Thursday, December 23, 2010
ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၅)
အခန်း(၅)
ပညာအကြောင်းကို လေ့လာခြင်း
၅း၁။ပညာဟူသည်
    အခန်း(၄)တွင် စာဂအကြောင်းကို ကျယ်ပြန့်စွာတင်ပြခဲ့ပြီးပါပြီ။ ဤအခန်း(၅)တွင် ဘ၀အာမခံချက်အတွက် ပြည့်စုံရမည့်တရား(၅)မျိုးအနက် နောက်ဆုံးပြည့်စုံရမည့် ပညာအကြောင်း ကို လေ့လာတင်ပြသွားပါမည်။  လူတို့၏နေ့စဉ်ဘ၀တွင် ပညာဟူသောဝေါဟာရကို တွင်ကျယ်စွာ အသုံးပြုကြ၏။ ပါဠိဘာသာမှ ဆင်းသက်လာသည့် မြန်မာဝေါဟာရစစ်စစ်ပင် ဖြစ်၍နေပေပြီ။ ထိုပညာပုဒ်၏ အဓိပ္ပါယ်နှင့် စပ်၍ ထိုထိုကျမ်းဂန်တို့၌ '' အထူးထူးအပြားပြားအားဖြင့် ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်သိမြင်တတ်သော သဘောတရား'' အဖြစ် ဖွင့်ပြကြ၏။ ဤအရာသည် ဒုက္ခသစ္စာ ဖြစ်၏စသည်ဖြင့် သစ္စာလေးပါးတရားတို့ကို သိမြင်ခြင်းသဘောတရားပင် ဖြစ်၏။ သိစေတတ် သောကြောင့် ပညာမည်၏ဟု လည်းဖွင့်ပြ၏။ မည်သည့်အရာများကို သိစေသနည်းဟူမူ အနိစ္စ၊ ဒုက္ခ၊အနတ္တတရားတို့ဖြစ်၏။၁
    ဤအဖွင့်တို့ကိုသာ ရှုပါက ဗုဒ္ဓဘာသာက သတ်မှတ်ထားသည့် ပညာဟူသည် သစ္စာလေး
ပါးတို့ကို သိမှု၊အနိစ္စ၊ဒုက္ခ၊အနတ္တဟူသည့်လက္ခဏာသုံးပါးကို အပြားအားဖြင့် သိစေတတ်သည့်အ
ရာဟူသာ သိမှတ်ရမည်ကဲ့သို့ ဖြစ်နေ၏။ သို့သော် ယင်းပညာသည် အသေးစားဖြစ်သော လူမှုရေး ကိစ္စမှစ၍ သစ္စာလေးပါးတရားတိုင်အောင် မိမိအစွမ်းသတ္တိအားလျော်စွာ အမျိုးမျိုးသိစွမ်းနိုင်၏။အထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုခြင်းများသည် မဟာဝေဒလ္လသုတ်စသည်နှင့်အညီ ဥက္ကဋ္ဌနည်း= အဆင့်အတန်းမြင့်မားသောပညာတို့ကို ရည်ရွယ်၍ ပြဆိုခြင်းဖြစ်သည်။ အမှန်စင်စစ်အားဖြင့် အထက်ဖေါ်ပြပါ ပညာ၏အဆင့်အတန်းကို မမှီသော်လည်း ပညာဟုအမည်တွင်သော အရာများကို လည်း ဗုဒ္ဓဘာသာက ' ပညာ' ဟုပင် သတ်မှတ်ပေးပါ၏။ လောကီပညာရပ်များကို ပစ်ပယ်ထားမှု မရှိပါပေ။
ဝိဇ္ဇာဋ္ဌာနတို့၌ တတ်သိနားလည်မှုကိုလည်း 'ပညာ' ဟုပင် ဟောတော်မူပါ၏။၂ ထိုကြောင့်ပညာ ဟူရာ၌ သစ္စာ နှင့် လက္ခဏာသုံးပါးကို သိမှု၊ သိစေတတ်သည့်အရာကို ပညာဟု သတ်မှတ်သည်သာ မက လူမှုဘ၀အသက်မွေးဝမ်းကြောင်းဆိုင်ရာ လောကီပညာရပ်များကိုလည်း 'ပညာ'ဟု အသိအမှတ် ပြုကြောင်း သိမှတ်အပ်၏။
    ယင်းပညာသည် သတ္တ၀ါတိုင်း၏ဘ၀တွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်၏။
မှောင်မိုက်နေသည့် ဘ၀များကို အလင်းရောင်များ ထွန်းညှိပေးနိုင်၏။ ထိုကြောင့် ပညာဟူသည်
ဘ၀၏ အလင်းရောင်ပင် ဖြစ်၏။ လောက၌ နေအရောင်၊လအရောင်၊ဆီမီးအရောင်၊ပညာအရောင်
ဟူ၍ အရောင်လေးမျိုးရှိသည့်အနက် ပညာအရောင်သည် သာလွန်အကောင်းမြတ်ဆုံးအရောင်
ဖြစ်၏။၁ နေအရောင်၊လအရောင်၊ဆီမီးအရောင်တို့သည် အတိုင်းအတာတစ်ခုအထိလူသားတို့အား ကျေးဇူးပြုနိုင်ပါ၏။ သို့သော် ထိုအလင်းရောင်တို့၏ ကျေးဇူးပြုမှုသည် အကာအရံမရှိသည့် ဟင်းလင်းပွင့်အရပ်၌သာ ဖြစ်၏။ အကာအရံဖြင့် ကာထားလျင်ကား ထိုအလင်းရောင်တို့သည် ကျေးဇူးမပြုနိုင်ကြတော့ပေ။ ထိုကြောင့် ' ပညောာဘာသသမော သြဘာသော နာမ နတ္ထိ= ပညာနှင့်တူသောအလင်းရောင် မရှိ' ဟု မိန့်ဆိုတော်မူ၏။၂
    ပညာအလင်းရောင်ဟူရာ၌လည်း လောကီပညာရပ်နှင့် လောကုတ္တရာပညာရပ်ဟု နှစ်မျိုးရှိ ၏။ ယင်းကို သာသ၀ပညာနှင့်အနာသ၀ပညာ ဟုလည်းအမည်တပ်၏။ အာသဝေါတရားလျင် အာရုံရှိသော ပညာကို လောကီပညာ ဟုခေါ်၍ အာသဝေါကင်းရာ ပညာကို လောကုတ္တရာပညာ ဟုခေါ်၏။
    လောကီပညာရပ်များတွင်လည်း ပညာအစစ်နှင့်အတုဟူ၍ နှစ်မျိုးရှိပြန်၏။ လူ့လောက
အကျိုးပြုအတတ်ပညာ၊အသိပညာမျိုးကို ပညာအစစ် ဟုခေါ်၏။ ယင်းပညာမျိုးသာလောကီ လူသားထု၏ အလင်းရောင်ဖြစ်နိုင်၏။ လူ့လောကကို ဖျက်ဆီးရေးအတွက် ပေါ်ပေါက်လာသော အတတ်ပညာတို့သည်ကား လူသားတို့၏ အလင်းရောင် မဖြစ်နိုင်ပေ။ လူ့လောက၏ အလင်းရောင် မဟုတ်သည့်အပြင် နဂိုရှိရင်းစွဲဖြစ်သည့်အမှောင်ကို ပိုမိုမဲမှောင်စေနိုင်သည့် အရာများသာဖြစ်၏။ထိုသည့်ပညာရပ်များသည် ပညာအတုများသာဖြစ်၏။ ထိုပညာအစစ်နှင့်အတုတို့၏ သဘောကို ' ပညာအစစ်နှင့်အတု ' ဟူသည့် ခေါင်းစဉ်ဖြင့် သီးသန့်တင်ပြပါမည်။
    လူ့လောကအကျိုးပြု လောကီပညာရပ်(ပညာအစစ်)များသည် လူသားများ၏ အလင်း ရောင်ပင် ဖြစ်၏။ ' ပထမအရွယ် ပညာရှာ ' စသည်ဖြင့် လူသားများက သတ်မှတ်ထားသော်လည်း အမှန်စင်စစ်အားဖြင့် ပညာဟူသည် အရွယ်သုံးပါးစလုံး၌ ရှာမှီးသင့်သည့်တရားဖြစ်၏။ ဘ၀ဟူသည့် တက္ကသိုလ်ကြီးတွင် ကျောင်းပြီးသည့်ရက်ဟူ၍ မရှိပေ။ လူသားများ၏ ဘ၀သည် ဘ၀ကျောင်းသား အဖြစ်သာအဆုံးသတ်ခွင့်ရှိ၏။ အတွေ့အကြုံအတန်အသင့်ပြည့်ဝ၍ ဘ၀ဆရာအဖြစ်အမည် သတ်မှတ်ခံရသူပင်ဖြစ်သော်လည်း ဆရာတစ်ပိုင်း၊ ကျောင်းသားတစ်ဝက်ဖြင့်သာ ကုန်ဆုံးခွင့်ရှိ၏။ ကျောင်းသာအသစ်များအား သင်ပေးလျက် မိမိတို့ကလည်း သင်ယူရလျက်ပင် ရှိချေ၏။ ပညာရပ်တို့ ၏နယ်ပယ်ကား ဤသို့ကျယ်ဝန်းများပြား၏။ လောကီပညာရပ်များ၌ ဆရာတစ်ပိုင်းဘ၀ဖြင့် လူ့လောကအား အကျိုးပြုနိုင်ပြီဆိုလျင်ပင် ထိုသူကို ' အလင်းရောင်ထွန်းညှိပေးသူ' ဟု သတ်မှတ် နိုင်၏။
၅း၂။ လောကီပညာနှင့်လောကုတ္တရာပညာတို့၏ ထူးခြားချက်
    လောကီပညာရပ်များက ထွန်းညှိပေးသည့် အလင်းရောင်ကား ယခုလက်ရှိ တစ်ဘ၀စာအ
တွက်သာဖြစ်၏။ ဘ၀သံသရာ၏ အမှောင်ကိုကား မပယ်ခွင်းနိုင်ပေ။ လောကီပညာရပ်၏ အမှောင်
ခွင်းကာ အလင်းရောင်ပေးနိုင်မှုသည် ဤသို့ အချိန်ကန့်သတ်မှုရှိ၏။ သို့သော် တစ်ဘ၀စာအလင်း
ရောင်ကိုလည်း မျက်ကွယ်ပြုမပစ်ပယ်အပ်ပေ။ မျက်ကွယ်ပြုပစ်ပယ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်လောကလုံးသည် အမှောင်ကျသွားနိုင်၏။ အမှောင်ရောက်လာလျင် လမ်းလျောက်နေသူတို့
လမ်းပျောက်သွားနိုင်၏။ မျက်မမြင်တို့၏ သဘာဝအတိုင်း တစ်ဦးနှင့်တစ်ဦး တိုးဝှေ့တိုက်ခိုက်မိကာ
အလဲလဲအပြိုပြို ဖြစ်သွားနိုင်၏။ ထိုကြောင့် လောကီအတတ်ပညာများကိုလည်း ဘ၀တစ်သက်တာ
ပြည့်စုံကြွယ်စွာ နေထိုင်နိုင်ရေးအတွက် မဖြစ်မနေသင်ယူရမည်။ စည်းစိမ်ဥစ္စာမျသာရှာဖွေစုဆောင်း တတ်သည့် ပညာရှိသူကို 'ဧကစက္ခု=မျက်လုံးတစ်ဖက်ရှိသူ' ဟု ဗုဒ္ဓဘာသာက သတ်မှတ်၏။ မျက်လုံး
တစ်ဖက်ရှိသူသည် အကန်းဖြစ်သူထက် သာ၏။ သို့သော် တစ်ဖက်လပ်သည့်အတွက် အင်္ဂါစုံသူ
ဟုကား မဆိုနိုင်သေး။ လောကီမျက်လုံးပါ၍ လောကီနယ်တွင် ကျင်လည်စွာလျောက်နိုင် သည်ဖြစ်ပါသော်လည်း လောကုတ္တရာနယ်တွင်ကား စမ်းတ၀ါးဝါးဖြင့် လမ်းရွေးရခက်နေမည်ဖြစ်၏။ ထိုကြောင့် ဘ၀မျက်နှာစာတွင် လောကုတ္တရာမျက်လုံးလည်း ရှိရမည်။ လောကုတ္တရာမျက်လုံးဟူ
သည်ကား ကုသိုလ်အကုသိုလ်နှင့် အကျိုးရှိ မရှိကို သိနိုင်သည့် ညာဏ်မျက်စိပင်ဖြစ်၏။ ဤမျက်လုံး
နှစ်လုံးနှင့်သာ ပြည့်စုံပါက ပစ္စုပ္ပန် နှင့် တမလွန်၊ လောကီ နှင့် လောကုတ္တရာနယ်ပယ်တို့၌ အဆင်ပြေ
ချောမွေ့စွာ လျောက်လှမ်းနိုင်မည်ဖြစ်၏။ ယင်းပုဂ္ဂိုလ်မျိုးကို ဗုဒ္ဓဘာသာက 'ဒွိစက္ခု=မျက်လုံးနှစ်ဖက်
ရှိသူအဖြစ် သတ်မှတ်၏။
    လောကီပညာနှင့်လောကုတ္တရာပညာနှစ်မျိုးအနက် လောကုတ္တရာပညာကသာ လူသားတို့
အား အတိုင်းအတာ အကန့်အသတ်မရှိသော အလင်းရောင်ကို ဆောင်ကြဉ်းပေးနိုင်၏။ လောကု
တ္တရာပညာအလင်းရောင်ကား လောကီပညာအလင်းရောင်ကဲ့သို့ အကန့်အသတ်ဖြင့်သာ ထွန်း လင်းစေနိုင်သည်မဟုတ်ဘဲ အတိုင်းအတာအကန့်အသတ်မရှိ ကျေးဇူးပြုနိုင်၏။ လောကီပညာက ပစ္စုပ္ပန်ဘ၀ကိုသာ အလင်းပေးနိုင်၏။ လောကုတ္တရာပညာကား သံသရာအမှောင်ကို အလင်းဆောင် ပေးနိုင်၏။ လောကတွင် ရှိသမျ အမိုက်အမှောင်တို့တွင် မောဟအမိုက်အမှောင်သည် အကြီးမားဆုံးသော အမိုက်အမှောင်ဖြစ်၏။ ယင်းမောဟအမိုက်အမှောင် အရဟတ္တမဂ်ပညာဟူသည့် အလင်းရောင်ကသာ လွှမ်းမိုးဖျက်ဆီးနိုင်၏။ အရဟတ္တမဂ်ပညာကို ပိုင်ဆိုင်သူသည် နိဗ္ဗာန်ကို မျက်မှောက်ပြုတော့သည်ဖြစ်၍ ပဋိသန္ဓေတစ်ဖန် မနေရတော့။ ပဋိသန္ဓေမနေရလျင် အိုနာသေဘေး ကင်းတော့၏။ အိုနာသေဘေး ကင်းသည်နှင့် မောဟအမိုက်တိုက်လည်း ကွယ်ပျောက်ပြီး သားဖြစ် ၏။ ထိုကြောင့် လောကုတ္တရာပညာအလင်းရောင်သည် တစ်လောကလုံးအား အဆီးအတားမရှိ အလင်းဆောင်နိုင်သည်၏အဖြစ်ကို သိမှတ်အပ်၏။
၅း၃။ ပညာအစစ်နှင့်ပညာအတု
    လောကရေးရာများ၌ ကျွမ်းကျင်လိမ်မာမှုဟူသော လောကီပညာရပ်များ၌ ပညာအစစ်နှင့် အတုရှိ၏ဟု ရှေးဆရာတို့ဆိုကြ၏။ အဋ္ဌကနိပါတ်၊ သုလသာဇာတ်၌ ပစ္စပ္ပန်ဝတ္ထုနှင့် အတိတ်ဝတ္ထု တို့ဝယ် လက်ဝတ်တန်စာများကိုယူလို၍  လူကိုသတ်ရန်အကောက်ကြံသော ခိုးသူလင်ယောက်ျားကို ဥပါယ်တံမျဉ်ဖြင့် ပြန်လည်လှည့်ပတ်ကာ သတ်ဖြတ်အနိုင်ယူလိုက်သော ကျွန်မနှင့် ပြည့်တန်ဆာမ တို့အား ဘုရားရှင်နှင့် အလောင်းတော်နတ်သားတို့က '' စူးစမ်းဆင်ခြင် တတ်သောပညာရှိပါပေသည်'' ဟု ချီးကျူးကြ၏။၁ ထို့အတူ ကုဏ္ဍလကေသီထေရီဝတ္ထု၌  ကုဏ္ဍလကေသီသူဌေးသမီးကို ခိုးသူ လင်ယောက်ျားက တောင်ပေါ်သို့ သွေးဆောင်ခေါ်ယူလာကာ  လက်ဝတ်တန်ဆာများကို ချွတ်ယူ၍  သတ်တော့မည်ဖြစ်ရာ ကုဏ္ဍလကေသီက ''သတ်လိုလျင် သတ်ပါတော့၊ သို့ရာတွင် အချစ်ဦးကို အားရအောင် ကန်တော့သွားပါရစေ'' ဟု ခွင့်တောင်း၏။ တောင်ကမ်းပါးယံ၌ ရပ်နေသောခိုးသူကို ရှိခိုးဟန်ပြုလျက် တွန်းချလိုက်ရာ တောင်စောင့်နတ်က ''ယောက်ျားများသာ ပညာရှိသည်မဟုတ်၊ မိန်းမများလည်း ပညာရှိပါပေ၏'' ဟု ချီးကျူး၏။၂
    ဤ၀တ္ထုတို့၌လာသော လိမ်မာပါးနပ်မှုကို 'ပညာအစစ်' ဟူ၍လည်းကောင်း၊ 'ပညာအတု' ဟူ၍လည်းကောင်း အမျိုးမျိုးဖွင့်ဆိုကြ၏။ ဘာသာဋီကာဆရာတော်က '' ဤ၀တ္ထုလာ ပညာကား ပညာအစစ်မဟုတ်နိုင်။ သတ်လိုလျင်သတ်ပါတော့၊ ကန်တော့သွားပါရစေ'' ဟူသောစကားဖြင့် ညာဝါး လှည့်ပတ်နေခိုက်၌ ၀ိတက်(အကြံ)ကောင်းသော ၀ဉ္စနာပညာသာတည်း။ မာယာဟုလည်း ခေါ်၏။ တရားကိုယ်မှာ တဏှာလောဘပြဋ္ဌာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်တည်း။ ထိုကဲ့သို့လှည့်ပတ် ၍ အချက်ပိုင်သောအခါ ၀မ်းသာအားရသော လောဘမူသောမနဿသာဖြစ်မည်။ ထို့ကြောင့် ' ချောက်ကမ်းပါးသို့ တွန်းချတော့အံ့' ဟု ဆုံးဖြတ်ရာအခါ တွန်းချရာအခါ တို့၌ကား ဒေါသမူစိတ္တုပ္ပါဒ် များဖြစ်၏။ မိစ္ဆာအယူရှိသူတို့၌ သူတစ်ပါးကို လှည့်စားဉာဏ်များဖြစ်တတ်သည်မှာလည်း ဤ၀ဉ္စနာ ပညာပင်တည်း ဟု ဆုံးဖြတ်၏။ ဆရာတော်က '' ပညာစစ်ဟူသည် ကုသိုလ်တရား ဖြစ်သောကြောင့် အပြစ်မရှိသောအရာ၌ လိမ်မာကျွမ်းကျင်မှုကိုသာ ပညာစစ်'' ဟု ဆို၏။၃ ထို့ကြောင့် တောင်စောင့် နတ်ချီးကျူးသည့်ပညာကို ပညာအတုအဖြစ် သတ်မှတ်၏။
    မင်းကွန်းတိပိဋကဓရဆရာတော်ကမူ '' ဤခိုးသူကို  ငါဤကဲ့သို့ ပရိယာယ်ပြော၍ ကြံစည် လိုက်လျင် ငါနိုင်မည်'' ဟု သုလသာ၏သိခြင်းသည် အမှန်သိဖြစ်၍ ပညာသိပင်ဖြစ်သည်။ ဒုစရိုက်အရာမှာ ပညာအစစ်ဝင်ရောက်၍ ဖြစ်မှဖြစ်နိုင်ပါမည်လောဟု မယုံမှားသင့်ပေ။ ဥပမာဆိုသော် '' မသောက်ထိုက်မသောက်ကောင်းသော ဒုစရိုက်၏အကြောင်းဖြစ်သည့် အရက်သေစာအမျိုးမျိုးကို ခွဲခြားကာ မည်သည့်အရက်မျိုးသည် မည်သည့်သတ္တိရှိသည်။ မည်မျ အဖိုးတန်သည်။ သောက်လျင် မည်သို့ဖြစ်ပျက်သွားသည်ကစ၍သာ အကုသိုလ်ဖြစ်နိုင်ပေသည်။ သို့ဖြစ်၍ '' ဤကဲ့သို့ ပရိယာယ်ဖြင့် ကြံစည်လိုက်က ငါနိုင်မည်' ဟု အမှန်အတိုင်းသိခြင်းသည် အပြစ်မရှိ။ ပညာသိပင်ဖြစ်သည်။ 'ကြံစည်သည့်အတိုင်း ပြုလုပ်တော့မည်' ဟု ပရိယာယ်ဖြင့် သတ်တော့မည်' ဟု ဆုံးဖြတ်သည်ကစ၍ အပြစ်ရှိသော ဒုစရိုက်မှုဖြစ်လေသည်။ ဤသို့ သုလသာ၏ ပါဏာတိပါတကံပြုမှာ ရှေ့ဦးစွာ အသိညာဏ်ဖြစ်ပေါ်သည်ကို ရည်၍သာ အလောင်းတော် တောင်စောင့်နတ်သားက ' ပညာရှိ' ဟု ချီးမွမ်းသည်ဟူ၍သာ မုချဆတ်ဆတ် မှတ်ယူအပ်ပေ၏။ ဤဆိုအပ်ပြီးသည့်အတိုင်း အသိညာဏ်နယ်တစ်ပိုင်း၊ ပါဏာတိပါတဒုစရိုက်နယ်တစ်ပိုင်းအားဖြင့် ခွဲခြား၍ မှတ်ယူသင့်သည်ဟု ကောက်ချက်ချ၏။၎
    တိပိဋကပါဠိမြန်မာအဘိဓာန်ကျမ်းကို ပြုစုသူဆရာတော်တို့သည်ကား ကုဏ္ဍလကေသီဝတ္ထု
လာ အကြောင်းအရာနှင့်ပတ်သက်၍ အဘိဓမ္မာဝိနိစ္ဆယကျမ်းလာ အပိုင်းလေးပိုင်းခွဲကာ ဆုံးဖြတ်
မှုကို သဘောကျတော်မူကြ၏။ ထိုအဘိဓမ္မာဝိနိစ္ဆယကျမ်းလာအပိုင်း(၄)ပိုင်းကို ဆက်လက်တင် ပြပါမည်။
    ၁။ မိမိအသက်ဘေးမှ လွတ်မြောက်အောင်ကြံစည်ခိုက် ကျွန်မနှင့်ကုဏ္ဍလကေသီတို့သန္တာန်
၌ ဉာဏသမ္ပယုတ်ဇောဝီထိဖြစ်၍ ပညာအစစ်ဖြစ်သည်။ ဤကို ရည်၍ ဘုရားရှင်နှင့် တောင်စောင့် နတ်တို့က ' ပညာရှိပါပေသည် ' ဟု ချီးကျူးကြခြင်းဖြစ်သည်။
    ၂။ ခိုးသူယောက်ျားကို မသတ်မီ လှည့်ပတ်ဖြားယောင်းနေခိုက် ပညာနှင့် အလားတူသည့်
'မိစ္ဆာဉာဏ်' မောဟသာဖြစ်သည်။
    ၃။ခိုးသူယောက်ျားကို သတ်ဖြတ်အဆုံးစီရင်လိုက်သောအခါ ၀ဓကစေတနာပြဓာန်းသော
ဒေါသမူစိတ္တုပ္ပုပါဒ်ဖြစ်သည်။
    ၄။လက်ဝတ်တန်ဆာများကို ရယူလို၍ ခိုးသူယောက်ျား၏ လှည့်ပတ်ဖြားယောင်းမှုသည်
ပညာနှင့်အလားတူသော မာယာခေါ် လောဘသာဖြစ်သည်။၁ ဤအဆုံးအဖြတ်သည် စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲတတ်သော နိယာမသဘောတရားနှင့် ကိုက်ညီသဖြင့် ယုတ္တိရှိ လှပေသည်။ ထိုကြောင့် ယခုခေတ်ကာလ၀ယ် အလွန်ဆန်းကြယ်သော သိပ္ပံပညာနှင့် နက်နဲလှသော ၀ိဇ္ဇာပညာရပ်များကို ကြံစည်တီထွင်ပြုလုပ်ကြသောသူတို့၏ သန္တာန်၌ တိုက်ခိုက် ဖျက်ဆီးလိုစိတ် မရှိပါလျင် ပညာစစ်ပညာမှန်ဧကန်ဖြစ်ပါလိမ့်မည်။
    အချုပ်အားဖြင့်ကား လူ့လောကအတွက် အကျိုးပြုသည့် ပညာရပ်များသည် ပညာအစစ်
ဖြစ်၍ လူ့လောကပျက်စီးရန်အတွက် ဖြစ်ပေါ်လာသည့်အတတ်ပညာတို့ကိုကား ပညာအတုအဖြစ် သာ မှတ်ယူသင့်၏။
၅း၎။ ပညာ၏လက္ခဏာစသည်
    ပညာသည်-
၁။သြဘာသနလက္ခဏာ၊ အရောင်အလင်းကို ထွန်းပြခြင်းလက္ခဏာရှိ၏။
(တစ်နည်း)ပဇာနနလက္ခဏာ၊ ခွဲခြားသိမြင်ခြင်း လက္ခဏာရှိ၏။
(တစ်နည်း)ယထာသဘာဝပဋိဝေဓလက္ခဏာ၊ ဟုတ်မှန်သောသဘောကို ထိုးထွင်း၍ သိခြင်းလက္ခ ဏာရှိ၏။
(တစ်နည်း)အက္ခလိတပဋိဝေဓလက္ခဏာ၊ မချော်မချွတ် ထိုးထွင်း၍ သိခြင်းလက္ခဏာရှိ၏။
၂။ဝိသယောဘာသရသာ၊ အာရုံကို ထွန်းပြခြင်းကိစ္စရှိ၏။
(တစ်နည်း)သဘာဝပဋိစ္ဆာဒကမောဟန္ဓကာရ၀ိဒ္ဓံသနရသာ၊ ရုပ်နာမ်တို့၏ သဘောလက္ခဏာကို ဖုံးလွှမ်းတတ်သော မောဟအမှောင်ကို ဖျက်ဆီးခြင်း(၀ိဒ္ဓံသန)ကိစ္စရှိ၏။
၃။အသမ္မောဟပစ္စုပဋ္ဌာနာ၊ တစ်စုံတစ်ခုသောအာရုံ၌ မတွေဝေသော အခြင်းအရာအားဖြင့် ဉာဏ် အား ရှေးရှုထင်ခြင်း ပစ္စုပ္ပဋ္ဌာန်ရှိ၏။
(တစ်နည်း) ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို မတွေမဝေသိခြင်းလျင် ညာဏ်အား ရှေးရှုထင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။
    ၄။သမာဓိပဒဋ္ဌာနာ၊ သမာဓိလျင် နီးစွာသော အကြောင်းရှိ၏။၁
၅း၅။ ပညာတိုးပွားခြင်းအကြောင်းတရားများ
    ပညာရရှိတိုးပွားရင့်ကျက်ကြောင်းတရားများကို ထိုထိုကျမ်းဂန်တို့၌ အမျိုးမျိုးမိန့်ဆိုကြ၏။
မိလိန္ဒပဥှာ၌ အရွယ်ကြီးရင့်လာခြင်း၊ အခြံအရံအကျော်အဇောများခြင်း၊အဖန်ဖန်မေးမြန်းခြင်း၊ဆရာ
နှင့်ပေါင်းသင်းခြင်း၊ သင့်လျော်စွာနှလုံးသွင်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ချစ်ခင်သူနှင့်ပေါင်းသင်းခြင်း၊
သင့်လျော်သောအရပ်၌ နေထိုင်ရခြင်းတို့သည် ပညာညာဏ်ရရှိတိုးပွားရင့်ကျက်စေရန်အကြောင်း
များ ဖြစ်သည်ဟု ဆိုသည်။၂ သံယုတ်ပါဠိတော်နှင့် သုတ္တနိပါတ်၌လည်း ပညာဉာဏ်ရခြင်း၏ အကြောင်းများကို ဖေါ်ပြထား၏။ယင်းတို့မှာ-ကောင်းသောတရား၌ မမှိတ်မသုန်ယုံကြည်ခြင်းသဒ္ဓါ၊ ပညာရှိတို့ထံ ဆည်းကပ်နာယူခြင်း သုဿသာ၊ မမေ့မလျော့ခြင်း အပ္ပမာဒ၊ စူးစမ်းဆင်ခြင်ခြင်း ၀ိစက္ခဏာဟူသည့် တရားလေးပါးတို့ဖြစ်၏။၃ အင်္ဂုတ္တိုရ်ပါဠိတော်နှင့်ပဋိသမ္ဘိဒါမဂ်ပါဠိတော် တို့၌လည်း ပညာဉာဏ်ရခြင်း၏ အကြောင်းများမှာ-သူတော်ကောင်းကိုမှီဝဲခြင်း၊ သူတော်ကောင်း တရားကို နာကြားခြင်း၊ အသင့်အတင့်နှလုံးသွင်းခြင်း၊ လောကုတ္တရာတရားအား လျော်စွာကျင့်ခြင်း ဟူသည့်တရား(၄)ပါး ဖြစ်၏ဟု ပြဆို၏။၎
    တစ်ဖန် ယင်းအင်္ဂုတ္တိုရ်ပါဠိတော်၌ပင် ဉာဏ်ပညာရရှိတိုးပွားလိုသူသည်-
    ၁။ အလေးပြုအပ်သော ဆရာသမားတို့အပေါ်၌ ရှက်ကြောက်ရိုသေမြတ်နိုးမှု အားကြီးရ
မည်။
    ၂။ အခါအခွင့်သင့်တိုင်း ဆရာသမားတို့ထံ ချဉ်းကပ်မေးမြန်းရမည်။
    ၃။ကိုယ်စိတ်နှစ်ပါး ဆိတ်ငြိမ်စွာနေရမည်။
    ၄။ကိုယ်ကျင့်သီလနှင့် ပြည့်စုံရမည်။
    ၅။ အစအလယ်အဆုံးကောင်းခြင်းသုံးပါးရှိသောတရား(ကျမ်းဂန်)ကို သင်အံမှတ်သားရမည်။
    ၆။အကုသိုလ်ကိုပယ်၍ ကုသိုလ်တရားပွါးများရန် ကြိုးပမ်းအားထုတ်ရမည်။
    ၇။အကျိုးမရှိသောစကားကို မပြောမဆိုဘဲ အကျိုးရှိသောစကားကို ပြောဆိုရမည်။
    ၈။ခန္ဓာစသောတရားတို့၌ အဖြစ်အပျက်ကို အဖန်ဖန်ရှုမှတ်ရမည် ဟုဆို၏။၅
    ထို့အပြင် ဣတိဝုတ်ပါဠိတော်၌လည်း နေက္ခမ္မသင်္ကပ္ပ၊အဗျာပါဒသင်္ကပ္ပ၊အ၀ိဟðသာသင်္ကပ္ပ တို့သည် ပညာတိုးပွားကြောင်းတရားများ ဖြစ်သည်ဟု ဆို၏။၆
၅း၆။ ပညာဆုတ်ယုတ်ကြောင်းတရားများ
    ပညာရရှိတိုးပွားရင့်ကျက်ကြောင်းတရားများရှိသကဲ့သို့ ပညာဆုတ်ယုတ်ကြောင်းတရားများ
လည်း ရှိပေ၏။ ထိုပညာဆုတ်ယုတ်ကြောင်းတရားများကို ဆက်လက်တင်ပြပါမည်၊ ကာမဂုဏ် အာရုံကို ကြံစည်ခြင်းဟူသည့် ကာမ၀ိတက်၊ ဒေါသအမျက်ထွက်ရန် ကြံစည်ခြင်းဟူသည့် ဗျာပါဒ ၀ိတက်၊ သူတပါးကို ညှဉ်းပန်းနှိပ်စက်ရန် ကြံစည်ခြင်းဟူသည့် မိစ္ဆာဝိတက်တို့သည် ပညာမျက်စိကို ကန်းအောင်ပြုတတ်ကုန်၏။၁
    ထို့အပြင် ကာမဂုဏ်ကို လိုလားနှစ်သက်ခြင်း ကာမစ္ဆန္ဒ၊ အမျက်ထွက်ခြင်းဒေါသဗျာပါဒ၊
လေးလံထိုင်းမှိုင်းနေခြင်း ထိနမိဒ္ဓ၊ စိတ်ပျံ့လွင့်၍ပူပန်ခြင်း ဥဒ္ဒစ္စကုက္ကုစ္စ၊ ရတနာသုံးပါး၌ ယုံမှားခြင်း
ဝိစိကိစ္ဆာ ဟူသည့် နီဝရဏတရား(၅)ပါးတို့သည် ပညာအားနည်းအောင် ပြုတတ်ကုန်၏။၂
၅း၇။ ပညာနှင့်တွဲဘက်တရားများ
    ပညာနှင့် သီလသည် အမြဲတွဲဖက်လျက်ဖြစ်၏။ လက်တစ်ဖက်ဖြင့် လက်တစ်ဖက်ကို၊ ခြေ တစ်ဖက်ဖြင့် ခြေတစ်ဖက်ကို ဆေးကြောရာသကဲ့သို့ သီလဖြင့် ပညာကိုဆေးကြော၍ ပညာဖြင့် သီလကို ဆေးကြောရသည်။၃ ပုထုဇဉ်ပုဂ္ဂိုလ်ပင်ဖြစ်စေကာမူ နှစ်ပေါင်းများစွာသီလလုံခြုံခဲ့လျင် သေခါနီးအချိန်၌သော်လည်း သီလဖြင့်ပညာကိုဆေးကြောကာ ကိလေသာအားလုံးကို ပယ်သတ် လျက် ရဟန္တာဖြစ်နိုင်၏။ မဟာသေဋ္ဌိဝဿမထေရ်သည် ကုတင်ပေါ်၌ ဝေဒနာကိုညည်းတွားခံစားစဉ် တိဿမင်းကြီးသည် မထေရ်အား အဖူးအမျော်ရောက်လာ၏။ မထေရ်၏ညည်းတွား သံကိုကြား၍ ရှိမခိုးဘဲ ပြန်သွား၏။ ထိုအကြောင်းကို မထေရ်သိသည့်အခါ ဝေဒနာကိုပယ်ခွါ၍ သီလဖြင့် ပညာကို ဆေးကြောကာ တရားနှလုံးသွင်းစဉ် ရဟန္တာဖြစ်လေ၏။၎
    ထို့အပြင် ပညာနှင့် သမာဓိသည်လည်း တွဲဖက်လျက်ဖြစ်၏။ ပညာမရှိသောသူအား ဈာန် သမာဓိမရှိ။ ဈာန်သမာဓိမရှိသောသူအား ပညာမရှိ။ ပညာနှင့်သမာဓိနှစ်ပါးရှိသောသူသည် နိဗ္ဗာန် နှင့်ဧကန်နီးတော့သည်သာဖြစ်၏။၅ ပညာနှင့် သမာဓိနှစ်ပါးတို့၏ အပြန်အလှန်မှီတွယ်မှုကို လူနေမှု ဘ၀ဖြင့်လည်း ယှဉ်ထိုးကြည့်နိုင်၏။ သမာဓိမရှိသည့်အတွက် လွယ်ကူစွာပြုလုပ်ရမည့်အရာသည် အလွန်ခက်ခဲတတ်၏။ စာသင်သားတစ်ဦးအဖို့  စိတ်တည်မှုသမာဓိရှိသည့်အခါ ငါးခေါက်မျကြည့် လျင် ရနိုင်သည့်စာကို သမာဓိမရှိသည့်အခါ ကျက်ကာမေ့ကာဖြင့် ပင်ပန်းကြီးစွာ ကျက်ရတတ်၏။ ရလာပြန်လျင်လည်း သမာဓိမရှိသည့်အတွက် ကြာရှည်မခံဘဲ လျင်မြန်စွာ မေ့ပျောက်တတ်၏။ ၀ိပဿနာအားထုတ်ရာ၌လည်း အဖြစ်အပျက်ကိုထင်လင်းစွာမြင်နိုင်ဖို့ဆိုလျင် သမာဓိအင်အား ကောင်းရန်လိုအပ်၏။
    ထို့အပြင် ပညာနှင့်ဝီရိယတို့သည် အလွန်တွဲဖက်ညီရန်လိုအပ်၏။ အလုပ်လုပ်ရာ၌ ၀ီရိယသာ အားကောင်းပြီး ပညာမရှိပါက ဆင်ကန်းတောတိုးသကဲ့သို့ အကျိုးမပြီးဖြစ်တတ်၏။ ပညာသာရှိ၍ ၀ီရိယမရှိပြန်ကလည်း လေထဲတွင် တိုက်အိမ်ဆောက်သကဲ့သို့ အရာမထင်ဖြစ်ရတတ်၏။ ဤလောက၌ ၀ီရိယချင်းတူသူ ပြိုင်ဘက်နှစ်ဦးတွင် ပညာသာသူက အနိုင်ရ၏။ ပညာတူသူနှစ်ဦးတွင် ၀ီရိယသာသူက အနိုင်ရ၏။ ထို့ကြောင့် မည်သည့်အမှုကိုပြုလုပ်သည်ဖြစ်စေ ပညာနှင့်ဝီရိယကို ညီမျစွာ တွဲဖက်ရ၏။
    ထို့အပြင် ပညာနှင့်သတိတရားတို့သည် အလွန်နီးသောတရားများဖြစ်၏။ အရာရာတွင် သတိရှိရုံမျဖြင့် မပြည့်စုံပါ။ ပညာပါမှ ပြီးပြည့်စုံ၏။ မြတ်စွာဘုရားကလည်း '' ပညာကင်းသောသတိ သည် အင်အားနည်းပါး၍ ပညာနှင့်ယှဉ်သောသတိသည်သာ အင်အားကြီးမား၏ '' ဟု ဟောတော် မူခဲ့၏။၁ ထိုထိုဒေသနာတို့ကို ဟောကြားတော်မူရာ၌လည်း ''သတော သမ္ပဇာနော''၊ '' သမ္ပဇာနော သတိမာ ''၊''  သတိသမ္ပဇညေန ''၊ '' သတိမတော နိသမ္မကာရိနော '' စသည်ဖြင့် သတိနှင့် ပညာကို တွဲလျက် ဟောကြားတော်မူခဲ့၏။ ကာမရောဂါဖြစ်ပေါ်လာရာ၌ သတိပညာနှစ်ပါးဖြင့်သာ ကုစားနိုင် ကြောင်းကို မန်လည်ဆရာတော်က '' ကာမရောဂါ၊ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊သတိသာလျင်၊ မဟာသြသဓ၊ ဆေးမည်စွရှင့်'' ဟု စပ်ဆိုတော်မူခဲ့၏။၂
၅း၈။ ပညာပါဝင်သောတရားစုများ
    ပညာသည် သာသနာတော်၌ ပဓာနအကျဆုံးတရားဖြစ်၏။ အမျိုးမျိုးသောတရားစုတို့နှင့် တွဲဖက်ကာ တရားအစုအသီးသီး၌ ပါဝင်လျက်ရှိ၏။
    ပညာသည် သီလသမာဓိပညာဟူသော သိက္ခာသုံးပါးတရားအစု၌ ပါ၏။ ၀ီရိယ၊ သူရဘာဝ ပညာဟူသော ရန်အောင်ကြောင်းတရား(၃)ပါး၌လည်း ပါဝင်၏။၃  ဆန္ဒ ၀ီရိယ စိတ္တ ၀ီမံသ ဟူသော အဓိပတိတရား(၄)ပါး၌လည်း ၀ီမံသဟူသောအမည်ဖြင့် ပါဝင်၏။၎ သစ္စာ ပညာ ၀ီရိယ စာဂဟူသော ရန်အောင်ကြောင်းတရား လေးပါး၅ နှင့် တမလွန်၌ မစိုးရိမ်ကြောင်းတရားလေးပါး၆တို့၌လည်း ပါဝင်၏။ ဒါန သီလ သမာဓိ ပညာ ဟူသည့် အနုဂါမိကနိဓိ (၄)ပါးတွင်လည်း ပါဝင်၏။၇ သီလ သမာဓိပညာ ၀ိမုတ္တိ ဟူသော သံသရာပြတ်ကြောင်းတရား(၄)ပါး၈နှင့် သာသနာမှ မလျော ကျကြောင်းတရား(၄)ပါး၉၌လည်း ပါဝင်၏။ ပညာ သစ္စာ စာဂ သန္တိ (ဥပသမ) ဟူသည့် ထောက်တည်ရာ တရား(၄)ပါး၌လည်းပါဝင်၏။၁၀ သီလ သောဓေယျ ထာမ ပညာ ဟူသည့် ကြာမြင့်မှ သိနိုင်သည့် တရား(၄)ပါး၌လည်းပါဝင်၏။၁၁ ဗာဟု ဘောဂ အမစ္စ အဘိဇာတိ ပညာ ဟူသော ဗလ (၅)ငါးမျိုး၌လည်း ပါဝင်၏။၁၂ သဒ္ဓါ သီလ သုတ စာဂ ပညာဟူသော ဂတိမြဲကြောင်း တရား(၅)ပါး၌လည်းပါဝင်၏။၁၃ သဒ္ဓါ ဟိရီ သြတ္တပ္ပ သုတ ၀ီရိယ ပညာဟူသော သူတော်ကောင်း တရား(၇)ပါး၌လည်းပါဝင်၏။၁၄ သဒ္ဓါ သီလ ဟိရီ သြတပ္ပ သုတ စာဂ ပညာဟူသော သူတော် ကောင်းဥစ္စာ(၇)ပါး၌လည်းပါဝင်ပေ၏။၁၅
    ထို့အပြင် ပညာသည် ဗောဓိပက္ခိယတရားတို့၌လည်း ဆိုင်ရာအမည်အသီးသီိးဖြင့် တွဲဖက်ပါဝင်လျက်ရှိ၏။ ဗောဓိပက္ခိယတရား(၃၇)ပါးသည် တရားစုရာသိအားဖြင့် ၇ ပါးရှိ၏။ ယင်းတို့တွင် ပညာသည် ဣဒ္ဓိပါဒ် ၄ ပါး၌ ၀ီမံသိဒ္ဓိပါဒ်၊ ဣနြေ္ဒ ၅ ပါး၌ ပညိနြေ္ဒ၊ ဗိုလ် ၅ပါး၌ ပညာဗိုလ်၊ ဗောဇ္ဈင် ၇ ပါး၌ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊ မဂ္ဂင် ၈ ပါး၌ သမ္မာဒိဋ္ဌိအားဖြင့် တရားစု ၅ မျိုး၌ ပါဝင်လျက်ရှိ၏။
    ထို့အပြင် ဓမ္မသင်္ဂဏီပါဠိတော် မဟာကုသိုလ်ပထမစိတ်၏ ဓမ္မုဒ္ဒေသ၌ တရားအမျိုးအမည် ပေါင်း (၅၆)ပါး ဟောကြားထားရာတွင် ပညာသည် ဣန္ဒြိယရာသိ၌ ပညိနြေ္ဒ၊ မဂ္ဂပဉ္စကရာသိ၌ သမ္မာဒိဋ္ဌိ၊ ဥပကာရဒုတ်၌ သမ္ပဇည၊ ယုဂနန္ဒဒုတ်၌ ၀ိပဿနာဟု အမည်နာမ(၇)မျိုး ဖြင့် တရားစု (၇)မျိုး၌ ပါဝင်လျက်ရှိ၏။၁
    ဤသည်တို့ကိုရှုပါက ပညာတရားသည် သာသနာတော်၌ အရေးပါသောတရားဖြစ်ကြောင်း သိနိုင်၏။ မည်သည့်လုပ်ငန်းတွင်မဆို ပညာပါမှ ထမြောက်အောင်မြင်နိုင်၏။ အရာရာတွင် ထက်မြတ် ပါသော်လည်း ပညာမပါက အကန်းကို မီးထွန်းပြသည်နှင့်သာတူတော့၏။ ပဋိသန္ဓေအားဖြင့် ကန်းသူ တစ်ဦးသည် လက်မှုပညာစသည်တို့တွင် ကျွမ်းကျင်ထက်မြက်ပါသော်လည်း အလင်းရောင်ရှိမှု၊ မရှိမှု သည် သူအတွက်အသုံးမ၀င်နိုင်။ လမ်းမှန်စေရန် မီးပင်ထွန်းပြသော်လည်း မီးရောင်၏ အကူအညီဖြင့် သူသည် လမ်းမှန်ကို ရွေးချယ်ရန် အခွင့်အရေးမရှိပေ။ ကျန်ပသာဒတို့၏ အကူအညီဖြင့်သာ စမ်းတ၀ါး ၀ါးလျေက်ရ၏။ ဤအတူ ပညာမရှိသူအတွက် ဘ၀လမ်းကို မှန်ကန်စွာ လျောက်လှမ်းရန် မလွယ်ကူ ပေ။ မှောင်သောလမ်း၌ စမ်းတ၀ါးဝါးသာ ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် အရာရာတွင် ပညာပါရ၏။ မြတ်စွာဘုရားကလည်း ပညာကို မျက်စိဖြင့် တင်စားတော်မူခဲ့၏။ အလင်းရောင်အဖြစ် ñွှန်းဆိုတော် မူခဲ့၏။
၅း၉။ ပညာအမျိုးအစားများနှင့် ဤသုတ်၌ယူသင့်သည့်ပညာ
    ပညာသည် 'အသိဉာဏ်ပညာ' ဟူသော အနက်သာမညကိုဟောသော်လည်း ပိဋကသုံးပုံ ၀ယ်လာရှိသည့် ပညာပုဒ်အရကို ကောက်ယူရာ၌ ထိုထိုပုဒ်အားလျော်စွာ ကောက်ယူရ၏။ ပညာဟူ သောပုဒ်၏အရကို အဋ္ဌကထာဆရာက အရာဌာနအားလျော်စွာ ဖွင့်ပြထားသည်ကို ပြဆိုလိုပါ၏။
    ပညာပုဒ်၏အရကို ဖွင့်ပြရာ၌ အဋ္ဌကထာဆရာသည်
    -ပညန္တိ သတ္ထုဒသနာဉာဏဥှိ ဣဓာဓိပ္ပေတံ၂ဟု ဒေသနာဉာဏ်ကိုလည်းကောင်း၊
    -ပညာယာတိ ၀ိပဿနာယ၃ဟု ၀ိပဿနာပညာကိုလည်းကောင်း၊
    -ပညာ ဘာဝေတဗ္ဗာတိ ဣဒံ မဂ္ဂပညံ သန္ဓာယ ၀ုတ္တံ၎ဟု မဂ်ပညာကိုလည်းကောင်း၊
    -ပညန္တိ သဒð္ဓ ၀ိပဿနာပညာယ မဂ္ဂပညဉ္စေ၀ ဖလပညဉ္စ ဟု ၀ိပဿနာပညာ၊မဂ်ပညာ၊ဖိုလ်
ပညာကိုလည်းကောင်း၊၅
    -ပရိပုဏ္ဏာယ ပညာယာတိ ......ပရိပုဏ္ဏာယ အရဟတ္တမဂ္ဂပညာယ ဟု အရဟတ္တ
မဂ်ပညာကိုလည်းကောင်း၊၆
    -ပညာတိ အရဟတ္တဖလပညာ၁ဟု အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊
    -ပညာ တဿာတိ လောကိယလောကုတ္တရာ ပနဿ ပညာ၂ဟု လောကီလောကုတ္တရာ ပညာကိုလည်းကောင်း အရာဋ္ဌာနအားလျော်စွာ ကောက်ယူဖွင့်ပြထားသည်ကို တွေ့ရှိရ၏။
    ပညာသည် အထက်ပါအမျိုးအစားတို့အပြင် ဒါနမယပညာ၊သီလမယပညာ၊ဘာဝနာမယ
ပညာ၊ပဋိသန္ဓိပညာ၊ပါရိဟာရိယပညာ၊ဘာဝနာပညာ၊ကမ္မဿကတာပညာ၊ဈာနပညာ၊သမာဓိပညာ၊
မဟာပညာ၊ပုထုပညာ၊ဂမ္ဘီရပညာ၊ဘူရိပညာ၊ဟာသပညာ၊ဇ၀နပညာ၊တိက္ခပညာ၊နိဗ္ဗေဓိကပညာ၊သုတမယပညာ၊
စိန္တာမယပညာ၊ဘာဝနာမယပညာ စသည်အားဖြင့် များပြားလှစွာ၏။ ပညာများသည် ဤသို့များပြား
သည်ဆိုသော်လည်း အထက်ပါပညာများကို အချုပ်အားဖြင့် သုတမယပညာ၊စိန္တာမယပညာ၊ဘာဝ
နာမယပညာအားဖြင့် ခွဲဝေရ၏။
    ဤပထမမဟာနာမသုတ်တော်၌ မြတ်စွာဘုရားသည် ဘ၀အာမခံချက်ရရှိနိုင်သည့် တရားငါးမျိုးကို ဟောရာ၌ ပညာနှင့်ပြည့်စုံရမည်ဟုသာဟောခဲ့၏။ ထိုသုတ်တော်၏ အဋ္ဌကထာက
လည်း မည်သည့်ပညာမျိုးဖြစ်ကြောင်းကို ဖွင့်မပြခဲ့ပေ။ ဘ၀အာမခံချက်ငါးမျိုးစလုံးပါဝင်သည့် ၀ိ-
တ္ထဓနသုတ်၌ကား ပညာဟူသည် မည်သို့သော ပညာဖြစ်ကြောင်း ပါရှိပေ၏။ ထိုသုတ်အရ ပညာ
ဥစ္စာဟူသည်-
    '' ဖြစ်မှုပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခမ်းရာနိဗ္ဗာန်
သို့ကောင်းစွာရောက်စေနိုင်သော ပညာရှိခြင်း' ဟု ဟောတော်မူခဲ့၏။၃ ထိုသုတ်၏ အဋ္ဌကထာ၌ လည်း ပညာဥစ္စာအကြောင်းကို သီးသန့်မဖွင့်ဆိုတော့ဘဲ 'ပဉ္စကနိပါတ်၌ ဖွင့်ပြခဲ့ပြီ' ဟုသာñွှန်းဆို၏။
     ပဉ္စကနိပါတ်၊ ၀ိတ္ထတသုတ် အဋ္ဌကထာ၌ကား အထက်ပါ မြတ်စွာဘုရားဟောကြားတော်မူ ခဲ့သည့်  ပညာအကြောင်းဖွင့်ဆိုချက်များကို တွေ့ရှိရ၏။၎ ထိုအဋ္ဌကထာဖွင့်ဆိုချက်ကို ကောက်ချက် ဆွဲလျင်ကား ဤပထမမဟာနာမသုတ်တော်၌ ဟောတော်မူသော ပညာဟူသည် ၀ိပဿနာပညာနှင့် မဂ်ပညာတို့ပင် ဖြစ်၏။ ထိုအဋ္ဌကထာဖွင့်ဆိုချက်အရ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို သိစွမ်း နိုင်လျက် ၀ိပဿနာနှင့်ပြည့်စုံသောသူ၏ တဒင်္ဂပဟာန်အားဖြင့် ကိလေသာတို့ကို စင်ကြယ်စေသော ပညာ၊ မဂ်ပညာနှင့်ပြည့်စုံသောသူ၏ သမုစ္ဆေဒပဟာန်အားဖြင့် ကိလေသာတို့ကို စင်ကြယ်စေသည့် ပညာရပ်မျိုးဖြစ်ကြောင်း သိရ၏။ ထိုကြောင့် အဖြစ်နှင့်အပျက်ကို သိစွမ်းနိုင်သည့် ၀ိပဿနာပညာ နှင့် မဂ်ပညာအကြောင်းကို ဆက်လက်တင်ပြပါမည်။  
၅း၉း၁။ ၀ိပဿနာပညာနှင့်မဂ်ပညာ
    ခန္ဓာ(၅)ပါးဟူသော သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟူသော အခြင်းအရာအားဖြင့် ရှုပွားတတ်သောဉာဏ်ကို ၀ိပဿနာပညာဟု ခေါ်၏။ တစ်နည်းဆိုသော် ပညတ်အမျိုးမျိုးကို ပယ်ခွာ၍ အနိစ္စ ဒုက္ခ အနတ္တဟူသော အခြင်းအရာအားဖြင့် ရှုပွားသောဉာဏ်သည် ၀ိပဿနာပညာမည်၏။ မဂ်စိတ်၌ရှိသောပညာကို မဂ်ပညာဟု ခေါ်၏။
    ဤ၀ိပဿနာပညာနှင့် မဂ်ပညာသည် ဆက်စပ်မှုရှိ၏။ ၀ိပဿနာပညာကို ရရှိမှသာ မဂ်ပညာ ကို ရရှိနိုင်၏။ ၀ိပဿနာပညာကိုလည်း ရှုမှတ်မှုဖြင့်သာ ရရှိနိုင်၏။ ထို့ကြောင့် ၀ိပဿနာအမျိုးအစား များ၊ ၀ိပဿနာရှုပုံစသည်တို့နှင့် စပ်၍ ရှေ့ဦးစွာ တင်ပြလို၏။
၅း၉း၁း၁။ ၀ိပဿနာ(၃)မျိုး
၁။ သင်္ခါရပဋိဂ္ဂဏှနက၀ိပဿနာ၊ မဂ်တရားကိုရရန်အလို့ငှာ သင်္ခါရတရားတို့ကို သိမ်းဆည်းသော ၀ိပဿနာ၊
၂။ ဖလသမာပတ္တိဝိပဿနာ၊ ဖိုလ်ဝင်စားရန်အလို့ငှာ ရှုဆင်ခြင်သော ၀ိပဿနာ၊
၃။ နိရောဓသမာပတ္တိဝိပဿနာ၊ နိရောဓသမာပတ်ဝင်စားရန်အလို့ငှာ ရှုဆင်ခြင်သောဝိပဿနာ၊ ဟူ၍ ဖြစ်၏။၁
    ထို(၃)မျိုးတို့တွင် ဖလသမာပတ္တိဝိပဿနာနှင့် နိရောဓသမာပတ္တိ၀ိပဿနာတို့သည် ရဟန္တာ အရိယာတို့နှင့်သာ သက်ဆိုင်၏။ ယင်းဝိပဿနာကို ပွားလိုသူသည် အနည်းဆုံး တစ်မဂ်တစ်ဖိုလ် ရထားပြီးဖြစ်ရ၏။ သင်္ခါရပဋိဏှနက၀ိပဿနာအရာ၌ သင်္ခါရတရားတို့ကို သိမ်းဆည်း ခြင်းဟူသည် ကား ခန္ဓာ၊ အာယတန၊ ဓာတ်ဟု ဆိုအပ်သော ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း တို့ကို အနိစ္စ ဒုက္ခ အနတ္တဟူသည့် လက္ခဏာယဉ်သုံးပါးတင်လျက် ဉာဏ်ဖြင့် သက်ဝင်ဆင်ခြင်ခြင်းပင် ဖြစ်၏။
    ခန္ဓာ(၅)ပါး၊ အာယတန(၁၂)ပါး၊ ဓာတ်(၁၈)ပါးဟူသည့် သင်္ခါရတရားတို့သည် မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ ရှိ၏။ ခန္ဓာ(၅)ပါးကို အကျဉ်းချုပ်လျင် ရုပ်သင်္ခါရ နှင့် နာမ်သင်္ခါရဟူ၍ နှစ်ပါးရ၏။ ထို့အတူ အာယတန (၁၂)ပါး၊ ဓာတ်(၁၈)ပါးတို့ကို အနှစ်ချုပ်လျင်လည်း ရုပ်သင်္ခါရနှင့်နာမ်သင်္ခါရဟူ၍ နှစ်ပါးသာရ၏။ ယင်းရုပ်သင်္ခါရနှင့်နာမ် သင်္ခါရ (၂)ပါးတို့၏ (၀ါ) ခန္ဓာ(၅)ပါး၊ အာယတန (၁၂)ပါး ၊ ဓာတ်(၁၈)ပါးတို့ အဆက်မပျက် ဖြစ်ပေါ်နေသည့်အစဉ်ကို သံသရာဟု ခေါ်၏။၂ ယင်းသံသရာ အစစ်(၀ါ) ရုပ်သင်္ခါရနာမ်သင်္ခါရတို့၏ ဖြစ်မှုပျက်မှုသဘောကို မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ တွေ့ အောင်ရှာရ၏။ ထို့နောက် အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ်တင် ဆင်ခြင်သုံးသပ်ရ၏။ ရှုဖန်များလတ်သော် အဖြစ်အပျက်မုန်းကာ သံသရာဆုံးတော့မည်သာဖြစ်၏။
    ယင်းသင်္ခါရပဋိဂ္ဂဏှနက ၀ိပဿနာသည် နုံ့သည်ဖြစ်စေ၊ ထက်သည်ဖြစ်စေ မဂ်၏နီးသော အကြောင်းသာ ဖြစ်၏။၃ အကယ်၍ ၀ိပဿနာနုံ့လျင် မဂ်တရားကို နှေးနှေးရ၏။ ၀ိပဿနာထက် လျင် မဂ်တရားကို မြန်မြန်ရ၏။ ၀ုဋ္ဌာနဂါမိနီလက္ခဏာနှင့် ပြည့်စုံလျင် ၀ိပဿနာသည် မဂ်တရားကို ရခြင်း၏ အကြောင်းဖြစ်၏ဟု ၀ိသုဒ္ဓိမဂ္ဂဋီကာဆရာမိန့်၏။၎ ထို့ကြောင့် ဃရာဝါသဖြင့် ကိစ္စများ မြောင်လှသည့် လူဝတ်ကြောင်တို့သည်လည်း အချိန်ရသမျ တစတစ ၀ိပဿနာအားထုတ်ကာ သံသရာမှလွတ်မြောက်မှုကို ရှာဖွေနိုင်၏။
     တရားအားမထုတ်မှီ ရဟန်းတော်တို့သည် ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတသီလဟူသည့် စတုပါရိသုဒ္ဓိသီလကို ထက်ဝန်းကျင်စင်ကြယ် အောင် ဖြည့်ကျင့်ရ၏။ ပါတိမောက္ခသံဝရသီလဟူသည်မှာ မြတ်စွာဘုရား၏ အာဏာပညတ် တော်ဖြစ်သော ၀ိနည်းသိက္ခာပုဒ်တော်များကို ကိုယ်နှုတ်တို့ဖြင့် မလွန်ကျူးမိအောင် ရှောင်ခြင်းပင် ဖြစ်၏။ ထိုသိက္ခာပုဒ်များသည် အကျဉ်းအားဖြင့် ၂၂၇ သွယ်ရှိ၏။ အကျယ်အားဖြင့် ကုဋေကိုးထောင် တစ်ရာ့ရှစ်ဆယ်ငါးသန်းသုံးသောင်းခြောက်ထောင် ရှိ၏။ ယင်းတို့တွင် ဣန္ဒြိယသံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတသီလအချို့မှတစ်ပါး  ကျန်အားလုံးသောသိက္ခာပုဒ်တို့ကို ပါတိမောက္ခသံဝရသီလဟုခေါ်၏။ ဤသီလသည် သဒ္ဓါပြဋ္ဌာန်းသောကြောင့် သဒ္ဓါတရား ထက်သန်စွာဖြင့် ဖြည့်ကျင့်သူသည်သာ ဤသီလကိုလုံခြုံစေနိုင်၏။၁ ပရိဝတ်မာနသ်ကျင့်ခြင်း၊ နိဿဂ္ဂိ ထိုက်သည့် ပစ္စည်းတို့ကို စွန့်၍  ဒေသနာကြားခြင်းစသည်တို့ဖြင့် စင်ကြယ်အောင်ပြုနိုင်၏။
    ဣန္ဒြိယသံဝရဟူသည်မှာ အဘိဇ္ဈာဒေါမနဿစသည့် အကုသိုလ်တရားဆိုးများ မဖြစ်ပေါ်လာစေရန် စက္ခုနြေ္ဒစသော ဣနြေ္ဒ(၆)ပါးတို့ကို သတိဖြင့် စောင့်စည်းခြင်းပင်ဖြစ်၏။ သတိဖြင့် စောင့်စည်းသည်ဟူရာ၌ မျက်စိဖြင့် အဆင်းကို မြင်လျင် ကိလေသာဖြစ်စေနိုင်သည့် မိန်းမပုံသန္တာန်၊ ယောက်ျားပုံသန္တာန်ကို နှလုံးမသွင်း ရပေ။ မြင်အပ်သောအဆင်းရုပ်၌သာ စိတ်ကိုရပ်တန့်စေရမည်။ ၀ိသဘာဖြစ်သည့် မိန်းမယောက်ျားတို့၏ မျက်နှာ၊ လက်၊ ခြေ၊ မျက်ခုံး၊ မျက်လုံး၊ ပြုမူ ပြောဆို ပြုံးရယ်ဟန်တို့ကို နှလုံးသွင်းလျင် ရာဂစသော ကိလေသာတို့ ထင်ရှားပေါ်လာတတ်ကုန်၏။ ထို့ကြောင့် မဟာတိဿမထေရ်ကဲ့သို့ မြင်ရသောသူ၏ သန္တာန်၌ အမှန်ထင်ရှားရှိ သော ဆံပင် မွှေး၊ခြေသည်း၊လက်သည်း၊သွား၊အရေ၊အသား၊အကြော၊အရိုးအစရှိသော အဖို့မျကိုသာ(၀ါ) ဘူတ ရုပ်၊ဥပါဒါရုပ်မျကိုသာ နှလုံးသွင်းရမည်ဟု ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာ မိန့်မှာ၏။၂ ရဟန်း သာမဏေတို့သည် မြို့တွင်းရွာတွင်း သွားလာသည့်အခါ ရှေ့သို့ လေးတောင်ခန့်မျ ကြည့်သဖြင့် မျက်လွှာချလျက် သွားလာရမည်ဟု သိက္ခာပုဒ်ပညတ်ထားခြင်းသည် ဤဣန္ဒြိယသံဝရလုံစေလို၍ ဖြစ်၏။ ဤသီလ၌ သတိသည် ပဓာနဖြစ်၏။၃ မြင်သမျ ကြားသမျစသည်တို့၌ အကုသိုလ်မဖြစ်စေရန် သတိထားနိုင်မျ ဤသီလလုံ၏။
    အာဇီဝပါရိသုဒ္ဓိသီလဟူသည် သင်္ကန်းဆွမ်းအစရှိသော ပစ္စည်းတို့ကို မတရားသောနည်းဖြင့် မရှာမှီးမူ၍ တရားသောနည်းဖြင့်သာ ရှာမှီးသုံးဆောင်မှုကို ခေါ်ဆိုခြင်းဖြစ်၏။ ဘုရားရှင်စက်ဆုပ် တော်မူသော ကုလဒူသန အနေသနစသော မိစ္ဆာဇီဝကို ရှောင်ကြဉ်လျက် ပစ္စည်းလေးပါးကို တရား သဖြင့် ရှာမှီး၍ အသက်မွေးနိုင်မှ ဤသီလလုံ၏။ ဤသီလသည် ၀ီရိယပြဋ္ဌာန်း၏။၎ ၀ီရိယကင်း၍ အပျင်းထူလျင် ချောင်ချောင်လည်လည်ဖြင့် ပစ္စည်းရအောင် ကုလဒူသနစသောအမှုတို့ကို ပြုတတ်၏။ တကာ တကာမတို့အား ထိုထိုပစ္စည်းကိုပေးခြင်း၊ မိမိအားတကာများက အထင်ကြီးလာစေရန် အမျိုး မျိုးဟန်လုပ်ခြင်း၊ မလှူချင် လှူချင်လာအောင် အတင်းအကြပ် ပြောဆိုတိုက်တွန်းခြင်း၊ ဆေးဝါး ပယောဂကုသခြင်း၊ ဗေဒင်ဟောခြင်းစသည်အားဖြင့် မိစ္ဆာဇီဝအနေသနဖြစ်နိုင်သည့် အသက်မွေး မှုများနှင့်စပ်၍ ၀ိသုဒ္ဓိမဂ်၌ ဖော်ပြထား၏။၅ ဤသို့ အလွယ်တကူအသက်မွေးဖြစ်ခြင်းသည် ၀ီရိယနည်း မှုကြောင့်ပင် ဖြစ်၏။ ထိုမိစ္ဆာဇီဝအနေသနကြောင့် ရအပ်သော ပစ္စည်းဝတ္ထုသည် အလှူခံရရှိသည့် ရဟန်းသာမက တစ်သာသနာလုံးပင် မသုံးစွဲထိုက်တော့ပေ။
    ပစ္စယသန္နိဿိတသီလဟူသည် အာဇီဝပါရိသုဒ္ဓိသီလစင်ကြယ်စွာဖြင့် ရအပ်သော ဆွမ်း သင်္ကန်း ကျောင်း ဆေး ဟူသည့် ပစ္စည်းလေးပါးကို ''အချမ်းအပူ ကိုယ်ဖျောက်ရန် သင်္ကန်းကို မှီဝဲသည်'' စသည်ဖြင့် ဆင်ခြင်၍ သုံးစွဲမှုမျိုးဖြစ်၏။ ဆင်ခြင်ရာ၌လည်း '' ပဋိသင်္ခါယောနိသော စီဝရံ ပဋိသေ၀ါမိ'' စသည်ဖြင့် နှုတ်တိုက် ရွတ်ဆိုရုံမျမဟုတ်ဘဲ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်ရ မည်ဖြစ်၏။ ပစ္စည်းလေးပါးသုံးဆောင်ခိုက်၌ မဆင်ခြင်နိုင်ခဲ့လျင် အရုဏ်မတက်မီအတွင်း အကြွေး သုံးဆောင်မှုဖြစ်သွား၏။ ထို့ကြောင့် ပစ္စယသန္နိဿိတသီလကိုလည်း ထက်ဝန်းကျင်ပြည့်စုံ စင်ကြယ်အောင် စောင့်ထိန်းသင့်၏။
    သို့ဖြစ်လျင် ဤနေရာ၌ ရဟန်းတော်များသည် ဤစတုပါရိသုဒ္ဓိသီလ(၄)ပါး လုံး လုံခြုံထားမှ ၀ိပဿနာ အားထုတ်နိုင်သလော ဟု မေးဖွယ်ရှိ၏။ တိပိဋကစူဠနာဂမထေရ်Äက
'' ပါဋိမောက္ခသံဝရသီလသည်သာလျင် သီလမည်၏။ အခြား သုံးမျိုးတို့ကိုကား သီလမည်၏ဟု ဟောတော်မူသောအရာ ပါဠိတော်၌မရှိ။ မသွယ်မ၀ိုက်တိုက်ရိုက်မုချအားဖြင့်  ဆိုရလျင် ပါတိမောက္ခ သံဝရသီလသည်သာလျင် သီလမည်၏။ ပါတိမောက်သီလပျက်သူအား ကျန်သီလ(၃)ပါးကို မစောင့်ရှောက်နိုင်ပေ။ ဦးခေါင်းပြတ်ပြီးသော ယောက်ျားသည် ကျန်လက်ခြေအင်္ဂါတို့ကို မစောင့် ရှောက်နိုင် သကဲ့သို့ဖြစ်၏။ ပါတိမောက်သီလမပျက်စီးလျင် ကြွင်းသီလ(၃)ပါးသည် မည်သို့ပင် ပျက်စီးနေစေကာမူ ပကတိ အတိုင်းပြန်လည် စင်ကြယ်စေရန်ပြုပြင်ကုစားနိုင်သည်''ဟု ဆို၏။၁ ထို့ကြောင့် ဣဏ ပရိဘောဂ ဖြစ်လျင် မဂ်ဖိုလ်ကို ရနိုင်၏။ (၀ါ) ပစ္စယသန္နိဿိတသီလကို တစ်ကြိမ်မျ ပျက်လျင်ပင် စင်ကြယ်အောင် ကုစား၍ ရနိုင်၏။
    မဟာစည်ဆရာတော်ဘုရားကလည်း ပါတိမောက္ခသံဝရသီလစင်ကြယ်လျင် ရဟန်းတော် များ ၀ိပဿနာအားထုတ်သင့် အားထုတ်အပ်ပါကြောင်းကို ဤသို့မိန့်ဆိုတော်မူခဲ့၏။
    '' ရဟန်းတော်တို့သည် ပါတိမောက္ခသံဝရသီလနှင့် အာဇီဝပါရိသုဒ္ဓိသီလတို့ကို ရှေးအဖို့ကပင် ထက်ဝန်းကျင် အပြည့်အစုံ စင်ကြယ်စေအပ်ကုန်၏။ အဘယ့်ကြောင့်နည်းဟူမူကား ဤသီလနှစ်ပါးပျက်လျင် အာပတ်သင့်၍  အာဏာဝီတိက္ကမအန္တရာယ်ဖြစ်သောကြောင့်တည်း။ ထိုနှစ်ပါးတို့တွင်လည်း ပါတိမောက်သီလသည်သာလျင် လိုရင်းပေတည်း။ အကြောင်းမူကား ¤င်းသီလ စင်ကြယ်လျင် အာဇီဝလည်း စင်ကြယ်သောကြောင့်တည်း၊ စင်ကြယ်ပုံကား အာဇီဝပျက်လျင် အာပတ်သင့်၍ ပါတိမောက်သီလပါပျက်၏။ ထို့ကြောင့် ပါတိမောက်သီလကို အပြည့်အစုံစင်ကြယ် စေလိုလျင် အာပတ်သင့်ကြောင်းဖြစ်သော မိစ္ဆာဇီဝဟူသမျမှလည်း ကြဉ်ရှောင်ရ၏။ တရားသော နည်းဖြင့်သာလျင် ရှာမှီး၍ တရားသဖြင့်ရသော ပစ္စည်းတို့ကိုသာ သုံးဆောင်ရ၏။ ထို့ကြောင့် အာဇီဝသီလပါ စင်ကြယ်ပေသည်။
    ဣန္ဒြိယသံဝရသီလနှင့် ပစ္စယသန္နိဿိတသီလတို့ကိုလည်း စွမ်းနိုင်ပါလျင် ရှေးအဖို့ကပင် အပြည့်အစုံစင် ကြယ်စေအပ်ကုန်၏။ အကြေင်းမူကား စင်ကြယ်သော ¤င်းသီလနှစ်ပါးသည်လည်း အ၀ိပ္ပဋိသာရစသည်တို့ကို ဖြစ်စေနိုင်သောကြောင့်တည်း။ သို့သော်လည်း ရှေးအဖို့က ထိုသီလနှစ် ပါးမစင်ကြယ်မှုသည် မည်သည့်အန္တရာယ် ကိုမျ မဖြစ်ချေ။ ထို့ကြောင့် ¤င်းသီလနှစ်ပါးမပြည့်ံစုံသေးခြင်းကို အကြောင်းပြု၍ အချိန်မဆိုင်းလင့်အပ်။ ရှေးသီလ (၂)ပါးစင်ကြယ်သော ကာလမှစ၍  ဘာဝနာအလုပ်ကို အားထုတ်အပ် အားထုတ်ကောင်းသည်သာတည်း။ အားထုတ်အပ်သောအခါမှာ ဘာဝနာစိတ္တုပ္ပါဒ်၌ပါဝင်လျက် သီလ(၄)ပါးလုံးပင် ထက်ဝန်းကျင်အပြည့်အစုံ စင်ကြယ်ပါလတ္တံ့။၁
    လူဝတ်ကြောင်များအတွက် အသက်မွေးမှုနှင့်ဆိုင်သော ကာယကံ ၃ ပါး၊ ၀စီကံ ၄ ပါးတို့မှ ရှောင်ကြဉ်မှုသည် အာဇီဝပါရိသုဒ္ဓိသီလဖြစ်၏။ ရဟန်းအားကား မိစ္ဆာဇီဝကိုပြုဆဲကာလ၊ သုံးဆောင် ဆဲကာလတို့၌ အာဏာတော်ကို လွန်ကျူးခြင်းကြောင့် အာပတ်လည်းသင့်၏။ အာဇီဝလည်းပျက်၏။ လူတို့အား ကာယကံ၊ ၀စီကံတို့ကို လွန်ကျူးဆဲကာလ၌သာ အာဇီဝသီလပျက်၏။ မိစ္ဆာဇီဝဖြင့်ပင် ရခဲ့သော်လည်း သုံးဆောင်ကောင်းသည်သာ ဖြစ်၏။ အာဇီဝသီလလည်းမပျက်ပေ။ရဟန်းတို့ကဲ့သို့ စွန့်ရန်မလိုပေ။ အသက်မွေးမှုအတွက် ကာယကံ၊၀စီကံတို့ကို နောက်ထပ်မပြုလျင် အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်သည်သာဖြစ်၏။ ဣန္ဒြိယသံဝရသီလသည်ကား ရဟန်းတော်များအဖို့ပင် တရားအားမထုတ်မီ က ဖြည့်ဆည်းရန် ခဲယဉ်းလှ၏။ လူတို့မှာကား သာလွန်၍ ခဲယဉ်း၏။
    ပစ္စယသန္နိဿိတသီလနှင့်စပ်၍ လူတို့သည် မဆင်ခြင်ဘဲ သုံးဆောင်သော်လည်း ဣဏပရိ ဘောဂ မဖြစ်သောကြောင့် ရဟန်းတော်တို့အတွက်သာဟု မှတ်အပ်၏။ ဆင်ခြင်၍သုံးဆောင် လျင်ကား အကုသိုလ်ပါး၍ ကုသိုလ်ပွားနိုင်ပေ၏။ တရားအားထုတ်ချိန်၌ကား ဘာဝနာစိတ္တုပ္ပါဒ်ဖြင့် သီလလေးမျိုးလုံး အပြည့်အစုံစင်ကြယ်၏ဟု ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မိန့်တော်မူ၏။၎
၅း၉း၁း၂။ ၀ိပဿနာရှုနည်း (၂) မျိုး
    ဥပစာရအပ္ပနာသမာဓိနှစ်ပါးကို မမှီမူ၍ သက်သက်ဝိပဿနာရှုသောနည်းကို သုဒ္ဓ၀ိပဿနာ ယာနိကဟုခေါ်၏။ သို့ဖြစ်၍ ခဏိကသမာဓိသည်သာလျင် သုဒ္ဓ၀ိပဿနာယာနိကပုဂ္ဂိုလ်၏ စိတ္တ ၀ိသုဒ္ဓိဖြစ်ခြင်းပင် ဖြစ်၏။
    ယင်းနှင့်စပ်၍ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ ၌ '' သမထယာနိကအား ဥပစာရသမာဓိအပ္ပနာသမာဓိ နှစ်မျိုးကို ကြဉ်၍ တစ်ရံတစ်ခါမျလည်း လောကုတ္တရာတရားကို ရခြင်းသည် မဖြစ်။ ၀ိပဿနာ   ယာနိကအား ခဏိကသမာဓိကို ကြဉ်၍ တစ်ရံတစ်ခါမျလည်း လောကုတ္တရာတရားကို ရခြင်းသည် မဖြစ်။ သမထယာနိက၊၀ိပဿနာယာနိကနှစ်ဦးလုံးတို့အားလည်း အနိစ္စာနုပဿနာ၊ ဒုက္ခာနုပဿ နာ၊အနတ္တာနုပဿနာဟူသော ၀ိမောက္ခ (၃) မျိုးကို ကြဉ်၍ တစ်ရံတစ်ခါမျလည်း လောကုတ္တရာ တရားကို ရခြင်းသည် မဖြစ်။'' ဟု မိန့်တော်မူ၏။၂
၅း၉း၁း၃။ ၀ိပဿနာရှုမှတ်ပွားများအားထုတ်နည်း
    ဤ၌ကား ခဏိကသမာဓိကို သုဒ္ဓ၀ိပဿနာယာနိကနည်းဖြင့် ထူထောင်ကာ ၀ိပဿနာ အားထုတ်ပုံကို ပြဆိုပါမည်။ ၀ိပဿနာရှုမှတ်ပွားများအားထုတ်လိုသည့်ယောဂီသည် တော၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်ဟူသည့် နေရာတစ်ခုခုကို ရွေးချယ်ကာ တင်ပလ္လင်ခွေထိုင်လျက် အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထားပြီး အမှတ်သတိကို ရှုမှတ်ရမည့်အာရုံဆီသို့ ရှေးရှုဖြစ်စေရ၏။ မဟာစည် ရှုမှတ်နည်း၌ မိမိတို့ ၀မ်းဗိုက်ဖောင်းခြင်း၊ပိန်ခြင်းကို မဏ္ဍိုင်ပြု၍ ရှုမှတ်ရ၏။ ထိုမဟာစည်နည်းဖြင့် ရှုမှတ်လျင် မိမိတို့ ၀မ်းဗိုက်၏ ဖောင်းကြွလာမှု၊ ပိန်ကျသွားမှုကို စိတ်ဖြင့်စူးစိုက်၍ ကြည့်နေရမည်။ ၀င်သက်ရှုခိုက်၌ ၀မ်းဗိုက်ဖောင်းကြွရွေ့လျားလာသည်ကို 'ဖောင်းတယ်'ဟု မှတ်ရမည်။ ထွက်သက် ရှိုက်ခိုက်၌ ၀မ်းဗိုက်ပိန်ကျရွေ့လျားသွားသည်ကို 'ပိန်တယ်'ဟု မှတ်ရမည်။ သို့ဖြစ်လျင် ၀မ်းဗိုက် သဏ္ဍာန်ပညတ်ကို ရှုမှတ်ရာမရောက်ပါသလော'ဟု မေးဖွယ်ရှိ၏။ စင်စစ်အားဖြင့် အားထုတ်ခါစ၌ ပညတ်ကို လုံးလုံးဖျောက်၍ ရှုရန် မဖြစ်နိုင်ပေ။ပညတ်ကိုပါ ထင်ရှားသိ၍ ရှုမှတ်မှသာလျင် သမာဓိ၊ သတိဉာဏ် ရင့်သန်လွယ်ပေမည်၊ ဉာဏ်ရင့်သောအခါ၌ကား ပညတ်အာရုံအလုံးစုံကွယ်ပျောက်၍ ပရမတ်သဘောမျ၌သာ အသိဉာဏ်ရောက်လျက် ရှိချေမည်ဟု မဟာစည်ဆရာတော်က မိန့်တော်မူ၏။
    ယင်းသို့ 'ဖောင်းတယ်၊ ပိန်တယ်'ဟု မပြတ်မစဲမှတ်ရာအခါ၌လည်း စိတ်ဖြင့်သာ မှတ်ရမည်၊ နှုတ်မှ ရွတ်ဆိုရန်မလိုပေ။ ဖောင်းမှု၊ပိန်မှုထင်ရှားစေရန် အားထုတ်၍ ပြင်းပြင်းရှုရှိုက်ခြင်းကို တမင်တကာ အားမထုတ်ရပေ။ ပကတိရှုရှိုက်နေကျအတိုင်းသာ ရှုရှိုက်ရမည်။ ဖောင်းတယ်ပိန်တယ်ဟု မပြတ်မှတ်နေ
စဉ်အတွင်း အကြားကြား၌ စိတ်ကူးကြံစည်မှုများ ဖြစ်ပေါ်လာသည့်အခါ 'စိတ်ကူးတယ်၊စိတ်ကူးတယ်'
ဟု မှတ်ရမည်။ ကြံတွေးစဉ်းစားဆင်ခြင်လျင် 'ကြံတွေးစဉ်းစားဆင်ခြင်တယ်'ဟု မှတ်ရမည်။ စိတ်သွားလျင် 'သွားတယ်'ဟု မှတ်ရမည်။ တစ်နေရာရာသို့ စိတ်ရောက်သွားလျင် 'ရောက်တယ်  ရောက်တယ်' ဟု မှတ်ရမည်။ စိတ်ကူးထဲ၌ တစ်စုံတစ်ယောက်နှင့်တွေ့လျင် 'တွေ့တယ်'ဟု မှတ်ရမည်။ စိတ်ထဲ၌ ပေါ်လာ၍ တစ်စုံတစ်ရာကိုမြင်လျင် 'မြင်တယ် မြင်တယ်' ဟုမှတ်ရမည်။ ထိုအမြင်ပျောက် သွားအောင် အထပ်ထပ်ရှုမှတ်ရမည်။ ဤသို့ မှတ်ပြီးလျင် ဖောင်းတယ် ပိန်တယ်ဟု မှတ်နေကျကိုသာ ပြန်၍ မပြတ်မှတ်ရမည်။ တစ်နေရာရာမှ ညောင်းညာမှုလွန်ကဲထင်ရှားလာလျင် ထိုညောင်းမှုကိုသာ စူးစိုက်၍ 'ညောင်းတယ်၊ညောင်းတယ်'ဟု မနှေးမမြန် မပြတ်မှတ်ရမည်။ ထိုညောင်းမှုသည် မှတ်နေစဉ်မှာပင် တဖြည်းဖြည်းသေးသိမ်ကာ ကွယ်ပျောက်၍လည်း သွားတတ်၏။ မခံသာအောင် လွန်ကဲ၍လည်း လာတတ်၏။ မခံသာ၍ ပြုပြင်လိုလျင် ထိုစိတ်ကို 'ပြင်ချင်တယ်' ဟု မှတ်၍ ပြင်သောကိုယ်အမူယာများကိုလည်း ခေါ်နေကျအတိုင်းပင် ဆက်၍မှတ်ရမည်။ တစ်နေရာရာ၌ ယားယံ မှုဖြစ် ပေါ်လာလျင် ထိုယားမှုကိုသာ စူးစိုက်၍ 'ယားတယ် ယားတယ်' ဟု မှတ်ရမည်။ မှတ်နေရင်း အယားပျောက်သွားလျင် ဖောင်းမှုပိန်မှုကိုသာ ပြန်၍မှတ်ရမည်။ မခံသာ၍ အယားဖျောက်လိုလျင် 'ဖျောက်ချင်တယ် ' ဟု ဖြစ်စေ၊ 'ကုတ်ချင်တယ်'ဟု ဖြစ်စေ မှတ်ရမည်။
    အမှတ်ကောင်းနေစဉ်မှာ ဖျဉ်းကနဲ ဖျဉ်းကနဲ ကြက်သီးထတတ်၏။ ကျောထဲကဖြစ်စေ၊ တစ်ကိုယ်လုံးဖြစ်စေ စိမ့်ကနဲ စိမ့်ကနဲ အေးမှုလည်း ဖြစ်တတ်၏။ ထိုသို့ဖြစ်ခြင်းကို မကြောက်ရပေ။ တရားသဘောအတိုင်း ပီတိဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ တစ်စုံတစ်ရာ အသံကလေးများကို ကြားရခြင်း  ကြောင့်လည်း ဖျက်ကနဲ လန့်တတ်၏။ ကြောက်စရာမရှိပေ။ သမာဓိအရှိန်ကောင်းလာသောကြောင့် ဖဿဒဏ်ပြင်းပြပုံကို ထင်ရှားသိလာခြင်းပင်ဖြစ်၏။
    စင်္ကြန်သွားရာအခါ၌လည်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို 'လှမ်းတယ် လှမ်းတယ်' ဟု ဖြစ်စေ၊ 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်' ဟုဖြစ်စေ ခြေကြွသည်မှ စ၍ ချသည့်တိုင်အောင် ခြေလှမ်းသည့်အမူအယာတိုင်းကို အမြဲမပြတ်သတိကပ်သိရှိနေရမည်။ ဖြေးဖြေးသွားသည့်အခါ၌ 'ကြွတယ် လှမ်းတယ်' ဟုဖြစ်စေ၊ 'ကြွတယ် ချတယ်' ဟု ဖြစ်စေ၊ 'လှမ်းတယ် ချတယ်'ဟု ဖြစ်စေ နှစ်ချက် နှစ်ချက်စီ မှတ်ရမည်။ ထိုနှစ်ချက်မှတ်ကို နိုင်နင်းသောအခါ၌ ခြေလှမ်းတိုင်းကို 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊' ဟု သုံးချက် သုံးချက်စီ မှတ်ရမည်။ ရပ်လျင် 'ရပ်တယ်' ဟု မှတ်ရမည်။
    လှဲအိပ်လိုလျင် 'လှဲချင်တယ်'ဟု ဖြစ်စေ၊ ' အိပ်ချင်တယ်'ဟု ဖြစ်စေ မှတ်ရမည်။ လှဲရန် ပြုပြင်သော လက်ခြေ ကိုယ်အမူအရာတို့ကို 'ကြွတယ်၊ ဆန့်တယ်၊ ထောက်တယ်' စသည်ဖြင့် မှတ်ရမည်။ အိပ်ချင်လာလျင် 'အိပ်ချင်တယ်၊ အိပ်ချင်တယ်' ဟု မှတ်ရမည်။ မှေးလာလျင် 'မှေးတယ် မှေးတယ်' ဟု မှတ်ရမည်။ အိမ်ပျော်အခိုက်၌ကား ဘ၀င်စိတ်သက်သက်မျသာဖြစ်တော့သောကြောင့် အမှတ်သတိ မရှိတော့ပေ။
    အကျဉ်းချုပ်အားဖြင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ကူးကြံစည်တိုင်း စဉ်းစား ဆင်ခြင်တိုင်း စိတ်အမူအရာကိုမှတ်ရမည်။ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြုပြင်လှုပ်ရှားမှုတိုင်း ကိုယ်အမူအရာကို မှတ်ရမည်။ ကိုယ်ထဲ၊စိတ်ထဲ၌ ကောင်းသည် ခံသာသည်ဖြစ်စေ၊ ဆိုးသည် မခံသာသည်ဖြစ်စေ ဝေဒနာဟူသမျကို ဖြစ်ပေါ်လာတိုင်းမှတ်ရမည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ် စေ စိတ်ထဲ၌ထင်ပေါ်လာသော အာရုံဟူသမျကို မှတ်ရမည်။ ဤသို့သော မှတ်ဖွယ်အထူးများ မရှိသော အခါ၌ ဖောင်းမှုပိန်မှုထိုင်မှုစသော မှတ်နေကျကိုသာ မပြတ်မှတ်ရမည်။ သွားဆဲ၌လည်း ကြွမှုလှမ်းမှု ချမှုတို့ကိုသာ မပြတ်မှတ်ရမည်။ ဤနည်းဖြင့် အိပ်ပျော်ခိုက်ကို ချန်လှပ်၍ နေ့ရောညဥ့်ပါ မပြတ်မစဲ တစ်မှတ်တည်း မှတ်နေလျင် မကြာမီပင် ဖြစ်ပျက်တိုင်းသော ရုပ်နာမ်အလုံးစုံကို ပစ္စုပ္ပန်ကျအောင် မှတ်သိနိုင်၍ ၀ိပဿနာဉာဏ်ထူးများ အစဉ်အတိုင်းဖြစ်ပေါ်လာပါလိမ့်မည်။၁
၅း၉း၁း၃း၁။ နာမရူပပရိစ္ဆေဒဉာဏ်
    ဤကဲ့သို့ ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်သည် စိတ်စေတသိက်ဟူသော နာမ်နှင့် နိပ္ဖန္နရုပ် တရားတို့ကို လက္ခဏ၊ ရသ၊ ပစ္စပ္ပဋ္ဌာန်၊ ပဒဋ္ဌာန်တင်၍  ဆင်ခြင်လိုက်သည့်အခါ ''သိမှုသည် စိတ်၊ ခံစားမှုသည် ဝေဒနာ၊ မှတ်သားမှုကား သညာ၊ ပြုလုပ်အားထုတ်မှုကား သင်္ခါရ၊ ဖောက်ပြန် တတ်သော ဤခန္ဓာကိုယ်ကြီးကား ရုပ်တည်း။  ဤရုပ် ဝေဒနာ သညာ သင်္ခါရတို့မှတပါး အတ္တ ဟူသောတရားတစ်မျိုး မရှိတော့ပြီ''ဟု သိမြင်လာ၏။ ''ဤကားရုပ်၊ဤကားနာမ် ''ဟူ၍ အဖန်ဖန် အထပ်ထပ် သိမ်းဆည်းဆင်ခြင်နိုင်၏။ ယင်းသို့ သိမ်းဆည်းဆင်ခြင်နိုင် ခြင်းဖြင့် အတ္တဟု စွဲလမ်းမှုမှ ကင်းဝေး၏။ ဆင်ခြင်ဖန်များလာလျင် သတ္တ၀ါမရှိ၊ ပုဂ္ဂိုလ်မရှိ၊ ငါသူတပါးယောက်ျား မိန်းမဟူ၍ မရှိ။ ရုပ်နှင့်နာမ်သာရှိသည်''ဟု သဘောကျကာ အတ္တစွဲကင်းမှုကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၏။ ဤဒိဋ္ဌိဝိသုဒ္ဓိ သည်ပင် နာမ်ရုပ်နှစ်ပါးဟူသော သင်္ခါရတရားကို ပိုင်းခြားတတ်သောကြောင့် နာမရူပပရိစ္ဆေဒဉာဏ်ဟု အမည်ရ၏။ နာမရူပ၀၀တ္ထာနဉာဏ်၊ သင်္ခါရပရိစ္ဆေဒဉာဏ်ဟုလည်း ခေါ်၏။၂ သတ္တ၀ါများသည် အတ္တအစွဲအလမ်းများကြောင့် သံသရာနယ်ကို မကျော်ဖြတ်နိုင်ဘဲရှိကြ၏။ အတ္တစွဲဟူရာ၌ စွဲပုံစွဲနည်း နှစ်မျိုးရှိ၏။ ယင်းတို့မှာ-
၁။ လောကသမညာအတ္တစွဲ
၂။ အတ္တဒိဋ္ဌိစွဲ ဟူ၍ ဖြစ်၏။
    ထိုတွင် လောကသမညာအတ္တစွဲဟူသည် သက်ရှိအရာဝတ္ထုတို့ကို ငါသူတစ်ပါး၊ ယောက်ျားမိန်းမ ကျွဲ၊နွား၊တိရိစ္ဆာန်စသည်ဖြင့် စွဲယူမှု၊သက်မဲ့အရာဝတ္ထုတို့ကို ရွှေငွေလယ်ယာ အိုးအိမ်သစ်ပင် ရေမြေ တောတောင်စသည်ဖြင့် စွဲယူမှုတို့ပင်ဖြစ်၏။ လောကလူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း တကယ်ထင်ရှားရှိ သည်ဟု စွဲလမ်းယုံကြည်မှုမျိုးပင်ဖြစ်၏။ ယင်းလောကသမညာအတ္တစွဲကိုပင် လောကလူတို့ခေါ်ဝေါ် သုံးစွဲသည့်ဝေါဟာရ၏အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝေါဟာရသတ္တသညာဟုလည်းခေါ်၏။၃  အတ္တဒိဋ္ဌိစွဲဟူသည် သာသနာပအယူရှိကြသည့် မိစ္ဆာဒိဋ္ဌိတို့ ကြံဆအပ်သော အတ္တဒိဋ္ဌိစွဲကို ခေါ်ခြင်းဖြစ်၏။ ယင်းအတ္တဒိဋ္ဌိအစွဲသည်-
    ၁။ ပရမအတ္တဒိဋ္ဌိအစွဲ၊
    ၂။ဇီဝအတ္တဒိဋ္ဌိအစွဲ ဟု အကြမ်းစားအားဖြင့် နှစ်မျိုးခွဲနိုင်၏။
    ထိုတွင် ပရမအတ္တဒိဋ္ဌိအစွဲဟူသည် လောကကြီးနှင့်တကွ သတ္တ၀ါအသီးသီးကို ဖန်ဆင်းနေ သော ဖန်ဆင်းရှင်အတ္တ=ပရမတ္တ=ပရမအတ္တ=ရှိသည်ဟု စွဲယူမှုမှားယွင်းခြင်းပင်ဖြစ်၏။
    ဇီဝအတ္တဒိဋ္ဌိအစွဲသည် သတ္တ၀ါအသီးသီး၏သန္တာန်၌အဖန်ဆင်းခံရသောဇီဝကောင် အသက် ကောင် ၊ လိပ်ပြာကောင်၊၀ိညာဏ်ကောင်၊အတ္တကောင်ရှိသည်ဟု စွဲယူခံယူချက်မှားမှုပင်ဖြစ်၏။ ၁ ယင်းတို့ကို သက္ကာယဒိဋ္ဌိ ဟုလည်းခေါ်၏။သက္ကာယဒိဋ္ဌိဟူသည် ထင်ရှားရှိသော ခန္ဓာ(၅)ပါး အပေါင်း၌ အတ္တဟု စွဲယူမှုခံယူချက်မှားမှုမျိုးကို ခေါ်ခြင်းဖြစ်၏။ (၆၂)ပါးသော မိစ္ဆာအယူတို့သည် ဤသက္ကာယဒိဋ္ဌိလျင် မြစ်ဖျားခံ၏။ ထိုကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ 'သက္ကာယဒိဋ္ဌိပမုခါနိ ဒွါဒသဋ္ဌိ ဒိဋ္ဌိဂတာနိ'ဟု မိန့်တော်မူ၏။၂ ယင်းသက္ကာယဒိဋ္ဌိရှိခြင်းကြောင့်သာ မိစ္ဆာဒိဋ္ဌိ (၆၂)ပါး ဖြစ်ခြင်းဖြစ်၏။၃ မိစ္ဆာတို့၏အခေါင်အချုပ် သက္ကာယဒိဋ္ဌိပြုတ်ဖို့ရန်အတွက်ကား ၀ိပဿနာဥာဏ်ဖြင့် သာ(ရှုမှတ်မှုဖြင့်သာ)တတ်နိုင်၏။
    ယင်းသက္ကာယဒိဋ္ဌိသည် အပြားအားဖြင့် (၂၀) ရှိ၏။ ယင်းတို့မှာ-
    ၁။ရုပ်သည်ပင် ငါ၊ ငါသည်ပင်ရုပ်ဟူ၍ ရုပ်နှင့်အတ္တ၊အတ္တနှင့်ရုပ် မကွဲမပြားမှတ်သားခြင်း။
    ၂။ရုပ်ရှိသောငါ၊ရုပ်နှင့်ပြည့်စုံသောငါ ဟူ၍ ရုပ်နှင့်မကင်းသည့်အတ္တကို ဆ၍မှတ်သားခြင်း။
    ၃။ငါ၌ ရုပ်တည်၏၊ရုပ်သည်ငါ၌တည်၏ ဟူ၍ မှတ်ခြင်း။
    ၄။ရုပ်၌ငါတည်၏၊ငါသည် ရုပ်၌တည်၏ ဟူ၍မှတ်ခြင်း ဟူ၍ ရူပက္ခန္ဓာ၌ အမှတ်မှားမှုသက္ကာ
ယဒိဋ္ဌိလေးပါးရှိ၏။ ထို့အတူ ဝေဒနက္ခန္ဓာ၌လေးပါး၊သညာက္ခန္ဓာ၌လေးပါး၊သင်္ခါရက္ခန္ဓာ၌လေးပါး၊၀ိ
ညာဏက္ခန္ဓာ၌လေးပါးအားဖြင့် သက္ကာယဒိဋ္ဌိ (၂၀)ရှိ၏။၎
၅း၉း၁း၃း၂။ ပစ္စယပရိဂ္ဂဟဉာဏ်
    နာမ်ရုပ်ကို ပိုင်းခြားသိမှုကြောင့် အတ္တဒိဋ္ဌိကင်းကွာပြီးသော ယောဂီပုဂ္ဂိုလ်သည် ရှုမြင်အပ်ပြီး
သော ဤရုပ်နာမ်၏ပင်လျင် အကြောင်းကို သိမ်းဆည်းခြင်းဖြင့် အတိတ်အနာဂတ်ပစ္စုပ္ပန်ကာလသုံး
ပါးတို့၌ ယုံမှားခြင်းကို လွန်မြောက်ပယ်ခွါ၍တည်သော 'အကြောင်းရုပ်နာမ်ကြောင့်ဖြစ်သော အကျိုးရုပ်နာမ်မျသာ ရှိသည်'ဟု သိသောဉာဏ်သည် ကင်္ခါဝိတရဏ၀ိသုဒ္ဓိမည်၏။၅
    ဖြစ်ဆဲ ဖြစ်ဆဲ၌ မှတ်လျက် ရုပ်နာမ်တို့၏ သဘောအမှန်ကို သိပြီးသောသူသည် ထိုရုပ်နာမ်တို့၏ ဖြစ်ကြောင်းများကို တွေ့မြင်ရ၏။ 'ဤအကြောင်းများကြောင့်သာလျင် ကာလသုံးပါး၌ ရုပ်နာမ်များ ဖြစ်ပေါ်လျက်ရှိ၏' သိမြင်သဘောကျသည့် ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်ပေါ်၏။ ထိုဉာဏ်သည် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ အဇ္ဈာသယနှင့် ပါရမီဉာဏ်အားလျော်စွာ ဖြစ်ပေါ်၏။ ထိုဉာဏ်ဖြစ်ပုံကို ၀ိသုဒ္ဓိမဂ်၌ ငါးမျိုးခွဲပြတော်မူ၏။ ဤနေရာ၌ကား ကျမ်းလေးအံ့စိုးသောကြောင့် မတင်ပြတော့ပြီ။
    ယင်းအကြောင်းသိမ်းဆည်းနည်း (၅)မျိုးတွင် တစ်မျိုးမျိုးဖြင့် ရှုမြင်ပြီးသောယောဂီသည် 'ဤရုပ်နာမ်တို့သည် ယခုပစ္စုပ္ပန်ဘ၀ကာလ၌ အကြောင်းကြောင့် ဖြစ်ပေါ်သကဲ့သို့ ထို့အတူပင် အတိတ် ကာလ၌ အကြောင်းကြောင့် ဖြစ်ပေါ်ခဲ့လေပြီ။ အနာဂတ်ကာလ၌လည်း အကြောင်းကြောင့်ဖြစ်ပေါ်လတ္တံ့။'ဟု ရှုမြင်၏။ ကာလသုံးပါး၌ အကြောင်းရုပ်နာမ်နှင့်အကျိုးရုပ်နာမ်မျသာ ရှိသည်ဟု သိမြင်သဘော ကျသောကြောင့် အတ္တကောင်(ငါကောင်)နှင့်စပ်သော ယုံမှားမှု(၁၆)မျိုးကို ပယ်ခွါလွန်မြောက်၏။
ယင်းယုံမှားမှု (၁၆)မျိုးကိုလည်း ဤနေရာ၌ကား ကျမ်းလေးအံ့စိုးသောကြောင့် မတင်ပြတော့ပြီ။
    'အကြောင်းအကျိုးရုပ်နာမ်အဆက်ဆက်မျသာ ရှိသည်၊အတ္တကောင်၊ငါကောင်ကား မရှိပြီ'ဟု ကောင်းစွာသိမြင်သူအား အထက်ပါယုံမှားမှုများ မဖြစ်ပေါ်တော့ပေ။ ယုံမှားသံသယများ ကင်း တော့၏။ ပစ္စယပရိဂ္ဂဟဉာဏ်လည်း ဖြစ်၏။ ယုံမှားမှု(၁၆)ပါး၊ ရတနာ(၃)ပါး၊ သိက္ခာ(၃)ပါး၊အတိတ် နာမ်ရုပ်၊အနာဂတ်နာမ်ရုပ်၊ပစ္စုပ္ပန်နာမ်ရုပ်၊အချင်းချင်းဆက်စပ်၍ ဖြစ်သော အကြောင်းအကျိုးတရား
ဟူသော ဤဌာနတို့၌ ယုံမှားမှုတို့ကို ပယ်ခွါနိုင်သောကြောင့် ကင်္ခါဝိတရဏ၀ိသုဒ္ဓိလည်းဖြစ်၏။ဤကင်္ခါဝိတရဏ၀ိသုဒ္ဓိနှင့် ပြည့်စုံလျင် စူဠသောတာပန်=သောတာပန်ငယ်အဆင့်သို့ရောက်၏။၁ စူဠသောတာပန်ဖြစ်လျင် လောကီသီလ၊သမာဓိ၊ပညာတို့နှင့် ပြည့်စုံခြင်းကြောင့် အထက် ထက်ဉာဏ်အထူးတရားထူးကို မသိငြားသော်လည်း သုဂတိလျင် လားရာရှိ၏။မြဲသော ဂတိရှိသည် ဖြစ်၏။ သို့ရာတွင် ၀ိသုဒ္ဓိမဂ်မဟာဋီကာ၌ အပရိဟီနကင်္ခါဝိတရဏ၀ိသုဒ္ဓိကော၂ဟု ပြဆိုသောကြောင့် ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာ ကင်းကွာဆဲဖြစ်၍ ဤကင်္ခါဝိတရဏ၀ိသုဒ္ဓိမဆုတ်ယုတ်မပျက်စီးသောသူအားသာလျင် 'ဂတိမြဲသည်' ဟု မှတ်အပ်၏။
၅း၉း၁း၃း၃။ သမ္မသနဉာဏ်
    ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် တေဘူမကသင်္ခါရတို့၌ အကြောင်းနှင့်တကွ သိမ်းဆည်းအပ်ပြီးသော
ယောဂီပုဂ္ဂိုလ်အား အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်ဖြစ်သော ရုပ်နာမ်တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြား
ဆုံးဖြတ်သော သမ္မသနဉာဏ်ဖြစ်လာ၏။၃
    ယင်းသမ္မသနဉာဏ်ရရန် ကလာပသမ္မသန=အပေါင်းအစုလိုက် သုံးသပ်ခြင်း ဟုဆိုအပ်သော နယ၀ိပဿနာ=နည်းမှီ၍ ရှုခြင်း၌ ရှေးဦးစွာ ပြုအပ်၏။ ကလာပသမ္မသနနှင့်စပ်၍ ရှုမြင်ပုံအမျိုးမျိုးကို ၀ိသုဒ္ဓိမဂ်၌ ကျယ်ဝန်းစွာပြထား၏။ ဤနေရာ၌ကား ကျမ်းလေးအံ့စိုး၍ ထိုအကျယ်တ၀င့်ဖွင့်ပြ ထားမှုတို့ကို မပြဆိုတော့ဘဲ ပဋိသမ္ဘိဒါမဂ်လာ သုံးသပ်ဆင်ခြင်ပုံတို့ကိုသာ ပြပါမည်။
    '' အတိတ် အနာဂတ် ပစ္စုပ္ပန် တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြားဆုံးဖြတ်နိုင်သော ပညာသည် အဘယ်သို့လျင် သမ္မသနဉာဏ်မည်သနည်း''
    '' အတိတ်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ ပစ္စုပ္ပန်ဖြစ်စေ၊ ကိုယ်တွင်း၌ဖြစ်စေ၊ကိုယ်ပ၌ဖြစ်စေ၊ အကြမ်းဖြစ်စေ၊အနုဖြစ်စေ၊အယုတ်ဖြစ်စေ၊အမြတ်ဖြစ်စေ၊အဝေး၌ဖြစ်စေ၊အနီး၌ဖြစ်စေ အကြင်တစုံတခု
သော ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဏ် သည်ရှိ၏။ ထိုအလုံးစုံသော ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ ၀ိညာဏ်တို့ကို မမြဲဟု ပိုင်းခြားဆုံးဖြတ်ခြင်းသည် သမ္မသနဉာဏ်မည်၏။ ဒုက္ခဟု ပိုင်းခြားမှတ်သား
ခြင်းသည် တစ်ခုသောသုံးသပ်ဆင်ခြင်ခြင်း သမ္မသနမည်၏။ အနတ္တဟု ပိုင်းခြားမှတ်သားခြင်းသည်
တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း သမ္မသနမည်၏။
    ထို့အတူ အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်၊ကိုယ်တွင်းကိုယ်ပ၊ကြမ်းတမ်းသိမ်မွေ့၊အယုတ်အမြတ်၊
အဝေးအနီးဖြစ်သည့် ဒွါရ(၆)ပါး၊အာရုံ(၆)ပါးနှင့် တကွ ဒွါရ၌ ဖြစ်သောတရားများ၊ အာရုံ(၆)ပါး၊၀ိ
ညာဏ်(၆)ပါး၊ဖဿ(၆)ပါး၊ဝေဒနာ(၆)ပါး၊သညာ(၆)ပါး၊စေတနာ(၆)ပါး၊တဏှာ(၆)ပါး၊၀ိတက်(၆)ပါး၊
ဝိစာရ(၆)ပါး၊ဓာတ်(၆)ပါး၊ကသိုဏ်း(ဈာန်)(၁၀)ပါး၊ကောဋ္ဌာသ(၃၂)ပါး၊အာယတန(၁၂)ပါး၊ဓာတ်(၁၈)ပါး၊
ဣနြေ္ဒ(၂၂)ပါး၊ဓာတ်(၃)ပါး၊ဘ၀(၉)ပါး၊ရူပါဝစရဈာန်(၄)ပါး၊အပ္ပမညာ(၄)ပါး၊အရူပသမာပတ်(၄)ပါး၊
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ(၁၂)ပါး တို့၏ သရုပ်တစ်ခုချင်းစီအား အနိစ္စ၊ဒုက္ခ၊အနတ္တဟု သုံးသပ်ဆင်ခြင်၏။
    အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်ဖြစ်သော ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဏ် ကို ကုန်ဆုံးခြင်း
သဘောကြောင့် အနိစ္စမည်၏။ နှိပ်စက်တတ်သော သဘောကြောင့် ဒုက္ခမည်၏။ အနှစ်မရှိသော သဘောကြောင့် အနတ္တမည်၏ဟု အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ်သော ပညာသည်သမ္မသန ဉာဏ်မည်၏။ ထို့အတူ အထက်၌ဖေါ်ပြခဲ့သည့် ဒွါရ(၆)ပါးမှ အစပြု၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ(၁၂)ပါး တိုင်အောင်သော တရားတို့၏ အင်္ဂါတစ်ခုခြင်းစီအား အနိစ္စ၊ဒုက္ခ၊အနတ္တ ဟု သုံးသပ်ဆင်ခြင်၏။
    အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်ဖြစ်သော ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဏ်တို့ကိုလည်းကောင်း၊ အထက်၌ဖေါ်ပြခဲ့သည့် ဒွါရ(၆)ပါးမှ အစပြု၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ(၁၂)ပါးတိုင်အောင်သော တရားတို့၏ အင်္ဂါတစ်ခုခြင်းစီအား 'အနိစ္စမည်၏။ပြုပြင်အပ်၏။အကြောင်းကိုစွဲ၍ ဖြစ်၏။ကုန်ခြင်း သဘော၊ပျက်ခြင်းသဘော၊ကင်းခြင်းသဘော၊ကင်းခြင်းသဘော၊ချုပ်ငြိမ်းခြင်းသဘောရှိ၏ဟု အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။
    ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့ကို ပိုင်းခြားမှတ်သားရာ၌ နမူနာထုတ်ပြရလျင်-
    ''ဇာတိကြောင့် ဇရာမရဏသည် ဖြစ်၏။ဇာတိမရှိသော် ဇရာမရဏသည် မရှိ''ဟု အကျဉ်း ချုံး၍ ပိုင်းခြားမှတ်သားရာ၌ဖြစ်သော ပညာသည် သမ္မာသနဉာဏ်မည်၏။ အတိတ်ကာလ၊ အနာဂတ် ကာလတို့နှင့်စပ်၍လည်း ထိုအတိုင်းပင် မှတ်သားပိုင်းခြားမှတ်သားအပ်၏။၁
    ဤသည်တို့ကား သမ္မသနဉာဏ်ဖြင့် အတိတ်အနာဂတ်ပစ္စုပ္ပန်တရားတို့ကို အကျဉ်းချုံး၍
ပိုင်းခြားဆုံးဖြတ်ပုံတို့ ဖြစ်၏။
၅း၉း၁း၃း၎။ ဥဒယဗ္ဗယဉာဏ်
     ဥဒယဗ္ဗ=အဖြစ် နှင့် အပျက်ဟူရာ၌ဖြစ် ဆဲ(ဥပါဒ်ဌီဘင်သို့ရောက်ဆဲ) ရုပ်၊ဝေဒနာ၊သညာ၊ သင်္ခါရ၊၀ိညာဏ်သည် ပစ္စုပ္ပန်မည်၏။ ထိုပစ္စုပ္ပန်ဖြစ်သည့် ရုပ်၊ ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဏ်တို့၏ အစဖြစ်ပေါ်ခြင်းလက္ခဏာသည် ဥဒယ=ဖြစ်ခြင်းမည်၏။ ဖြစ်ခါစနှင့် မတူဘဲ ပြောင်းလဲပျောက် ကွယ်ခြင်းသည် ၀ယ=ပျက်ခြင်းမည်၏။ ထိုသို့သောဖြစ်မှု ပျက်မှုတို့ကို သိခြင်းသည် ဥဒယဗ္ဗဉာဏ်မည်၏။၁ ထို့အတူ ဖြစ်ဆဲ ဒွါရ (၆)ပါးကို အစပြု၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါဖြစ်သည့် ဘ၀ တိုင်အောင် အဖြစ်အပျက်ကို မြင်ရ၏။
    ရှုဖန်များသောအခါ ' ဤရုပ်နာမ်တို့သည် မဖြစ်မီ စုပုံလျက်မရှိ၊ ဖြစ်ဆဲအခါ စုပုံရာမှ မလာ၊ချုပ်ဆဲအခါ တစ်နေရာသို့ မသွား။ ချုပ်ပြီးနောက် စုပုံလျက် မရှိ။ ဥပမာအားဖြင့် တီးအပ်သော
စောင်းမှ ဖြစ်ပေါ်လာသောအသံသည် ရှေးက မမြည်၊ တီးခတ်မှ မြည်သည်၊ မြည်ပြီးလည်း ပျက်လေ
သည်၊ စင်စစ်သော်ကား စောင်းကိုလည်းကောင်း၊ လက်ခတ်ကိုလည်းကောင်း တီးသောသူ၏ ထိုအသံ အားလျော်သော အားထုတ်ခြင်းကိုလည်းကောင်း စွဲမှီ၍(အစပထမက)မရှိသေးမူ၍သာလျင် ဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်ပြီးလျင် တစ်ဖန်ပျောက်ကွယ်သွား၏။ ဤအတူပင် ရုပ်နာမ်အားလုံးတို့သည်
(အစပထမက)မရှိကုန်မူ၍သာလျင် ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပေါ်လာပြီးလျင် တစ်ဖန်ပျောက်ကွယ် သွားကုန်၏။' ဟု အပြားအားဖြင့် သိ၏။ ဤသို့ အဖြစ်ပျက်နှလုံးသွင်းခြင်းကို အကျဉ်းအားဖြင့် ရှုရ၏။
    ဤသို့ အကျဉ်းရှုပြီးသောအခါ အကြောင်းလေးပါး၊ခဏတစ်ပါးအားဖြင့် ဥဒယငါးပါး၊ ၀ယငါးပါး ဟူ၍ လက္ခဏာ(၁၀)ပါးဖြင့် ရှုရ၏။ ယင်းသို့ရှုသောအခါ ခန္ဓာငါးပါး၌ ဥဒယကို ရှုသောသူအား လက္ခဏာ(၂၅)ပါး ထင်၏။ ခန္ဓာငါးပါး၌ ၀ယကိုရှုသောသူအား လက္ခဏာ (၂၅)ပါး ထင်၏။ ဥဒယဗ္ဗယကို ရှုသောသူအား လက္ခဏာ(၅၀)ထင်၏။
    အတိတ်ခန္ဓာ၌လည်း ထို့အတူဥဒယငါးပါး၊ ၀ယငါးပါး ဖြင့် ရှုကာ လက္ခဏာ(၅၀)ထင်၏။အနာဂတ်ခန္ဓာ၌လည်း လက္ခဏာ(၅၀)ထင်၏။ ဤသို့အကျယ်လည်း ရှုရ၏။
    ဤသို့ အကြောင်းလေးပါး၊ ခဏတစ်ပါးဖြင့် ဥဒယဗ္ဗယဉာဏ်(၁၀)စီမြင်လျင် လောကီ ဉာဏ်ဖြင့် သစ္စာလေးပါးစသည်ကို သိ၏။ အကြောင်းလေးပါးဖြင့် ဥဒယဗ္ဗယမြင်လျင် သမုဒယသစ္စာ ထင်ရှား၏။ ၀ယမြင်လျင် နိရောဓသစ္စာထင်ရှား၏။ ခဏအားဖြင့် ဥဒယဗ္ဗယမြင်လျင် ဒုက္ခသစ္စာ ထင်ရှား၏။ ဥဒယဗ္ဗယဉာဏ်ပြဌာန်းသော မဂ္ဂင်တရားအစုသည် လောကီမဂ်ဖြစ်၍ မဂ္ဂသစ္စာထင်ရှား၏။
    ထို့အပြင် အကြောင်းဖြင့် ဥဒယမြင်လျင် အနုလောမပဋိစ္စသမုပ္ပါဒ်ထင်ရှား၏။ ၀ယမြင်လျင်
ပဋိလောမပဋိစ္စသမုပ္ပါဒ်ထင်ရှား၏။ခဏအားဖြင့် ဥဒယဗ္ဗယမြင်လျင် ပဋိစ္စသမုပ္ပါဒ်ထင်ရှား၏။၂
    ထို့အပြင် ရုပ်နာမ်သင်္ခါရတို့၏ ရှေး၌မဖြစ်၊ ယခုမှ အသစ်သစ်ဖြစ်လာကုန်၏။ဖြစ်ပြီးလည်း
ချုပ်ကုန်၏။အမြဲအသစ်အသစ် ဖြစ်ကုန်၏။ ဆီမီးလျံကဲ့သို့ အသစ်သာ ဖြစ်ကုန်၏။ ရေပြင်၌ အရေး
အသားကဲ့သို့လည်းကောင်း၊ ရေပွက်ကဲ့သို့လည်းကောင်း၊ နေရှိန်ကြောက်သော မျက်ဖြားနှင်းပေါက် ကဲ့သို့လည်းကောင်း၊အပ်ဖျားမုန်ñှင်းကဲ့သို့လည်းကောင်း၊ လျပ်စစ်ကဲ့သို့လည်းကောင်း တိုသောခဏ ရှိကုန်၏။ မျက်လှည့်၊တံလျပ်၊နတ်တို့ပျော်မြူးရန် ခေတ္တဖန်ဆင်းသောနတ်မြို့၊အိပ်မက်တွင်းစည်းစိမ်၊ ရေမြုပ်စိုင်၊မီးစက်ဝန်း၊ငှက်ပျောတုံးကဲ့သို့ ယူစရာအနှစ်မရှိကုန်'ဟုလည်း ထင်ရှား၏။ ထိုအခါမှ နုသောဥဒယဗ္ဗယဉာဏ်ကိုရ၍ အာရဒ္ဓ၀ိပဿကပုဂ္ဂိုလ်မည်၏။၁
    ဤသို့သော အာရဒ္ဓ၀ိပဿကယောဂီပုဂ္ဂိုလ်အား သြဘာသ၊ပီတိ၊ပဿဒ္ဓိ၊အဓိမောက္ခ၊ပဂ္ဂဟ၊
သုခ၊ဉာဏ၊ဥပဋ္ဌာန၊ဥပေက္ခာ၊နိကန္တိဟူသည့် ၀ိပဿနာညစ်ညူးကြောင်းတရား(၁၀)ပါးတို့ ဖြစ်ပေါ်
လာတတ်ကုန်၏။၂ ဤ၀ိပဿနာညစ်ညူးကြောင်းတရား(၁၀)ပါးတို့သည် အရိယာပုဂ္ဂိုလ်၊ မှားယွင်းစွာကျင့်သူ၊ကမ္မဋ္ဌာန်းရပ်နားထားသူ၊ပျင်းရိစွာအားထုတ်သောယောဂီပုဂ္ဂိုလ်တို့အား မဖြစ်။ နည်းလမ်းမှန်စွာအားထုတ်၍ ဥဒယဗ္ဗယဉာဏ်သို့ရောက်သော အာရဒ္ဓ၀ိပဿကယောဂီအားသာဖြစ်၏။ထိုဖြစ်ပေါ်လာသည့် ၀ိပဿနာညစ်ညူး ကြောင်းတရားတို့ကို အလေးအမြတ်ပြုလျက် မစဉ်းစား မဆင်ခြင်ရပေ။ အနိစ္စ၊ဒုက္ခ၊အနတ္တအဖြစ်သာ ရှုရ၏။ ထိုအခါ လက္ခဏာသုံးပါးထင်ရှားစွာပေါ်ကာ သိမြင်သဖြင့် အဖြစ်အပျက်ကို ရှင်းလင်းစွာသိမြင်သည့် ဥဒယဗ္ဗယဉာဏ်ဖြစ်၏။
    အထက်၌ ဆိုခဲ့သည့်အတိုင်း ပျံ့လွင့်ခြင်းသို့မရောက်သော ထိုယောဂီသည် 'သြဘာသစသည်
မှ လွတ်သော ရှုမြဲရှုမှတ်လျက် လမ်းမှန်သွားသည့် ရှုသိမှုဝိပဿနာဉာဏ်သည်သာလျင် လမ်းမှန်တည်း။ ဤအရောင်အလင်းစသည်ကား လမ်းမှန်မဟုတ်'ဟု လမ်းမှန်နှင့်လမ်းမှားကို ပိုင်းခြားသိမြင်၏။ ယင်းကို မဂ္ဂါမဂ္ဂဉာဏဒဿန၀ိသုဒ္ဓိ=လမ်းမှန်နှင့်လမ်းမှားကို အသိအမြင်စင်ကြယ်သောဉာဏ်ပညာဟု ခေါ်၏။
၅း၉း၁း၃း၅။ ဘင်္ဂနုပဿနာဉာဏ်(ဘင်္ဂဉာဏ်)
    ဖြစ်ပျက်တိုင်းသောရုပ်နာမ်ကို မှတ်သိ၍ အနိစ္စ၊ဒုက္ခ၊အနတ္တလက္ခဏာကောင်းစွာထင်ရှား ပြီးသောသူအား ဥဒယဗ္ဗယဉာဏ် အပြည့်အစုံရင့်သန်လတ်သော် မှတ်သိမှုသည် လျင်မြန်ထက် သန်စွာဖြစ်၏။ အသိလျင်မြန်သောကြောင့် မှတ်သိသင့်သောဖြစ်ခိုက် အာရုံသင်္ခါရ တို့သည် လျင်မြန်စွာ ထင်ပေါ်ကုန်၏။ ထိုအခါ၌ ဥပါဒ်နှင့်ဌီတို့ကို နှလုံးမသွင်းမိတော့ပေ။ မှတ်ခိုက် မှတ်ခိုက်၌ပင် ကုန်ပျက် သွားသည်ဟု သိမှုဉာဏ်သည်သာလျင် ဖြစ်ပေါ်၏။ထိုအခါ၌ ဘင်္ဂဉာဏ်(ဘင်္ဂါနုပဿနာဉာဏ်)ပေါ်၏၃။
    ဘင်္ဂဉာဏ်ထက်သန်စွာ ဖြစ်လျက်ရှိသောပုဂ္ဂိုလ်သည် အိုးကင်းထဲ၌ ထည့်၍ လှော်အပ်သော
နှမ်းစေ့တို့၏ တဖျစ်ဖျစ်မြည်လျက် ပေါက်ကွဲခြင်းကဲ့သို့ မှတ်အပ်သောအာရုံသင်္ခါရနှင့်မှတ်သိမှုဝိပဿ
နာသင်္ခါရတို့၏ ရှေ့ဆင့်နောက်ဆင့်လိုက်၍ တစ်ကုန်တည်းကုန်နေခြင်း၊ တစ်ပျက်တည်းပျက်နေခြင်းကို သာလျင် စောင့်ကြည့်နေရသကဲ့သို့ မပြတ်တွေ့မြင်လျက်ရှိ၏။၎
၅း၉း၁း၃း၆။ ဘယတုပဋ္ဌာနဉာဏ်(ဘယဉာဏ်)
    ဘင်္ဂဉာဏ်အထွဋ်အထိပ်သို့ရောက်၍ 'ရှေးက ရုပ်နာမ်များလည်း ချုပ်ပျက်သွားကြလေပြီ။
ယခုလည်း ချုပ်ပျက်ကြဆဲပင် ဖြစ်၏။ နောင်လည်း ဤကဲ့သို့ပင် ချုပ်ပျက်နေကြလိမ့်မည်' ဟု သိ
မြင်လျက် ဘယဉာဏ်(ကြောက်စရာဟုထင်မြင်သောဉာဏ်)ဖြစ်ပေါ်လာ၏။ အလုံးစုံသော ဘ၀သုံးပါး ယောနိလေးပါး၊ဂတိငါးပါး၊၀ိညာဏဌိတိခုနစ်ပါး၊သတ္တ၀ါသကိုးပါးတို့၌ မပြတ်ပျက်စီးကုန်သော သင်္ခါရတို့သည် ကြီးစွာသော ကြောက်မက်ဖွယ်အဖြစ်ထင်လာကြ၏။ ချမ်းသာစွာအသက်ရှင်နေ ထိုင်လိုသော ကြောက်တတ်သည့်ယောက်ျားအား ခြင်္သေ့၊ကျား၊သစ်၊၀ံ၊၀ံပုလွေ၊ဘီလူး၊ရက္ခိုသ်၊နွားကြမ်း၊ ခွေးဆိုး၊အမုန်ယိုသော ဆင်ကြမ်း၊အဆိပ်ထန်သောမြွေဆိုး၊ မိုးကြိုးစက်၊သုသာန်၊စစ်မြေပြင်၊မီးကျီးတွင်း စသည်တို့သည် ကြီးစွာသောကြောက်ဖွယ်အဖြစ်ထင်သကဲ့သို့ ဖြစ်၏။၁
    သို့သော် ဘယဉာဏ်က ကြောက်သည်ဆိုရာ၌ လူတို့ တစ္ဆေသရဲစသည်ကို ကြောက်သကဲ့သို့ စိတ္တုတြာသဘယမျိုးဖြင့် ကြောက်ခြင်းမဟုတ်ပေ။ အမှန်စင်စစ်အားဖြင့် 'အတိတ်သင်္ခါရတို့ ချုပ် ကုန်ပြီ။ ပစ္စုပ္ပုန်သင်္ခါရတို့သည်လည်း ချုပ်ဆဲဖြစ်၏။ အနာဂတ်သင်္ခါရတို့သည်လည်းချုပ်ကုန်လတ္တံ့'' ဟု အမှန်အတိုင်းဆင်ခြင်ဆုံးဖြတ်သိရ၍ မရွှင်မပြဖြစ်သည်မျကိုသာ ကြောက်သည်၂ဟု ဆိုခြင်းဖြစ်၏။
၅း၉း၁း၃း၇။ အာဒီန၀ါနုပဿနာဉာဏ်(အာဒီန၀ဉာဏ်)
    ဘယဉာဏ်ရင့်သန်သောယောဂီပုဂ္ဂိုလ်အား အာဒီန၀ဉာဏ်ဖြစ်ပေါ်လာ၏။ ထိုဉာဏ်ဖြစ်ပေါ် သည့်အခါ အလုံးစုံသော ဘ၀၊ဂတိ၊ယောနိ၊ဌိတိ၊နိဝါသ တို့၌ တည်ကုန်သော သင်္ခါရတို့တွင် တစ်ခုသောသင်္ခါရ၌မျလည်း တောင့်တခြင်း၊ငါဟု မှားယွင်းစွာသုံးသပ်ခြင်း မရှိတော့ပေ။ဘ၀သုံးပါး တို့သည် မီးကျီးတို့ဖြင့် ပြည့်သော မီးကျီးတွင်းကဲ့သို့ ထင်လာ၏။ မဟာဘုတ်လေးပါးတို့သည် အဆိပ်ပြင်းထန်သည့် မြွေဆိုးကြီးကဲ့သို့ ထင်လာ၏။ ခန္ဓာငါးပါးတို့သည် သန်လျက်ဓားကို ချီမိုးနေသော သူသတ်ယောက်ျားကဲ့သို့ ထင်လာ၏။အဇ္ဈတ္တိကာယတန (၆)ပါးတို့သည် လူမရှိသော ရွာပျက်ကဲ့သို့ ထင်လာ၏။ ဗာဟိရာယတန(၆)ပါးတို့သည် ရွာဖျက်ဓားပြကြီးတို့ကဲ့သို့ ထင်လာ၏။ ၀ိညာဏဌိတိ (၇)ပါး နှင့် သတ္တာဝါသ (၉)ပါးတို့သည် မီး(၁၁)ပါး ရဲရဲတောက်သကဲ့သို့ ဖြစ်၏။ ထက်ဝန်းကျင်မှ တောက်ပကုန်သကဲ့သို့ထင်၏။ တစ်ခဲနက်မီးလျံသဖွယ် ဖြစ်သကဲ့သို့ ထင်၏။ သင်္ခါရတရားအားလုံး တို့သည် အိုင်းအမာကဲ့သို့ ဖြစ်ကုန်၏။ စွဲကပ်နေသော ရောဂါကဲ့သို့ ဖြစ်ကုန်၏။ စူးဝင်နေသော ရောဂါကဲ့သို့ ဖြစ်ကုန်၏။ စူးဝင်နေသော ငြောင့်တို့ကဲ့သို့ ဖြစ်ကုန်၏။ သာယာဖွယ်အရသာ ကင်းကုန်
၏။၃    ဤအာဒီန၀ဉာဏ်သည် ငါးပါးသောဌာနတို့၌ ဖြစ်၏။ ထိုငါးပါးတို့မှာ-
    ၁။ဥပ္ပါဒ၊ရှေးကံဟူသော အကြောင်းကြောင့် ဤဘ၀၌ ရှေးဦးစွာ ဖြစ်ပေါ်ခြင်း။
    ၂။ပ၀တ္တ၊ထိုသို့ဖြစ်ပေါ်ပြီးသော ရုပ်နာမ်တို့၏ မပြတ်ဖြစ်ပွားခြင်း။'
    ၃။နိမိတ္တ၊အလုံးစုံသော သင်္ခါရတရားဟူသော သင်္ခါရနိမိတ်၊
    ၄။အာယူဟန၊နောင်ဘ၀ ပဋိသန္ဓေ၏ အကြောင်းဖြစ်သောကံ။
    ၅။ပဋိသန္ဓိ၊နောင်ဘ၀၌ဖြစ်ပေါ်ခြင်း ဟူ၍ဖြစ်၏။ ဤငါးပါးတို့၌ဆင်းရဲဟု ရှုမြင်သောဉာဏ် ငါးပါးသည် အာဒီန၀ဉာဏ်=အပြစ်ဟုရှုမြင်သောဉာဏ်မည်၏။၎
၅း၉း၁း၃း၈။ နိဗ္ဗိဒါနုပဿနာဉာဏ်(နိဗ္ဗိဒါဉာဏ်)
    အလုံးစုံသောသင်္ခါရတရားတို့ကို အပြစ်အနေဖြင့်ရှုသည့် အာဒီန၀ဉာဏ်ရင့်သန်လာသောယော
ဂီပုဂ္ဂိုလ်သည် ခဏမစဲဖြစ်ပျက်နေသော သင်္ခါရတရားအပေါင်း၌ ငြီးငွေ့ပျင်းရိကာ မပျော်မမွေ့ဖြစ်လာ
၏။ ယင်းတို့ကို နိဗ္ဗိဒါဉာဏ် ဟုခေါ်၏။   
    သင်္ခါရတရားတို့၌ အပြစ်ဟုမြင်ပြီးသောပုဂ္ဂိုလ်သည် မပြတ်ပျက်စီးတတ်သော သင်္ခါရတရား
အပေါင်း၌ မပျော်မွေ့တော့ပေ။ ဘာဝနာ၌သာ ပျော်မွေ့ခြင်းကြောင့်(၇)ပါးသော အနုပဿနာတို့၌သာ လျင် ပျော်မွေ့တော့၏။ စိတ္တကုဋ်တောင်ခြေ၌ပျော်မွေ့သော ရွှေဟင်္သာမင်းသည် မစင်ကြယ်သော ဒွန်းစဏ္ဍားရွာတံခါးအနီး ရေအိုင်ငယ်၌ မပျော်မွေ့ဘဲ ခုနစ်ပါးသောရေအိုင်ကြီးတို့၌သာလျင် ပျော်မွေ့ သကဲ့သို့ ဖြစ်၏။၁
၅း၉း၁း၃း၉။ မုဉ္စိတုကမျတာဉာဏ်
    နိဗ္ဗိဒါဉာဏ်ဖြင့် ငြီးငွေ့ပျင်းရိမပျော်မွေ့သောယောဂီအား အလုံးစုံသောဘ၀(၃)ပါး၊ယောနိ
(၄)ပါး၊ဂတိ(၅)ပါး၊၀ိညာဏဌိတိ(၇)ပါး၊သတ္တာဝါသ(၉)ပါး၌ တည်ကုန်သော ပျက်စီးခြင်းရှိသည့် သင်္ခါရများစွာတို့တွင် တစ်ခုသောသင်္ခါရ၌သော်လည်း စိတ်သည် မကပ်ငြိမတွယ်တာတော့ပေ။ သင်္ခါရအလုံးစုံမှ လွတ်လို၏။ ရှောင်ခွါထွက်သွားလို၏။ ထိုသို့ သင်္ခါရအလုံးစုံမှ လွတ်လို၊ရှောင်ခွါ
ထွက်သွားလိုသော ယောဂီအား မုဉ္စိတုကမျတာဉာဏ် ဖြစ်ပေါ်၏။
    ဤမုဉ္စိတုကမျတာဉာဏ်ဖြစ်ပေါ်လာလျင် ပိုက်ကွန်အတွင်း၌ မိနေသောငါး၊မြွေခံတွင်းသို့ရောက် နေသောဖား၊ လှောင်အိမ်ချိုင့်၌ ထည့်ထားသောတောကြက်၊ကျော့ကွင်းမိနေသည့်သမင်၊ အလမ္ပယ် ဆရာလက်သို့ ရောက်နေသောမြွေ၊ ညွန်အိုင်ကြီး၌ကျရောက်နေသောဆင်၊ဂဠုန်ခံတွင်းသို့ ရောက်နေ သည့်နဂါးမင်း၊ ရာဟုခံတွင်းသို့ ၀င်ရောက်နေသောလ၊ ရန်သူတို့ ၀ိုင်းရံထားသော ယောက်ျားအစရှိသော ပုဂ္ဂိုလ်တို့သည် ထိုထိုအနှောင်အဖွဲ့မှ လွတ်မြောက်လိုသကဲ့သို့ အလုံးစုံသောသင်္ခါရတို့မှ လွတ်မြောက် လိုစိတ် ဖြစ်လာကြ၏။၂
၅း၉း၁း၃း၁၀။ ပဋိသင်္ခါနုပဿနာဉာဏ်(ပဋိသင်္ခါဉာဏ်)
    မုဉ္စိတုကမျတာဉာဏ်ဖြစ်ကာ သင်္ခါရအားလုံးမှ လွတ်လိုသော ယောဂီပုဂ္ဂိုလ်သည် သင်္ခါရ
အပေါင်းမှ ထွက်မြောက်ခြင်းငှါ ထိုသင်္ခါရတရားတို့ကိုပင် ပဋိသင်္ခါဉာဏ်ဖြင့် လက္ခဏာ(၃)ပါးတင်
၍ သိမ်းဆည်းရ၏။
    ထိုယောဂီသည် အလုံးစုံသောထိုသင်္ခါရတို့ကိုပင် အနိစ္စအခြင်းအရာ(၁၀)ပါး၊ဒုက္ခအခြင်းအ
ရာ(၂၅)ပါး၊အနတ္တအခြင်းအရာ(၅)ပါး ဟူသည့် အခြင်းအရာ(၄၀)တို့ဖြင့် သိမ်းဆည်းရှုမှတ်၏။ ၄င်း
အခြင်းအရာ(၄၀)ကို တောလေးဆယ်ဟုလည်း ခေါ်ကြ၏။ ယင်းတောလေးဆယ်ဖြင့် အထက်၌ဆိုခဲ့ သည့်အတိုင်း ရှုမြင်သောယောဂီသည် လက္ခဏာ(၃)ပါးတင်၍ သင်္ခါရတရားတို့ကို  ရှုအပ်ပြီးဖြစ်လေ တော့၏။၁
၅း၉း၁း၃း၁၁။ သင်္ခါရုပေက္ခာဉာဏ်
    ပဋိသင်္ခါဉာဏ်ရပြီးသော ယောဂီသည် အနိစ္စ၊ဒုက္ခထင်သော်လည်း အနတ္တမထင်သုည မမြင် လျင် သစ္စာလေးပါးကို မသိနိုင်ပေ။ သို့ဖြစ်၍ အနတ္တခိုင်မြဲစွာထင်အောင် ဒွိ၊စတု၊ဆ၊အဋ္ဌ၊ဒသ၊ ဒွါဒသ၊ဒွေစတ္တာလီသ ဟူသည့်အဖို့(၇)ပါးတို့ဖြင့် သိမ်းဆည်းရ၏။ ပဋိသင်္ခါဉာဏ်ရှုဖန်များ လတ်သော် ကြောက်ခြင်းနှင့်နှစ်သက်ခြင်းကို ပယ်၍ သင်္ခါရတို့၌လျစ်လျူရှုနိုင်လျက် အလယ်အလတ် သဘောရှိ သည်သာလျင်ဖြစ်၏။ ငါ ဟူ၍လည်းကောင်း၊ ငါ့ဥစ္စာ ဟူ၍လည်းကောင်း စွဲယူစရာ မမြင်တော့။ ထိုအခါ သင်္ခါရုပေက္ခာဉာဏ်ဖြစ်လာ၏။
    ဤသင်္ခါရုပေက္ခာဉာဏ်ကို ရရှိသူသည် မယားကို စွန့်လွှတ်ပြီးသော ယောက်ျားနှင့်တူ၏။
အလွန်မြတ်နိုးအပ်သည့် ဇနီးမယားရှိသော ယောက်ျားသည် မိမိ၏ ဇနီးမယားသည် တစ်ပါးယောက်ျား တို့နှင့် ရင်းနှီးကျွမ်းဝင်ပြောဆိုရယ်ရွှင်နေသည်ကို တွေ့ရလျင် အမျက်ထွက်လျက် နှလုံးမသာမယာ ဖြစ်ရ၏။အလွန်စိတ်ဆင်းရဲရ၏။ အခါတစ်ပါး၌ ထိုယောက်ျားသည် မိမိဇနီး၏ အပြစ်ဒေါသကို မြင်သောကြောင့် ထိုမိန်းမမှ ကင်းလွတ်လိုသည်ဖြစ်၍ ကွာရှင်းပြတ်စဲလိုက်၏။ ထိုမိန်းမကို'ငါ့မယား' ဟု မမှတ်ယူတော့ဘဲ ရှိရာအခါမှစ၍ မိမိ၏ ဇနီးဟောင်းသည် တစ်ပါးယောက်ျား တို့နှင့် ရင်းနှီးကျွမ်းဝင် ရယ်မောပျော်ရွှင်နေသည်ကို တွေ့မြင်ရပါသော်လည်း အမျက်မထွက်တော့။ နှလုံးမသာမယာ မဖြစ်တော့။ လျစ်လျူရှုလျက် အလယ်အလတ်သဘောရှိသည်သာလျင် ဖြစ်လေ၏။
    ထို့အတူပင် အလုံးစုံသောသင်္ခါရတို့မှ လွတ်မြောက်လိုသောယောဂီပုဂ္ဂိုလ်သည် ပဋိသင်္ခါနု ပဿနာဉာဏ်ဖြင့် သင်္ခါရတို့ကို သိမ်းဆည်းလျက် ငါ၊ငါ့ဥစ္စာဟု မှတ်ယူဖွယ်ကို မမြင်သောကြောင့် ကြောက်ခြင်း၊နှစ်သက်ခြင်းကို ပယ်စွန့်၍ သင်္ခါရအားလုံးတို့၌ လျစ်လျူရှုလျက် အလယ်အလတ် သဘောရှိသည်သာလျင် ဖြစ်လေတော့၏။၂ ယင်းကို သင်္ခါရုပေက္ခာဉာဏ်ဟုခေါ်၏။
    ဤဉာဏ်သည် အားစွမ်းရှိလျင် နိဗ္ဗာန်ချမ်းသာမြင်၍ သင်္ခါရ၌ ဖြစ်ခြင်းကိုလွှတ်ကာ အနုလုံ
ဂေါတြဘူ၊မဂ်ဖိုလ်တက်၍  နိဗ္ဗာန်သို့ တစ်ရှိန်ထိုးပြေးဝင်၏။ နိဗ္ဗာန်ကိုမမြင်လျင်သင်္ခါရကိုပင် သုံးသပ် ခြင်းဖြင့် သမုဒ္ဒရာငှက်သည် ကမ်းမတွေ့သောကြောင့် လင်းယာဉ်တိုင်ပြန်ကာ နားပုံနှင့်တူ၏။၃
၅း၉း၁း၃း၁၂။ အနုလောမဉာဏ်
    သင်္ခါရုပေက္ခာဉာဏ်ကို အဖန်ဖန်အားထုတ်သောယောဂီပုဂ္ဂိုလ်အား သဒ္ဓါ၊၀ီရိယ၊သတိ၊ စိတ်ထက်သန်တည်ကြည်၍ ထက်သန်လှသောသင်္ခါရုပေက္ခာဉာဏ်ဖြစ်ပေါ်လာ၏။ မဂ်စိတ်ဖြစ်ပေါ်လို သည်ရှိသော် အနိစ္စ၊ဒုက္ခ၊အနတ္တဟု သုံးသပ်မြဲသုံးသပ်နေကြဖြစ်သော မနောဒွါရာဝဇ္ဇာန်း၊မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇောခုနစ်ကြိမ်ဖြစ်ရာမှ ဘ၀င်ကျ၍ ဘ၀င်အယာဉ်ကိုဖြတ်ပြီးလျင် သင်္ခါရ၏အနိစ္စ၊ဒုက္ခ၊ အနတ္တလက္ခဏာတစ်ပါးပါးကို အာရုံပြုလျက် မနောဒွါရာဝဇ္ဇာန်းဖြစ်၏။ ထို့နောက် ပရိကံ၊ဥပစာ၊အနုလုံ၊ ၀ိပဿနာဉာဏ်ဇောသုံးကြိမ်ဖြစ်၏။ နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘုဝိပဿနာဉာဏ်ဇောတစ်ကြိမ်၊ မဂ်တစ်ကြိမ်၊ဖိုလ်နှစ်ကြိမ်ဖြစ်၍ ဘ၀င်ကျ၏။
    ဤ၌ ပရိကံ၊ဥပစာ၊အနုလုံဉာဏ်သည် အနုလောမဉာဏ်မည်၏။ ဤဉာဏ်ဇောတို့ကို သာမညအားဖြင့် အာသေ၀နဇောဟုလည်းကောင်း၊ပရိကံဇောဟူ၍လည်းကောင်း၊ဥပစာဇော ဟူ၍လည်းကောင်း၊အနုလုံဇောဟူ၍လည်းကောင်း ခေါ်ဆို၏။ အဘယ်အားလျော်သနည်း  ဟူမူကား ရှေ့အဖို့ဖြစ်သော ဉာဏ်စဉ်(၈)ပါးအားလည်းကောင်း၊နောက်မဂ်၌ဖြစ်သော ဗောဓိပက္ခိယ တရား(၃၇)ပါး တို့အားလည်းကောင်း လျော်၏။ အဘယ်သို့လျော်သနည်းဟူမူ ဤအနုလောမဉာဏ်သည် မိမိလည်း အနိစ္စလက္ခဏာစသည်၏အစွမ်းအားဖြင့် သင်္ခါရတို့၌ အာရုံပြု၍ဖြစ်သည်။ ထိုကြောင့် ' ရှေးဉာဏ်ရှစ်ပါး သည် အသီးသီးဥဒယဗ္ဗယတို့ကို မြင်ပေပြီ။ ဘင်ကိုမြင်ပေပြီ။ဘေးဟုထင်ပေပြီ။အပြစ်မြင်ပေပြီ။ငြီးငွေ့ပေပြီ။လွှတ်လိုပေပြီ။တစ်ဖန်သိမ်းဆည်းပေပြီ။လျစ်လျူရှုပေပြီ။' ဟုမြွက်ဆိုသကဲ့သို့ဖြစ်သည်။ ထိုအကျင့်ဖြင့် (၃၇)ပါးသို့ ရောက်အပ်သောကြောင့်လည်း အထက်ဗောဓိပက္ခိယတို့နှင့် လျော်အောင် ဖြစ်သည်။
    ဥပမာအားဖြင့် တရားစောင့်သောဘုရင်မင်းမြတ်သည် အမတ်ရှစ်ယောက်တို့၏ တရားဆုံး
ဖြတ်မှုကို ကြားနာပြီးလျင် အဂတိလိုက်ခြင်းကို ပယ်၍ အလယ်အလတ်တည့်မတ်ညီမျသော သဘော
ရှိသည်ဖြစ်၍ '' ဤအတိုင်းပင်ဖြစ်စေ'' ဟု သဘောတူ၏။ ဤသို့ သဘောတူသော် ထိုတရားဆုံးဖြတ်
သော အမတ်ရှစ်ယောက်၏ ဆုံးဖြတ်ခြင်းနှင့်လည်း လျော်၏။ ရှေးရှေးမင်းကောင်းတို့၏ ဓမ္မသတ်
ထုံးနှင့်လည်း လျော်၏။ ထို့အတူ ဘုရင်မင်းမြတ်ကဲ့သို့ အနုလောမဉာဏ်ကို မှတ်အပ်၏။ တရားဆုံး
ဖြတ်သည့်အမတ်ရှစ်ယောက်ကဲ့သို့ ရှစ်ပါးသောဉာဏ်စဉ်တို့ကို မှတ်အပ်၏။ ရှေးမင်းကောင်းတို့၏
ဓမ္မသတ်ထုံးကဲ့သို့ (၃၇)ပါးသော ဗောဓိပက္ခိယတရားတို့ကို မှတ်အပ်၏။ ထိုဥပမာ၌ '' ဤအတိုင်း
ပင်ဖြစ်စေ''ဟုဆိုသော ဘုရင်မင်းမြတ်သည် အမတ်ကြီးရှစ်ယောက်တို့၏ အဆုံးအဖြတ်အားလည်း
ကောင်း၊ ရှေးမင်းတို့၏ ဓမ္မသတ်ထုံးအားလည်းကောင်း လျော်၏။ ထို့အတူ အနိစ္စစသည်တို့၏ အစွမ်း
အားဖြင့် သင်္ခါရတို့ကို အာရုံပြုလျက် ဖြစ်ပေါ်သော ဤအနုလောမဉာဏ်သည် ရှေ့ဉာဏ်စဉ်(ဂ)ပါး
အားလည်း လျော်၏။ အထက်အရိယာမဂ်၌ ပါဝင်သော ဗောဓိပက္ခိယတရား(၃၇)ပါးတို့အားလည်း
လျော်၏။ ထိုကြောင့်ပင် ၄င်းအနုလောမဉာဏ်ကို သစ္စာနုလောမိက=မဂ္ဂသစ္စာအားလျော်သောဉာဏ်
ဟု လည်းဆို၏။
    ဤအနုလောမဉာဏ်သည် သင်္ခါရအာရုံပြုသော ၀ုဋ္ဌာနဂါမိနီဝိပဿနာ၏ အဆုံးဉာဏ်ဖြစ်
၏။ အဆုံးဉာဏ်အစစ်ကား ဂေါတြဘူဉာဏ်ဖြစ်၏။၁
    ဤဆိုအပ်ခဲ့ပြီးသည့် ဉာဏ်စဉ်တို့သည် ၀ိပဿနာပညာဟူသော ပညာရပ်၌အကျုံး ၀င်၏။ ပထမမဟာနာမသုတ်၌ ဘ၀အာမခံချက်ရရှိရန်ပြည့်စုံရမည့်တရား(၅)မျိုးအနက် ဤ၀ိပဿနာပညာ သည်လည်း ပညာဟူသောခေါင်းစဉ်အောက်၌ ပါဝင်၏။ ထို့ကြောင့် ဘ၀အာမခံချက်ရရှိရန် ၀ိပဿနာပညာကို အားထုတ်အပ်၏။ ၀ိပဿနာပညာကို ရရှိမှလည်း မဂ်ပညာကို ရရှိနိုင် မည်ဖြစ်၏။
၅း၉း၁း၃း၁၃။ ဂေါတြဘုဉာဏ်
    ဂေါတြဘုစိတ်၏အခြားမဲ့၌လည်း  နိဗ္ဗာန်ကိုမျက်မှောက်ပြုသိမြင်အာရုံပြုလျက် မဂ်ဇောစိတ်တစ်
ကြိမ်ဖြစ်ပေါ်လာ၏။ ဤမဂ်စိတ်နှင့်ယှဉ်သောသိမှုသည် မဂ်ဉာဏ်(မဂ်ပညာ)ဖြစ်၏။ ပထမမဟာနာမ သုတ်၌ အလိုရှိအပ်သည့် မဂ်ပညာသည် ဤမဂ်ပညာပင်ဖြစ်၏။ ထိုမဂ်ပညာသည် ဉာဏဒဿန၀ိသုဒ္ဓိ လည်းဖြစ်၏။ ထိုကြောင့် ၀ိသုဒ္ဓိမဂ်၌ 'သောတာပတ္တိမဂ်၊သကဒါဂါမိမဂ်၊အနာဂါမိမဂ်၊အရဟတ္တမဂ် ဟူသော မဂ်လေးပါးတို့၌ရှိသောဉာဏ်သည် ဉာဏဒဿန၀ိသုဒ္ဓိ(စင်ကြယ်သောဉာဏ်အမြင်)မည်၏'ဟု မိန့်ဆိုတော်မူ၏။၃
    မဂ်၏အခြားမဲ့၌ နိဗ္ဗာန်ကိုပင် အာရုံပြုလျက် ဖိုလ်စိတ်နှစ်ကြိမ်ဖြစ်ပေါ်၏။ တိက္ခပညပုဂ္ဂိုလ်ဖြစ် လျင်ကား အနုလုံဇောနှစ်ကြိမ်သာ ဖြစ်ခဲ့၍ မဂ်၏အခြားမဲ့၌ ဤဖိုလ်စိတ်သည် သုံးကြိမ်ဖြစ်ပေါ်၏။ ဖလသမာပတ်ဝင်စားသောအခါ၌ကား ဤဖိုလ်ဇောစိတ်သည် အပိုင်းအခြားမရှိအကြိမ်များစွာလည်း ဖြစ်နိုင်၏။ ထို့နောက် ဘ၀င်ကျ၏။ ထိုမှနောက်၌ ဘ၀င်ကိုဖြတ်၍ မဂ်ကို ဆင်ခြင်ခြင်းအကျိုးငှါ မနောဒွါရာဝဇ္ဇာန်းစိတ်ဖြစ်ပေါ်၏။ ထိုစိတ်ချုပ်လတ်သော် မဂ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့သည် အစဉ်အတိုင်း(၇)ကြိမ် ဖြစ်ကုန်၏။ တဖန်ဘ၀င်သို့သက်ရောက်၍ ထိုနည်းဖြင့်ပင် ဖိုလ်စသည်ကို ဆင်ခြင်ခြင်းအကျိုးငှါ အာဝဇ္ဇာန်းအစရှိသောစိတ်တို့သည် ဖြစ်ပေါ်ကုန်၏။ ယင်းဆင်ခြင်မှုပစ္စဝေက္ခဏာ စိတ်တို့၏ ဖြစ်ခြင်းကြောင့် သောတာပန်ပုဂ္ဂိုလ်သည် မဂ်ကို ဆင်ခြင်၏။ ဖိုလ်ကို ဆင်ခြင်၏။ ပယ်
ပြီးသောကိလေသာတို့ကို ဆင်ခြင်၏။ မပယ်ရသေးသော ကြွင်းသည့်ကိလေသာတို့ကို ဆင်ခြင်၏။ နိဗ္ဗာန်ကို ဆင်ခြင်၏။၎ ဤသို့လျင် သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်သို့ရောက်၍ သောတာပန်ဖြစ်လေ၏။
    ဤပထမမဟာနာမသုတ်၌ ပညာအရအလိုရှိအပ်သည့် မဂ်ပညာကား သောတာပတ္တိမဂ္ဂဋ္ဌာန် အဆင့်ကို ဆိုလိုခြင်းဖြစ်၏။ ဤအဆင့်သို့ရောက်လျင် အပါယ်တံခါးအမှန်တကယ်ပိတ်လေပြီ။ ၀ိသုဒ္ဓိမဂ်၌ သောတာပတ္တိမဂ်ကို ရရှိသူ၏အကျိုးနှင့်စပ်၍ 'ဤမဂ်သည် လောဘအတုံးအခဲစသည်တို့ကို ဖောက်ခွဲခြင်းကိုသာလျင် ပြုသည်မဟုတ်သေး။ စင်စစ်ကား အစမထင်သည့် သံသရာဝဋ်ဆင်းရဲဟူသော သမုဒ္ဒရာကိုလည်း ခန်းခြောက်စေ၏။ အပါယ်တံခါးအားလုံးကိုလည်း ပိတ်သည့်အပြင် ခုနစ်ပါးသော အရိယာဥစ္စာတို့ကိုလည်း ရနိုင်၏။ မိစ္ဆာမဂ်ရှစ်ပါးကိုလည်း ပယ်၏။ ဘေးရန်အားလုံးတို့ကို ငြိမ်းစေ၏။ မြတ်စွာဘုရား၏ ရွှေရင်တော်နှစ်သားတော်အစစ်လည်း ဖြစ်၏။ ထိုမှတပါး အရာမက များစွာကုန်သော အကျိုးအာနိသင်တို့ကို ပေးတတ်သော သောတာပတ္တိမဂ်နှင့်ယှဉ်သောဉာဏ်သည် သောတာပတ္တိမဂ်ဉာဏ် မည်၏'၁ဟု ဖွင့်ပြတော်မူခဲ့၏။ ထိုကြောင့် သောတာပန်ဟူက အလွန်ဆုံး(၇)ဘ၀သာ သုဂတိဘုံဘ၀တို့၌ ကျင်လည်ရတော့သည်ဖြစ်၍  ဧကန်ဘ၀အာမခံချက်ရှိသူများအဖြစ် မှတ်အပ်၏။ ဤသည်တို့ကား ပါရမီရင့်ပြီးသူတိုအတွက် ဘ၀အာမခံချက်ရှာပုံဖြစ်၏။ မြတ်စွာဘုရားသည် ဘ၀အာမခံချက်ပေးနိုင်သည့် တရားတို့ကို ထိုထိုဒေသနာတို့၌ များစွာပင် ဟောကြားထားခဲ့ပေ၏။ ၀ါဆိုသင်္ကန်းစသည် လှူဒါန်း
ခြင်းဖြင့်လည်း ဂတိမြဲနိုင်၏။ ပညာအရာ၌လည်း ကမ္မဿကတာပညာမျကပင် ဂတိတရားကို အာမခံ ပေးနိုင်၏။ သို့သော် ၀ါဆိုသင်္ကန်းစသည်လှူဒါန်းမှု၊ကံ ကံ၏အကျိုးတရားတို့အပေါ်ယုံကြည်မှုတို့ကြောင့် ဧကန်ဂတိမြဲလိမ့်မည်ဟု တထစ်ချမမှတ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် သေခါနီးကာလ မရဏာသန္နဇောစောရာအခါ၌ နှလုံးသွင်းမကောင်းလျင် ဂတိဖောက်ပြန်တတ်သောကြောင့် ဖြစ်၏။       သို့သော် ပါရမီဆည်းပူးဆဲသူတို့အတွက် တရားထူးမရကြသည့်အတွက် စိတ်လျော့အားငယ် လက်လျော့ဖွယ်မဖြစ်စေရန် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံယုံကြည်ချက်ဖြစ်သည့် ကမ္မဿကတာ ပညာမျကပင် ဘ၀အာမခံချက်ပေးနိုင်ကြောင်း ဆက်လက်တင်ပြလိုပါ၏။
၅း၁၀။ ကမ္မဿကတာပညာ
    ကမ္မဿကတာပညာဟူသည် 'ဤကုသိုလ်ကံသည် ကိုယ်ပိုင်ဥစ္စာဖြစ်၏။ အကုသိုလ်ကံသည် ကိုယ်ပိုင်ဥစ္စာမဟုတ်'ဟု သိမှုပညာကို ခေါ်ခြင်းဖြစ်၏။၂ပေးလှူခြင်း၏ အကျိုးရှိ၏။ကောင်းမှု မကောင်းမှုတို့၏ အကျိုးရှိ၏။ ပစ္စုပ္ပန်လောကရှိ၏။ တမလွန်လောကရှိ၏။ အဖေ၊အမေရှိ၏။ ပစ္စုပ္ပန် တမလွန်နှစ်တန်ကို အဘိညာဉ်ဖြင့် မျက်မှောက်ပြုသူရှိ၏'စသည်ဖြင့် သိမြင်ယုံကြည်မှုပင်ဖြစ်၏။၃  ဤဉာဏ်မျိုးကို ပိုင်ဆိုင်ကလည်း သုဂတိဟူသည့် အာမခံချက်ကို ရရှိနိုင်ပေ၏။ သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ ယင်းကံသည် ပါရမီဆည်းပူးဆဲသူတို့၏ အားထားရာ ဖြစ်ကြောင်းကို ဤသို့မိန့်ဆို တော်မူ၏။ 'ဤသို့ ကမ္မဿကတာပညာနှင့် ပြည့်စုံသောသူတို့သည် ထိုပညာ၌တည်ကာ ဒါနများစွာ ပြု၍ သီလဆောက်တည်ရ၏။ ချမ်းသာကြွယ်သည့် ဘ၀တစ်ခုမှတစ်ခုသို့ ပြေးသွားကျင်လည်ကာ နိဗ္ဗာန်ရောက်သူတို့၏ အရေအတွက်ကား အပိုင်းအခြားမရှိပေ။'၎
    ဤဖွင့်ဆိုချက်ကိုရှုက ပါရမီမရင့်ကျက်သေး၍ သံသရာ၌ပြေးလွှားကျင်လည်ရမည့်ပုထုဇဉ် လူသားတစ်ဦးပင်ဖြစ်သော်လည်း ကမ္မဿကတာပညာနှင့်ပြည့်စုံက ကျင်လည်ရသမျ သံသရာ၌ သုဂတိ ဘ၀၊ကြွယ်ဝသူသာဖြစ်၍ ပါရမီရင့်သည့်အချိန်ဝယ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း သိအပ်၏။ယင်းကမ္မဿကတာပညာသမားတို့၏ သံသရာကူးပုံနှင့်စပ်၍ အဋ္ဌသာလိနီအဋ္ဌကထာ၌ ဤသို့ဥပမာ ပေးကာ ရှင်းပြခဲ့၏။                                                          
    '' ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝသော ကုန်သည်သည် ခရီးရှည်ထွက်သည့်အခါ လမ်းခရီး အကြား၌ နက္ခတ်ပွဲသဘင်ကို တွေ့၏။ ထိုအခါ သူကြွယ်သည် ' ငါကား ဧည့်သည်ဖြစ်သည်၊ ဘယ်အရာရှိကိုမှီ၍ နက္ခတ်ကစားရမည်နည်း' ဟု မကြံစည်ဘဲ အလိုရှိတိုင်းကစားလျက် ချမ်းသာ သဖြင့် ကန္တာရကိုကျော်ဖြတ်၏။ ဤအတူပင် ဤသတ္တ၀ါတို့သည် ကမ္မဿကတာဉာဏ်၌တည်၍ များစွာသော ၀ဋ္ဋဂါမိကံကို အားထုတ်၍ ချမ်းသာသည့်ဘ၀တစ်ခုမှ ချမ်းသာသည့်ဘ၀တစ်ခုသို့ ပြောင်းသွား ကျင်လည်လျက် အရဟတ္တဖိုလ်ရောက်ကာ လမ်းခရီးကို ဆုံးစေ၏။၁
     သို့ဖြစ်၍ ပါရမီရင့်သူဖြစ်က ယခုဘ၀၌၀ိပဿနာအားထုတ်မှုဖြင့် ဘ၀အာမခံချက်ရယူသင့်၏။ ပါရမီနုသေး၍ သံသရာ၌ ကျင်လည်ရမည့်သူဖြစ်က ဒါန၊သီလစသည့် ကုသိုလ်ကောင်းမှုများကို ပြုကာ ၀ိပဿနာအားထုတ်ခြင်းဖြင့် ပါရမီဆည်းပူးသင့်၏။ ယင်းသို့ဖြစ်လျင် ဘ၀အာမခံချက်အသီး အသီး ရရှိနိုင်ပေသည်သာဖြစ်၏။      ။
အခန်း (၅) ပြီး၏။
0 comments:
Template by : kendhin x-template.blogspot.com