Tuesday, June 21, 2011

အပါယ်တံခါး ပိတ်ကြရအော​င် - သုဝေ (ဘူမိဗေဒ)

စာရေးသူသည် အစိုးရဌာနကြီးတစ်ခုတွင် နှစ်ပေါင်း ၃၀ ကျော်မျှ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အငြိမ်းစားယူထားခဲ့သူ ဖြစ်သည်။ အငြိမ်းစားယူလိုက်သည့် အချိန်မှာပင် အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ဇနီး သား သမီးလေးများနှင့် တကွဲတပြားစီ ဖြစ်သွားခဲ့ရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမှ ရပ်ကွက်တစ်ခုအတွင်းရှိ အိမ်လေးတစ်လုံးတွင် တစ်ယောက်တည်းနေပြီး ဖြစ်သလို ချက်ပြုတ် စားသောက်နေခဲ့ရပါသည်။
ထိုကဲ့သို့ အိမ်လေးတစ်လုံးထဲတွင် တစ်ယောက်တည်း အထီးကျန်ဆန်ဆန် နေနေရသောအခါ ယခင်က မိသားစုများနှင့် အတူတကွ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် နေခဲ့ရသည့် ဘ၀ကို ပြန်လည် တမ်းတနေခဲ့ပြီး များစွာ ပူဆွေးသောက ရောက်နေခဲ့ရပါသည်။
ထို့ကြောင့်ပင် သားသမီးလေးများ နေထိုင်လျက်ရှိသော ရပ်ကွက်သို့ နေ့စဉ်လိုလို နေပူမိုးရွာမရှောင် သွားရောက်ခဲ့ပြီး သူတို့လေးတွေနှင့် တွေ့ဆုံနေခဲ့ပါသည်။
စာရေးသူအနေဖြင့် သားသမီးလေးများကို ငွေကြေးအားဖြင့် ထိထိရောက်ရောက် မပံ့ပိုးနိုင်သော်လည်း သူတို့၏ နေရေး ထိုင်ရေး ပညာရေး ကျန်းမာရေးတို့နှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းကာ အားပေးနှစ်သိမ့်နေခဲ့ပါသည်။
ထိုကဲ့သို့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နေခဲ့ရာမှ ၁၀ တန်းအောင်ပြီးသော သားက အလုပ်အကိုင် ရရှိသွားပြီး စာရေးသူကို ထောက်ပံ့လာနိုင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော သမီးကလည်း အလုပ်အကိုင် အဆင်ပြေလာပြီး စာရေးသူကို လစဉ်ပုံမှန် ထောက်ပံ့လာနိုင်ခဲ့ပြန်ပါသည်။
ဤကဲ့သို့ ငွေရေးကြေးရေး အဆင်ပြေလာသောအခါ ၀န်ထမ်းဘ၀က အပေါင်းအသင်းများနှင့် သောက်သုံးခဲ့သော အရက်ကို ညဥ့်အခါ အိပ်မပျော်သည်ကို အကြောင်းပြပြီး ပြန်လည် သောက်သုံးနေမိပြန်ပါသည်။
အရက်ကို အလွန်အကျွံ သောက်သုံးနေခဲ့မိသဖြင့် စာရေးသူ၏ ဘ၀တွင် အမှားပေါင်းများစွာ ပြုလုပ်ခဲ့မိသည်ကို နောင်တ မရနိုင်သေးဘဲ နေ့စဉ်လိုလို အရက်လေး တမြမြနှင့် ဖြစ်နေခဲ့ရာမှ တစ်နေ့တွင် အိမ်နီးနားချင်း မိတ်ဆွေတစ်ဦးက ၇ ရက် တရားစခန်းတစ်ခုကို သူနှင့်အတူ လိုက်ပါဝင်ရန် ဖိတ်ခေါ်လာပါသည်။
စာရေးသူလည်း မိတ်ဆွေနှင့်အတူ မဆိုင်းမတွ လိုက်သွားခဲ့ပါသည်။ အရိပ်အာဝါသ ကောင်းမွန်လှပြီး ကျယ်ဝန်းသော ဓမ္မရိပ်သာဝင်းကြီးအတွင်းသို့ ၀င်သွားမိသည်နှင့် တစ်ပြိုင်နက် စာရေးသူ၏ ရင်ထဲတွင် များစွာ အေးချမ်း ကြည်နူးသွားရပါသည်။
အဆိုပါ တရားရိပ်သာကြီးတွင် ၇ ရက်လုံးလုံး ၀ိပဿနာဘာဝနာများ ပွားများအားထုတ်ရခြင်း၊ ကမ္မဌာနစရိယ ဆရာတော်ကြီးများ၏ နေ့စဉ်ပို့ချသော တရားဒေသနာတော်များကို နာကြားရခြင်းတို့ကြောင့် စာရေးသူ၏ ဆောက်တည်ရာမရ ကစဥ့်ကလျား ဖြစ်နေခဲ့သော စိတ်အစဉ်သည် များစွာ တည်ငြိမ်အေးချမ်းသွားပါတော့သည်။
ထို့ကြောင့်ပင် အဆိုပါ တရားရိပ်သာကြီးမှ အိမ်သို့ ပြန်ရောက်သောအခါ ၀ိပဿနာဘာဝနာနှင့် ပတ်သက်သော စာပေကျမ်းဂန်များကို လက်လှမ်းမှီသမျှ လိုက်လံ ရှာဖွေစုဆောင်းပြီး လေ့လာမှတ်သားနေခဲ့ပါသည်။ ထို့အပြင် သတင်းစာများတွင် တွေ့ရသော ၇ ရက်တရားစခန်းများသို့လည်း အလျဉ်းသင့်သလို သွားရောက် အားထုတ်နေခဲ့ပါသည်။
ထိုကဲ့သို့ ၇ ရက်တရားစခန်းများကို ၄ - ၅ - ၁၀ ကြိမ်ခန့် ၀င်ရောက် အားထုတ်ပြီးနောက် စာရေးသူ၏ ရင်ထဲမှ သောက အပူမီးတို့သည် များစွာ အေးငြိမ်းသွားပါသည်။
စာရေးသူအတွက် အထူးခြားဆုံး ဖြစ်ရပ်မှာ မည်သူမျှ ပိတ်ပင်တားမြစ်မရခဲ့သော အရက်သေစာ သောက်သုံးနေသော အကျင့်ဆိုးသည် အလိုလို ပြတ်တောက်သွားခြင်း ဖြစ်ပါတော့သည်။
ထို့အပြင် မိမိတို့ ပင်ပန်းကြီးစွာ အားထုတ်ရှာဖွေထားသော လစာငွေထဲမှ ဦးဦးဖျားဖျား ဖခင်ကြီးဖြစ်သူ စာရေးသူအား ထောက်ပံ့နေကြသော သားနှင့်သမီးတို့၏ ကျေးဇူးကို ပြန်လည် တုံ့ပြန်သော အနေဖြင့် စာရေးသူ၏ ကျန်ရှိနေသေးသော ဘ၀တစ်လျှောက်လုံး တရားဘာဝနာကိုသာ ကြိုးစား အားထုတ်သွားပါတော့မည်ဟု သန္နိဌာန် ချနိုင်ခဲ့ပါသည်။
ယခင်က ဤအိမ်လေးတွင် တစ်ယောက်တည်း အထီးကျန်ဆန်ဆန် နေခဲ့ရသဖြင့် စိတ်အားငယ် နေမိခဲ့သော်လည်း ယခုအခါ သည်အိမ်လေးတွင် တစ်ယောက်တည်း နေနေရသည့် အဖြစ်ကိုပင် လွန်စွာ နှစ်ခြိုက်လာခဲ့ပါသည်။ ထို့ကြောင့်ပင် ဤအိမ်လေးကို ကျောင်းကန်ဇရပ်အသွင် သဘောထားပြီး တရားဘာဝနာများကို စာတွေ လက်တွေ့ ပွားများ အားထုတ်နေခဲ့ပါသည်။
ထိုကဲ့သို့ နေခဲ့ရမှ တစ်နေ့တွင် မိတ်ဆွေတစ်ဦးက ၇ ရက် တရားစခန်းတစ်ခုကို ညွှန်လာပြန်ပါသည်။ စာရေးသူလည်း မိတ်ဆွေ ညွှန်လာသည့် တရားစခန်းသို့ ၀င်ဖြစ်ခဲ့ပြန်ပါသည်။ ထို တရားစခန်းမှာ အနာဂါမ်ဆရာသက်ကြီး ၀ိပဿနာအဖွဲ့ချုပ်က သန်လျင်မြို့တွင် ဖွင့်လှစ်ထားသော တရားစခန်းဖြစ်ပါသည်။
အဆိုပါ ၇ ရက်တရားစခန်းတွင် နေ့စဉ် နံနက် ၄း၃၀ နာရီမှ ည ၁၀း၀၀ နာရီအထိ တစ်နေ့ ၁၁ ကြိမ် တရားရှုမှတ်ရပါသည်။ တရားစခန်း အတွေ့အကြုံ အတော်အသင့် ရှိခဲ့ပြီးသူ စာရေးသူပင် ပထမတစ်ရက်နှစ်ရက်တွင် အတော် ကြိုးစားအားထုတ်ရပါသည်။
စာရေသူတို့သည် ၄ ရက်ခွဲတိတိ မိမိတို့၏ နှာသီးဝတွင်သာ အာရုံပြုပြီး ၀င်လေထွက်လေကို ရှုမှတ်နေခဲ့ရပါသည်။ သမာဓိမှကင်း၍ ၀ိပဿနာမဖြစ်နိုင်ဟု အဆိုရှိသည်နှင့်အညီ စာရေးသူတို့သည် အထက်ဖော်ပြပါ နည်းအတိုင်း သမထဘာဝနာကို ပွားများအားထုတ်ပြီး သမာဓိ စွမ်းအားကို ထူထောင်ရခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ယောဂီများ ကမ္မဌာန်းဘာဝနာ ပွားများနေချိန်တွင် ကမ္မဌာန်းနည်းပြဆရာ၊ ဆရာမများက အနီးကပ်ညွန်ကြား ပြသပေးနေကြပါသည်။ တရားစခန်းကြီး၏ ၅ ရက်မြောက်သောနေ့တွင်မူ သမထ ဘာဝနာသို့ ကူးပြောင်းရှုမှတ် အားထုတ်စေပါသည်။ ပထမ ၄ ရက်လုံးလုံးယောဂီတို့၏ နှာသီးဝတွင် ၀င်လေထွက်လေကို အနုစိပ် ရှုမှတ်ပွားနေရာမှ ယောဂီတို့၏ ဦးခေါင်း ငယ်ထိပ်နေရာသို့ အာရုံကူးပြောင်း ရှုမှတ်ရပါသည်။

စာရေးသူလည်း စာရေးသူ၏ နှာသီးဝနေရာမှ ဦးခေါင်း ငယ်ထိပ်နေရာသို့ အာရုံကူးပြောင်း ရှုမှတ်လိုက်ရာ စာရေးသူ၏ ဦးခေါင်း ငယ်ထိပ်နေရာတွင် လှုပ်လှုပ် လှုပ်လှုပ် မွမွရွရွ ဖြစ်နေရုံမျှမက ဦးခေါင်းငယ်ထိပ်အတွင်းသို့ တစ်စုံတစ်ရာနှင့် ထိုးသွင်း ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်ကို ရှုမြင်ခံစားနေရပါသည်။
ထို့နောက် ယောဂီတို့၏ ဦးခေါင်းငယ်ထိပ်နေရာမှ ခန္ဓာကိုယ်တစ်ခုလုံး ခြေဖျား လက်ဖျားမကျန် ဖြန့်ကျက်ပြီး ရှုမှတ်ရာတွင်လည်း စာရေးသူ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မှု၊ ရွမှု၊ ပူမှု၊ အေးမှု၊ တောင့်တင်းမှုတို့ကို ခံစားနေရပြန်ပါသည်။

ယခင်က တည်ငြိမ်ခိုင်မြဲနေသည်ဟု ထင်ရသော ယောဂီတို့၏ ခန္ဓာကိုယ်ကြီးသည် အမှန်စင်စစ် ခဏမစဲ တသဲသဲ ဖောက်ပြန်ပြောင်းလဲနေသည်ကို ယောဂီတို့ကိုယ်တိုင် ခန္ဓာဥာဏ်ရောက် ရှုမြင်နေကြရပြီး ဖြစ်ပါသည်။
ဤသို့ ရှုမြင်နိုင်ကြခြင်းမှာလည်း ယောဂီတို့ ၄ ရက်လုံးလုံး ကြိုးစားအားထုတ် ထူထောင်ထားခဲ့သော သမာဓိစွမ်းအားကြောင့်ပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ခဏမစဲ ဖောက်ပြန်ပြောင်းလဲနေမှုတို့မှာ အနိစ္စလက္ခဏာ၊ ထိုဖောက်ပြန် ပြောင်းလဲနေမှုတို့ကြောင့် မခံသာသည့် ဆင်းရဲခြင်းတို့မှာ ဒုက္ခလက္ခဏာ၊ ထိုမခံသာသည့် ဆင်းရဲဝေဒနာတို့ကို တားဆီး၍မရ အစိုးမရသည့် သဘောမှာ အနတ္တလက္ခဏာပင် ဖြစ်ကြောင်း ကမ္မဌာနာစရိယ ဆရာကြီးများက အကျယ်တ၀င့် ဟောပြောပြပါသည်။
ဤသို့ဖြင့် ငါ-သူတစ်ပါး-ယောင်္ကျား-မိန်းမ-လူ-နတ်-ဗြဟ္မာ-တောတောင်ရေမြေ ဟူ၍ မရှိပြီ။ အခါမစဲ တသဲသဲ ဖောက်ပြန် ပြောင်းလဲနေသော ရုပ်တရားနှင့် နာမ်တရားသာရှိပုံ၊ ထိုရုပ်တရား နာမ်တရားတို့သည် ခြေကျိုးသူနှင့် မျက်စိမမြင်သည့် လူနှစ်ယောက် အတူတကွ ခရီးသွားသလို အချင်းချင်း ထောက်ပံ့ အကျိုးပြုနေကြပုံ ပမာအလား ရုပ်တရား နာမ်တရားတို့ကို ခွဲခြားသိမြင်ခြင်း၊ သံသရာ တစ်လျှောက်လုံး အရိုးစွဲခံယူခဲ့သော ငါ-သူတစ်ပါး ဟူသော သက္ကာယဒိဌိကို ခွာနိုင်ခြင်းတို့အပြင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါးကို သူပြော-ငါပြောမဟုတ်၊ ယောဂီတို့ကိုယ်တိုင် ရှုပွားဆင်ခြင် သိမြင်နေကြရပြီ ဖြစ်ပါတော့သည်။

ထို့အပြင် ယောဂီတို့သည် ၇ ရက်လုံးလုံး သီလကို ဆောက်တည်ထားခြင်း၊ မိမိတို့ အိုးအိမ်စည်းစိမ်တို့ကို ခေတ္တယာယီ စွန့်ခွာပြီး ယခုလို ဆိတ်ငြိမ်သည့် ဓမ္မရိပ်သာကြီးအတွင်းတွင် လာရောက်ပြီး တရားဘာဝနာများ အားထုတ်နေကြသဖြင့် ပါရမီ ဆယ်ပါးကို တစချိန်တည်း ဖြည့်ဆည်းနေကြသကဲ့သို့ ဖြစ်နေပါ၍ ယခုအချိန်အခါတွင် ယောဂီတို့သည် သာမာန် ပုထုဇဉ်များ မဟုတ်ကြတော့ပဲ အရိယာနွယ်ဝင် သူတော်စင်များ ဖြစ်နေကြပါပြီ။
ဆက်လက်၍ ကြိုးစားအားထုတ်သွားပါက ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်မှု၊ ပျက်မှုတို့ကို ရှုမြင်လာနိုင်ကြပြီး မဟာ သောတာပန်အဖြစ် ရောက်ရှိနိုင်ရုံမက အပါယ်လေးဘုံသို့ မကျရောက်နိုင်တော့ဘဲ ယခုဘ၀အတွင်းမှာပင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကြောင်းကို ရဲရဲကြီး အာမ ခံဝံ့ပါသည်ဟု ကမ္မဌာနာစရိယ ဆရာကြီးများက မိန့်ကြားပါသည်။
ထိုကဲ့သို့ ဆရာကြီးများက မိန့်ကြားလိုက်သည့်အခါ အခြားသော ယောဂီများ မည်ကဲ့သို့ ခံစားနေကြရမည်ကို မသိနိုင်သော်လည်း အသက် ၆၀ ကျော် အရွယ်အထိ စိတ်အလိုလိုက် မိုက်မှားနေခဲ့သော စာရေးသူလို ပုဂ္ဂိုလ်က သာမန်ပုထုဇဉ်ဘ၀မှ အရိယာနွယ်ဝင် သူတော်စင်ဘ၀သို့ ခေတ္တယာယီပင် ဖြစ်စေကာမူ ရောက်ရှိနေပြီဟု ကြားသိရသောအခါ ၀မ်းသာကြည်နူးမှု ဖြစ်ရလွန်း၍ မျက်ရည်များပင် စီးကျလာခဲ့မိပါသည်။
ယခင်ကကဲ့သို့ အလုပ်မရှိ၊ အကိုင်မရှိ၊ အိမ်လေးတစ်လုံးတွင် တစ်ယောက်တည်း နေရသဖြင့် စိတ်အားငယ်နေရန်မလို၊ မိမိတွင် အမွန်မြတ်ဆုံး အလုပ်ဖြစ်သည့် တရားဘာဝနာ ပွားများ အားထုတ်သည့် အလုပ်ရှိနေပါပြီဟူသော အတွေး ၀င်နေမိသည်။
အဆိုပါ တရားစခန်းကြီးက စီစဉ်ပေးသည် ဘတ်စ်ကားဖြင့် အပြန်လမ်းတွင် သန်လျင်တံတားကြီးပေါ်သို့ ရောက်သောအခါ မြစ်ပြင်ကျယ်ကြီးကို ဖြတ်သန်းပြီး တိုက်ခတ်လာသော လေနုအေးလေးကို တစ်ဝကြီး ရှုရှိုက်လိုက်မိပြီးနောက် စာရေးသူ၏ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေပါတော့သတည်း။
                                                                                                      

                                                                                                            သုဝေ (ဘူမိဗေဒ)

Saturday, June 18, 2011

ယဉ်ကျေးလိမ်မာသင်တန်း၊ ထားဝယ်မြို့

Friday, June 17, 2011

ထိုလင်နှင့်ဤမယား ညားကြရာဝယ်

အိမ်ထောင်မူ့ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊
ဤသုံးခု မူမပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်ဟာမျိုး ဟုစလေဦးပုညကစပ်ဆိုခဲ့တာဖြစ်ပါတယ်။ လူတိုင်းနှင့်လည်းရင်းနှီးသလို အသုံးကလဲတော်တော်လေးဝင်တယ်ဆိုတာ သိကြမှာဖြစ်ပါတယ်။ အိမ်ထောင်မူသည် လူနှင့်မကင်းရာမကင်းကြောင်းဖြစ်ပါတယ်။ အိမ်ရာတည်ထောင်၍နေကြသော လူ့ဘောင်အဆောက်အုံကြီးတွင် အိမ်ထောင်မူသည်လွန်စွာအရေးကြီးလှပါတယ်။  ပျက်စဉ်ပြင်ခဏဆိုပေမဲ့ အိမ်ထောင်ရေးမှာတော့ဖြင့် ဖြစ်နိုင်စရာမဟုတ်ပေ၊ အစကောင်းမှအနှောင်းသေချာသည်သာအမှန်ပင်ဖြစ်ပါတယ်။ အိမ်ထောင်မူသက်တမ်းဆိုတာကတော့ လူသမိုင်းနှင့်အမျှရှည်လျားလွန်းပါတယ်။ လူရှိနေသမျှကာလပတ်လုံး အိမ်ထောင်မူသည် ရှိနေမည်ပင်ဖြစ်ပါတယ်။ ဒါပေမဲ့ သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးရှိသလို သာယာချမ်းမြေ့ခြင်းကိုမပိုင်ဆိုင်နိုင်သော အဆင်မပြေသောအိမ်ထောင်ရေးများကလည်း ဒီခေတ်ကြီးထဲမှာတော့ ဒုနဲဒေးပါပဲ။ လောကလူသားတိုင်း အိမ်ထောင်တစ်ခုပြုပြီးဆိုမှတော့ ပျော်ရွင်ခြင်းကို နစ်သက်လိုလားကြမှာအမှန်ပင်ဖြစ်ပါတယ်။ အိမ်ထောင်ရေးသက်တမ်းကြာလာတာနဲ့အမျှ အဆင်မပြေမူလေးတွေစတင်တွေ့ရှိရတာလေးတွေရှိသလို အဆင်ပြေပြေနဲ့လှုပ်ရှားသွားလာနေတာကိုလဲတွေ့ရှိရပါတယ်။ စာရေးသူကရော ဒါတွေကိုသေသေချာချာ ဃဃနနသိသလားဆိုတော့မသိပါဘူး။ တစ်နေ့က မိသားစုအဆင်ပြေပုံလေးတွေနဲ့ပက်သက်ပြီးတော့ ဘလော့တစ်ခုမှာဖတ်မိလိုက်ရပါတယ်။ အိမ်ထောင်ရေးကို အကျိုးရှိရှိအသုံးပြုသွားပုံလေးပါ၊ ပြီးတော့ ပျော်ရွင်သောမိသားစုလေးကို ပြိုကျမသွားအောင် အမြဲတမ်းထိန်းသိမ်းထားတဲ့နည်းလမ်းလေတွေပါ၊ ဘ၀နှင့်ရင်းပြီးတကယ်ဖြစ်ရပ်လေးတွေတင်ပြထားတာလေးတွေကိုသိရလို့ဝမ်းလဲသာခဲ့မိပါတယ်။ အဲဒီဆောင်းပါးဖတ်ပြီးကတည်းက အိမ်ထောင်ရေးနဲ့ပက်သက်လို မြတ်ဗုဒ္ဓကဘယ်လိုများဟောခဲ့သလဲဆိုတဲ့အတွေးက၀င်လာမိပါတယ်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓက လူသားတို့အတွက် ကောင်းသောအိမ်ထောင်ရေးဖြစ်မူ့ကို ရှေူးရှုတော်မူလျှက် အိမ်ထောင်ရေးတရားဒေသနာတော်များကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။
မြတ်ဗုဒ္ဓဒေသနာ (အဂုင်္တ္တိုရ်ပါဠိတော်၊ပုညာဘိသန္ဒ၀ဂ်၊ပဌမသံဝါသသုတ်)
မြတ်စွာဘုရား မဓုရမြို့နှင့် ဝေရဉ္ဇာပြည်အကြားခရီးရှည်ကြွတော်မူစဉ် များစွာကုန်သော သူဌေးလင်မယားတို့သည်လည်း ထို့မြို့အကြားခရီးထွက်ခဲ့ကြပါတယ်။ မြတ်စွာဘုရားက ခရီးလမ်းတစ်ဝက်လောက်လဲရောက်ရော အရိပ်ကောင်းသောသစ်ပင်၌ ခေတ္တခဏအနားယူပါတယ်။ ထိုအချိန်မှာပင် သူဌေးလင်မယားတို့ကမြတ်ဗုဒ္ဓထံသို့သွား၍   မြတ်စွာဘုရားအား ရှိခိုးကန်တော့ခဲ့ကြပါတယ်။ မြတ်ဗုဒ္ဓကလည်း အိမ်ထောင်ရေးတရားတော်နှင့်ပက်သက်၍ ဤသို့မိန့်တော်မူခဲ့ပါတယ်။ ဒါယကာတို့ လင်နှင့်မယားပေါင်းသင်းဆက်ဆံခြင်တို့သည် လေးမျိုးရှိတယ်။
ဘာတွေလဲဆိုတော့- ၁။သူသေလင်သည် သူသေမယားနှင့် အတူတကွ ပေါင်းသင်းဆက်ဆံတယ်။
၂။သူသေလင်သည် နတ်သမီးမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံတယ်။
၃။နတ်သားလင်သည် သူသေမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံတယ်။
၎။နတ်သားလင်သည်နတ်သမီးမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံတယ် ဟုဟောတော်မူခဲ့ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓဟောကြားသောတရားတော်ကို နာမလည်းသဖြင့် အဘယ်သို့သော လင်မယားမျိုးကို သူသေကောင်၊ နတ်သမီး၊ နတ်သားဟုသိလိုသောစိတ်ဖြင့်ဘုရားထံကိုမေးခဲ့ကြပါတယ်။
၁။ဒါယကာတို့ လောကကြီး၌ လင်ယောက်ျားသည် ငါးပါးသီလကိုမလုံခြုံ၊ ယုတ်ညံ့သောသဘောတရားရှိခြင်း၊ ၀န်တိုခြင်း၊ သမဏဗြာဟ္မကိုဆဲရေးခြင်းတို့သည် လင်ယောကျာ်း၌သော်လည်းကောင်း၊ မယား၌သော်လည်းကောင်းရှိငြားအံ့။ ထိုသို့သောလင်နှင်မယားကို သူသေလင်သည် သူသေမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံနေတယ်လို့ငါဘုရားဟောတော်မူပါတယ်။
၂။ဒါယကာတို့ လင်သည် ငါးပါးသီလကိုမလုံခြုံ၊ ယုတ်ညံ့သောသဘောတရားရှိတယ်၊ ၀န်တိုခြင်းရှိတယ်၊ သမဏဗြာဟ္မဏကိုဆဲရေးခြင်းရှိတယ်၊ ဒါပေမဲ့ မယားမှာ ထိုသို့သောသဘောတရားကိုကမရှိပေ။ ဤသို့သောလင်နှင့်မယားကိုတော့ သူသေလင်သည် နတ်သမီးမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံနေတယ်လို့ငါဘုရားဟောတော်မူပါတယ်။
၃။ဒါယကာတို့ လင်သည် ငါးပါးသီလကိုလုံခြုံတယ်၊ ယုတ်ညံ့သောသဘောတရားမရှိ၊
၎။ဒါယကာတို့ လင်နှင့်မယားသည် ငါးပါးသီလကိုလုံခြုံတယ်၊ ယုတ်ညံ့သောသဘောတရားမရှိ၊ ၀န်တိုခြင်းမရှိ၊ သမဏဗြာဟ္မကိုဆဲရေးခြင်းမရှိ၊ ထိုသို့သောလင်နှင့်မယားကိုတော့ လင်နတ်သားသည် မယားနတ်သမီးနှင့်အတူတကွပေါင်းသင်းဆက်ဆံနေတယ်လို့ငါဘုရားဟောတော်မူပါတယ်။
မြတ်ဗုဒ္ဓ၏ဒေသနာအဆုံး၌ သူဌေးလင်မယားတို့သည် မိမိ မိမိတို့၏အိမ်ထောင်ရေးကို ပြန်သုံးသပ်ခဲ့ကြပါတယ်။ငါဟာ သူသေလင်လား၊ နတ်သားလင်လား ဟူ၍လည်းကောင်း၊ ငါဟာ သူသေမယားလား၊ နတ်သမီးမယားလား ဟူ၍လည်းကောင်းသုံးသပ်ကြည့်သော် သူတို့သူဌေးလင်မယားတို့သည်နတ်သားနှင့်တူသောလင်၊ နတ်သမီးနှင့်တူသောမယားမျိုးဖြစ်ပါတယ်။ သို့ဖြစ်၍ ထိုအကြင်လင်မယားတို့သည် လူ့ဘ၀၌ ကောင်းမြတ်သောတရားတို့ကိုကျင့်၍ နတ်လောက၌အလုံးစုံသော ကာမဂုဏ်အာရုံတို့ကိုလိုတိုင်းရကုန်လျှက်နှစ်နှစ်သက်သက်မွေ့လျော်ခဲ့ကြရပါတယ်။ထိုမြတ်ဗုဒ္ဓဒေသနာတော်သည် ဇနီးမောင်နှံတိုင်းနှင့်သက်ဆိုင်သောတရားဖြစ်သည့်အတွက် မိမိကိုယ်ကို နတ်သားနှင့်တူသောလင်၊ နတ်သမီးနှင့်တူသောမယားမျိုးဖြစ်အောင်ကြိုးစားသင့်သည်မဟုတ်ပါလော့။)
မှတ်ချက်။          ။ဒုတိယသံဝါသသုတ်တော်ကိုရဟန်းတော်တို့ကိုအကြောင်းပြု၍ဟောတော်မူထားပါသည်။
ဆိုလိုရင်းအဓိပ္ပါယ်မှာအတူတူဖြစ်၍မဖော်ပြတော့ပါ။ရဟန်းတို့နှင့်မဆိုင်သော်လည်း
ရဟန်းတို့မည်သည်ဒါယကာ၊ဒါယိကာမတို့နှင့်မကင်းသောကြောင့်ရဟန်းတို့အနေဖြင့်သက်ဆိုင်ရာဒါယကာ၊ ဒါယိကာမတို့အားဟောကြားဆုံးမနိုင်စေရန်ဟောကြားတော်မူသည်ဟုယူဆနိုင်ပါတယ်။
မြတ်ဗုဒ္ဓဒေသနာ(အဂုင်္တ္တိုရ်ပါဠိတော်၊ ပုညာဘိသန္ဒ၀ဂ်၊ပဌမ သမဇီဝီသုတ်)
မြတ်စွာဘုရားရှင် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ သားတို့ အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံးနေတော်မူစဉ် ဒီတရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ တစ်နေ့သော နံနက်ခင်းပိုင်၌ မြတ်စွာဘုရားရှင်သည် သင်္ကန်းကိုပြင်ဝတ် သပိတ်သင်္ကန်းကို ယူလျက် နကုလပိတာ သူကြွယ်အိမ်သို့ ကြွတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင် ကြွလာပြီးလဲဆိုရော နကုလပိတာနှင့် နကုလမာတာ လင်မယားနစ်ယောက်စလုံးဟာ ဘုရှားရှင်ကို ရှိခိုးဦးချပါတော့တယ်။ ထို့နောက် နကုလပိတာသည် မြတ်စွာဘုရားအား- အရှင်ဘုရား တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာကို လက်ထပ်ခဲ့ပါတယ်ဘုရား။ တပည့်တော်အိမ်ထောင်ကျပြီဆိုကတည်းက နကုလမာတာမှတစ်ပါး အခြားသော အမျိုးသမီးနှင့်ဖောက်ပြန်ကျုးလွန်ခြင်းမရှိခဲ့ပါ။အယုတ်အားဖြင့် စိတ်ဖြင့်တောင်မပြစ်မှားမိခဲ့ကြောင်းပါဘုရား ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ တပည့်တော်သည် ယခုဘ၀၌လည်း နကုလမာတာကိုပဲ ချစ်ချင်းပါတယ်ဘုရား နောက်တမလွန်ဘ၀၌လည်း သံသရာဝဋ်လည်နေသမျှကာလပတ်လုံး နကုလမာတာနဲ့ပဲ တွေ့ ဆုံပေါင်းသင်းခြင်ပါတယ်ဘုရား လို့ လျောက်တယ်။ ထို့နည်းအတူ နကုလမာတာကလည်း မြတ်စွာဘုရားကို လျောက်ထားခဲ့ပါသည်။
ဘုရာရှင်က- ဒါယကာတို့လင်မယား ယခုဝဘရော နောင်ဘ၀ပါ အတူတူချစ်ခင်ချင်တယ် ပေါင်းသင်းဆက်ဆံခြင်းတယ်ဆိုရင်
၁။တူမျှသော သဒ္ဓါတရားရှိခြင်း
၂။တူမျှသော သီလတရားရှိခြင်း
၃။ တူမျှသော စာဂတရားရှိခြင်း
၎။ တူမျှသော ပညာတရားရှိခြင်း တို့ရှိရပါလိမ့်ဟု မိန့်တော်မူခဲ့သည်။
နကုလပိတာနှင့် နကုလမာတာတို့သည့် ထိုလေးပါးသောတရားတို့ဖြင့် ပြည့်စုံစွာနေလျက် ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံသွားကုန်သတဲ့။ နောက်ဆုံး လူ့ ဘ၀၌ ထိုသို့တူမျှသော တရားတို့ကိုကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသောကာမဂုဏ်အာရုံတို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက်မွေ့ လျော်ရကုန်သတည်း။
မှတ်ချက်။   ။ဒုတိယသမဇီဝသုတ်တော်ကို ရဟန်းတော်တို့ကိုအကြောင်းပြု၍ဟောတော်မူခဲ့ပါတယ်။အဓိပ္ပါယ်မှာအတူတူပင်ဖြစ်သော်ကြောင့် မဖော်ပြတော့ပါ။
သိင်္ဂါလောဝါဒသုတ်၌လည်း အောက်ပါအတိုင်းတွေ့ရှိရပါသေးတယ်။ အိမ်ထောင်တစ်ခုပြုပြီးဆိုရင် လင်ကျင့်ဝတ်နှင့်မယားကျင့်ဝတ်ဆိုပြီတော့ မြတ်ဗုဒ္ဓကဟောကြားထားပါသေးတယ်။
လင့်ကျင့်ဝတ် (၅)ပါး
(၁) မြတ်နိုးကြင်နာမှုရှိခြင်း။
(၂) နှိမ့်ချ၍မဆက်ဆံခြင်း၊ မထီမဲ့မြင်မပြုခြင်း။
(၃) မယားငယ်အနှောင်းမထားခြင်း။
(၄) စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း။
(၅) အ၀တ်တန်ဆာပေးခြင်း။

ဆောင်ပုဒ်။       ။မထေမဲ့ကင်း အပ်နှင်းဥစ္စာ

                       မိစ္ဆာမမှား ၀တ်စားဆင်ယင်

                        မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ။



မယားကျင့်ဝတ် (၅)ပါး
(၁) အိမ်တွင်းမှု ချက်ပြုတ် ချုပ်လုပ်စသော အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း။
(၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်ခြင်း။
(၃) မိမိလင်မှတပါး အခြားယောက်ျား၌ လွန်ကြူးသောအကျင့်မှကင်းခြင်း။
(၄) ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိမှုကင်းခြင်း။

ဆောင်ပုဒ်။               ။အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ

                              မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ

                             ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်အပ်ရာ။
မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော အိမ်ထောင်ရေးကိစ္စများကို စာရေးသူလက်လှမ်းမီသလောက်တင်ပြလိုက်ရပါတယ်။ အားလုံးသောစာဖတ်သူအားလုံး ပျော်ရွင်သောမိသားစု၊ပျော်ရွင်သောအိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေ..........

လပြည့်ဝန်း

မမေ့ သတိ၊ သီလသမာ၊ အစဖြာ၊ သိက္ခာသုံးရပ်၊ ပြည့်စုံကြ၊ ကြိုးစားအားထုတ်ပါ။

Tuesday, June 14, 2011

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ.

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစအကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။
သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။


ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား မျက်မာန်ပွါးသော် တရားမကွာ ထိန်းစောင့်ကာဖြင့် မေတ္တာနှလုံး ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

(ရတနာဝါသဘုရားကျောင်းကို အလည်သွားရင်းနဲ့ ကူးယူလာခဲ့တဲ့ မှတ်သားဖွယ်ရာ သြ၀ါဒလေးတွေပါ။)

Monday, June 13, 2011

Software မလိုဘဲ English လိုအသံပီပီထွတ်လေ့ကျင့်မယ်။

Software တွေတကုတကရှာပြီး English လိုအသံထွတ်လေ့ကျင့်စရာမလိုပါဘူး..ကိုယ်ကိုတိုင်သိချင်တဲ့ဟာကို ရိုက်ထည့်ပြီး အသံထွတ်ခိုင်းလိုက်.ဒါကို ကိုယ့်က တူအောင် လိုက်ထွတ်ကျင့်ပေါ့..ဒါက Control panel ထဲမှာရှိတဲ့
Speech မှာအသုံးပြူလို့ရပါတယ်.။
"you have selected Microsoft Sam as the computer's default voice" ဆိုတာကိုဖြတ်လိုက်ပြီး ကိုယ်ထွတ်ခိုင်းချင်
တဲ့ English စာသားကိုရိုက်ထည့်ပြီး Preview voice မှာနှိပ်လိုက်ပါ..တိတိကျကျအသံထွတ်ပေးပါလိမ့်မယ်.တခါနဲ့
မရရင် အခေါက်ပေါင်းမြောက်မြားစွာ Preview voice ကိုနှိပ်ပြီး နားထောင် လေ့ကျင့်နိုင်ပါတယ်.. ဘာ Software
ကိုမှာ ခက်ခက်ခဲခဲရှာစရာမလိုဘဲ..လွယ်ကူစွာ အသုံးပြုလို့ရတဲ့ Speech ကိုအကျိုးရှိရှိအသုံးပြုလိုက်ကြပါ။

Email ကနေ Blog post တင်မယ်။

sangpi ရယ်အီးမေးလ်ကနေရော အဆင်မပြေဘူးလား။...........
ဟုတ်ကဲ...သိပ်ပြေပါတယ်...ကျွန်တော်တို့က သတိမထားမိလို့ပါ...တကယ့်ကို လွယ်ပြီး..လုပ်ရတာ
အဆင်ပြေပါတယ်..ကိုယ်တိုင်မကြုံဘူးတော့..မစဉ်းစားမိလို့မတင်ဖြစ်လိုက်တာပါ..
Step 1:  အထက်ပါပုံအတိုင်းမှာ Settings ကိုနှိပ်ပါ.
Step2: မှာ Tab သေးသေးလေးတွေထက်ထွတ်လာပါတယ်. (Basic,Publishing,formatting, Email & mobile)ဆို
           ပြီးတွေတဲ့အထဲမှာ Email &Mobile ကိုနှိပ်ပေးပါ
Step3:  Posting Options ခေါင်းစဉ်အောက်မှာ
Step4: Sbsangpi.@blogger.com ဆိုပြီးတော့..Box ထဲမှာ ကိုယ့်ရဲ့
         လျှိ့ဝှက်စကားလုံးကိုရေးရမှာပါ ရေးတဲ့နေရာမှာ နံပါတ်နဲ့အက္ခရာ ကိုတွဲပေးပါ..
       note: sangpi ဆိုပြီးပေးရင်  လုံခြုံမှုမရှိတဲ့အတွက် Sangpi10 ဆိုပြီးရေးပေးမှာသာအဆင်ပြေနိုင်မှာပါ..

Step5: မှာ Save setting ကိုနှိပ်ပြီး..ကိုယ့် Email ကနေ အထက်က ဥပမာ ကျွန်တော်ရဲ့ Sbsangpi.sangpi10@blogger.com ကိုပို့ရမှာပါ
Note:ကျွန်တော်ဆိုလိုတာက Sbsangpi.sangpi10@blogger.com ကိုပို့ရမှာမဟုတ်ဘဲ. ကိုယ့်ရဲ့ blogမှာကိုယ့်ဖြည့်ထားတဲ့အတိုင်းကို Email ရဲ့ TO လိပ်စာမှာနေရာမှာထည့်ပေးပြီး Send လုပ်ရမှာဖြစ်ပါတယ်. Subject က  ကိုယ့် blog ရဲ့ Post ခေါင်းစဉ်ဖြစ်ဖြစ်ပါတယ်..


အဆင်ပြေပါစေ..
SBSangpi(စံပီး)





Blogger.com ထဲမ၀င်ဘဲ post တင်မယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်: ကိုစံရေ ဘလော့ဂါထဲ စာဝင်ရေးလို့မရတော့ဘူး။ရေးလို့ရအောင် နည်းပေးပါအုံး။
ကျွန်တော်လဲ..ဒီနည်းလမ်းလေးကိုပြောပြမယ်ဆိုပြီး.စဉ်းစားထားတာကြာပြီး Post တင်ဖို့လုပ်တိုင်းပြန်ပြန်မေ့နေတာနဲ့  မတင်ဖြစ်ဘူး. အခုမှဘဲတင်ဖြစ်တော့တယ်.အခုတလော blogger တွေအတွက် Post တင်ဖို့က Proxy အခက်ခဲရှိနေတော့ Proxy ဘဲရှာနေရတယ်.Proxy ကလဲတင်လိုက်တိုင်းအပိတ်ခံနေရတော့ ..တော်တော် စိတ်ညစ်ရမှာဘဲ ဒီအတွက်..စိတ်မပှုပါနဲ့တော့ ကျွန်တော် နည်းလမ်းတခုကို မထင်မှတ်ဘဲတွေ့လိုက်ရတယ်..ဒီနည်းလမ်းလေးက  ပြောလိုက်ရင်အားလုံးက  သိပြီးသားဖြစ်မှာပါ ဒီအတွက် Software တခုအသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုရမဲ့ software လေးက ကျွန်တော်တို့ စာရေးတဲ့အခါအသုံးပြုနေကြ Microsoft Word 2007 ဖြစ်ပါတယ်.ဒီမှာ MS word 2007 မှာက ထူးခြားအသုံးပြုလို့ရတဲ့  MS word ကနေတခါတည်း blog, word press, type pad စတဲ့ blog တွေပြီးတော့ Other ဆိုပြီးတော့ options လဲပေးထားတော့  အေးအေး ဆေးဆေးစမ်းသက်ပြီးပျော်ရွှင်စွာအသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်..

Step(1) Microsoft word 2007 open
Step(2) New
Step(3) New blog post
Step(4) create
Step(5) အဲဒီမှာ.. ကိုယ့်ကြိုက်သလိုpost ကိုရေးပြင်ဆင်ပြီး
Step(6) ပြီးတဲ့အခါပေါ်မှာ Publish ကိုနှိပ်ပါ
Step(7) Register An Account ကိုနှိပ်ပါ။
Step(8) ဒီမှာကိုယ့်ကရဲ့ blog က blogger ဆိုရင် blogger ရွေးပါ word press ဆိုရင် word press ပေါ့
Step(9) ကိုယ့်ရဲ့ blogger ID and password ကိုထည့်ပါ (post တင်တိုင်းထည့်နေကြ)
Step(10) ပြီးရင်အိုကေ..ကိုယ့်တင်ချင်တဲ့ blog name ကိုပြန်ရွေးပေးပြီး ok
              ဆိုရင် အဆင်ပြေပါပြီး..




ကြိုးစားလျှက်,
SBSangpi(စံပီး)

Sunday, June 12, 2011

တရားနဲ့ ဝေးနေဆဲပါလား

တစ်ခါတုန်းက တက္ကသိုလ်ပြည်ကြီးကို အုပ်ချုပ်နေတဲ့ နဂ္ဂဇိဆိုတဲ့မင်းကြီးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရံရွေတော်တစ်ယောက်ဟာ သူ့အနားမှာ သနပ်ခါးသွေးနေတာကို အမှတ်မထင်ကြည့်မိလိုက်ပါတယ်။ ရံရွေတော်ရဲ့လက်မှာက ရွှေလက်ကောက်တစ်ဖက်တစ်ကွင်းစီသာရှိနေပါတယ်။ လက်ကလှုပ်ရှားမှုရှိပေမယ့် အသံမမြည်ပါဘူး။ ရံရွေတော်ကို စူးစူးစိုက်စိုက်ကြည့်နေတာမို့ မိဖုရားငယ်က မနာလိုဖြစ်ပြီး ကိုယ်တိုင်ဝင်ပြီး သနပ်ခါးသွေးပါတယ်။ မိဖုရားငယ်ရဲ့လက်မှာက ရွှေလက်ကောက်တွေနဲ့အပြည့်ပါ။ ဒီတော့ ကျောက်ပျင်ပေါ်မှာ သနပ်ခါးသွေးလိုက်တိုင်း ကိုယ်လက်လှုပ်ရှားသွားချိန်မှာ လက်ကောက်တွေ တစ်ကွင်းနဲ့တစ်ကွင်းထိမိခိုက်မိတော့တချွန်ချွန်နဲ့အသံတွေ ထွက်လာတာကို သတိပြုမိလိုက်ပါတယ်။ မင်းကြီးကတွေးပါတယ်။ “ လက်ထဲမှာ ဝတ်ထားတဲ့လက်ကောက်ဟာ တစ်ကွင်းတည်းသာရှိမယ်ဆိုရင် ဘာအသံမှ မထွက်ဘူး။ လက်ကောက်ဟာ နှစ်ကွင်းထက်မက သုံးလေးကွင်းဝတ်ထားမယ်ဆိုရင် အသံတွေမြည်လာတတ်ပါလား”လို့ ဆင်ခြင်နှလုံးသွင်းမိလာပါတယ်။
ပြီးတော့ လက်ကောက်ချည်းသာမဟုတ်ပါဘူး။ လူလည်းပဲ ဒီအတိုင်းပါပဲ။ တစ်ယောက်တည်းရှိချိန်မှာ ဘာအသံမှ မထွက်ဘူး။ အဖော်မရှိတဲ့အတွက် ပြောစရာမရှိလို့ပါ။ နှစ်ယောက်၊သုံးယောက်ဖြစ်လာပြီဆိုရင်တော့ အသံထွက်လာပါပြီ။ အဆင်ပြေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ပြောကြမယ်။ အဆင်မပြေတဲ့အချိန်မှာ ရန်စကားတွေပြောကြမယ်။ ရန်တွေဖြစ်ကြမယ်။ စကားတွေများကြမယ်။ အသံတွေထွက်လာပြီ။ သဘောကျတဲ့အသံကိုကြားတော့ သာယာတပ်မက်နှစ်သက်မယ်။ ဒီတော့ လောဘတွေဖြစ်လာမယ်။ သဘောမကျတဲ့အသံတွေကိုကြားရချိန်မှာ ဒေါသဖြစ်လာပြန်ရော။ လောဘလည်းမဖြစ်ဘူး။ဒေါသလည်းမဖြစ်ဘူးဆိုရင်တောင် အဲဒီအသံကြောင့် မောဟဖြစ်ပါတယ်။ တရားသံကလွဲရင် အသံကြောင့် ကုသိုလ်ဖြစ်ဖို့ဆိုတာ အလွန်ခဲယဉ်းလှပါတယ်။ ဒါကိုသဘောပေါက်သွားတဲ့မင်းကြီးက ‘ ငါ့မှာ လက်ကောက်တစ်ကွင်းကနေ နှစ်ကွင်း၊သုံးကွင်းမကဖြစ်လာသလို ငါ့မှာပိုင်ဆိုင်မှုတွေက အင်မတန်မှ များလာတယ်။ ဥစ္စာပစ္စည်းတွေ၊ မိဖုရားတွေ၊ တန်ခိုးအာဏာတွေ၊ခြွေရံသင်းပင်းတွေ များစွာရှိနေတယ်။ ဒါတွေကြောင့် အသံတွေမြည်လာမယ်ဆိုရင် ငါဟာ ဒုက္ခရောက်တော့မှာပါလား၊ ဒါတွေကြောင့်ဖြစ်တဲ့
လောဘတွေ၊ဒေါသတွေ၊မောဟတွေနဲ့ဒီအတိုင်းသာနေမယ်ဆိုရင် ငါဟာ ဆင်းရဲဒုက္ခတွေ့တော့မှာပါလား" လို့ သံဝေဂ ဝင်လာတော့ မင်းကြီးဟာ တောထွက်သွားပါတယ်။ တရားဓမ္မကျင့်ကြံ ကြိုးစားအားထုတ်လိုက်တော့ ပစ္စေက ဗုဒ္ဓဖြစ်သွားပါတယ်။

မထင်မှတ်လိုက်တဲ့ သနပ်ခါးသွေးတဲ့ဖြစ်ရပ်ကနေပြီး အမြင့်ဆုံးဘဝတစ်ခုကို ပိုင်ဆိုင်သွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ဒီမှာလည်းပဲ ဒီလိုဖြစ်ရပ်မျိုးတွေကို မကြာခဏကြုံဆုံရပါတယ်။ ဒါပေမယ့် ဘာကြောင့်များတရားမသိပါလိမ့်! ပါရမီများနည်းလို့လား။ ကိလေသာပဲ များလို့လား။ အခုလို သိလာပြန်တော့လည်း ဘာကြောင့်များတရားမရပါလိမ့် ! လား! လား! လား! လား! ပေါင်းများစွာနဲ့အလုပ်ရှုတ်နေပေမယ့် တရားနဲ့ဝေးနေဆဲပါလားနော်။

Template by : kendhin x-template.blogspot.com