Monday, March 14, 2011

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂)


by Ashin Vicitta on Wednesday, March 9, 2011 at 6:20pm
အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော်ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။ တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။

ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။

အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။ ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။

ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။ နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။

မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။

မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။ အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။

ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။ ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။ ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။ သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။  တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။ နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။

နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။ တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။

လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။ နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။

ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။

ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။ အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။

0 comments:

Template by : kendhin x-template.blogspot.com