Tuesday, September 14, 2010

လူသားတိုင်းအတွက်မှန်

နိုးခဲ့ပြန်ပြီ
ဒီသမုဒယမနက်ခင်း
ဒုက္ခတွေနဲ့ စစ်ခင်းရအုံးမယ်။
ငိုရယ်လွမ်းဆွေး
သမုဒယအတွေးတွေကြားမှာ
ဒုက္ခဆိုတာ ဖြေဆေးတပါး
ပုထုဇဉ်လူသားတွေရဲ့
တလွဲအမှားတွေနဲ့
မဂ္ဂင်ဖောင်မစီးသရွေ့
နိရောဓတွေ ပျောက်ဆုံးနေအုံးမယ်။
မာယာရှင်သမုတိတွေရဲ့
လှည့်စားမှုအောက်
ဒုက္ခတွေ တဖြည်းဖြည်းရောက်လို့
လွတ်မြောက်ရေးဆိုတာလဲ
ဘယ်ဆီမှန်းမသိ
ဖြစ်နေအုံးမယ်။
အားတော့ နာပါရဲ့အဖေရယ်
အဖေပေးခဲ့တဲ့ ဆေးညွှန်း
ဆေးအမယ်တွေ ရှာနေတုန်းမှာပဲ့
ဝိပလ္လာသတွေက
ဝင်ဝင်နှောင့်တော့
လာလမ်းကိုပဲ့ ပြန်ပြန်ချင်နေမိတယ်။
ဖောင်ဖွဲ့ဖို့ ကြိုးစားတုန်းမှာပဲ့
ဒီကမ်းကကို မခွါနိုင်ဖြစ်နေတာ
တကယ်ပါအဖေရယ်
အဖေရှိတဲ့ ကမ်းတဖက်ဆီ
တနေ့တော့ သား အရောက်လှမ်းခဲ့ပါ့မယ်အဖေ။
အခုတော့လဲ မုန်တိုင်းမိတုန်း။  ။

0 comments:

Template by : kendhin x-template.blogspot.com