဍာန်ယူရသနည်းဟု မေး၏။ မာရ်နတ်က '' သင်၏ သဒ္ဓါတရားကို ဖျက်ဆီးရန် လာပေသည်''ဟုဆို၏။ ထိုအခါ သုရမ္ဘဋ္ဌက'' သင်ကဲ့သို့သော မာရ်နတ်တစ်ယောက်တည်းကို မဆိုထားနှင့်'' ဟုပြောဆိုနှင်ထုတ်လိုက်၏။ ညနေချမ်းအခါတွင် သုရမ္ဘဋ္ဌဥပါသကာသည် မြတ်စွာဘုရားအား ဖြစ်ပျက်ပုံ အကြောင်းမျိုးစုံကို လျောက်ာထား၏။ မြတ်စွာဘုရားက သုရမ္ဘဋ္ဌအား အဝေစ္စပသစ္စ= မတုန်မလှုပ် သက်ဝင်ယုံကြည်ဟူသော ဧတဒဂ်ဘွဲ့ထူး ကို ပေးသနားတော်မူသည်။၂ ဤသည်မှာ အရိယာတို့၏ သဒ္ဓါတရားကို လိမ်လည်လှည့်ဖြား၍ ဖျက်သော်လည်း ပျက်မသွားသည့် သာဓကဖြစ်၏။
ထို့အပြင် အရိယာတို့၏ သဒ္ဓါတရားကို ခြိမ်းခြောက်၍လည်း မဖျက်ဆီးနိုင်ပေ။ မဖျက်ဆီးနိုင်ပုံကို ဓနဉ္စာနီဝတ္ထုဖြင့် သိအပ်၏။ ဓနဉ္စာနီပုဏ္ဏေးမကြီးသည် ဘုရားရှင်အား အလွန် ကြည်ညိုသည့် သောတာပန်တကာမတစ်ဦးဖြစ်၏။ ခင်ပွန်းဖြစ်သည့် ဘာရဒွါဇပုဏ္ဏားကြီးကမူ သာသနာတော်မှ အပဖြစ်သည့် ဗြဟ္မဏပုဏ္ဏားများကိုသာ ယုံကြည်ဆည်းကပ်လေ့ရှိ၏။ ဓနဉ္စာနီပုဏ္ဏေးမကြီးသည် ချေဆတ်သည့်အခါ၌ဖြစ်စေ၊ တစ်ခုခုနှင့်တိုက်မိသည့်အခါ၌ဖြစ်စေ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿဟု ဥဒါန်းကျူးလေ့ရှိ၏။ ဘာရဒွါဇပုဏ္ဏားကြီးက ပုဏ္ဏေးမအား ယင်းသို့မရွတ်ဆိုရန် ပြော၏။ အဖန်ဖန်တားမြစ်ထားသော်လည်း မတားမြစ်နိုင်ဘဲရှိလေ၏။ ထိုအခါ ဘာရဒွါဇပုဏ္ဏားကြီးသည် သံလျက်ဓားလွယ်ကြီးကို ကိုင်လျက် '' မနက်ဖြန်ပုဏ္ဏားများ ဆွမ်းစား နေစဉ်မှာ ဦးပြည်းရဟန်းကို ရှိခိုးလျင် သင့်ကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်ပစ်မည်'' ဟု ပြော၏။ ထိုအခါ ဓနဉ္စာနီပုဏ္ဏေးမကြီးသည် ''သင်သည် ငါ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ဖြတ် စေကာမူ ငါကားဘုရားမြတ်၏ သာသနာတော်မှ ရှောင်ကြဉ်မည်မဟုတ်'' စသည့်အဓိပ္ပါယ်ရှိသော ဂါထာငါးရာတို့ကို ရွတ်ဆိုလျက် ငြင်းဆို၏။ ပုဏ္ဏားကြီးလည်း လက်လျော့သွားလေ၏။
နောက်နေ့၌ ပုဏ္ဏားတို့အား ကျွေးမွေးနေစဉ် ဓနဉ္စာနီသည် ခလုတ်တိုက်မိ၍ ချော်လဲသွားရှာ လေသည်။ ထိခိုက်မိသော ဒဏ်ရာကြောင့်နာကျင်မှုဒုက္ခဝေဒနာဖြစ်ပေါ်လာသောအခါ၌ ဓနဉ္စာနီသည် မြတ်စွာဘုရားကို သတိရ၍ ဦးခေါင်းထက်၌ လက်အုပ်ချီကာ ဘုရားရှိရာ ဝေဠုဝန်ကျောင်းတော်ဆီသို့ ညွတ်တွားလျက် နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿဟု သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးဆိုလျက် ကန်တော့မိလေသည်။ ထိုအခါ ပုဏ္ဏားတို့သည် အယူဇာတ်ကွဲပြားသောသူ၏ ထမင်းကို ငါတို့ မစားလို'' ဟု ပြောဆို စိတ်ဆိုးလျက် ထသွားကြလေ၏။
ဘာရဒွါဇပုဏ္ဏားလည်း အမျက်ဒေါသချောင်းချောင်းထလျက် ပုဏ္ဏေးမကို အမျိုးမျိုးဆဲဆိုပြီးလျင် မကျေနပ်သေးသောကြောင့် '' သူ့ဆရာကိုမေးခွန်းမေးမြန်း၍ ၀ါဒတင်မည်'' ဟု ကြံစည်ကာ ဘုရားထံသို့ သွား၍ မေးလေသည်။ မြတ်စွာဘုရားက ဖြေဆိုဟောကြားသောအခါ၌ ထိုပုဏ္ဏားသည် အကျွတ်တရားရ၍ သာသနာတော်တွင် ရဟန်းပြုလေ၏။ မကြာမီပင် ရဟန္တာဖြစ်သွားလေ၏။၁ ဤသာဓကဖြင့် ဓနဉ္စာနီသည် မိမိ အသက်ထက် ရတနာသုံးပါးအပေါ်ယုံကြည်မှု အဓိမာနသဒ္ဓါသည် မည်မျ ခိုင်မြဲကြောင်း ပေါ်လွင်၏။
ထို့အပြင် အရိယာတို့၏ သဒ္ဓါတရားကို စည်းစိမ်ဥစ္စာရတနာတို့ဖြင့် ဖြားယောင်း ဖျက်ဆီး၍ မရပေ။ ဤသည်ကို အထက်၌ ဖော်ပြခဲ့သော သုပ္ပဗုဒ္ဓနူနာသည် ၀တ္ထုက သက်သေခံလျက်ရှိ၏။
၁း၂း၉း၂။ သြကပ္ပနသဒ္ဓါ
သြကပ္ပနသဒ္ဓါဟူသည် ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဘုရား၊ တရား၊ သံဃာဟု ဆိုအပ်သော မတုန်မလှုပ်ကြည်ညိုသော ဂုဏ်နှင့်ယှဉ်သည့် သဒ္ဓါတရားမျိုးဖြစ်သည်။၁ ရတနာသုံးပါးနှင့်စပ်၍ မိစ္ဆာဒိဋ္ဌိအယူရှိသူတို့က မဟုတ်မမှန်စွပ်စွဲပြောကြားသော်လည်း ယုံမှားမှုမရှိ။ မတုန်မလှုပ် ကြည်ညိုသော သီရိဂုတ္တဥပါသကာ၏ သဒ္ဓါမျိုးဖြစ်သည်။ သာဝတ္ထိပြည်သား သီရိဂုတ္တရသူကြွယ်နှင့် ဂရဟဒိန သူကြွယ်တို့သည အလွန်အကျွမ်းဝင်သော သူငယ်ချင်းများဖြစ်ကြသည်။ သီရိဂုတ္တသူကြွယ်သည် မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်၍ ဂရဟဒိန္နမှာမူ မိစ္ဆာအယူရှိသော နိဂဏ္ဍတက္ကတွန်းတို့၏ တပည့်ဖြစ်၏။ သူငယ်ချင်းဖြစ်သူ ဂရဟဒိန္နသည် မြတ်စွာအပေါ်၌ အပြစ်ပြောဆို၏။ သူကိုးကွယ်သော နိဂဏ္ဍတက္ကတွန်းတို့ကို ချီးမွမ်းကာ နိဂဏ္ဍတို့ကိုသာ ကြည်ညိုရန် အမျိုးမျိုးတိုက်တွန်းလေ၏။ မည်သို့ပင် တိုက်တွန်းသော်လည်း သီရိဂုတ္တဥပါသကာသည် အနည်းငယ်မျ ယိမ်းယိုင်တုန်လှုပ်မှုမရှိဘဲ ရတနာ သုံးပါး၌ သက်ဝင်ယုံကြည်သော ပုထုဇဉ်မျသာဖြစ်သော်လည်း သူငယ်ချင်းဖြစ်သူ ဂရဟဒိန္န၏ စည်းရုံးမှုနောက်သို့ မလိုက်ပါပေ။ ရတနာသုံးပါးအပေါ်၌သာ စွဲမြဲစွာသက်ဝင်ယုံကြည်ခဲ့၏။ ဤသဒ္ဓါတရားမျိုးသည် ဂုဏ်နှင့်ယှဉ်သော သဒ္ဓါဖြစ်သောကြောင့် သြကပ္ပနသဒ္ဓါမည်။ နောင်သောအခါ ဂရဟဒိန္နသည် တရားတော်ကို နာကြား၍ သောတာပန်ဖြစ်လေ၏။ မိမိ၏ စည်းစိမ်ဥစ္စာအားလုံးကို စွန့်လှူကာ အသက်ထက်ဆုံး ကောင်းမှုကုသိုလ်များကို ကြိုးစားအားထုတ်ခဲ့လေ၏။၂
ဤသာဓကကို ရှုလျင် သီရိဂုတ္တဥပါသကာ၏ ကလျာဏပုထုဇဉ်ပီသစွာ ရတနာသုံးပါးအပေါ် ၌ မတုန်မလှုပ်ယုံကြည်သက်ဝင်မှုဟူသော အားကြီးသည့်သဒ္ဓါတရားကို မြင်နိုင်၏။ အရင်းနှီးဆုံး သူများ၏ စကားကိုပင် အယုံမလွယ်ခဲ့။ အကြောင်းအကျိုးဆက်စပ်စဉ်းစား၍ ကိုယ်ပိုင်ဉာဏ်ဖြင့်သာ ယုံကြည်ခဲ့၏။ သူသည် ရတနာသုံးတို့၏ ဂုဏ်တော်များကို အတွင်းကျကျသိကာ ကြည်ညိုသူဖြစ်၏။
၁း၂း၉း၃။ ပသာဒသဒ္ဓါ
ကြည်ညိုဖွယ်ကောင်းသော ၀တ္ထုအာရုံတို့၌ ကြည်ညိုမှု သဘောမျသာရှိသောသဒ္ဓါသည် ပသာဒသဒ္ဓါမည်၏။၃ ဤသဒ္ဓါမျိုးသည် ဂုဏ်မယှဉ်သည့် သဒ္ဓါမျိုးဖြစ်၍ ဖြစ်လွယ်ပျက်လွယ်သော သဘောရှိ၏။ ယုံကြည်ရုံမျသာ ဖြစ်၍ ဆင်ခြင်နိုင်မှု၊ အမှားအမှန် ခွဲခြားနိုင်မှု ဉာဏ်မရှိသောကြောင့် ယုံလွယ်ပျက်စီးလွယ်၏။ အမှတ်တမဲ့တမုဟုတ်ခြင်းဖြစ်ပေါ်တတ်သော ဉာဏ်မယှဉ်သည့် သဒ္ဓါ မျိုး ဖြစ်သောကြောင့် တည်တံ့ခိုင်မြဲခြင်း သဘော မရှိ။
ယခုခေတ်အခါ၌ ဤသဒ္ဓါမျိုးသည်သာလျင် အဖြစ်များ၏။ အဘယ့်ကြောင့်ဆိုသော် ရတနာ သုံးပါးနှင့် ကံကံ၏အကျိုးကို တကယ်မြတ်နိုးယုံကြည်မှုမရှိလှဘဲ တရားဟောကောင်းသည်ဟု ဆိုလျင် အမှတ်မဲ့ကြည်ညိုတတ်ခြင်း၊ စာပေကျမ်းဂန်တတ်သည်ဟုဆိုလျင် အမှတ်မဲ့ကြည်ညိုတတ်ခြင်း၊ အကျင့်သီလကောင်းသည်ဟုဆိုလျင် အမှတ်မဲ့ကြည်ညိုတတ်ခြင်း နောင်အခါ မိမိသဘော နှင့် မတိုက် ဆိုင်သော အကြောင်းတစ်ခုခုတွေ့က လွယ်လွယ်ကူကူနှင့်ပင် အကြည်ညိုပျက်တတ်ခြင်း ဟူသော သဘောမျိုးတို့သည် မကြာခဏကြုံတွေ့ရတတ်သော ကြောင့် ဖြစ်၏။
လူအားလုံး၏ သုံးပုံနှစ်ပုံသည် ရုပ်ချောသူကို ကြည်ညိုကြ၏။ လူအားလုံး၏ ငါးပုံ လေးပုံသည် နာမည်ကြီးသူကို ကြည်ညိုကြ၏။ လူအားလုံး၏ ဆယ်ပုံကိုးပုံသည် ခေါင်းပါးစွာ ကျင့်ကြံနေထိုင်သူကို ကြည်ညိုကြ၏။ သို့ရာတွင် တရားနှင့် အညီကျင့်ကြံနေထိုင်သူကို ကြည်ညိုတတ်သူကား လူအား လုံးကို တစ်သိန်းပုံလျင် တစ်ပုံသာ ရှိ၏ ဟု အဋ္ဌကထာ၌ မိန့်ဆိုထားပါသည်။၁
ဤသဒ္ဓါနှင့်စပ်၍မဟာဝဂ္ဂဋီကာ၌ '' ဤပသာဒသဒ္ဓါကား ဉာဏ၀ိပ္ပယုတ်သဒ္ဓါမျိုးဖြစ်၏။ ဉာဏ်မပါဘဲ အလွယ်ယုံကြည်သော သဒ္ဓါမျိုးဖြစ်၍ ပျက်လဲပျက်လွယ်၏။ စွဲစွဲမြဲမြဲ ယုံကြည်တတ်သော သဘောမရှိပေ။ ဂုဏ်နှင့်ယှဉ်သော သြကပ္ပနသဒ္ဓါကား တစ်ဘ၀လုံး ခိုင်မြဲ၏။ အဓိဂမနသဒ္ဓါကား ဆုပန်သည့် အခါမှစ၍ နိဗ္ဗာန်ရသည့်ဘ၀တိုင်အောင် ခိုင်မြဲ သော သဒ္ဓါတရားဖြစ်ပါသည်ဟု မိန့်ဆိုထားပါသည်။၂
သဒ္ဓါသည် မည်သို့ပင် အမျိုးအစား ကွဲပြားခြားနားပါသော်လည်း အနှစ်ချုပ်အားဖြင့် ခိုင်မြဲသော သဒ္ဓါတရားနှင့် မခိုင်မြဲသော သဒ္ဓါဟု နှစ်မျိုးသာရှိ၏။ အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါသည် ခိုင်မြဲ၍ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သဒ္ဓါမှာ မခိုင်မြဲပေ။ အချိန်တိုအတွင်းဝယ် ပျက်စီးသွားနိုင်၏။ ထို့ကြောင့် ပသာဒ သဒ္ဓါအဆင့်မှ သြကပ္ပနသဒ္ဓါအဆင့်သို့ ရောက်အောင် သြကပ္ပနသဒ္ဓါအဆင့်မှ အာဂမနသဒ္ဓါ အဆင့် ရောက်အောင် ကြိုစားသင့်လှ၏။ ဆုထူးပန် ပုဂ္ဂိုလ်တို့ကား အဓိဂမသဒ္ဓါအဆင့်ရောက်အောင် ကြိုးစားသင့်၏။
၁း၂း၉း၃း၁။ပသာဒမှ အဓိဂမနသို့ ပြောင်းခဲ့သည့် ၀က္ကလိမထေရ်
သာဝတ္ထိပြည်သား ပုဏ္ဏားတစ်ယောက်သည် ဆွမ်းခံကြွလာသော မြတ်စွာဘုရား၏ ရူပကာယ အသရေတော်၌ ဖူးမြှော်မ၀နိုင်သည်ဖြစ်၍ အမြဲဖူးမြှော်ခွင့်ရရန် ရဟန်းပြု၏။ စာပေကျက်မှတ်မှု ကမ္မဋ္ဌာန်းနှလုံးသွင်းမှုတို့ကို ပယ်၍ မြတ်စွာဘုရားအသရေတော်ကိုသာ ဖူးမြှော်လျက် နေ့တို့ကို ကုန်လွန်စေ၏။ မြတ်စွာဘုရားကလည်း ဂုဏ်ရင့်ကျက်ချိန် မတန်သေး၍ မည်သို့မျ မိန့်တော်မမူခဲ့ပေ။ ၀က္ကလိ၏ ဉာဏ်ရင့်ကျက်ချိန်၌ '' ဤအကောင်ပုပ်ကို ဖူးမြင်ခြင်းဖြင့် အဘယ်ကျိုးရှိအံ့နည်း။တရားကို မြင်သူသည် ငါဘုရားကိုလည်းမြင်၏။ ငါဘုရားကို မြင်သူသည် တရားကိုလည်း မြင်၏ဟု ဆုံးမ၏။ ဤသို့ဆုံးမသော်လည်း မနာခံခဲ့ပေ။
ထိုအခါ မြတ်စွာဘုရားက '' ဤရဟန်းသည် သံဝေဂမပါဘဲ သစ္စာသိလိမ့်မည် မဟုတ်'' ဟု သိတော်မူ၍ ၀ါတွင်းကာလနီးလတ်သော် ရာဇဂြိုဟ်ပြည်သို့ သွား၍ ၀ါကပ်ရာနေ့၌''၀က္ကလိ ထွက် သွားလော့၊ ၀က္ကလိ ထွက်သွားလော့''ဟု နှင်ထုတ်လိုက်၏။ ၀က္ကလိသည် ၀ါတွင်းကာလပတ်လုံး ဖူးမြှော်ခွင့်မရခဲ့၍ '' ငါ့အား အသက်ရှည်ခြင်းဖြင့် အကျိုးမရှိတော့၊ တောင်ပေါ်မှ ခုန်ချသေတော့ မည်ဟု ကြံကာ ဂိဇ္ဈကုဋ်တောင်သို့ တက်၏။
မြတ်စွာဘုရားသည် ''ဤ၀က္ကလိသည် ငါဘုရားထံမှဖြေသိမ့်မှု မရလျင် မဂ်ဖိုလ်၏ ဥပနိဿယကို ဖျက်ဆီးနိုင်သည်'' ဟု ကြံတော်မူ၍ ရောင်ခြည်တော်လွှတ်၍ ဖူးမြင်စေ၏။ ၀က္ကလိမထေရ်သည် ထိုအခါမှ အာသာပြေပျောက်လေ၏။ မြတ်စွာဘုရားက ''ဧဟိ ၀က္ကလိ= ၀က္ကလိ လာပါ'' ဟုခေါ်တော်မူသောအခါ၌ ၀မ်းမြောက်မှုအကြီးအကျယ်ဖြစ်သွား၏။
သွားဖို့ရန်လမ်းရှာမတွေ့သော ကြောင့် ကောင်းကင်သို့ ခြေတစ်လှမ်းဆင်းကာ မြတ်စွာဘုရားဟောကြားခဲ့သော ဂါထာများကို ဆင်ခြင်၏။ ဖြစ်ပေါ်လာသော ပီတိကို ပယ်ခွါပြီး ပဋိသမ္ဘိဒါလေးပါနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ မြတ်စွာဘုရားကို ရှိခိုးလျက်သာလျင် ရှေ့တော်မှောက်၌ တည်၏။ နောင်အခါ၌ မြတ်စွာဘုရားသည် ၀က္ကလိအား သဒ္ဓါလွန်ကဲသောအရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြှင့် တော်မူလေ၏။
ဤသာဓကကို ရှုပါက အရှင်ဝက္ကလိသည် မြတ်စွာဘုရားအပေါ်၌ ပသာဒသဒ္ဓါဖြင့် ကြည်ညိုခဲ့ပြီး ရဟန္တာဖြစ်ပြီးနောက်ပိုင်းမှ အဓိမာနသဒ္ဓါအဖြစ်သို့ ပြောင်းလဲခဲ့သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် လူသားတို့အနေဖြင့် ခိုင်မြဲသော သဒ္ဓါတရားအဖြစ်သို့ ရောက်ရှိရန် ဂရုတစိုက်ကြိုးစားသင့်လှ၏။
၁း၂း၁၀။ သဒ္ဓါတရားရှိသူ၏ လက္ခဏာ (၃)ပါး
အဘယ်သို့လျင် သဒ္ဓါရှိသူကို သိနိုင်မည်နည်းဟု စောဒကတက်ဖွယ်ရှိ၏။ ရွှေ၏ အရည်အသွေး ကောင်းမကောင်းကို မှတ်ကျောက်တင်ကြည့်မှ သိနိုင်၏။ ထို့အတူ သဒ္ဓါရှိသူဟုတ်၊ မဟုတ်ကိုလည်း အောက်ပါလက္ခဏာများဖြင့် ကြည့်ရှုရပေမည်။ သဒ္ဓါတရားရှိသူ၏ လက္ခဏာသုံးပါးရှိ၏။ ယင်းတို့မှာ--
၁။ သီလရှိသူကို တွေ့မြင်ဆည်းကပ်လိုခြင်း၊
၂။ သူတော်ကောင်းတရားများကို နာယူလိုခြင်း၊
၃။ ၀န်တိုမှု မစ္ဆေရအညစ်အကြေးမရှိခြင်းတို့ ဖြစ်သည်။၁
ယင်းအင်္ဂါသုံးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟု မှတ်ယူနိုင်သည်။ ယင်း အင်္ဂါသုံးပါးနှင့် မပြည့်စုံလျင်မူ သဒ္ဓါတရားမရှိသူဟု မှတ်ယူရမည်။
၁း၂း၁၀း၁။ သီလရှိသူကို တွေ့မြင်ဖူးတွေ့လိုခြင်း
သဒ္ဓါတရားရှိသည် သီလရှိသူဟု ဆိုလျင် ဆယ်ယူဇနာ၊ ယူဇနာနှစ်ဆယ်၊ ယူဇနာလေးဆယ်၊ ခြောက်သောင်းသုံးရာဝေးသော ခရီးပင်ဖြစ်စေကာမူ မရောက်ရောက်အောင် သွား ရောက်ဖူးမြင်လေ့ရှိ ကြ၏။၁ သဒ္ဓါတရားရှိသူ၏ သီလရှိသူကို မြတ်နိုးပူဇော်လိုသောဆန္ဒကို ခရီးအကွာအဝေးက မတားဆီးနိုင်ပေ။ ဤသည်ကို အောက်ပါသာဓက များဖြင့် သက်သေပြုနိုင်ပါ၏။
ပါဋလိပုတ်မြို့တံခါးရှိ ဇရပ်၌နေသော ပုဏ္ဏားနှစ်ယောက်တို့သည် ကာဠ၀ဏ္ဏိမဏ္ဍပ်၌ သီတင်းသုံးသော မဟာနာဂမထေရ်၏ သီလစသော ဂုဏ်သတင်းကို ကြားရ၍ မထေရ်အား ဖူးရန် မြို့မှ ထွက်ကြ၏။ ပုဏ္ဏားတစ်ယောက်သည် လမ်း၌ပင် သေဆုံးသွား၏။ ကျန်သော ပုဏ္ဏားတစ် ယောက်သည် သမုဒ္ဒရာကို လှေဖြင့် ကူး၍ မဟာတိတ္တဆိပ်ကမ်း၌ သက်ဆင်း၏။ တစ်ဖန် အနုရာဓမြို့ သို့သွား၍ ကာဠ၀ဏ္ဏိမဏ္ဍပ်ရှိရာအရပ်ကို မေး၏။ ထိုအခါ ရာဟနဇနပုဒ်၌ ရှိသည်၏အဖြစ်ကို သိ၍ ထိုအရပ်သို့သွားကာ စူဠနဂရရွာ၌ တည်းခိုလေ၏။ နံနက်ခင်းချိန်၌ မထေရ်အား လှူဒါန်းရန် အာဟာရတို့ကို ပြင်ဆင်၍ ကျောင်းသို့ သွား၏။ ပရိသတ်အစွန်၌ နေ၍ အဝေးမှ ကြွလာနေသော မထေရ်ကို ရှိခိုးကာ တဖန်ချဉ်းကပ်၍ ခြေဖမိုးတို့၌ မြဲမြံစွာကိုင်လျက် ရှိခိုးပြန်၏။ ရှိခိုးလျက်ပင် '' အရှင်ဘုရား အရပ်တော်မြင့်လှပါ၏''ဟု လျောက်၏။ မထေရ်သည် အရပ်လည်း မရှည်၊ ပုလည်း မပုပေ။ သို့ဖြစ်၍ ''အရှင်ဘုရား အရပ်ကား မရှည်ပါပေ။ အရှင်ဘုရားတို့၏ ဂုဏ်သည်ကား အညို ရောင်ရှိသော သမုဒ္ဒရာကို ကျော်ကာ ဇမ္ဗူဒိပ်တစ်ခုလုံး ပြန့်နှံ့၏ဟု လျောက်၏။ ပုဏ္ဏားသည် မထေရ်အား ဆွမ်းလုပ်ကျွေးကာ သင်္ကန်းသုံးထည်ကို အပ်နှင်း၍ မထေရ်၏ အထံ၌ ရဟန်း ပြုလေ ၏။ မထေရ်၏ သြ၀ါဒကို လိုက်နာကာ နှစ်ရက်သုံးရက်ဖြင့်ပင် ရဟန္တာဖြစ်လေ၏။၂
သဒ္ဓါတိဿမင်းသည် '' ကြည်ညိုရှိခိုးလောက်သော ရဟန်းကိုတွေ့က ပြောကြပါ''ဟု လူအများ အား ပြောကြားလေ၏။ လူအများက မင်းကြီးအား မင်္ဂလ၀ါသီကုဋတိဿမထေရ်ကို ညွှန်ပြကြ၏။ မင်းကြီးသည် ယူဇနာငါးရာဝေးသော မထေရ်၏ နေရာသို့ သွား၏။ မထေရ်သည် မင်းကြီးလာ သည် သိရှိရ၍ ''ငါတို့အား အသက်ကြီးရာအခါ၌ မင်းနန်တော်၌ (နေခြင်းဖြင့်)အကျိုးမရှိ''ဟု ကြံ၍ နေ့သန့်စင်ရာ ညောင်စောင်း၌ လဲလျောင်း၍ မြေကြီးကို ခြစ်လျက်နေ၏။ မင်းကြီးသည် ထိုအခြင်းအရာကို တွေ့မြင်ရ၍ ''ရဟန္တာအား လက်ဆော့ခြင်း မည်သည်မရှိ၊ ဤပုဂ္ဂိုလ်သည် ရဟန္တာမဟုတ်'' ဟု ကြံ၍ ရှိမခိုးဘဲ နန်းတော်သို့ ပြန်လေ၏။ ''မထေရ်သည် ညောင်းစောင်းသည် မင်းကြီးမြင်စဉ် ကာလ၌ မြေ၌တည်ပါစေသတည်း''ဟု အဓိဋ္ဌာန်၍ ပရိနိဗ္ဗာန်ပြုလေ၏။ ¤င်းညောင်စောင်းသည် ငါးယူဇနာဝေးသော ကောင်းကင်မှ ကြွ၍ ထူပါရာမိသို့ ရောက်လေ၏။ အနီးအနားသစ်ပင်များသည် ကိုင်းညွတ်တာဝန်ကန်တော့ကြ၏။ လူများက ရှင်ဘုရင်ကို ပြောကြ၏။ ရှင်ဘုရင်က မယုံကြည်ပေ။ လူအများ၏ သာဓုခေါ်သံကို ကြား၍ ရှင်ဘုရင်ရောက်လာစဉ် ညောင်စောင်းသည် မြေသို့ကျ၏။ ရှင်ဘုရင်သည် နံ့သာစသည်တို့ဖြင့် သဂြိုဟ်မှုကို ပြုပြီး ဓာတ်တော်များကို ယူ၍ စေတီတည်လေ၏။၁
ဤသည်တို့ကား သဒ္ဓါတရားရှိသူတို့သည် သီလရှိသူကိုသာ ဖူးမြင်ရမည်ဆိုလျင် မည်မျဝေး သောအရပ်ပင် ဖြစ်စေကာမူ သွားရောက်ဖူးကြပုံများ ဖြစ်ကြ၏။
၁းး၂း၁၀း၂။ သူတော်ကောင်းတရားကို နာကြားလိုခြင်း
သဒ္ဓါတရားရှိသူတို့သည် သူတော်ကောင်းတရားကို နာကြားလိုစိတ်လည်း အစဉ်အမြဲရှိကြ၏။ ပိဏ္ဍပါတိကတိဿမထေရ်သည် တရားနာစဉ် မြွေကိုက်ခံရ၏။ တရားနာမပျက်စေရန် မြွေကို အိတ်၌ ထည့်၍ အိတ်အ၀ကို ပိတ်ထား၏။ အရုဏ်တက်ချိန်၌ အနာဂါမ်ဖြစ်လေ၏။ ထို့နောက် ရဟန်းတို့အား သူခိုးကို ဖမ်းမိသည်ဟု ပြော၍ မြွေကို ထုတ်ပြ၏။ ထိုအခါ ရဟန်းတို့က '' မြွေကို မည်သည့် အချိန်ကစ၍ မြင်သနည်း''ဟု ပြောကြ၏။ ထိုအခါ မထေရ်က '' မနေ့ညနေကတည်းက မြင်သည်'' ဟု မိန့်၏။ ရဟန်းတို့က ''ဤကဲ့သို့ ၀န်လေးသောအမှုကို အဘယ့်ကြောင့် ပြုလေသနည်း''ဟု မေးသောအခါ ''မြွေကိုက်ခံရသည်ကိုသာ ပြောခဲ့လျင် ဤသို့သော အနာဂါမ်ဖြစ် လိမ့်မည်မဟုတ်'' ပြန်ဖြေခဲ့၏။၂ သဒ္ဓါတရား ရှိသူတို့၏ သူတော်ကောင်းတရားနာလိုမှု ကုသလစ္ဆန္ဒ ကား အံ့သြမကုန်နိုင်ဖွယ်ပင်ဖြစ်၏။
တိဿရွာ တိဿမဟာဝိဟာရကျောင်း၌ သီတင်းသုံးသော ရဟန်းငယ်တစ်ပါးသည် မဟာဇာတကဘာဏကမထေရ်သည် ဂါထာတစ်ထောင်ရှိသော ဝေဿန္တရာဇာတ်တော်ကို ဟောကြား မည်ဟု ပြောသံကြား၍ ထိုရွာမှထွက်ကာ ယူဇနာခရီးကို တစ်ရက်တည်းဖြင့် ကြွ၏။ ရဟန်းငယ်သည် မထေရ်ဟောသော နောက်ဆုံးဂါထာကိုသာ နာလိုက်ရ၏။ ရဟန်းငယ်သည် ''ငါ၏ ပင်ပင်ပန်းပန်း လာရခြင်းကား အကျိုးမဲ့လေပြီ'' ဟု ပြော၍ငို၏။ ထိုစကားကိုကြားသော ဒါယကာတစ်ယောက် သည် မထေရ်အား လျောက်၏။ မထေရ်က တရားပြန်လည်ဟောပေးသဖြင့် ရဟန်းငယ်သည် သောတာပန် ဖြစ်လေ၏။၃
ဥလ္လကောလိကဏ္ဏိအရပ်၌နေသော မိန်းမတစ်ယောက်သည် သားကို နို့တိုက်လျက်ပင် ဒီဃ ဘာဏကမဟာမထေရ်သည် အရိယ၀ံသပဋိပဒတရားကို ဟောမည်ဟု ကြား၍ ငါးယူဇနာခရီးကို သွားပြီး တရားနာ၏။ အရုဏ်တက်ရာအခါ၌ မထေရ်၏ တရားတော်ပြီး ဆုံးပြီဟု မိန့်မြွက်သံနှင့် တစ်ပြိုင်နက်ပင် သောတာပန်ဖြစ်လေ၏။၁
ကဠမ္ပရအရပ်၌နေသော မိန်းမတစ်ယောက်သည် ရင်ခွင်၌ သားကို ချီ၍ စိတ္တလတောင်သို့ တရားနာရန် သွား၏။ ကလေးကို သစ်ပင်ရင်း၌ထား၍ ရပ်လျက်ပင် တရားနာ၏။ ညဥ့်အလယ်၌ မြွေတစ်ကောင်သည် လာလတ်၍ ထိုမိန်းမ၏ မျက်စိရှေ့တွင်ပင် အိပ်ပျော်နေသော သားငယ်ကို ကိုက်၏။ ငါသား မြွေကိုက်ခံရပြီဟု ပြောလိုက်လျင် ဓမ္မန္တရာယ် ဖြစ်လိမ့်မည်၊ ဤသံသရာဝဋ်၌ ကျင်လည်သောငါ့အား အကြိမ်များစွာ သားကို ရခဲ့၏။ တရားကို နာအံ့''ဟု ကြံ၍ ညာဉ်သုံး ယာမ်ပတ်လုံး ရပ်လျက်သာတရားနာပြီး သောတာပန်ဖြစ်လေ၏။ နံနက်အလင်းရောက်သောအခါ သစ္စာဆို၍ သား၏ အဆိပ်ကို ပြေစေ၏။၂
ဤသည်တို့ကား သဒ္ဓါတရားရှိသူတို့သည် သူတော်ကောင်းတရားကိုသာ နာကြားရမည်ဆိုလျင် တရားမှလွဲ၍ မည်သည့်အရာကိုမျ မငဲ့ကွက်တတ်ပုံများဖြစ်သည်။ သဒ္ဓါတရားရှိသူတို့ မစ္ဆေရအညစ် အကြေးကင်း၍ စွန့်လှူတတ်ပုံများအကြောင်းကိုကားဆိုင်ရာ အခန်းရောက်မှ တင်ပြပါမည်။
၁း၂း၁၁။ သဒ္ဓါတရားရှိသူ၏ လက္ခဏာ (၁၁)ပါး
ထို့အပြင် သဒ္ဓါရှိသူ၏ လက္ခဏာ (၁၁)ပါးကိုလည်း မြတ်စွာဘုရားသည် သုဘူတိ ရဟန်းနှင့် သဒ္ဓါအမည်ရှိ ရဟန်းတို့အား ဟောကြားတော်မူခဲ့သည်။ ယင်းတို့မှာ----
၁။ သီလရှိခြင်း၊
၂။ အကြားအမြင်သုတများခြင်း၊
၃။ မိတ်ကောင်းဆွေကောင်းရှိခြင်း၊
၎။ နားလည်သိမြင်လွယ်ခြင်း၊
၅။ ထိုထိုအမှုကိစ္စတို့၌ ကျွမ်းကျင်လိမ္မာခြင်း၊
၆။ တရားနာလိုခြင်း၊
၇။ အကုသိုလ်ကို ပယ်ခြင်းငှါ အားထုတ်မှုရှိခြင်း၊
၈။ ဈာန်လေးပါးကို ရခြင်း၊
၉။ ပုဗ္ဗေနိဝါသဉာဏ်ကို ရခြင်း၊
၁၀။ ဒိဗ္ဗစက္ခုဉာဏ်ကို ရခြင်း၊
၁၁။ ရဟန္တာဖြစ်နိုင်ခြင်းတို့ဖြစ်ပါသည်။၃
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် သဒ္ဓါတရားနှင့်ပြည့်စုံပါက ထိုပုဂ္ဂိုလ်၏စိတ်သည် ကြည်လင် သန့်ရှင်းနေသောကြောင့် နောင်ဘ၀တွင် နတ်ပြည်၌ ဖြစ်နိုင်၏။၁ ဈာန်တရားများ ရရှိနိုင်သည် သာမက ကိလေသာကင်းကွာ ရဟန္တာပင်ဖြစ်နိုင်သည်။
၁း၂း၁၂။သဒ္ဓါတရားရှိသူတို့ အလေးအမြတ်ပြုသည့်(၄)ဌာန
မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်အား '' ချစ်သားအာနန္ဒာ သဒ္ဓါတရားရှိကြသော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့သည် ဤနေရာ၌ မြတ်စွာဘုရားဖွား မြင်တော်မူသည်ဟူ၍လည်းကောင်း၊ ဤနေရာ၌ မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသည်ဟူ၍လည်း ကောင်း၊ ဤနေရာ၌ မြတ်စွာဘုရား ဓမ္မစကြာတရားဟောတော်မူသည်ဟူ၍လည်းကောင်း၊ ဤနေရာ ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ဟူ၍ လည်းကောင်း အောက်မေ့ကာ လာရောက်ဖူးမြှော်ကြကုန် လတ္တံ့။ ထိုသူတို့သည် သေသည်၏အခြားမဲ့ နောက်ဘ၀၀ယ် နတ်ပြည်လောက၌ ဖြစ်ကြရကုန်လတ္တံ့ ဟုဟောတော်မူခဲ့၏။၂
ထိုဟောကြားတော်မူချက်အရ
၁။ ဘုရားရှင်ဖွားမြင်တော်မူရာဌာန၊
၂။ ဘုရားအဖြစ်သို့ ရောက်တော်မူရာဌာန၊
၃။ ဘုရားရှင် ဓမ္မစကြာတရား ဟောတော်မူရာဌာန၊
၎။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာဌာနဟူသော လေးဌာနတို့သည် သဒ္ဓါတရားရှိသူတို့ အထွတ်အမြတ် ထားရာ သံဝေဂရရာဌာနများဖြစ်၏။ယင်းကို သံဝေဇနိယလေးဌာနဟု ခေါ်၏။
သဒ္ဓါတရားမရှိသူသည် ထိုနေရာဌာနများ၌ နေထိုင်ရသော်လည်း မြတ်စွာဘုရားရှင်ကို ကြည် ညိုပူဇော်ရမှန်း သိမည်မဟုတ်ပေ။ သဒ္ဓါရှိသူများမှာမူ ထိုနေရာဒေသများသို့ မရောက်ရောက်အောင် သွားကာ ကြည်ညိုပူဇော်ကြ၊သံဝေဂပွားကြပါသည်။ ထိုသို့ သွား ရောက်ပူဇော်ကြပြီး ကြည်ညိုသော စိတ်ဖြင့် သေဆုံးလျင် နောက်ဘ၀၌ နတ်ချမ်းသာကို ရရှိခံစားနိုင်ပါသည်။ သဒ္ဓါတရားရှိသူတို့သည် ထိုနေရာဒေသများသို့ မသွားရောက်စေကာမူ မိမိနေရာအရပ်၌ပင် သက်တော်ထင်ရှားမြတ်စွာ ဘုရားကို ရည်မှန်း၍ ပူဇော်ခြင်းများ ပြုလုပ်လေ့ရှိ၏။ ထိုကုသိုလ်ကောင်းမှု အစွမ်းကြောင့်လည်း ကောင်းရာသုဂတိသို့ ရောက်ရှိနိုင်ပါ၏။ ဤသို့ရောက်ရခြင်းသည် သဒ္ဓါတရားရှိခြင်းကြောင့် ဖြစ်သည်။
၁း၂း၁၃။ သဒ္ဓါနှင့်စပ်၍ မှတ်သားဖွယ်ရာဥပမာများ
စကားပြောကောင်းသူတို့သည် မိမိတို့ဆိုလိုသော အကြောင်းအရာကို သူတပါးတို့အား ရှင်းလင်းပြတ်သားစွာ နားလည်စေလိုသောအခါ လူတို့နှင့် နီးစပ်သည့်အရာများနှင့် နှိုင်းယှဉ်ကာ ပြောကြ၏။ မြတ်စွာဘုရားရှင်သည်လည်း ဝေနေယျသတ္တ၀ါအပေါင်းတို့အား တရားဟောကြား ရာတွင် ဥပမာဥပမေယျတို့ဖြင့် ဟောကြားတော်မူလေ့ရှိသည်။ ထိုနည်းတူစွာ သဒ္ဓါတရား၏အစွမ်း သတ္တိတို့ကိုလည်း ဥပမာအမျိုးမျိုးဖြင့် ဟောကြားတော်မူခဲ့သည်။ ထိုဟောကြားချက်တို့ကို တင်ပြ လိုပေ၏။
၁း၂း၁၃း၁။လက်နှင့်တူသောသဒ္ဓါ
မြတ်စွာဘုရားသည် အင်္ဂုတ္တိုရပါဠိတော်၌ သဒ္ဓါတရားကို လက်နှင့် ဥပမာပေး၍ ဟောကြားတော်မူထား၏။ လက်သည် အရာဝတ္ထုများကို ကောက်ယူစွဲကိုင်နိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်၏။ လက်မရှိသောသူသည် ကျောက်သံပတ္တမြားပေါများစွာ ထွက်သော ရတနာကျောက်တောင် ကြီးသို့ ရောက်သော်လည်း ရတနာတို့ကို မကောက်ယူနိုင်ပေ။ ထို့အတူ သဒ္ဓါတရား တည်းဟူသော လက် မရှိသောသူသည် မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင်သော တရား များစွာရှိသော သာသနာရတနာကျောက်တောင်ကြီးသို့ အခွင့်သာ၍ ရောက်သော်လည်း မဂ်ဖိုလ် နိဗ္ဗာန်တည်းဟူသော ရတနာတို့ကို မကောက်ယူနိုင်ပေ။သဒ္ဓါတရားဟူသော လက်ရှိသူသည်သာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသည့် ရတနာတို့ကို ကောက်ယူနိုင်၏။ ထို့ကြောင့် သဒ္ဓါတရားကို လက်နှင့် ဥပမာ ပေး၍ ဟောကြားတော်မူခဲ့ခြင်းဖြစ်၏။၁
မိလိန္ဒပဥှာ၌ အရှင်နာဂသိန်သည် မိလိန္ဒမင်းကြီးအား လက်သမားသည် တံမျဉ်းချည်ကို ရိုက် ထားသည့် တိုင်သစ်သားကိ ခုတ်ဖြတ်သကဲ့သို့ ထိုနည်းတူစွာ ကမ္မဋ္ဌာန်းအားထုတ်သည့် ယောဂီသည် သာသနာတော်က ညွှန်ပြသည့်နည်းလမ်းအတိုင်း သီလတည်းဟူသောမြေ၌ရပ်တည်ပြီး သဒ္ဓါဟူ သောလက်ဖြင့် ပညာဟူသောပဲကွပ်ကို ကိုင်ကာ ကိလေသာတို့ကို ခုတ်ဖြတ်ရမည်ဟု သဒ္ဓါကို လက်နှင့် ဥပမာပေးကာ ရှင်းပြထား၏။၂
၁း၂း၁၃း၂။ မျိုးစေ့နှင့်တူသောသဒ္ဓါ
သဒ္ဓါတရားသည် မျိုးစေ့နှင့်လည်း တူ၏။၃ မြေနှင့်ရေကောင်းသော်လည်း မျိုးစေ့မရှိလျင်ကား အပင်မဖြစ်နိုင်ပေ။ မျိုးစေ့ရှိမှသာလျင် အပင်ပေါက်၍ အသီးအပွင့်ကို ခံစားသုံးဆောင်နိုင်မည်။ မျိုးစေ့ကို မစိုက်ပျိုးပါက အပင်မပေါက်နိုင်၊ အပင်မပေါက်က အသီးအပွင့်ကို မသုံးဆောင်မခံစား နိုင်ပေ။
အလားတူပင် သာသနာဟူသော လယ်ယာမြေကောင်း၌ သဒ္ဓါတည်းဟူသော မျိုးစေ့မရှိလျင် ဒါနပင်၊ သီလပင်၊ ဘာဝနာပင်များ မပေါက်လာနိုင်။ ထိုဒါနစသော အပင်များ မပေါက်ပါက လူ၊ နတ်၊ ဗြဟ္မာချမ်းသာစသော အသီးအပွင့်များ၊ အရိယာမဂ်ဟူသော အမြိုက်သီးများကို စားသုံးနိုင်ခွင့် မရှိချေ။
မျိုးစေ့ကို စိုက်ပျိုးရာ၌ မျိုးစေ့သည် ကိစ္စနှစ်မျိုးကို ဆောင်ရွက်၏။ ပထမကိစ္စမှာ အောက်၌ အမြစ်တွယ်မှုဖြစ်၏။ ဒုတိယကိစ္စမှာ အထက်၌ အညွှန့်ထွက်မှု ဖြစ်၏။ ဤအတူ ဒါနတည်းဟူသော မျိုးစေ့သည် အောက်၌ သီလတည်းဟူသော အမြစ်တွယ်စေ၍ အထက်၌ ၀ိပဿနာအညွှန့်ကို ထွက် စေ၏။ မျိုးစေ့၏အမြစ်သည် မြေကြီးရေတို့၏ အရသာကို သောက်သုံးကာ ရိုးတံနှင့်အသီးအနှံများကို ရင့်မှည့်စေ၏။ ထို့အတူ ဒါနဟူသော မျိုးစေ့၏ သီလဟူသောအမြစ်သည် သမထ၀ိပဿနာဟူသော မြေကြီးရေတို့၏ အရသာကို သောက်သုံးလျက် အရိယာမဂ်ဟူသော အရိုးတံဖြင့် အရိယာဖိုလ် ဟူသော အပွင့်အသီးအနှံကို ရင့်မှည့်စေ၏။
မျိုးစေ့သည် မြေကောင်း ရေကောင်း၌ တည်ကာ မြစ်၊ အကိုင်း၊ အခက်၊ အရွက် အညွှန့်များ ဖြင့် စည်ကားကြီးမားလာပြီး အပွင့်အသီးများကို ဖြစ်စေသည်။ ထို့အတူပင် သဒ္ဓါဟူသော မျိုးစေ့သည် စိတ်အစဉ်ကောင်းဟူသော မြေကောင်းရေသန့်၌ တည်လျက် ၀ိသုဒ္ဓိခြောက်ပါးအမြစ်၊ အညွှန့်ရိုးတံ များဖြင့် စည်ကားကာ အရဟတ္တဖိုလ်ဟူသော ၀ိမုတ္တိရသအသီးကို သီးစေ၏။၁ ထို့ကြောင့် သဒ္ဓါ သည် မျိုးစေ့နှင့်တူ၏။
၁း၂း၁၃း၃။ ပန်းနှင့်တူသော သဒ္ဓါ
သဒ္ဓါတရားသည် ပန်းနှင့်လည်း တူ၏။ နတ်များ စုတေခါနီးပေါ်လာသော နိမိတ်ငါးမျိုးတို့တွင် နတ်တို့နား၌ ပန်ထားသောပန်းများ ညှိုးနွမ်းလာခြင်းသည် နတ်များစုတေတော့မည့် အရိပ်နိမိတ် ဖြစ်သည်။ ထို့အတူ သာသနာ့ဝန်ထမ်းရဟန်းတော်များတွင် သဒ္ဓါတရားဟူသော ပန်းညှိုးနွမ်းလာ သောအခါ သာသနာတော်ကြီး၌ ငြီးငွေ့စိတ်များဖြစ်ပေါ်လာ၏။ မိမိစောင့်ထိန်းခဲ့သော သီလအပေါ်၌ လည်း သံသယစိတ်များဝင်လာတတ်၏။ ရဟန်းပြုခြင်းသည် သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်မှ ဖြစ်ပါ့မလား၊ သီလစောင့်ထိန်းခြင်းသည် သံသရာမှ လွတ်မြောက်ကြောင်း ဟုတ်မှဟုတ်ပါ့မလား စသည်ဖြင့် ယုံမှားလာတတ်၏။ ထိုသို့ဖြစ်ခြင်းသည် သဒ္ဓါပန်းညှိုးနွမ်းလာခြင်းကြောင့် ဖြစ်၏။၂ ဤသာဓက၌ သဒ္ဓါတရားကို ပန်းနှင့်တင်းစားထားသည်ကို တွေ့ရ၏။
၁း၂း၁၃း၎။ ရေနှင့်တူသောသဒ္ဓါ
သဒ္ဓါတရားသည် ရေနှင့်လည်းတူ၏။ ရေသည် သန့်ရှင်းစင်ကြယ်သော သဘောရှိ၏။ ညစ်နွမ်းနေ သည့် အရာဝတ္ထုများကို ရေဖြင့် ဖွပ်လျော်ဆေးကြောခြင်းဖြင့် သန့်စင်နိုင်သည်။ ထို့ကြောင့် ရေသည် ရုပ်ဝတ္ထုများ သန့်ရှင်းစင်ကြယ်ခြင်း၏ အကြောင်းဖြစ်၏။ ထို့အတူ အကုသိုလ်အညစ်အကြေးများ စင်ကြယ်အောင် သဒ္ဓါတရားတည်းဟူသောရေဖြင့် ဆေးကြောရမည်။၁ ယုံကြည်မှုသဒ္ဓါတရား အရင်းခံကာ ပေးလှူခြင်းခြင့် လောဘအညစ်အကြေး၊ မေတ္တာပွားခြင်းဖြင့် ဒေါသအညစ်အကြေး၊ ဘာဝနာပွား ခြင်းဖြင့် မောဟအညစ်အကြေးတို့ကို ဆေးကြောသုတ်သင်နိုင်၏။ ထို့ကြောင့် သဒ္ဓါတရားသည် နာမ်တရားတို့၏ အညစ်အကြေးများကို ဆေးကြောသုတ်သင်တတ်၍ ရေနှင့် တူသည်။
၁း၂း၁၃း၅။ ငွေကြေးနှင့်တူသောသဒ္ဓါ
သဒ္ဓါတရားသည် ငွေကြေးနှင့်လည်း တူသည် ဟုဆို၏။၃ ဤလောက၌ ကုန်ပစ္စည်းမျိုးစုံကို ချခင်းရောင်းချသည့် ကုန်စုံဆိုင်ကြီးများ မည်မျပင် ပေါများစွာ ရှိနေသည်ဖြစ်စေ၊ ငွေကြေးမရှိသူ အတွက်ကား မည်သည့်အရာမျ မ၀ယ်ယူနိုင်ပေ။ ငွေးကြေးရှိသူသည်သာ မိမိနှစ်သက်သောအရာ ၀တ္ထုများကို စိတ်တိုင်းကျ ၀ယ်ယူနိုင်မည်ဖြစ်၏။
မြတ်စွာဘုရား၏ သာသနာတော်ကြီးသည်လည်း ကုန်ပဒေသာဆိုင်ကြီးနှင့်တူ၏။ ထိုသာသနာ ကုန်ပဒေသာဆိုင်ကြီး၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အနာကင်းခြင်း၊ အမျိုးမြတ်ခြင်း၊ နတ်ပြည်ရောက်ခြင်းစသောကုန်ပစ္စည်းများ ဒုက္ခခပ်သိမ်းကင်းငြိမ်းရာဟူသော ကုန်ပစ္စည်းများကို ချခင်းရောင်း ချထား၏။ ထိုကုန်ပစ္စည်းများကို သဒ္ဓါတည်းဟူသော ငွေကြေးဖြင့်သာ ၀ယ်ယူနိုင်၏။
လူ့လောက၌ ငွေကြေးဓနပြည့်စုံသူများသာ မိမိတို့လိုအပ်သောအရာများကို ၀ယ်ယူနိုင်သကဲ့ သို့ ဤသာသနာ၌လည်း သဒ္ဓါဟူသောငွေကြေးရှိမှသာ ဒါန၊ သီလ၊ ဘာဝနာအမှုတို့ကို ပြုနိုင်၏။ သို့မှသာ ယင်းတို့၏ အကျိုးဆက်ဖြစ်သည့် အသက်ရှည်ခြင်း၊ အနာကင်းခြင်းစသည့် လောကီအကျိုး များနှင့် နိဗ္ဗာန်ဟူသည့် လောကုတ္တရာအကျိုးတို့ကို ရရှိနိုင်မည်ဖြစ်၏။ ထို့ကြောင့် သဒ္ဓါဟူသည် ငွေကြေးနှင့်တူ၏။
၁း၂း၁၃း၆။ ရိက္ခာထုပ်နှင့်တူသောသဒ္ဓါ
သဒ္ဓါတရားသည် ရိက္ခာထုပ်နှင့်လည်းတူ၏။၃ ခရီးသွားသောအခါ ရိက္ခာထုပ်ပါမှ မိမိတို့ သွားလိုသည့်ခရီးစဉ် အောင်မြင်ထမြောက်၏။ ရိက္ခာမပါခဲ့သော် လမ်းခရီး၌ပင် ငတ်ပြတ်မှုဘေး ကြုံကာ အသက်ဆုံးရှုံးနိုင်၏။ ထို့အတူ သံသရာခရီးသွားတို့အတွက် သဒ္ဓါရိက္ခာမရှိခဲ့သော် ဒါနပြုမှု၊ သီတင်းသီလဆောက်တည်မှု၊ ဘာဝနာအမှုတို့ကို မပြုလုပ်နိုင်ပေ။၁ ကုသိုလ်ကောင်းမှုမရှိသော ကြောင့် သံသရာခရီး၌ ဒုဂ္ဂတိဖြင့်သာ ကျင်လည်ရနိုင်၏။ သဒ္ဓါရိက္ခာပါသူအတွက်ကား သံသရာခရီးလျောက်လှမ်းရန် ကြောက်စရာမလိုတော့။ ထို့ကြောင့် သဒ္ဓါသည် ရိက္ခာနှင့် လည်း တူ၏။
၁း၂း၁၃း၇။ အဖော်မွန်နှင့်တူသောသဒ္ဓါ
သဒ္ဓါတရားသည် အဖော်မွန်ကောင်းနှင့်လည်း တူ၏။၂ ဘ၀ခရီးကို လျောက်လှမ်းနေကြသော လူသားတို့အဖို့ မိမိတို့ဘ၀ လမ်းမှန်သို့ရောက်အောင် ညွှန်ပြပေးနိုင်သည့် အဖော်မွန်ကောင်းဟူသည် မရှိမဖြစ်လိုအပ်၏။ သို့မှသာ ဘ၀ခရီးကို ဖြောင့်တန်းစွာ လျောက်နိုင်မည်ဖြစ်၏။ ထို့အတူပင် သံသရာ ခရီးလမ်း၌ သဒ္ဓါဟူသောအဖော်မွန်ကောင်းသည် မရှိမဖြစ်လိုအပ်လှ၏။ သဒ္ဓါဟူသော အဖော်မွန် ကောင်းသည် ယခုဘ၀၌ အခြံအရံ၊အကျော်အဇောကို ဖြစ်စေတတ်ပြီး နတ်ရွာနိဗ္ဗာန်သို့လည်း အဖော်ပြု၍ သွားပေးတတ်၏။၃ ထို့ကြောင့် သဒ္ဓါတရားသည် ဘ၀ခရီးသွားများအတွက် အဖော်မွန်ကောင်းဖြစ်၏။
၁း၂း၁၃း၈။ အမြတ်ဆုံးဥစ္စာနှင့်တူသောသဒ္ဓါ
လူ့ဘ၀ လူ့လောက၌ ငွေကြေးဥစ္စာနှင့်ပြည့်စုံလျင် လိုအပ်သည့်ရွှေ၊ငွေ၊ရတနာ၊တိုက်တာခြံမြေ တို့ကို ၀ယ်ယူနိုင်သည်။ ငွေကြေးဥစ္စာမရှိလျင် မျော်မှန်းသည့်အရာများကို မရရှိနိုင်။ ငွေကြေးဥစ္စာသည် လူ့ဘ၀၏ လိုအင်ဆန္ဒကို ပြည့်ဝအောင် ဆောင်ရွက်ပေးနိုင်၏။ ထို့ကြောင့် ငွေကြေးဥစ္စာများကို လူ့ဘ၀တွင် အမြတ်ဆုံးဥစ္စာဟု ဆိုရမည်ဖြစ်သည်။ သဒ္ဓါသည် ပတ္တမြားပုလဲစသည့် လောကီ ရတနာများ၊ အမျိုးမြတ်မှု၊ နတ်ဗြဟ္မာအဖြစ်တို့ကို ရစေတတ်ပြီး အဆုံး၌ နိဗ္ဗာန်သို့ ရောက်စေတတ်၏၄ သို့ဖြစ်၍ သံသရာဘ၀ခရီးကြမ်းမှ လွတ်မြောက်လိုသူတို့သည် ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံမှ သာလျင် နိဗ္ဗာန်ချမ်းသာရရှိနိုင်မည်ဖြစ်၏။ ယုံကြည်မှုသဒ္ဓါတရားမရှိလျင် မရရှိနိုင်ပေ။ ယုံကြည်မှု သဒ္ဓါတရားသည် နိဗ္ဗာန်ချမ်းသာကို ရရှိအောင် ဆောင်ရွက်ပေးသောကြောင့် ဘ၀သံသရာခရီးကြမ်းမှ လွတ်မြောက်လိုသူတို့၏အားထားရာ အမြတ်ဆုံးဥစ္စာဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက ''သဒ္ဓါ တရားသည်အမြတ်ဆုံး ဥစ္စာဖြစ်၏''ဟု ဟောကြားတော်မူခဲ့၏။၅
၁း၂း၁၃း၉။တံခါးတိုင်နှင့်တူသည့်သဒ္ဓါ
သဒ္ဓါတရားသည် တံခါးတိုင်နှင့်လည်းတူ၏။၆ ယင်းတံခါးတိုင်ကို တုရိုဏ်တိုင် ဟုလည်းခေါ် ၏။၁ မြတ်စွာဘုရားသည် အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ နာရောပမသုတ်၌ အရံအတား ခုနှစ်ပါးနှင့်ပြည့်စုံပြီး စားနပ်ရိက္ခာလေးပါးကိုလည်း ရရှိနေသောမြို့ကို အပြင်ရန်သူတို့ တိုက်ခိုက် ဖျက်ဆီးခြင်းမပြုနိုင်။ ထို့အတူ သဒ္ဓါစသောသူတော်ကောင်းတရားခုနှစ်ပါးနှင့် ပြည့်စုံပြီး ဈာန်လေးပါး ကိုလည်း ရရှိနေသော အရိယာသာဝကအား မာရ်စစ်သည်တို့သည် မနှောင့်ယှက် မဖျက်ဆီးနိုင်ပေဟု ဟောကြားတော်မူခဲ့၏။၂ ထိုဒေသနာတွင် သဒ္ဓါတရားကို ဧသိက= တရိုဏ်တိုင်-တံခါးတိုင်နှင့် နှိုင်းယှဉ်၍ ဟောကြားတော်မူခဲ့၏။ သဒ္ဓါတရားဟူသော တံခါးတိုင်ကို စွဲမြဲစွာစိုက်လျင် အကုသိုလ်တရားများကို ပယ်နိုင်၏၃ဟု ဆိုသည်။ ထို့ကြောင့် သဒ္ဓါတရားသည် တံခါးတိုင်နှင့်တူ၏။
၁း၂း၁၃း၁၀။ ပင်ညောင်ပင်နှင့်တူသည့်သဒ္ဓါ
သဒ္ဓါတရားသည် ပညောင်ပင်နှင့်လည်းတူ၏။၎ ညီညွတ်သော မြေပြင်ဝယ် လမ်းဆုံလမ်းခွ၌ ပေါက်ရောက်သောပင်ညောင်ပင်ကြီးသည် ထက်ဝန်းကျင်မှ ငှက်အပေါင်းတို့၏ မှီခိုရာ အားထားရာ ဖြစ်၏။ ထို့အတူ သဒ္ဓါတရားရှိသောအမျိုးကောင်းသားသည် ရဟန်း၊ ရဟန်းမ၊ ဥပါသကာ၊ ဥပါသိ ကာမဖြစ်ကုန်သော များစွာသောလူအပေါင်းတို့၏ မှီခိုအားထားရာဖြစ်၏။
အကိုင်းအခက်အရွက်အသီးနှင့်ပြည့်စုံ၍ ပင်စည်လုံးပတ်ကြီမားပြီးလျင် အမြစ်အရင်း ခိုင်ခံ့လျက် အသီးနှင့်ပြည့်စုံသော သစ်ပင်ကြီးသည် ငှက်အပေါင်းတို့၏ နားနေရာဖြစ်၏။ ပျော်မွေ့ဖွယ်ကောင်း၍ ငှက်အပေါင်းတို့ စုဝေးရာအရပ်၌ ထိုသစ်ပင်ကြီးကို ငှက်အပေါင်းတို့ မှီဝဲကုန်၏။ အရိပ်အလိုရှိသော ငှက်တို့သည် အရိပ်သို့ကပ်ရောက်ကုန်၏။ အသီးအလိုရှိသော ငှက်တို့သည် အသီးကိုစားလျက် သွားကြကုန်၏။
ထို့အတူသာလျင် စွဲမက်မှုရာကင်းသော အမျက်ထွက်မှုကင်းသော တွေဝေမှုကင်းသော အာသ ဝေါကင်းစင်မှုကြောင့် ကုသိုလ်ကောင်းမှု စိုက်ပျိုးရာလယ်ရာမြေကောင်း သဖွယ်ဖြစ် သောရဟန္တာ ပုဂ္ဂိုလ်တို့သည် သီလရှိသော နှိမ်ချသောအကျင့်ရှိ၍ မခက်မထန်သော တင့်တယ်ကောင်းမြတ်သော အမှု၌ မွေ့လျော်သော ပြေပြစ်နူးညံ့သော သဒ္ဓါတရားနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို မှီဝဲချဉ်းကပ်ကြကုန် ၏။၅ ထိုကြောင့် သဒ္ဓါတရားသည် ပညောင်ကြီးနှင့် တူ၏။ သစ်တစ်ပင်ကောင်း ငှက်တစ် သောင်းခို''ဟူသကဲ့သို့ ဖြစ်၏။
ထို့အပြင် ရဟန္တာပုဂ္ဂိုလ်တို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူအား ဒုက္ခခပ်သိမ်းပယ်ဖျောက်ကြောင်း ဖြစ်သောတရားကို ဟောကြားတော်မူကုန်၏။ သဒ္ဓါတရားရှိသူသည် ထိုတရားတော်တို့ကို ကြားနာ သိရှိရ၍ အာသဝေါကင်းလျက် ပရိနိဗ္ဗာန်ပြု၏။၆
၁း၂း၁၃း၁၁။ ဟိမန္တာတောင်မင်းနှင့်တူသည့်သဒ္ဓါ
သဒ္ဓါတရားသည် ဟိမ၀န္တာတောင်မင်းနှင့်လည်း တူ၏။ ဟိမ၀န္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည်--
၁။ အကိုင်းအခက် အရွက်တို့ဖြင့် ကြီးပွားခြင်း၊
၂။ အခေါက်အပွေးတို့ဖြင့် ကြီးပွားခြင်း၊
၃။ အကာအနှစ်တို့ဖြင့် ကြီးပွားခြင်းဟူသော ကြီးပွားခြင်း ၃မျိုးတို့ဖြင့် ကြီးပွားရ၏။
ဤအတူသာလျင် သဒ္ဓါတရားနှင့်ပြည့်စုံသော အကြီးအကဲကို အမှီပြု၍ (သားမယား စသော) အိမ်သူအိမ်သားအပေါင်းသည်
၁။ ယုံကြည်ခြင်း သဒ္ဓါတရားဖြင့် ကြီးပွားခြင်း၊
၂။ အကျင့်သီလဖြင့် ကြီးပွားခြင်း၊
၃။ အသိပညာဖြင့် ကြီးပွားခြင်းဟူသော ကြီးပွားခြင်း၃မျိုးဖြင့် ကြီးပွားရ၏။
တောအုပ်ကြီးအတွင်း၌ ရှိသော ကျောက်တောင်ကြီးကို အမှီပြု၍ တောစိုးသစ်ပင် ကြီးတို့သည် ကြီးပွားကုန်သကဲ့သို့ ထို့အတူသာလျင် ဤလောက၌ သီလနှင့်ပြည့်စုံသော သဒ္ဓါတရားရှိသော အမျိုးသား အကြီးအကဲကို အမှီပြု၍ သားမယား၊အဆွေခင်ပွန်း၊ ချစ်ကျွမ်း ၀င်သူ ဆွေးမျိုးအပေါင်း ထိုသဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားကို မှီ၍ အသက်မွေးကုန်သောသူ စသူတို့သည် အထက်၌ ဖော်ပြခဲ့သော သဒ္ဓါစသော ကြီးပွားခြင်း သုံးမျိုးတို့ဖြင့် ကြီးပွားရ၏။ တမလွန်ဘ၀၌လည်း ကောင်းရာသုဂတိသို့ ရောက်ကြရ၏။ အဘယ့်ကြောင့် ကြီးပွားရသနည်းဟူမူ နောက်လိုက်လူတို့ သည် အကြီးအကဲဖြစ်သူကို အတုလိုက်၍ ပြုကြ၏။ ထိုအခါ ယင်းတရား၃ပါးတိုးပွားခြင်း နတ်ပြည် လောကရောက်ကြရ၏။၁ ထို့ကြောင့် သဒ္ဓါတရားရှိသူသည် ဟိမ၀န္တာတောင်မင်းနှင့် သဘောသွားတူ၏။
၁း၂း၁၄။နတ်တို့လိုလားသဒ္ဓါတရား
နတ်တို့သည် နတ်ပြည်မှ စုတေချိန်နီးသောအခါ ထိုနတ်သားအား
၁။ ပန်ဆင်ထားသော ပန်းတို့ ညှိုးနွမ်းခြင်း၊
၂။ အ၀တ်တန်ဆာတို့ ညစ်နွမ်းလာခြင်း၊
၃။ ချိုင်းကြားတို့မှ ချွေးထွက်ခြင်း၊
၎။ ကိုယ်အရေအဆင်းတို့ မလှပတော့ခြင်း၊
၅။ မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော်တော့ခြင်းဟူသော နိမိတ်ငါးမျိုး ဖြစ်ပေါ်လာတတ်၏။ ထိုအခါ အခြားနတ်တို့သည် '' နတ်သားကား စုတေချိန်နီးပြီ ''ဟုသိ၍ စကားသုံးခွန်းတို့ဖြင့် မှာကြား ကြကုန်၏။ ထိုစကားသုံးခွန်းမှာ
၁။ သုဂတိဘ၀သို့ ရောက်အောင်သွားပါ၊
၂။ ကောင်းစွာရနိုင်သော လာဘ်ကို ရအောင်ယူပါ၊
၃။ ကောင်းစွာ မတုန်မလှုပ်သက်ဝင်သူ ဖြစ်ပါဟူ၍ ဖြစ်သည်။
သုဂတိဘ၀သို့ ရောက်အောင်သွားပါဟု တိုက်တွန်းရာ၌ နတ်ပြည်သည် သုဂတိဘ၀မဟုတ် ပါသလောဟု တွေးတောဖွယ်ရှိ၏။ အမှန်တွင်မူ လူဘုံ၊နတ်ဘုံနှင့်ဗြဟ္မာ့ဘုံတို့သည် သုဂတိဘုံ ချည်းသာဖြစ်သည်။ သို့ဖြစ်လျင် နတ်တို့ဆိုသော သုဂတိဘ၀ဟူသည် မည်သည့်ဘ၀မျိုး ဖြစ်သနည်းဟု ရဟန်းတစ်ပါးက မြတ်စွာဘုရားအား လျောက်ထားခဲ့၏။ မြတ်စွာဘုရားက နတ်တို့ဆို လိုသော သုဂတိဘ၀ဆိုသည်မှာ လူ့ဘ၀ပင်ဖြစ်ကြောင်းဖြေကြားတော်မူခဲ့၏။ နတ်တို့သည် လူဖြစ်သည်ရှိသော် မြတ်စွာဘုရားဟောကြားအပ်သော ဓမ္မ၀ိနယသာသနာတော်၌ ယုံကြည်မှုသဒ္ဓါကို ရ၏။ ထိုသဒ္ဓါကိုပင် နတ်တို့က ကောင်းစွာရနိုင်သောလာဘ်ကို ရခြင်းဟု သတ်မှတ်၏။ ထိုသဒ္ဓါကို ရပြီးနောက် အမြဲစိတ်အစဉ်သို့ သက်ဝင်စေ၍ တုန်လှုပ်ခြင်းမရှိ အသက်ထက်ဆုံး တစ်စုံ တစ်ယောက်မျ မဖယ်ရှားနိုင်သော သဒ္ဓါတရားဖြစ်ပါစေ''ဟု မှာလိုရင်းဖြစ်သည်ဟု ရှင်းလင်း ဟောပြတော်မူခဲ့၏။၁
ဤဒေသနာရှုခြင်းဖြင့်လူ့ပြည် လူ့ဘ၀တွင်သာ အာဂမသဒ္ဓါဖြစ်နိုင်ပြီး သဒ္ဓါတရားဟူသည်ကို နတ်တို့ကပင် အမြတ်တနိုး တန်ဖိုးထားကြောင်း ထင်ရှားတော့၏။
ကုသိုလ်ကောင်းမှုများ တိုးပွားစေရန် အလှူဒါနပြုကြရာ၌ အင်္ဂါသုံးမျိုးရှိမှ အလှူထ မြောက်၏။ ထမြောက်မှလည်း လိုအပ်သော အကျိုးပြီးစီး၏။ သို့ဖြစ်၍ အလှူဒါနပြုရာတွင်
၁။ ယုံကြည်မှု သဒ္ဓါတရားမျက်မှောက်ထင်ရှားရှိမူ၊
၂။ အလှူဝတ္ထု၏ မျက်မှောက်ထင်ရှားရှိမှု၊
၃။ အလှူခံပုဂ္ဂိုလ်၏ မျက်မှောက်ထင်ရှားရှိမှုဟူသော အင်္ဂါ(၃)မျိုးသည်မရှိမဖြစ်လိုအပ်၏။၂
ဤအင်္ဂါသုံးမျိုး၌ အလှူဒါနပြုရာဝယ် ထမြောက်အောင်မြင်လိုလျင် အဦးဆုံးရှိနှင့်ရမည့်အရာ ကား သဒ္ဓါတရားထင်ရှားရှိမှုဟူသည်ကို တွေ့မြင်နိုင်၏။ သဒ္ဓါတရားသာမရှိလျင် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်များ မည်မျပင် ပေါများသည်ဖြစ်စေ၊ အလှူထမြောက် အောင်မြင်စရာ အကြောင်းမရှိ ချေ။ ထို့ကြောင့် အလှူရှင်ပုဂ္ဂိုလ်၏ သန္တာန်၌ သဒ္ဓါတရားရှိထားနှင့်ရန် လိုအပ်၏။ သို့သော် သဒ္ဓါ တရား ထင်ရှားရှိရုံနှင့်လည်း မပြီးသေးချေ။ အလှူထမြောက်ရန် လှူဖွယ်ဝတ္ထုနှင့် အလှူခံ ပုဂ္ဂိုလ်တို့ ထင်ရှားရှိရန်လည်း လိုအပ်သေး၏။ သို့မှသာ မိမိတို့ပြုလုပ်သော အလှူ၏ လိုအပ်သော အကျိုး ပြီးစီးနိုင်၏။
ထိုအလှူထမြောက်ရာ အင်္ဂါသုံးမျိုး၌ လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်ထင်ရှားရှိမှုဟူသော အင်္ဂါ နှစ်ချက်သည် အရလွယ်သော်လည်း သဒ္ဓါ ပန ဒုလ္လဘာ= သဒ္ဓါတရားကား ရနိုင်ခဲ၏ ဟု မြတ်စွာဘုရားဟောမိန့်ခဲ့သည်နှင့်၁အညီ ပုထုဇဉ်တို့၏ သဒ္ဓါတရားမည်သည် မတည်မြဲချေ။ ခြေလှမ်း တိုင်း ခြေလှမ်းတိုင်း၌ ဖြစ်ပြန်ပျက်ပြန်ဖြင့် အမျိုးမျိုးပြောင်းလဲနေ၏။ သို့ဖြစ်၍ သဒ္ဓါဟူသည် ဒုလ္လဘ တစ်ပါးဖြစ်၏။
၁း၂း၁၆။ သဒ္ဓါတရားတိုးပွားကြောင်း တရား (၁၁)ပါး
ရတနာသုံးပါးနှင့်ကံကံ၏အကျိုး၌ ယုံကြည်သောသဒ္ဓါတရားမျိုးကို ရရှိထားခြင်းသည် ကောင်းမြတ်လှ၏။ ထိုသဒ္ဓါမျိုးကို ရရန်လည်း အလွန်ခဲယဉ်း၏။ ရလာပြန်ကလည်း ထိန်းသိမ်းထားရန် အလွန်ခက်ခဲ၏။ ထို့ကြောင့် သဒ္ဓါတရားဖြစ်ပေါ်လာအောင် ဖြစ်ပေါ်ပြီးသော သဒ္ဓါတရား အမြဲတိုးပွား အောင် ကြိုးစားသင့်၏။ သို့ဖြစ်၍ သဒ္ဓါတရားတိုးပွားသည်ထက် တိုးပွားလာစေရန် အောက်ပါ သဒ္ဓါတရားတိုးပွားကြောင်းတရားများကို အားထုတ်ရပေမည်။ ထိုသဒ္ဓါတရားတိုးပွားကြောင်းများမှာ---
၁။ ဘုရားဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ခြင်း( ဗုဒ္ဓါနုဿတိ)
၂။ တရားဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ခြင်း( ဓမ္မာနုဿတိ)
၃။ သံဃာ့ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ခြင်း( သံဃာနုဿတိ)
၎။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း( သီလာနုဿတိ)
၅။ မိမိ၏ ဒါနအမှု၊ သီလအမှုတို့ကို အဖန်ဖန်အောက်မေ့ခြင်း( စာဂါနုဿတိ)
၆။ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတို့ကို အဖန်ဖန်အောက် မေ့ခြင်း( ဒေ၀တာနုဿတိ)
၇။ နိဗ္ဗာန်၏ ဂုဏ်ကိုအဖန်ဖန်အောက်မေ့ခြင်း( ဥပသမာနနုဿတိ)
၈။ သဒ္ဓါတရားခေါင်းပါးခြောက်ကပ်သူကို ပယ်ခွါရှောင်ကြဉ်ခြင်း ( ၀ိပုဂ္ဂလပရိဝဇ္ဇန)
၉။ သဒ္ဓါတရားရှိသည့် (သိနိဒ္ဓ) ပြေပြစ်သော ပုဂ္ဂိုလ်ကို မှီဝဲပေါင်းသင်းခြင်း(သိနိဒ္ဓပုဂ္ဂလသေန)
၁၀။ ဣရိယာပုတ်တိုင်း သဒ္ဓါတရားဖြစ်ဖို့ရန် စိတ်ညွတ်ကိုင်းရှိုင်းနေခြင်း(တဒဓိမုတ္တတာ)ဟူ၍ (၁၁)ပါး ရှိပေသည်။
ထိုကြောင့်ရှေးပညာရှိတို့က ''နုဿတိသတ်၊ရှေ့ခုနစ်ရပ်နှင့်၊ချောက်တပ်သူပယ်၊မှီတွယ်သိနိဒ္ဓ၊ ပသာဒတရား၊စဉ်းစားပစ္စဝေက္ခဏာ၊ဓိမုတ္တာ၊သဒ္ဓါပွါးကြောင်း ဆယ့်တစ်တည်း''ဟု လင်္ကာစပ်ဆိုတော် မူခဲ့သည်။၁
သို့ဖြစ်၍ လူ့ဘ၀ဟူသော ဒုလ္လဘတရားကြီးကို ရထားသည့်လူသားတို့အနေဖြင့် သဒ္ဓါတရားဟူ သော ဒုလ္လဘတရားကို ထပ်ဆင့်ပွားစေရန် အထက်ပါအကြောင်းတရားတို့ကို ကျင့်ဆောင်ရမည် ဖြစ်၏။
၁း၂း၁၇။ သဒ္ဓါတရားရှိသူတို့ ရရှိသောအကျိုး(၅)ပါး
သဒ္ဓါတရားနှင့် ပြည့်စုံသူတို့သည် (၅)မျိုးသော အောက်ပါအာနိသင်တို့ကို ရရှိခံစား နိုင်သည်။
၁။ သူတော်ကောင်းတို့သည် သဒ္ဓါတရားနှင့်ပြည့်စုံသူကိုသာ ရှေးဦးစွာ သနားစောင့်ရှောက်ခြင်း၊
၂။ သဒ္ဓါတရားနှင့်ပြည့်စုံသူ၌သာ ရှေးဦးစွာ ချဉ်းကပ်ကြခြင်း၊
၃။ သဒ္ဓါတရားနှင့်ပြည့်စုံသူ၌သာ ရှေးဦးစွာ အလှူခံကြခြင်း၊
၎။ သဒ္ဓါတရားနှင့်ပြည့်စုံသူ၌သာ ရှေးဦးစွာ တရားဟောကြခြင်း၊
၅။ သဒ္ဓါတရားရှိသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ သုဂတိနတ်ပြည်လောကသို့ ရောက်ရခြင်းတို့ဖြစ်သည်။၂
ဤအချက်များကိုရှုက သဒ္ဓါရှိသူသည် အရာရာတွင် ဦးစားပေးခံရကြောင်း ထင်ရှား၏။
၁း၂း၁၈။သဒ္ဓါရှိက အလိုပြည့်ရ
သဒ္ဓါတရားရှိသူသည် အရာရာတွင်ဦးစားပေးခံရပြီး တောင့်တသော အလိုအတိုင်း ပြည့်တတ် ၏။ ထိုသဘောကို ထေရဂါထာအဋ္ဌကထာ၌''ဘုန်းတော်သခင်ဘုရားရှင်သည် အလုံးစုံသော တရားတို့ကို မဖောက်မပြန်ကိုယ်တော်တိုင် သိတော်မူတတ်၏။ ကောင်းစွာဟောတော်မူခဲ့သော တရား တော်များဖြစ်၏။ သံဃာတော်များသည် ကောင်းစွာကျင့်တော်မူတတ်၏ဟူ၍ ရတနာသုံးပါး၌ ၀မ်းမြောက်မှုများသော သဒ္ဓါရှိသောပုဂ္ဂိုလ်သည် သူတော်ကောင်းနှင့်ပေါင်းသင်းခြင်း၊ သူတော် ကောင်းတရား နာကြားခြင်း၊ အသင့်အတင့်အားဖြင့် နှလုံးသွင်းခြင်း၊ လောကုတ္တရာကိုးပါးအားလျော် သော ကျင့်ဝတ်ကို ဖြည့်ကျင့်ခြင်းတို့ကြောင့် စည်းစိမ်ဥစ္စာတို့သည် လက်ဝယ်ရောက်သကဲ့သို့ ဖြစ်၏'' ဟု ဖွင့်ပြ၏။၃
ထိုသဘောကိုပင် မဇ္ဈိမပဏ္ဏာသ၌ ဤသို့ ထပ်ဆင့်ရှင်းလင်း၍ အကျယ်ဟောပြတော်မူခဲ့၏။
'' ရဟန်းတို့ အစပြုရုံမျဖြင့် အရတ္တဖိုလ်ဉာဏ်ပြီးမြောက်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျင် အဆင့်ဆင့်အားထုတ်ခြင်းဖြစ်သနည်း'' ဤလောက၌ ယုံကြည်မှု သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် ဆရာသမားတို့၏ အနီးသို့ ချဉ်းကပ်၏။ ချဉ်းကပ်သူသည် ဆရာသမားတို့၏ အနီး၌ ထိုင်၏။ ဆရာသမားတို့၏ အနီးထိုင်သူသည် နားထောင်၏။ နားထောင်သောသူသည် တရားကို ကြားနာရ၏။ တရားကို နာကြားရ၍ တရားကို မှတ်သား၏။ မှတ်သားအပ်သောတရားတို့၏ အနက်သဘောကို ဆင်ခြင်၏။ အနက်သဘောကို ဆင်ခြင်သူအား တရားတို့သည် ဆင်ခြင်သုံးသပ်မှုကို ခံကုန်၏။ တရားကို ဆင်ခြင်သုံးသပ်၍ နှစ်သက်သည်ရှိသော် အားထုတ်လိုသော ဆန္ဒဖြစ်ပေါ်လာ၏။ ဆန္ဒဖြစ်ပေါ်သူသည် တရားအားထုတ်၏။ အားထုတ်၍ စဉ်းစားဆင်ခြင်၏။ စဉ်းစားဆင်ခြင်၍ အားထုတ်၏။ အပူတပြင်း အားထုတ်သည်ရှိသော် နာမကာယဖြင့် မဖောက်မပြန် မှန်ကန်သော သစ္စာကို မျက်မှောက်ပြု၏။ ပညာဖြင့်လည်း ထိုးထွင်း၍ သိ၏။၁
ဤဒေသနာ၌ အရဟတ္တဖိုလ်ဉာဏ်(ရဟန္တာအဖြစ်)ကို လွယ်လွယ်ကူကူဖြင့် မရနိုင်ကြောင်း၊ သဒ္ဓါရှိမှသာ အဆင့်ဆင့်အားထုတ်ပြီး ရနိုင်ကြောင်းထင်ရှား၏။ ဤပုဂ္ဂိုလ်မျိုးမှ သဒ္ဓါနုသာရီပုဂ္ဂိုလ် ဟု ခေါ်နိုင်ကြောင်း ပြဆိုထား၏။
'' ရဟန်းတို့..... ဤလောက၌ တချို့သောပုဂ္ဂိုလ်သည် အရူပ၀ိမောက္ခတို့ကို နာမကာယ ဖြင့် တွေ့ထိ၍ မနေသင့်သော်လည်း အချို့သော အာသဝေါတရားတို့ကား ပညာဖြင့် သိမြင်၍ကုန် ခမ်းစေပြီး ဖြစ်၏။ မြတ်စွာဘုရား၌ ယုံကြည်ခြင်း၊ချစ်ခြင်းရှိ၏။ သဒ္ဓါ ၀ီရိယစသော ဣနြေ္ဒငါးပါးလည်း ဤပုဂ္ဂိုလ်သည် သဒ္ဓါနုသာရီဟု ဆိုအပ်၏ဟု ဟောတော်မူခဲ့၏။
ဤဒေသနာတော်ကို ရှုခြင်းဖြင့် သဒ္ဓါတရားကို အမှီပြု၍ သံသရာကူးမြောက်နိုင်ကြောင်းမှာ ထင်ရှား၏။ အခါတပါး၌ အာဠာဝကဘီလူးသည် မြတ်စွာဘုရားအား '' အဘယ်တရားဖြင့် သံသရာ ကို ကူးမြောက်နိုင်မည်နည်း''ဟု မေးလျောက်ခဲ့၏။ ထိုအခါ မြတ်စွာဘုရားက''သဒ္ဓါတရားဖြင့် သြဃလေးဖြာသံသရာကို ကူးမြောက်နိုင်၏''ဟု အဖြေပေးခဲ့၏။၂ ဤသို့ ဟောကြားခဲ့ခြင်းသည် သောတာပန်အဖြစ်ကို ရည်ရွယ်၍ ဟောကြားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ သဒ္ဓါတရားကိုအရင်းခံပြီးလျင် ဒါန၊သီလ၊ဘာဝနာကုသိုလ်ကောင်းမှုများကို ပြုလုပ်ပါ က လူ့စည်းစိမ်၊ နတ်စည်းစိမ်များဟူသော လောကီချမ်းသာနှင့် မဂ်ရောက်၊ ဖိုလ်ရောက်၊ နိဗ္ဗာန်ချမ်း သာဟူသော လောကုတ္တရာတရားတို့ကို မုချပေး၏ဟု မှတ်အပ်၏။ ဤသဘောကို မန်လည်ဆရာ တော်က မဃဒေ၀လင်္ကာ၌
'' သဒ္ဓါဟူငြား၊ ဤတရားလည်း၊ လမ်းသွားသံသရာ၊ သတ္တ၀ါ၏၊ လူ့ရွာနတ်ထံ၊ နိဗ္ဗာန်ထုတ် ခြောက်၊ အဆုံးရောက်အောင်၊ ချီးမြောက်ဥပ၊ နိဿယစစ်၊ မစမကွာ၊ လိုက်၍သာလျင်၊ မဟာမိတ္တ၊ ကလျာဏစစ်၊ ခင်ပွန်းချစ်သို့၊ ဖြစ်ဖြစ်သမျ၊ ဘ၀ထိုထို၊ ရတိုင်းကိုယ်ရှိုက်၊ အလိုမရှိရာ၊ ပေးတတ်စွာ၏၊ သဒ္ဓါရှေးက၊ မဲ့ကြသောအား၊ ထိုသူများအား၊ စီးပွားချမ်းသာ၊ လုပ်ဆောင်ပါလည်း၊ လိုရာမပြီး၊ ရှေးကဆီး၍၊ မီးနှင့်မပြတ်၊ ဖျက်ရှိုကတ်သည်၊ ဗိသျက်ကရိုဏ်း၊ သင့်သောတိုင်းဖြင့်၊ ထုံးပိုင်းဖျက်စီး၊ ချည်းနှီးမျသာ၊ ဖြစ်တတ်စွာ၏၁ဟု လင်္ကာစပ်ဆိုခဲ့သည်။
ထိုကြောင့် 'သဒ္ဓေါ ခေါ မဟာနာမ အာရာဓကော ဟောတိ'၂ယုံကြည်မှုသည် အကျိုး စီးပွားကို ပြီးစေနိုင်၏ဟူသည်နှင့်အညီ ဤပထမမဟာနာမသုတ်တော်တွင် ဘ၀အာမခံချက် ရရှိရေး တရားငါးပါးတွင်ပါဝင်သည့် သဒ္ဓါတရားကိုလူသားတိုင်း အမြဲဆောင်ထားသင့်၏။ ။

အခန်း (၁) ပြီး၏။
အခန်း(၂)စသည်များကို ဆက်လက်ဖတ်ရှုလိုလျှင် လေဘယ်တွင် ရှာကာ ဆက်လက်ဖတ်ရှုနိင်သည်။ လွမ်းမောဖွယ်ရာ သာသနာ့တက္ကသို
လ်နေ့ရက်များအတွက် အလွမ်းပြေ ပြန်လည်တင်ဆက်ခြင်းမျှသာဖြစ်သ
ည်။ ယခုအခါ M.A (Buddhist Study)အတွက် Buddhist Concept On Medical Science (ဗုဒဆေးသိပ္ပံအမြင်) ဟူသော ခေါင်းစဉ်ဖြင့် စာတမ်း တင်သွင်းရန် ရှိပါသဖြင့် ကုန်ကြမ်းများ ရှာဖွေလျှက် ရှိပါသည်။
0 comments:
Post a Comment