Friday, June 24, 2011

ဒုလ္လဘတရား ငါးပါး






ဥုးဇင်း မင်္ဂလာပါဘုရား၊ ဒုလ္လဘတရား(၅) ပါးဆိုတာ ဘာလဲသိချင်ပါသည်ဘုရား၊ သူ ငယ်ချင်းတစ်ယောက်ကလည်းသိချင်ပါသည် ဘုရား၊ ဥုးဇင်းစာတွေဖတ်ရတာ အကျိုးရှိ ပါတယ်ဘုရား၊ တစ်ယောက်တည်းဖတ်ရတာ အားမရလို့ သူငယ်ချင်းတွေပါ မျှဝေဖတ်ပါ တယ်ဘုရား။ ဥုးဇင်းလည်း သာသနာ့အကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ ကြောင်းဆုတောင်းလိုက်ပါသည် ဘုရား၊
                                                                       

                                                                           ဝင်းသန္တာ(ပုသိမ်)
  

  မဝင်းသန္တာရေ ဒုလ္လတရား ငါးပါးဆိုတာကတော့
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားအဖြစ်ကိုရခဲတာ၊
(၂) မနုဿတ္တ ဘာဝဒုလ္လဘ= လူအဖြစ်ကို ရခဲတာ
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ=သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့အဖြစ်ကို ရခဲတာ၊
(၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ=ရဟန်းအဖြစ်ကို ရခဲတာ။
(၅) သဒ္ဓမ္မသဝန အတိဒုလ္လဘ=သူတော်ကောင်းတရား ကြားနာရဖို့ကို အလွန်ရခဲတာ
ဒါကတော့ ဒုလ္လဘတရာငါးပါး အကျဉ်းလေးပါ၊ 


ဒီနေရာမှာ ဒုလ္လဘဆိုတာ ရခဲတာ၊ ဖြစ်ခဲ တာဆိုတဲ့အဓိပ္ပါယ်ပါ၊ ဒါပေမဲ့ လူတော်တော်များများက ဒုလ္လလို့ပြောလိုက်ရင် သင်္ကြန် တွင်းမှာ ခဏခေတ္တသင်္ကန်းဝတ်ကြတဲ့ တောထွက်ဦးဇင်းကြီးတွေကို ပြေးမြင်တတ်ကြပါ တယ်။ အမှန်က ဒုလ္လဆိုတာ အဲဒီအဓိပ္ပါယ်အဟုတ်ပါဘူး၊ အထက်ကပြောပြခဲ့တဲ့ အဓိပ္ပါယ်ပါ၊
ဒုလ္လဘတရားငါးပါးကို မြတ်စွာဘုရားက ဂန္ဓကုဋီကျောင်းတော်ထဲကို မဝင်ခင်နေ့တိုင်း ရဟန်းတော်တွေကို ဟောကြားသြဝါဒပေးတော်မူပါတယ်၊ ဒီနေ့ရာမှာ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ကိုအရင်ဆုံးရှင်းအောင်ပြောကြည့်ရအောင်ပါ၊
 

ဘုရားအဖြစ်ကိုရခဲတယ်ဆိုတာ ဘုရားဖြစ်ဖို့လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီးတွေဖြည့်ရတာပါ၊ ဒီလောက်နှစ်တွေကြာအောင် ကမ္ဘာတွေကြာအောင်ပါရမီတွေ ဖြည့်ရတဲ့အတွက် ဘုရားဖြစ်ဖို့ဆိုတာမလွယ်ပါဘူး၊ ဒါကြောင့် ဘုရားအဖြစ်ရောက်ဖို့ရဖို့ ဆိုတာ ဒုလ္လဘ =ခဲယဉ်းတယ်လို့ပြောတာပါ၊
 

နောက်တစ်ခါ မနုဿတ္တဘာဝ ဒုလ္လဘ=လူအဖြစ်ကိုရခဲတယ်ဆိုတာကလဲ  လူဖြစ်ဖို့ဆို တာအရမ်းခက်ခဲတာပါ၊ မြတ်စွာဘုရားကတော့ နခသိခသုတ်တော်မှာ လူပြည်မှာလူဖြစ် နေတဲ့သူတွေနဲ့ ငရဲရောက်နေတဲ့သူတွေကို လက်သည်းကြားကမြေမှုံလေးတွေနဲ့ ဥပမာ ပေးတော်မူပါတယ်၊ လူပြည်မှာ လူဖြစ်နေတဲ့သူတွေဟာ လက်သည်းကြားက မြေမှုံလေး တွေလောက်သာရှိပြီး၊ ဒုဂ္ဂတိဘုံတွေမှာရောက်နေတဲ့ သူတွေကတော့ မဟာပထဝီမြေ ကြီးပေါ်က မြေမှုံတွေလောက်ကိုများပြားပါတယ်တဲ့၊
 

ဒီအဆိုကို ဒီနေ့ခေတ်လူဦးရေတွေများလာကြည့်ပြီး လက်မခံနိုင်စရာရှိပါတယ်။ လက်ခံ နိုင်အောင်ဥပမာလေးပေးပြောပြရမယ်ဆိုရင် စာဖတ်သူများရဲ့ အိမ်မှာရှိတဲ့ လူဦးရေစာ ရင်းနဲ့ ကိုယ့်ရဲ့အိမ်အနီးအနားမှာ မှီးတင်းနေကြတဲ့ တိရစ္ဆာန်တွေ ပြိတ္တာတွေကို ကြည့် လိုက်ရင် အဖြေပေါ်ပါလိမ့်မယ်၊ အဝေးကြီးသွားမကြည့်ပဲ အိမ်ဝင်းတစ်နေရာက ပုရွက် ဆိပ်တွင်းကို သွားရောက်ကြည့်မယ်ဆိုရင် လူနဲ့တိစ္ဆာန် ဘယ်သူကအရေအတွက်များ နေမလဲဆိုတာ မျက်မြင်ကိုယ်တွေ့သိရမှာပါ၊ ဒါကလူအဖြစ်ရဖို့ ခဲယဉ်းတယ်ဆို တဲ့သာဓကလေးတွေပါ၊
 

နောက်တစ်ခု သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါယုံကြည်မှုနဲ့ ပြည့်စုံဖို့ခဲယဉ်းပါတယ်။ ဒီနေရာ မှာယုံကြည်တယ်ဆိုတာ ဘုရား၊တရား၊ သံဃာကိုယုံကြည်တာပါ၊ တခြားနတ်တွေ ဝိဇ္ဇာ တွေ ဘိုးတော်တွေကို ယုံကြည်တာမဟုတ်ပါဘူး၊ ခုခေတ်မှာ လူတော်တော်များများက ဘုရားတရားသံဃာကို ယုံတာနည်းနည်း ဘိုးတော်တွေ နတ်တွေကို ယုံတာများလာတာ တွေ့နေရပါတယ်၊ ဒါကြောင့် ဘုရား၊ တရား ၊ သံဃာကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့် စုံဖို့ ခဲယဉ်းတယ်လို့ မြတ်စွာဘုရားက ဟောကြားခဲ့တာပါ၊
 

နောက်တစ်ခုက ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်ကို ရခဲတာပါ၊ ရဟန်းဖြစ်ဖို့ဆို တာလွယ်လွယ်နဲ့ဖြစ်တာ မဟုတ်ပါဘူး၊ လူသားစင်စစ်လည်းဖြစ်ရမယ်၊ အသက်နှစ် ဆယ်လည်းပြည့်မြောက်မှ ရဟန်းဖြစ်ခွင့်ရတာပါ၊ ဒီနေ့ခေတ်မှာ မိဘတိုင်းက စစ်ဗိုလ် ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေဖြစ်အောင် မွေးထုတ်ပေးနိုင်ကြပေမဲ့ ရဟန်းတစ်ပါးဖြစ်အောင်တော့ မိဘတိုင်း မွေးမပေးနိုင်ကြပါဘူး၊ ရဟန်းဆိုတာ သာမန် သင်္ကန်းလေးဝတ်ထားတဲ့ ရဟန်းထက် အကျင်သီလနဲ့ပြည့်စုံတဲ့ ပညာတတ်တဲ့ရဟန်း မျိုးကို ဒီနေရာမှာ ပြောမယ်ဆိုရင် ပိုသင့်တော်မယ်ထင်ပါတယ်။
 

နောက်ဆုံးတစ်ခုကတော့ သဒ္ဓမ္မသဝန အတိဒုလ္လဘ= သူတော်ကောင်းတရာကို ကြား နာရဖို့ အရမ်းခက်ခဲတာပါတဲ့၊ သူတော်ကောင်းတရားကြားနာရဖို့ဆိုတာ ဘုရားရှင် ပွင့်နေမှ ဒါမမဟုတ်သာသနာတော်ကြီးနဲ့ ကြုံတွေ့ရမှာ နားကြားနိုင်တာပါ၊ ဒါတောင် ကိုယ်က ဗုဒ္ဓဘာသာဝင်သူတော်စင်ဖြစ်နေဦးမှပါ၊ အဲဒီလိုသာမဟုတ်ခဲ့ရင် သူတော် ကောင်းတရား နာကြာရဖို့ဆိုတာ ဝေးလာဝေးပါ၊  ဒါကြောင့် မြတ်စွာဘုရားက သူတော် ကောင်းတရား နာကြားရဖို့တာ အရမ်းခက်ခဲတာလို့ဟောကြားခဲ့တာပါ၊
 

စာဖတ်သူများလည်း ဒုလ္လဘတရားငါးပါးနဲ့ နေ့စဉ်ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါ တယ်၊

0 comments:

Template by : kendhin x-template.blogspot.com