အခန်း(၂)
သီလအကြောင်းကို လေ့လာခြင်း
၂း၁။သီလအဓိပ္ပါယ်
ပဌမမဟာနာမသုတ်လာ ဘ၀အာမခံချက်ပေးနိုင်သည့်တရား(၅)မျိုးတွင် နှစ်ခုမြောက် ဖြစ်သည့်တရားမှာ သီလနှင့်ပြည့်စုံခြင်းဖြစ်၏။ သီလဟူသောဝေါဟာရသည် ပါဠိဝေါဟာရဖြစ်၏။ မြန်မာဘာသာဖြင့်လည်းသီလဟုပင် ဝေါဟာရပြု၍ ခေါ်ဝေါ်သုံးစွဲကြ၏။ ပါဠိသက်ဝေါဟာရ အဘိဓာန်၌သီလဟူသောပုဒ်ကို'သိက္ခာပုဒ်ကို ဆောက်တည်ကျင့်သုံးခြင်း၊ ကိုယ်ကျင့်တရား'ဟု အဓိပ္ပါယ်ဖွင့်ဆို၏။၁ သိရ၊သီသဟုဆိုလိုလျက် နိရုတ္တိနည်းဖြင့် သီလဟုရုပ်ပြီးထားသောပုဒ်ဖြစ်၏။၂ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ပါဏာတိပါတအစရှိသည်တို့မှ ရှောင်ကြဉ်သောသူ၏လည်းကောင်း၊ ကျင့်ဝတ် ပဋိပတ်ကို ဖြည့်ကျင့်သောသူ၏လည်းကောင်း စေတနာအစရှိသောတရားတို့သည် သီလမည်၏ဟု ဖွင့်ဆို၏။၃
အဘယ်အနက်သဘောကြောင့် သီလမည်သနည်းဟူသော် သီလနအနက်သဘောကြောင့် သီလမည်၏။ သီလနသဘောကြောင့်သီလမည်ပုံကား-----
(က)သီလနသဒ္ဒါသည် သမာဓာန(ကောင်းစွာထားခြင်း)အနက်ရှိ၏။ ထိုကြောင့် ကာယကံ၊၀စီကံတို့ကို ဖရိုဖရဲမဖြစ်အောင် စောင့်စည်း၍ ကောင်းစွာထားခြင်း သမာဓာန သဘောကြောင့် သီလမည်၏။
(ခ)သီလနသဒ္ဒါသည် ဥပဓာရဏ(လွန်စွာဆောင်ခြင်း)အနက်ရှိ၏။ထိုကြောင့် (သမာဓိ၊ပညာ) ကုသိုလ်တရားတို့၏ အကြောင်းရင်းဖြစ်၍ လွန်စွာဆောင်ခြင်းဥပဓာရဏသဘောကြောင့် သီလမည်၏။ဤဖွင့်ဆိုချက်(၂)မျိုးကိုသာ သဒ္ဒလက္ခဏာကို တတ်သိသောပညာရှိတို့ လက်ခံကုန်၏။ အခြားသော ဆရာတို့သည်ကား သီလဟူသည် ဦးခေါင်းဟူသောအနက်၊ အေးမြခြင်းအနက်ရှိ၏ဟုဆို၏။၎
ဋီကာကျော်၌ကား ကာယကံ၊၀စီကံတို့ကို ကောင်းစွာထားတတ်သောကြောင့်သီလမည်၏
ဟုဆို၏။၅ ကိုယ်ဖြင့်ပြုလုပ်မှု(ကာယကံ)၊နှုတ်ဖြင့်ပြောဆိုမှု(၀စီကံ)တို့၌ ရုန့်ရင်းကြမ်းတမ်းမှု မဖြစ် ရအောင် ကိုယ်နှုတ်စိတ်တို့ကို ထိန်းကျောင်းပေးနိုင်သောအရာမှာ သီလပင်ဖြစ်၏။အကုသိုလ်အမှုကို ရှောင်ကြဉ်စေ၍ ကုသိုလ်တရားတို့ကို တိုးပွားစေတတ်၏။၆
၂း၂။ ကုသိုလ်တရားတို့၏အစဖြစ်သည့်သီလ
စင်စစ်အားဖြင့် သီလဟူသည် ကုသိုလ်တရားတို့ဖြစ်ပွားရာအစတရားဖြစ်၏။၁ ထိုကြောင့် မြတ်စွာဘုရားသည်သံယုတ်ပါဠိတော်၌ ''ဥတ္တိယရဟန်း၊ ဖြူစင်သန့်ရှင်းသောသီလတရားသည် လည်းကောင်း၊ ကံနှင့်ကံ၏ အကျိုးရှိ၏ဟု ယုံကြည်သောအယူသည်လည်းကောင်း ကုသိုလ်တရားတို့၏ အစပင်တည်း''ဟုဟောကြားတော်မူခဲ၏။၂အရှင်နာဂသေနကလည်း မိလိန္ဒမင်းကြီးအား ''မင်းကြီး၊ သီလသည် ကုသိုလ်တရားအားလုံးတို့၏ တည်ရာတည်း။ သီလ၌ တည်သောပုဂ္ဂိုလ်၏ သန္တာန်၌ အလုံးစုံကုန်သောကုသိုလ်တရားတို့သည် မဆုတ်ယုတ်ကုန်''ဟု ဟောကြားတော်မူခဲ့၏။
ဤသာသနာတော်၌ သီလ၊သမာဓိ၊ပညာဟု သိက္ခာသုံးရပ်ရှိ၏။ ထိုသုံးရပ်တွင် သီလသိက္ခာ ဖြူစင်မှသာ သမာဓိ၊ပညာတို့ကိုရရှိနိုင်၏။ ဆိုလိုသည်မှာ ၀ိပဿနာကမ္မဋ္ဌာန်းအလုပ်အားထုတ်သော ယောဂီပုဂ္ဂိုလ်အား သီလ၀ိသုဒ္ဓိဖြစ်မှသာ အထက်အထက်ဖြစ်သည့် ၀ိပဿနာတရားများကို အားထုတ် ကာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်၏။ထိုကြောင့် သီလဟူသည် ကုသိုလ်တရားတို့၏ မူလအစဖြစ်၏။ဤသည့်သဘောကို မိလိန္ဒပဥှာ၌
''အားအင်ဖြင့် ပြုလုပ်အပ်သော အမှုအားလုံးတို့ကို မြေပြင်ကိုမှီကာ မြေပြင်၌ တည်၍ ပြု လုပ်အပ်သကဲ့သို့လည်းကောင်း၊မြို့ကို တည်ဆောက်လိုသော ဗိသုကာသည် ရှေးဦးစွာ မြို့နေရာကို သုတ်သင်ရှင်းလင်းစေရ၏။ သစ်ငုတ်ဆူးငြောင့်ကို ပယ်နှုတ်စေရ၏။ မြေကို ညီညီညွတ်ညွတ် ပြုလုပ် စေရ၏။ ထိုသို့ မြေညှိပြီးနောက် လမ်းမလမ်းဆုံစသည်ဖြင့် ပိုင်းခြား၍ မြို့ကို တည်ဆောက်ဖန်ဆင်း ရ၏။ ကျွမ်းသမားသည် ကျွမ်းအတတ်ကို ပြလိုလတ်သော် မြေပြင်ကို ပြေပြစ်ညီညွတ်အောင် ဦးစွာ ပြုလုပ်ပြီးမှ နူးညံ့သိမ်မွေ့သောမြေအပြင်၌ အတတ်ကိုပြရ၏။ ဤအတူသာလျင် ကမ္မဋ္ဌာန်း အားထုတ် သောပုဂ္ဂိုလ်သည် သီလ၌ ဦးစွာတည်ပြီးမှ သဒ္ဓိနြေ္ဒ၊၀ီရိယိနြေ္ဒ၊သတိနြေ္ဒ၊သမာဓိနြေ္ဒ၊ ပညိနြေ္ဒဟူသော ဣနြေ္ဒငါးပါးတို့ကို ပွါးများအားထုတ်ရ၏''ဟု အရှင်နာဂသေနက မိန့်ဆိုခဲ့သည်။၃
သမ္မောဟ၀ိနောဒနီအဋ္ဌကထာ၌လည်း ၀ိပဿနာအားထုတ်သောယောဂီပုဂ္ဂိုလ်သည် အစဦးစွာ သီလကို သုတ်သင်၍ နောက်အဖို့၌ သမထ၊၀ိပဿနာ၊မဂ်၊ဖိုလ်၊နိဗ္ဗာန်တို့ကို မျက်မှောက်ပြုသောကြောင့် သီလကို အစဟုဆိုကြောင်း ဖွင့်ပြ၏။၎
၂း၃။ သီလ၏ လက္ခဏ၊ရသ၊ပစ္စုပဋ္ဌာန်၊ပဒဋ္ဌာန်
သီလသည်
(၁) ကိုယ်အမှု၊နှုတ်အမှုတို့ကို ဖရိုဖရဲမဖြစ်အောင် စောင့်စည်း၍ ကောင်းစွာထားခြင်းလက္ခဏာရှိ၏။
(၂) သီလမဲ့သူ၏ အဖြစ်ကို ဖျက်ဆီးခြင်းကိစ္စရသ၊အပြစ်ကင်းသောဂုဏ်နှင့်ပြည့်စုံခြင်းသမ္ပတ္တိရသရှိ၏။
(၃) ကိုယ်နှုတ်စိတ်တို့၏ စင်ကြယ်ခြင်းပစ္စုပဋ္ဌာန်ရှိ၏။
(၄) မကောင်းမှုမှရှက်ခြင်း၊ မကောင်းမှုကို ကြောက်ခြင်းဟူသောဟိရီ၊ သြတပ္ပတရားနှစ်ပါးလျင် နီးစွာသောအကြောင်းပဒဋ္ဌာန်ရှိ၏။၁
သီလသည် ကိုယ်အမှုနှုတ်အမှုတို့ကို ဖရိုဖရဲမဖြစ်အောင်စောင့်စည်း၍ ကောင်းစွာထားခြင်း လက္ခဏာရှိ၏ဟူရာ၌ အဆင်းရုပ်သည် အညိုအ၀ါအစရှိသောအပြားအားဖြင့် များစွာကွဲပြား ငြားသော် လည်း မြင်အပ်သောသဘောရှိသည်၏ (မြင်နိုင်ကောင်းသည်၏)အဖြစ်သည် အဆင်းရုပ် (ရူပါယတန)၏ မှတ်အပ်သောသဘောလက္ခဏာဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူ အဆင်းရုပ်သည် အညိုစသည်ဖြင့် များစွာပင်ကွဲပြားစေကာမူ မြင်နိုင်ကောင်းသည့်အဖြစ်ကို မလွန်ဆန်နိုင်သောကြောင့် ဖြစ်၏။ ထို့အတူပင် သီလသည် စေတနာအစရှိသောအပြားအားဖြင့် အမျိုးအစားများလှသော်လည်း ကိုယ်အမှုနှုတ်အမှုတို့ကို ကောင်းစွာ ထားခြင်း၏အစွမ်းအားဖြင့်လည်းကောင်း၊ သမာဓိပညာကုသိုလ်တရားတို့၏ အရင်းခံ တည်ရာ၏ အစွမ်းအားဖြင့်လည်းကောင်း သီလသည်ကောင်းစွာထားခြင်း လက္ခဏာရှိ၏။ သီလသည် စေတနာစသည်ဖြင့် အမျိုးအစားများပြားလှသော်လည်း ကောင်းစွာထားခြင်းနှင့်အရင်းခံတည်ရာအဖြစ် တို့ကို မလွန်နိုင်သောကြောင့်ပင်ဖြစ်၏။၂
သီလသည် ဟိရီ၊သြတပ္ပတရားနှစ်ပါးလျင် နီးစွာသောအကြောင်း ပဒဋ္ဌာန်ရှိ၏ဟုဆိုရာ၌ မကောင်းမှုမှ ရှက်ခြင်း ကြောက်ခြင်းရှိလျင် သီလသည် ဆောက်တည်သောအားဖြင့် ဖြစ်လည်းဖြစ်၏။ မလွန်ကျူးသောအားဖြင့် တည်လည်းတည်၏။ ဟိရီသြတပ္ပမရှိလျင်ကား သီလသည်ဖြစ်လည်း မဖြစ်၊ တည်လည်း မတည်နိုင်ပေ။၃
၂း၎။ သီလအမျိုးအစားများ
သီလစောင့်ထိန်းရာတွင် စောင့်ထိန်းမှုသို့လိုက်၍ သီလတို့သည် အမျိုးအစားအသီးသီး ကွဲပြား သွားကြ၏။ ထိုသီလသည် စောင့်စည်း၍ကောင်းစွာထားခြင်းဟူသော သဘောလက္ခဏာအားဖြင့် တစ်ပါးတည်းသာဖြစ်၏။ သို့သော် စောင့်ထိန်းမှုသို့လိုက်၍ အမျိုးအစားများပြားစွာပင် ကွဲပြား သွားကြ၏။
ထိုအမျိုးအစားတို့မှာစာရိတ္တသီလနှင့်ဝါရိတ္တသီလအားဖြင့်လည်းကောင်း၊ အဘိသမာစာရိက သီလနှင့်အာဒိဗြဟ္မစရိယကသီလအားဖြင့်လည်းကောင်း၊ ၀ီရတီသီလနှင့် အ၀ိရတီသီလအားဖြင့်လည်း ကောင်း၊ နိဿိတသီလနှင့်အနိဿိတသီလအားဖြင့်လည်းကောင်း၊ ပရိယန္တသီလနှင့် အာပါဏကောဋိက သီလအားဖြင့်လည်းကောင်း၊ သပရိယန္တသီလနှင့် အပရိယန္တသီလအားဖြင့်လည်းကောင်း၊ လောကီ သီလနှင့်လောကုတ္တရာ သီလအားဖြင့်လည်းကောင်း နှစ်ပါးစီကွဲပြားကြ၏။
တစ်ဖန် ဟီနသီလ၊ မဇ္ဈိမသီလ၊ မဟာသီလအားဖြင့်လည်းကောင်း၊ အတ္တာဓိပတေယျသီလ၊ လောကာဓိပတေယျသီလ၊ ဓမ္မာဓိပတေယျသီလအားဖြင့်လည်ကောင်း၊ ပရာမဋ္ဌသီလ၊ အပရာမဋ္ဌသီလ၊ ပဋိပ္ပဿဒ္ဓိသီလအားဖြင့်လည်ကောင်း၊ ၀ိသုဒ္ဓသီလ၊ အ၀ိသုဒ္ဓသီလ၊ ဝေမတိကသီလအားဖြင့်လည်း ကောင်း၊ သေက္ဓသီလ၊ အသေက္ခသီလ၊ နေ၀သေက္ခနာသေက္ခသီလအားဖြင့်လည်းကောင်း သုံးပါးစီ ပြား၏။
တစ်ဖန် လေးပါးစီပြားသောသီလများလည်းရှိ၏။ ယင်းတို့မှာ ဟာနဘာဂိယသီလ၊ ဌိတိ ဘာဂိယသီလ၊ ၀ိသေသဘာဂိယသီလအားဖြင့်လည်းကောင်း၊ ဘိက္ခုသီလ၊ ဘိက္ခုနီသီလ၊ အနုပ သမ္ပန္နသီလ၊ဂဟဋ္ဌသီလအားဖြင့်လည်းကောင်း၊ ပကတိသီလ၊ အာစာရသီလ၊ ဓမ္မတာသီလ၊ ပုဗ္ဗ ဟေတုကသီလအားဖြင့်လည်းကောင်းပါတိမောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိ သီလ၊ ပစ္စယသန္နိဿိတအားဖြင့်လည်းကောင်း လေးပါးစီပြား၏။
တစ်ဖန်ငါးပါးစီပြားသော သီလများလည်း ရှိ၏။ ယင်းတို့မှာ-ပရိယန္တပါရိသုဒ္ဓိသီလ၊ အပရိ ယန္တပါရိသုဒ္ဓိသီလ၊ ပရိပုဏ္ဏပါရိသုဒ္ဓိသီလ၊ အပရာမဋ္ဌပါရိသုဒ္ဓိသီိလ၊ ပဋိပဿဒ္ဓိပါရိသုဒ္ဓိ သီိလ အားဖြင့်လည်းကောင်း ငါးပါးစီပြားကြ၏။
ဤသို့လျင် သီလတို့သည် သဘောလက္ခဏာအားဖြင့် တစ်မျိုးတည်းပင်ဖြစ်သော်လည်း စောင့် ထိန်းမှုသို့ လိုက်၍ အမျိုးအစားများကွဲပြားသွားရ၏။ သို့ဖြစ်၍ ထိုသို့ အစုံအစုံသောသီလတို့၏ အကျယ် ကို ပြဆိုပါဦးမည်။
၂း၎း၁။ စာရိတ္တသီလနှင့်ဝါရိတ္တသီလ
မြတ်စွာဘုရားသည် ''ဤကျင့်ဝတ်ကိုပြုကျင့်အပ်၏ ''ဟု ပညတ်ထားသော သိက္ခာပုဒ်တို့ကို ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်၏။ မြတ်စွာဘုရားရှင်သည်''ဤဒုစရိုက်ကိုမပြုအပ်''ဟု တားမြစ် အပ်သောအမှုကို မပြုခြင်းသည် ၀ါရိတ္တသီလမည်၏။ ထိုနှစ်မျိုးတွင် စာရိတ္တသီလကို ပြည့်စုံစေရာ၌ ''ထိုသီလကိုကျင့်ခြင်းဖြင့် အကျိုးရှိသည်''ဟု ယုံကြည်သောသဒ္ဓါ၊ မပျင်းမရိကျင့်လိုသော ၀ီရိယ ဟူသည့် တရားနှစ်ပါးလုံးနှင့်ပြည့်စုံပါမှ စာရိတ္တသီလကို ပြည့်စုံအောင် ဖြည့်ကျင့်နိုင်၏။ ၀ါရိတ္တ သီလကို ပြည့်စုံစေရာ၌''မကျင့်လျင် အပြစ်ဖြစ်သည်။ ကျင့်လျင်အကျိုးရှိသည်ဟူသောသဒ္ဓါတရား အားကောင်းပါမှ ၀ါရိတ္တသီလကို ပြည့်စုံစွာဖြည့်ကျင့်နိုင်၏။၁
၂း၎း၂။ အာဘိသမာစာရိကသီလနှင့် အာဒိဗြဟ္မစရိယသီလ
မြတ်သောအကျင့်ကို ရည်ရွယ်၍ ပညတ်အပ်သောသိက္ခာပုဒ်များ၊ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်များနှင့် ခန္ခက၀တ်၌ပါဝင်သောသိက္ခာပုဒ်အပေါင်းတို့သည် အာဘိသမာစာရိကသီလမည်၏။ အရိယမဂ်တည်း ဟူသောမြတ်သောအကျင့်၏ အစ၌ ဖြစ်စေအပ်သောသီလ၊ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့မှကြွင်းသော သိက္ခာပုဒ်များနှင့် ဘိက္ခု၊ဘိက္ခုနီပါတိမောက်၌ ပါဝင်သောသိက္ခာပုဒ်တို့သည် အာဒိဗြဟ္မစရိယကသီလ မည်၏။၁
ဤသီလနှစ်ပါးတွင် အာဘိသမာစာရိကသီလသည် ပဓာနဖြစ်၏၊ အာဘိသမာစာရိကသီလ ပြည့်စုံပါ အာဒိဗြဟ္မစရိယကသီလပြည့်စုံနိုင်၏။ ထို့ကြောင့် မြတ်စွာဘုရားက အင်္ဂုတ္တိုရ်ပါဠိတော်၌ ''အာဘိသမာစာရိကသီလကိုမဖြည့်ကျင့်ဘဲ အာဒိဗြဟ္မစရိယကသီလကို ဖြည့်ကျင့်နိုင်လိမ့်မည်ဟူသော အကြောင်းမရှိပေ၂ဟု ဟောကြားတော်မူခဲ့၏။ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ၌လည်း '' ငယ်သောအပြစ်ရှိသည့် လဟုကအာပတ်တို့ကို ရှောင်ကြဉ်လိမ့်မည်(အာဒိဗြဟ္မစရိယကသီလနှင့်ပြည့်စုံလိမ့်မည်)ဟူသည်ကို ပြောဖွယ်ပင်မလိုတော့။၃ ဟုဖွင့်ပြထား၏။
၂း၎း၃။ ၀ိရတီသီလနှင့် အ၀ိရတီသီလ
သတ္တ၀ါကို သတ်ခြင်းအစရှိသည်တို့မှ ရှောင်ကြဉ်ကာမျသည် ၀ိရတီသီလမည်၏။ ၀ိရတီသီလမှ ကြွင်းသော စေတနာအစရှိသောသီလတို့သည် အ၀ိရတီသီလတို့မည်၏။၎
၂း၎း၄။ နိဿိတသီလနှင့်အနိဿိတသီလ
''ငါသည် ဤသီလဖြင့်ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော နတ်သော် လည်းကောင်း ဖြစ်ရပေလိမ့်မည်''ဟုပြည့်စုံကောင်းမြတ်သောဘ၀ကို မျော်လင့်တောင့်တကာ တဏှာကို မှီ၍ကျင့်သောတဏှာနိဿိတသီလနှင့် ''သီလသည် သံသရာမှ စင်ကြယ် လွတ်မြောက်နိုင်၏'' ဟု စင်ကြယ်မှုဖြင့် သုဒ္ဓိဒိဋ္ဌိကိုမှီ၍ကျင့်သော ဒိဋ္ဌိနိဿိတသီလတို့သည် နိဿိတသီလမည်၏။ လောကုတ္တ ရာသီလသည်လည်းကောင်း၊ ထိုလောကုတ္တရာသီလ၏ အကြောင်းအထောက်အပံ့ဖြစ်သော လောကီ သီလသည်လည်းကောင်း အနိဿိတသီလမည်၏။၅
၂း၎း၅။ ကာလပရိယန္တသီလနှင့်အာပါဏကောဋိကသီလ
အချိန်ခါကာလကို ပိုင်းခြား၍ ဆောက်တည်ကျင့်သုံးသောသီလသည် ကာလပရိယန္တသီလ မည်၏။ အသက်ထက်ဆုံးဆောက်တည်၍ ထိုဆောက်တည်သည့်အတိုင်း ကျင့်သုံးသောသီလသည် အာပါဏကောဋိကသီလမည်၏။၆
'ဤညာဥ့်၊ ဤနေ့ သီလဆောက်တည်မည်'အစရှိသည်ဖြင့် အချိန်ခါကာလသတ်မှတ်၍ ဆောက်တည်ခြင်းသည် ကာလပရိယန္တသီလမည်၍ ကာလအပိုင်းအခြားကို မပြုမူ၍ ဆောက်တည် သော်လည်း ပျက်တစ်ခါ ဆောက်တည်တစ်လှည့်ဖြင့် အသက်ထက်ဆုံး ဖြစ်စေအပ်သောသီလသည် အာပါဏကောဋိကသီလမမည်ကြောင်း ၀ိသုဒ္ဓိမဂ္ဂဋီကာ၌ ပြဆို ထား၏။၁
သီလဆောက်တည်ရန် အချိန်ခါကာလသတ်မှတ်ပုံနှင့်စပ်၍ ပဋိသမ္ဗိဒါမဂ္ဂအဋ္ဌကထာ၌- ''ကာလအပိုင်းအခြားဟူသည်ကား ရတနာသုံးပါးကို ဆည်းကပ်သောဥပါသကာ ဥပါသိကာတို့သည် အလှူဒါနကိုပေးလှူကုန်စဉ် ကျွေးမွေးခြင်းလျင် အပိုင်းအခြားရှိသော (ကျွေးမွေး ချိန်ဆုံးသည့် တိုင်အောင်ပိုင်းခြား၍)သီလကိုဆောက်တည်ကုန်၏။ ကျောင်းတိုက်၌ တည်သော ဥပါသကာ ဥပါသိ ကာမတို့သည် ကျောင်းတိုက်လျင်အပိုင်းအခြားရှိသော သီလကို ဆောက်တည်ကုန်၏။ တစ်ညာဥ့် တစ်နေ့ဖြစ်စေ၊ နှစ်ညာဥ့်နှစ်နေ့ဖြစ်စေ၊သုံးညာဥ့်သုံးနေ့ဖြစ်စေ၊ ထို့ထက်အလွန် ညာဥ့်နေ့တို့ပတ်လုံး ဖြစ်စေ ပိုင်းခြား၍ သီလကို ဆောက်တည်ကုန်၏။ ဤသည်ကား ကာလအပိုင်းအခြားပေတည်း'ဟု ဖွင့်ဆိုထား၏။၂
၂း၎း၆။ သပရိယန္တသီလနှင့် အပရိယန္တသီလ
လာဘ်လာဘ အခြံအရံဆွေမျိုး ကိုယ်အင်္ဂါ၊အသက်တို့၏ အစွမ်းအားဖြင့် အဆုံးအပိုင်းအခြား (ပျက်စီးခြင်း)ကို မြင်ရသောသီလသည် သပရိယန္တသီလမည်၏။၃ မဖြစ်ပေါ်သေးသော လာဘ်လာဘ၊ အခြံအရံအကျော်အဇောတို့ကို ဖြစ်ပေါ်လာအောင်၊ဖြစ်ပေါ်ပြီးသည်တို့ကို စောင့်ရှောက်နိုင်အောင်၊ တိုးပွား အောင်၊ဆွေမျိုးကိုယ်အင်္ဂါအသက်တို့ကို မဖျက်ဆီးနိုင်အောင် သီလကို ချိုးဖျက်ခြင်းဖြစ်၏ဟု မဟာ ဋီကာမိန့်၏။၎
ထိုကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ''သပရိယန္တမည်သောထိုသီလဟူသည် လာဘ်လာဘ္ဘအခြံအရံ၊ဆွေမျိုး၊ကိုယ်အင်္ဂါအသက်လျင်အဆုံးအပိုင်းခြားရှိသော သီလဖြစ်ပါသည်။ ထိုသီလ၏ သဘော မှာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် လာဘ်လာဘ၊အခြံအရံ၊ဆွေမျိုး၊ ကိုယ်အင်္ဂါအသက် ဟူသော အကြောင်းကြောင့် ဆောက်တည်ထားပြီးသော သိက္ခာပုဒ်ကို ကျူးလွန်၏။ ဤသည်ကား လာဘ်လာဘ၊ အခြံအရံ၊ ဆွေမျိုးကိုယ်အင်္ဂါအသက်လျင် အဆုံးအပိုင်းအခြားရှိသောသီလတည်း'၅ဟုဟောတော်မူ၏။ဤကား ပရိယန္တသီလဖြစ်ပုံဖြစ်၏။
လာဘ်လာဘ အခြံအရံ ဆွေမျိုး ကိုယ်အင်္ဂါ အသက်တို့၏ အစွမ်းအားဖြင့် အဆုံးအပိုင်းအခြား (ပျက်စီးခြင်း)ကို မမြင်ရသောသီလသည် အပရိယန္တသီလမည်၏၊၆ ထိုပုဂ္ဂိုလ်၏ လာဘ် လာဘစသည့် အရာများကြောင့် သီလမဖေါက်ဖျက်ပုံကို ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ 'ဤလောက၌ အချို့သောပုဂ္ဂိုလ် သည် လာဘ်လာဘ၊ အခြံအရံ ဆွေမျိုး ကိုယ်အင်္ဂါအသက်ဟူသောအကြောင်းတို့ကြောင့် သိက္ခာပုဒ်ကို ဖောက်ဖျက်မည်ဟူသောစိတ်ကလေးမျမဖြစ်။ ကျူးလွန်ဖို့ဆိုလျင်ကားအဘယ်မှာဆိုဖွယ်ရာ ရှိပါတော့ နည်း'၇ဟု ပြဆိုထား၏။
၂း၎း၇။ လောကီသီလနှင့်လောကုတ္တရာသီလ
အလုံးစုံသောအာသဝေါတရားလေးပါးတို့၏ အာရုံဖြစ်သောသီလသည် လောကီသီလမည်၏။
လောကီသီလသည် ဘ၀အထူးကို ဖြစ်စေတတ်၏။ ဘ၀မှ လွတ်မြောက်ခြင်း၏ အကြောင်းအဆောက် အဦးလည်းဖြစ်၏။ လောကီသီလနှင့်စပ်၍ အောက်ပါအတိုင်း ဟောဟောခဲ့သည်။
''၀ိနည်းသိက္ခာပုဒ်သည် ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်းငှါဖြစ်၏။ စောင့်စည်းခြင်း သည် စိတ်နှလုံးကြည်သာရွှင်ခြင်းအကျိုးငှါ ဖြစ်၏။ စိတ်နှလုံးကြည်သာရွှင်လန်းခြင်းသည် နှစ်သိမ့်ခြင်း (ပါမောဇ္ဇ)အကျိုးငှါ ဖြစ်၏။ နှစ်သိမ့်ခြင်းသည် ၀မ်းမြောက်ခြင်း (ပီတိ)အကျိုးငှါ ဖြစ်၏။ ၀မ်းမြောက်ခြင်းသည် ကိုယ်စိတ်၏ငြိမ်းအေးခြင်း(ပဿဒ္ဓိ)အကျိုးငှါဖြစ်၏။ ငြိမ်းအေးခြင်းသည် ချမ်းသာခြင်း(သုခ) အကျိုးငှါဖြစ်၏။ချမ်းသာခြင်းသည် စိတ်တည်ကြည် ခြင်း(သမာဓိ)အကျိုးငှါဖြစ်၏။စိတ်တည်ကြည်ခြင်းသည် မှန်စွာသိမြင်သော ယထာဘူတဉာဏ်အမြင်အကျိုးငှါ ဖြစ်၏။ ယထာဘူတ ဉာဏ်အမြင်သည် ငြီးငွေ့ခြင်း(နိဗ္ဗိဒါ)အကျိုးငှါ ဖြစ်၏။ ငြီးငွေ့ခြင်းသည် ၀ိရာဂခေါ် တပ်မက်မှု ကင်းသော မဂ်အကျိုးငှါဖြစ်၏။ ၀ိရာဂသည် ၀ိမုတ္တိခေါ်လွတ်မြောက်သော အရဟတ္တဖိုလ်အကျိုး ငှါဖြစ်၏။ ၀ိမုတ္တိသည် လွတ်မြောက်သည်ကို ပြန်လှည့်၍ဆင်ခြင်သော ၀ိမုတ္တိဉာဏ်အမြင်အကျိုး ငှါဖြစ်၏။ ၀ိမုတ္တိဉာဏ်အမြင်သည် အစွဲအလမ်းကင်း၍ ဆင်းရဲခပ်သိမ်းငြိမ်းခြင်း (ပရိနိဗ္ဗာန်ဝင်စံခြင်း) အကျိုးငှါဖြစ်၏။ အစွဲအလမ်းကင်းလျက် စိတ်၏အကြင်လွတ်မြောက်ခြင်း (၀ိမောက္ခ)သည်ရှိ၏။ ၀ိနည်းကိုပြောဆိုခြင်းသည် ဤလွတ်မြောက်ခြင်း(၀ိမောက္ခ)အကျိုးရှိ၏။ ၀ိနည်းကို ဆွေးနွေး စီစစ်ခြင်း သည် ဤလွတ်မြောက်ခြင်းအကျိုးရှိ၏။ ၀ိနည်းကို စောင့်စည်းခြင်းအစရှိသော အကြောင်းအဆက်ဆက် သည် ဤလွတ်မြောက်ခြင်းအကျိုးရှိ၏။ ၀ိနည်းကို နာကြားခြင်းသည် ဤလွတ်မြောက်ခြင်းအကျိုး ရှိ၏၁ဟု ဟောတော်မူ၏။
အလုံးစုံသော အာသဝေါတရားလေးပါးတို့၏ အာရုံမဟုတ်သောသီလသည် လောကုတ္တရာသီလ မည်၏။ ဤသီလသည် ဘ၀မှလွတ်မြောက်ခြင်းကိုဆောင်တတ်၏။ ပြန်လှည့်၍ဆင်ခြင်သော ပစ္စ ဝေက္ခဏာဉာဏ်၏ဖြစ်ရာအာရုံလည်း ဖြစ်၏။၂ မဂ်သီလသည် ဘ၀မှလွတ်မြောက်ကြောင်းလည်း ဖြစ်၏။ ပစ္စဝေက္ခဏာဉာဏ်၏ အာရုံလည်း ဖြစ်၏။ ဖိုလ်သီလသည်ပစ္စဝေက္ခဏာဉာဏ်၏ အာရုံသာ လျင်ဖြစ်၏။၃
၂း၎းး၈။ ဟီနသီလ၊မဇ္ဈိမသီလ၊မဟာသီလ
ယုတ်ညံ့သောဆန္ဒ၊ ၀ိရိယ၊ စိတ္တ၊ ၀ီမံသတို့ဖြင့် ဖြစ်စေအပ်သော သီလသည်လည်းကောင်း၊ အခြံအရံအကျော်အဇောကို အလိုရှိသဖြင့် ဆောက်တည်သော သီလသည်လည်းကောင်း 'ငါသည် သီလနှင့် ပြည့်စုံ၏။ ကောင်းသောအကျင့်ရှိ၏။အခြားသူတို့မှာ သီလမရှိကုန်၊ ယုတ်မာသောအကျင့်ရှိကုန် ၏'စသည်ဖြင့် မိမိကိုယ်ကို ချီးမြောက်ခြင်း၊ သူတပါးကို ရှုတ်ချခြင်းတို့ဖြင့် ညစ်ညူးသောသီလသည် လည်းကောင်း၊ တဏှာ၏အစွမ်းဖြင့် ဘ၀သမ္ပတ္တိ၊ဘောဂသမ္ပတ္တိတို့ကို တောင့်တ၍ ဆောက်တည် သောသီလသည်လည်းကောင်း ဟီနသီလမည်၏။
အလယ်အလတ်ဖြစ်သော ဆန္ဒ၊၀ိရိယ၊စိတ္တ၊၀ီမံသတို့ဖြစ်စေအပ်သော သီလသည်လည်းကောင်း ကုသိုလ်ကောင်းမှု၏ အကျိုးကိုအလိုရှိသဖြင့် ဆောက်တည်သော သီလသည် လည်း ကောင်း၊ မိမိကိုယ်ကို ချီးမြောက်ခြင်း၊ သူတပါးတို့ကိုရှုတ်ချခြင်းတို့ဖြင့် မညစ်ညူးသော လောကီသီလသည် လည်းကောင်း၊ သာဝက၊ပစ္စေကဗုဒ္ဓါတို့၏ မိမိတို့သည်သာ သံသရာမှ လွတ်မြောက်ခြင်းအကျိုးငှါ ဆောက်တည်ကျင့်သုံးသော သီလသည်လည်းကောင်း မဇ္ဈိမသီလမည်၏။
မြတ်သောဆန္ဒ၊၀ီရိယ၊စိတ္တ၊၀ီမံသတို့ဖြင့် ဖြစ်စေအပ်သော သီလသည်လည်းကောင်း၊ 'ငါကဲ့သို့ သော သူသည် သီလစောင့်ထိန်းသင့်၏''ဟုမိမိကိုယ်ကို စင်ကြယ်ခြင်းအဖြစ်ကိုမှီ၍ ဆောက်တည်ကျင့် သုံးသောသီလသည်လည်းကောင်း၊ လောကုတ္တရာသီလသည်လည်းကောင်း၊ သတ္တ၀ါအားလုံး သံသရာမှ လွတ်မြောက်စေရန် ရည်သန်၍ ဘုရားအလောင်းတော်တို့၏ ပါရမီမြောက်ကျင့်သုံးဆောက်တည်သော်ျသီလသည်လည်းကောင်း ပဏီတသီလမည်၏။၁
၂း၎း၉။ အတၲာဓိပေတယ်သီလ၊ေလာကာဓိပေတယ်သီလ၊ဓမၼာဓိပေတယ်
မိမိနှင့်မသင့်လျော်သောမကောင်းမှုကို ပယ်လိုသဖြင့် မိမိကိုယ်ကိုအလေးဂရုပြု၍ မိမိကိုယ်ကို ရိုသေလေးစားသောအားဖြင့် ဆောက်တည်ကျင့်သုံးသောသီလသည် အတ္တာဓိပတေယျ သီလမည်၏။
လောက၏ ကဲ့ရဲ့ခြင်းကို ရှောင်ရှားလိုသဖြင့် လောကကိုအလေးဂရုပြု၍ လောကကို ရိုသေလေး စားသောအားဖြင့် ဆောက်တည်ကျင့်သုံးသောသီလသည် လောကာဓိပတေယျသီလမည်၏။ ထိုသီလ သည် သြတပ္ပဦးစီး၏ ဟုဋီကာ၌မိန့်၏။၂
တရားတော်၏ မြတ်သည်၏အဖြစ်ကို ပူဇော်လိုသဖြင့် တရားတော်ကို အလေးဂရုပြု၍ တရား တော်၌ ရိုသေလေးစားသောအားဖြင့် ဆောက်တည်ကျင့်သုံးသောသီလသည် ဓမ္မာဓိပတေယျသီလ မည်၏။
၂း၎း၁၀။ ပရာမဋ္ဌသီလ၊အပရာမဋ္ဌသီလ၊ပဋိပဿဒ္ဓိသီလ
တဏှာ၊ဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာသုံးသပ်အပ်သော နိဿိတသီလသည် ပရာမဋ္ဌသီလမည်၏။'ဤသီလဖြင့် ထင်ရှားသောနတ်သည်လည်းကောင်း၊ မထင်ရှားသောနတ်သည်လည်းကောင်း ဖြစ်လိမ့် မည်။ သံသရာ၏ စင်ကြယ်ခြင်း ဖြစ်လိမ့်မည်'ဟု သီလကိုသုံးသပ်ခြင်းသည် ဘ၀တစ်ပါးကိုသာဖြစ် စေ၍ မဂ်၏ဥပနိဿယမဖြစ်သောကြောင့် တဏှာဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာသုံးသပ်သည်မည်၏ဟု ဋီကာ၌ မိန့်၏။၁
တဏှာဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာမသုံးသပ်အပ်သောကြောင့် ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်၏ မဂ်ကို ရခြင်း၏ အကြောင်းအဆောက်အဦဖြစ်သော သီလသည်လည်းကောင်း၊ သေက္ခ ပုဂ္ဂိုလ်တို့၏ မဂ်နှင့်ယှဉ် သောသီလသည်လည်းကောင်း အပရာမဋ္ဌသီလမည်၏။ ၀ိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်တို့ဖြင့် ကိလေ သာတို့ကို ပယ်ခြင်းကို အပရာမဋ္ဌဟု ဋီကာ၌ဆို၏။၂
ကိလေသာအပူမီး အပြီးငြိမ်းအေးသောကြောင့် သေက္ခပုဂ္ဂိုလ်၊အသေက္ခပုဂ္ဂိုလ်တို့၏ ဖိုလ်နှင့် ယှဉ်သောသီလသည် ပဋိပဿဒ္ဓိသီလမည်၏။၃
၂း၎း၁၁။ ၀ိသုဒ္ဓသီလ၊အ၀ိသုဒ္ဓသီလ၊ဝေမတိကသီလ
အာပတ်မသင့်စေမူ၍ ဖြည့်ကျင့်အပ်သောသီလသည်လည်းကောင်း၊ အာပတ်သင့် သော်လည်း ဒေသနာပြောကြားခြင်းစသည်ဖြင့် ကုစားအပ်ပြီးသောသီလသည်လည်းကောင်း ၀ိသုဒ္ဓသီလမည်၏။
အာပတ်သင့်ပြီးသောရဟန်း၏ မကုစားရသေးသော သီလသည် အ၀ိသုဒ္ဓသီလမည်၏။
လွန်ကျူးမိသောဝတ္ထု၌သော်လည်းကောင်း၊အာပတ်၌ဖြစ်စေ လွန်ကျူးမှု၌ဖြစ်စေ ယုံမှားခြင်း ရှိသော ရဟန်း၏သီလသည် ဝေမတိကသီလမည်၏။၎
၂း၎း၁၂။ သေက္ခသီလ၊အသေက္ခသီလ၊နေ၀သေက္ခနာသေက္ခသီလ
အရိယာမဂ်လေးပါးတို့နှင့်လည်းကောင်း၊အောက်ဖိုလ်သုံးပါးတို့နှင့်လည်းကောင်း ယှဉ်သော သီလသည် သေက္ခသီလမည်၏။
အရဟတ္တဖိုလ်နှင့်ယှဉ်သောသီလသည် အသေက္ခသီလမည်၏။
ကြွင်းသော လောကီသီလအားလုံးသည် နေ၀သေက္ခနာသေက္ခသီလမည်၏။၅
၂း၎း၁၃။ဟာနဘာဂိယသီလ၊ ဌိတိဘာဂိယသီလ၊၀ိသေသဘာဂိယသီလ၊နိဗ္ဗေဓဘာဂိယသီလ
ဒုဿီလပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း၊သီလ၀န္တပုဂ္ဂိုလ်ကို မမှီဝဲမဆည်းကပ်ခြင်း၊ အမျော်အမြင် ပညာမရှိသည်ဖြစ်၍ အာပတ်သင့်ကြောင့်ဝတ္ထုကို လွန်ကျူးခြင်းဖြင့် အပြစ်ကို မမြင်ခြင်း၊ ကာမ၀ိတက်စသော အကြံများခြင်း၊ ဣနြေ္ဒတို့ကို မစောင့်ရှောက်ခြင်း ဤငါးပါးတို့ကြောင့် ဆုတ်ယုတ် သော အဖို့ရှိသောသူ၏ သီလသည် ဟာနဘာဂိယသီမည်၏။
သီလနှင့်ပြည့်စုံရုံမျဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်လျက် ကမ္မဋ္ဌာန်းတရားအားထုတ်ရန် လိုလား ခြင်းမရှိသောသူ၏သီလသည် ရပ်တန့်နေခြင်းအဖို့ရှိသောကြောင့် ဌိတိဘာဂိယသီလမည်၏။
ပြည့်စုံစင်ကြယ်သောသီလရှိသည်ဖြစ်၍ ဈာန်သမာဓိအကျိုးငှါ အားထုတ်သောသူ၏ သီလသည် ထူးခြားသောအဖို့ရှိသောကြောင့် ၀ိသေသဘာဂိယသီလမည်၏။
သီလမျဖြင့်မရောင့်ရဲဘဲ ခန္ဓာငါးပါး၌ငြီးငွေ့ကြောင်း ၀ိပဿနာဘာဝနာကို မပြတ် အားထုတ် အပ်သူ၊ဘိက္ခုသီလ၊ဘိက္ခုနီသီလ၊အနုပသမ္ပန္နသီလ၊ဂဟဋ္ဌသီလတို့ကို ကျင့်အပ်သောသူ၏ သီလသည် ကိလေသာအစိုင်အခဲကို ဖောက်ခွဲခြင်းအဖို့ရှိသောကြောင့် နိဗ္ဗေဓဘာဂိယ သီလမည်၏။၁
၂း၎း၁၄။ ဘိက္ခုသီလ၊ဘိက္ခုနီသီလ၊အနုပသမ္ပသမ္ပန္နသီလ၊ဂဟဋ္ဌသီလ
ရဟန်းတော်တို့ စောင့်ရှောက်အပ်သည့် သိက္ခာပုဒ်တို့သည် ဘိက္ခုသီလမည်၏။
ဘိက္ခုနီတို့စောင့်ရှောက်အပ်သောသိက္ခာပုဒ်တို့သည် ဘိက္ခုနီသီလမည်၏။
သာမဏေနှင့် သာမဏေမတို့၏ ဆယ်ပါးသောသီလသည် အနုပသမ္ပန္နသီလမည်၏။
လူတို့၏ နိစ္စသီလဟူသောငါးပါးသီလ၊ စွမ်းနိုင်ပါက ဆယ်ပါးသီလနှင့် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလတို့သည် ဂဟဋ္ဌသီလမည်၏။၂
၂း၎း၁၅။ ပကတိသီလ၊အာစာရသီလ၊ဓမ္မတာသီလ၊ပုဗ္ဗဟေတုကသီလ၊
ဥတ္တရကုရုကျွန်းသားတို့၏ ငါးပါးသီလကို မလွန်ကျူးခြင်းသည် ပင်ကိုယ်သဘောရင်းဖြစ် သောကြောင့် ပကတိသီလမည်၏။
လူမျိုးအလိုက်ဖြစ်စေ၊အရပ်ဒေသအလိုက်ဖြစ်စေ၊အယူဝါဒအလိုက်ဖြစ်စေ မိမိတို့၏ အသီးသီးသော စည်းကမ်းကျင့်ဝတ်ဆိုင်ရာအလေ့အကျင့်သည် အာစာရ(အလေ့အကျင့်)သီလမည်၏။
ဘုရားအလောင်း ပဋိသန္ဓေနေစဉ် မယ်တော်၏သဏ္ဍာန်၌ ယောက်ျားတို့၌ကာမဂုဏ်နှင့် စပ်သောစိတ် မဖြစ်ပေါ်ခြင်းသည် ဖြစ်မြဲရိုးရာဓမ္မတာဖြစ်သောကြောင့် ဓမ္မတာသီလမည်၏။
အရှင်မဟာကဿပအစရှိသော စင်ကြယ်သောပုဂ္ဂိုလ်တို့၏ သီလသည်လည်းကောင်း၊(သီလ၀ မင်း၏ဘ၀အစရှိသော)ထိုထိုဘ၀တို့၌ ဘုရားအလောင်းတော်၏ သီလသည်လည်းကောင်း ပုဗ္ဗဟေတုက (ရှေးအကြောင်းရှိသော)သီလမည်၏။၃
၂း၎း၁၆။ ပါတိမောက္ခသံဝ ရသီလ၊ဣနြ္ဒိယသံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိ ဿိတသီလ
ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသည်ဖြစ်၍ သင့်လျော်သောအကျင့် ကျက်စားရာတို့ဖြင့် ပြည့်စုံသည်ဖြစ်လျက် သာသနာတော်၌နေသော ရဟန်းသည် အဏုမြူမျသေးငယ်လှသောအပြစ်တို့၌ ကြောက်မက်ဖွယ်ဘေးကြီးဟု ရှုမြင်လျက် သိက္ခာပုဒ်တို့၌ ကောင်းစွာကျင့်၏။ထိုသို့ကျင့်သောသီလ သည် ပါတိမောက္ခသံဝရသီလမည်၏။
ရဟန်းသည် မျက်စိဖြင့် အဆင်းကိုမြင်လျင် မိန်းမ၊ယောက်ျားစသော ကိလေသာဖြစ်ကြောင်း နိမိတ်ကိုလည်း မမှတ်ယူ။ အသေးစိတ်အင်္ဂါအခြင်းအရာကိုလည်း မမှတ်ယူ။ စက္ခုနြေ္ဒကို မစောင့်စည်းဘဲ နေခဲ့သော် အဘိဇ္ဈာ၊ ဒေါမနဿဟူသော ယုတ်မာသောအကုသိုလ်တရားတို့သည် အစဉ်လိုက်လာနိုင် သောကြောင့် မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်စိတ်တို့ဖြင့် မြင်၊ ကြား၊ နံ၊ အရသာ၊ အတွေ့အထိ အာရုံနိမိတ်တို့ကို မမှတ်ယူ။ ဣနြေ္ဒတို့ကို ပိတ်ဆို့စောင့်စည်းခြင်းသို့ရောက်သောသီလသည် ဣန္ဒြိယ သံဝရသီလမည်၏။
အသက်မွေးမှုကို အကြောင်းပြု၍ ပညတ်တော်မူအပ်သော ခြောက်ပါးသောသိက္ခာပုဒ်တို့ကို မလွန်ကျူးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် လည်းကောင်း၊ သူတပါးအထင်ကြီးအောင် အံ့ဖွယ်ရာများကို ဟန်ဆောင်ခြင်း၊ပစ္စည်းလှူရေး လမ်းကြောင်းပေး၍ ပြောဆိုခြင်း၊ လှူလိုစိတ် ပေါ်အောင် အရိပ်နိမိတ်ပြုခြင်း၊ မလှူဘဲမနေသာအောင် ဖိနှိပ်ကြိတ်ချေ၍ ပြောဆိုခြင်း၊ ရပြီးလာဘ် လာဘဖြင့် များ၍ လာဘ်ကိုရှာမှီးခြင်းအစရှိကုန်သော ယုတ်မာသောအကျင့်ဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည်လည်းကောင်း အာဇီဝပါရိသုဒ္ဓိသီလမည်၏။၁
ဆွမ်းသင်္ကန်းကျောင်းဆေး ဟူသောပစ္စည်းလေးပါးတို့၌ ပစ္စဝေက္ခဏာဆင်ခြင်၍ ထက်ဝန်း ကျင်စင်ကြယ်သော ပစ္စည်းလေးပါးကိုသုံးဆောင်ခြင်းသည် ပစ္စယသန္နိဿိတ သီလမည်၏။
၂း၎။၁၇။ ပရိယန္တပါရိသုဒ္ဓိသီလ၊အပရိယန္တပါရိသုဒ္ဓိသီလ၊ပရိပုဏ္ဏပါရိသုဒ္ဒိသီလ၊
အပရာမဋ္ဌပါရိသုဒ္ဓိသီလ၊ပဋိပ္ပဿဒ္ဓိပါရိသုဒ္ဓိသီလ
အရေအတွက်အားဖြင့် အပိုင်းအခြားရှိသောလူ သာမဏေတို့၏သီလသည် ပရိယန္တပါရိ သုဒ္ဓိ သီလမည်၏။ အပိုင်းအခြားမရှိသောသက္ခာပုဒ်ရှိကုန်သော (၀ိပဿနာယောဂီဖြစ်သော ကလျာဏ ပုထုဇဉ်နှင့် အရိယာတို့မှတပါးကုန်သော)ရဟန်းတို့၏သီလသည် အပရိယန္တပါရိသုဒ္ဓိသီလမည်၏။၂ ရဟန်းတို့၏ သီလသိက္ခာပုဒ်တို့သည် ကုဋေကိုးထောင်တရာ့ရှစ်ဆယ်နှင့်ငါးသန်းသုံးသောင်း ခြောက်ထောင်ရှိကုန်၏ဟု အရေအတွက်အားဖြင့် အပိုင်းအခြားရှိငြားသော်လည်း အကြွင်းမဲ့အားဖြင့် ဆောက်တည်မှုဖြစ်ခြင်းကိုလည်းကောင်း၊ လာဘ်အခြံအရံဆွေမျိုးကိုယ်အင်္ဂါအသက်တို့၏ အစွမ်းအားဖြင့် အသက်ကိုမမြင်ရခြင်းကိုလည်းကောင်း ရည်ရွယ်၍ အပရိယန္တပါရိသုဒ္ဓိသီလဟုဟောခြင်းဖြစ်၏။၃
ကိုယ်နှင့်အသက်မငဲ့ကွက်ဘဲ ၀ိပဿနာတရားကို အားထုတ်နေသော ကလျာဏပုထုဇဉ်၏ သီလသည် ပရိပုဏ္ဏပါရိသုဒ္ဓိမည်၏။၎ ကလျာဏပုထုဇဉ်ရဟန်းတို့၏သီလသည် ရဟန်းဖြစ်သည်မှစ၍ အလွန်စင်ကြယ်သည်၏အဖြစ်ကြောင့် ကိလေသာစိတ်ဖြစ်ကာမျသော်လည်း ဖြစ်သောအညစ်အကြေးမှ ကင်းသည်ရှိသော် အရဟတ္တဖိုလ်၏သာလျင် နီးသောအကြောင်း(ပဒဋ္ဌာန်)ဖြစ်လေ၏။ ထိုကြောင့် ယင်းသီလကို ပရိပုဏ္ဏပါရိသုဒ္ဓိဟုဆိုအပ်၏ဟု ၀ိသုဒ္ဓိမဂ်၌ဆို၏။၁
ငါ၊ငါ့ဥစ္စာဟု ဒိဋ္ဌိ၏အစွမ်းအားဖြင့် မှားယွင်းစွာ မသုံးသပ်အပ်သည်၏အဖြစ်ကြောင့် သေက္ခ ပုဂ္ဂိုလ်ခုနစ်ယောက်တို့၏သီလသည် အပရာမဋ္ဌပါရိသုဒ္ဓိသီလမည်၏။၂ (တစ်နည်း)ပုထုဇဉ်တို့၏ ဘ၀ရာဂ၏အစွမ်းအားဖြင့် မသုံးသပ်အပ်သောသီလသည် အပရာမဋ္ဌပါရိသုဒ္ဓိသီလမည်၏။၃ အလုံးစုံသော ကိလေသာပူပန်မှု ငြိမ်းအေးခြင်းကြောင့်လည်းကောင်း၊ ထက်ဝန်းကျင်စင်ကြယ် ခြင်းကြောင့်လည်းကောင်း၊ရဟန္တာ၊ပစ္စေကဗုဒ္ဓါနှင့်သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သီလသည် ပဋိသုဒ္ဓိ ပါရိသုဒ္ဓိမည်၏။
၂း၎း၁၈။ ပဟာနသီလ၊ဝေရမဏိသီလ၊စေတနာသီလ၊သံဝရသီလ၊အ၀ိတိက္ကမသီလ
ပါဏာတိပါတစသည်ကို ပယ်ခြင်းသည် ပဟာနသီလမည်၏။
ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်းသည် ဝေရမဏိသီလမည်၏။
ပါဏာတိပါတစသည်၏ ဆန့်ကျင်ဘက်ဖြစ်သောစေတနာသည်စေတနာသီလမည်၏။
ပါဏာတိပါတစသည်ကို ပိတ်ဆို့စောင့်ရှောက်ခြင်းသည် သံဝရသီလမည်၏။
ပါဏာတိပါတစသည်ကို မလွန်ကျူးခြင်းသည် အ၀ီတိက္ကမသီလမည်၏။၎
၂း၅။ ပဌမမဟာနာမသုတ်တော်၌ယူသင့်သည့်သီလ
ပဌမမဟာနာမသုတ်တော်၌ပါသည့် ဘ၀အာမခံချက်ရရှိစေနိုင်သည့် တရား(၅)ပါးတွင် ဒုတိယ မြောက် ပြည့်စုံရမည့်တရားဖြစ်သည့် သီလနှင့်စပ်၍ မည်သည့် သီလမျိုးဖြစ်သည်ကို ထိုသုတ်၏ ပါဠိတော်၊အဋ္ဌကထာ၊ဋီကာတို့၌ဖေါ်ပြထားခြင်းမရှိပေ။ သို့သော် ဤသုတ်တော်ကို ဟောကြားခြင်း ခံရသည့် မဟာနာမ်သာကီဝင်မင်းသည် ဥပါသကာတစ်ဦးဖြစ်သောကြောင့် ဂဟဋ္ဌသီလကိုပင်ယူ ဖွယ်ရှိ၏။
မဟာဝဂ္ဂသံယုတ်၊ပုညာဘိသန္ဒ၀ဂ်၊မဟာနာမသုတ်၌ မဟာနာမ်သာကီဝင်မင်းအား ဥပါသကာ ဂုဏ်ရည်ငါးရပ်ကို ဟောကြားတော်မူခဲ့၏။ ထိုဂုဏ်ရည်ငါးရပ်တွင် ငါးပါးသီလစောင့်ထိန်းခြင်းကို သီလနှင့်ပြည့်စုံသော ဥပါသကာ၏ဂုဏ်ရည်တစ်ရပ်အဖြစ် ဟောကြားတော်မူခဲ့၏။ ထိုကြောင့် ဤသုတ် တော်ပါသီလကို ဂဟဋ္ဌသီလအဖြစ် မှတ်ယူသင့်၏။
ဂဟဋ္ဌသီလဟူသည်မှာ လူတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ အမြဲဆောက်တည်ထားသင့်သော ငါးပါး သီလ၊ စွမ်းနိုင်ပါက ဆယ်ပါးသီလနှင့် အင်္ဂါရှစ်ပါးရှိသောသီလတို့ကို ခေါ်ဆိုခြင်းဖြစ်၏။ ဤ၌ ငါးပါးသီလနှင့်စပ်၍ မကျဉ်းမကျယ်တင်ပြပါမည်။
၂း၆။ ငါးပါးသီလဟူသည်
ငါးပါးသီလကို အမည်အမျိုးမျိုးဖြင့် ပြဆိုကြ၏။ လူတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် 'နိစ္စသီလ'ဟူ၍လည်းကောင်း၊ အရိယာပုဂ္ဂိုလ်တို့ လိုက်နာ ကျင့်သုံးကြသောသီလဖြစ်သောကြောင့် 'အရိယဓမ္မသီလ'ဟူ၍လည်းကောင်း၊ မြောက်ကျွန်သူ မြောက်ကျွန်းသားတို့မှာ မိမိအလိုအလျောက် ဆောက်တည်ကြသောသီလ ဖြစ်သောကြောင့် 'ပဏီတသီလ'ဟူ၍လည်းကောင်း၊ နိဗ္ဗာန်ကိုတောင့်တပြီး ငါးပါးသီလဆောက်တည်က နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သောကြောင့်'အဓိသီလ'ဟူ၍လည်ကောင်း၊ သူတော်ကောင်းတို့ အလေးအမြတ် ထား၍ ကျင့်သုံးအပ်သောသီလဖြစ်သောကြောင့် 'ဂရုဓမ္မ(ကုရုဓမ္မ)သီလဟူ၍လည်းကောင်း၊ အိမ်ရာ တည်ထောင်လူဝတ်ကြောင်ဟူသမျတို့စောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် 'ဂဟဋ္ဌ သီလ' ဟူ၍လည်းကောင်း၊အရိယာပုဂ္ဂိုလ်တို့နှစ်သက်မြတ်နိုး အပ်သောကြောင့်'အရိယကန္တသီလ'ဟူ၍ လည်းကောင်း၊ သူတော်ကောင်းသူမြတ်လောင်းများဖြစ်အောင် ပြုပေးတတ်သောကြောင့်'ဗြဟ္မဏ်ကာရဏသီလ'ဟူ၍လည်းကောင်း၊ ဘ၀ကင်းရာနိဗ္ဗာန်သို့ သွားရောက်ကြောင်း ဖြစ်သောကြောင့် '၀ိဘ၀ဂါမိသီလ'ဟူ၍လည်းကောင်း အမည်အမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြ၏။
ငါးပါးသီလတွင်ပါဝင်သောသိက္ခာပုဒ်တို့မှာ-
၁။ ပါဏာတိပါတာ ဝေရမဏိ=သက်ရှိသတ္တ၀ါကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ အဒိန္နာဒါနာ ဝေရမဏိ=သူတစ်ပါးတို့ ကိုယ်နှုတ်ဖြင့်မပေးသော ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ=ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှရှောင်ကြဉ် ခြင်း၊
၎။ မုသာဝါဒါ ဝေရမဏိ=မဟုတ်မမှန်လိမ်ညာလှည့်ဖြား ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ=မူးယစ်စေတတ်သော သေရည်သေအရက်၊ဆေး အမျိုးမျိုးကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။
လူတို့အမြဲစောင့်ထိန်းရမည့်သီလဖြစ်သောကြောင့် ယင်းငါးပါးသီလကို ခါးဝတ်ပုဆိုးနှင့် တင်စား၍ ဆိုလေ့ရှိကြ၏။လူပုံအလယ်တွင် ခါးဝတ်ပုဆိုးကျွတ်သွားပါက ရှက်ဖွယ်ဖြစ်သကဲ့သို့ ငါးပါးသီလမမြဲလျင်လည်း လောကတွင်ရှက်ဖွယ်ပင်ဖြစ်၏။ သို့သော် လူအချို့တို့သည် ခါးဝတ်ပုဆိုး ကျွတ်သွားခြင်းကိုသာ ရှက်ဖွယ်အဖြစ်ထင်မှတ်ကြ၏။ ခါးဝတ်ပုဆိုးကျွတ်ခြင်းကား တခဏတာ လူပုံအလယ်၌ ရှက်စရာဖြစ်၍ ငါးပါးသီလမလုံခြုံခြင်းကား မျက်မှောက်ဘ၀တွင် လူတို့အကဲ့အရဲ့ ခံရခြင်းစသည်နှင့် တမလွန်ဘ၀၌လည်း ကိုယ်လက်အင်္ဂါချွတ်ယွင်းခြင်း၊ ရူးသွပ်ခြင်း၊ ဆင်းရဲမွဲတေခြင်း စသည်တို့ဖြစ်ရတတ်ခြင်းကြောင့် တစ်သံသရာစာပတ်လုံး ရှက်စရာဖြစ်သည်။ ထိုကြောင့် ငါးပါးသီလ ကို မိမိတို့၏ခါးဝတ်ပုဆိုး ကဲ့သို့ မြဲသင့်လှ၏။ ငါးပါးသီလမြဲဖို့ရန်အတွက် ထိုငါးပါးသီလနှင့် စပ် သည့် အဓိပ္ပါယ်အသေးစိတ်ကို သိသင့်လှ၏။
၂း၆း၁။ ပါဏာတိပါတအဓိပ္ပါယ်
ငါးပါးသီလတွင် ပထမဆုံးသီလကို ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ= သက်ရှိသတ္တ၀ါကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟု ရွတ်ဆို၍ ဆောက်တည်ရ၏။ ထိုတွင် ပါဏာတိပါတ ဟူသောပုဒ်သည် ပါဏနှင့်အတိပါတ ဟူသောပုဒ်နှစ်ခုကို ပေါင်းစပ် ထားခြင်းဖြစ်သည်။ လူသားတို့ ပြောဆိုနေကြသော လောကဝေါဟာရအားဖြင့် သတ္တ၀ါ၊ ပရမတ္ထအားဖြင့် ရုပ်ဇီဝိတိနြေ္ဒ နာမ်ဇီဝိတိ နြေ္ဒတို့ကို ပါဏဟုခေါ်၏။ သတ်ခြင်း၊သေစေခြင်း(၀ါ)သေစေလိုသောစေတနာဖြင့် ဓားစသော လက် နက်ဖြင့် သတ်ခြင်းကို အတိပါတဟုခေါ်၏။ ထိုကြောင့် ပါဏဟူသည် သတ္တ၀ါဖြစ်၍ အတိပါတ ဟူသည်သတ်ခြင်းဟုမှတ်သင့်၏။ ထိုသို့ သတ်ဖြစ်အောင် ၀ဓကစေတနာက စေ့ဆော်၏။ ထိုကြောင့် ပါဏာတိပါတဟူသည် သတ္တ၀ါဟုအမှတ်ရှိသည်ဖြစ်၍ သတ္တ၀ါတို့ကို ကိုယ်တိုင်သတ်ခြင်းဟူသော ကာယပယောဂ၊ 'သတ်လိုက်ပါ'စသည်ဖြင့် စေခိုင်းခြင်းဟူသော ၀စီပယောဂကို ဖြစ်စေတတ်သော သတ်ကြောင်း စေတနာ(၀ဓကစေတနာ)ကို ခေါ်ဆိုခြင်းဖြစ်၏။၁ ထိုကြောင့် သေစေလိုသောစေတနာ ဖြင့် ကိုယ်တိုင်ဖြစ်စေ၊ သူတပါးကို စေခိုင်း၍ဖြစ်စေ သတ်လျင် ပါဏာတိပါတကံမြောက်၏။
ရုပ်ဇီဝိတ၊နာမ်ဇီဝိတနှစ်မျိုးကို အသက်ဟုခေါ်ဆိုရာ ယင်းဇီဝိတနှစ်မျိုးသည် သတ္တ၀ါတို့ အကောင်အထည် ထင်ရှားမဖြစ်ပေါ်မီ အမိဝမ်း၌ ပဋိသန္ဓေနေစဉ်အခါ ကလလရေကြည်တည်ချိန်မှစ၍ ဖြစ်ပေါ်လာသည့် ရုပ်နာမ်တရားများဖြစ်၏။၂ ထို့ကြောင့် ကိုယ်ဝန်ပျက်ကျစေလိုသော စေတနာဖြင့် ကိုယ်ဝန်ပျက်ဆေး တိုက်ကျွေးခြင်း၊ နှိပ်နယ်ပေးခြင်းစသည် ပြုလုပ်လျင် ပါဏာတိပါတကံထိုက်၏။ ထို့အတူ အကောင်ပေါက်နိုင်သော ကြက်ဥ၊ဘဲဥစသည့်ဥများကို ချက်ပြုတ်ကြော်လှော် စားသောက်ရာ၌ လည်း စေတနာပါလျင် ပါဏာတိပါတကံထိုက်၏။ သို့သော် သေစေလိုသော စေတနာသက်သက်ဖြင့် ကား ပါဏာတိပါတကံမမြောက်ပေ။ အင်္ဂါငါးရပ်နှင့်ပြည့်စုံမှသာ ပါဏာတိပါတကံမြောက်၏။
၂း၆း၁း၁။ ပါဏာတိပါတကံအင်္ဂါ(၅)ပါး
ပါဏာတိပါတကံမြောက်ရန်အင်္ဂါသည်(၅)ပါးရှိ၏။ယင်းတို့မှာ-
၁။ သတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟုလည်းသိခြင်း၊
၃။ သတ်လိုသောစိတ် စေတနာလည်းထင်ရှားရှိခြင်း၊
၎။ သေအောင်လည်း လုံ့လပယောဂပြုခြင်း၊
၅။ ထိုလုံ့လပယောဂကြောင့် သေခြင်းဟူ၍ ဖြစ်သည်။၁
အထက်ပါအင်္ဂါ(၅)ပါးနှင့် ပြည့်စုံလျင် ပါဏာတိပါတကံမြောက်၏။ကမ္မပထမြောက်သော အကုသိုလ်ကံဖြစ်၏။ကမ္မပထမြောက်လျင် အပါယ်ကျရန်သေချာ၏။အထက်ပါ အင်္ဂါ(၅)ပါးလုံးနှင့် မပြည့်စုံလျင်ကား ပါဏာတိပါတကမ္မပထမမြောက်ပေ။ အပါယ်ပဋိသန္ဓေအကျိုးကို မုချမပေးနိုင်သည့် ကံမျသာ(ကမ္မမတ္တမျသာ)ဖြစ်၏။ ထိုကြောင့် သက်ရှိသတ္တ၀ါ ပင်ဖြစ်သော်လည်း သက်ရှိသတ္တ၀ါဟုမသိ လျင်လည်းကောင်း၊ သိပင်သိငြားသော်လည်း သေစေလိုသောစိတ်မရှိလျင်လည်းကောင်း၊ အမှတ်တမဲ့ပြု လုပ်မိ၍ သေသွားခဲ့လျင်လည်းကောင်း၊သေစေလိုသောစိတ်ရှိသော်လည်း မိမိ၏လုံ့လပယောဂမပါဘဲ သတ္တ၀ါသေသွားခဲ့လျင်လည်းကောင်း၊ မိမိ၏လုံ့လပယောဂဖြင့် သေစေရန် သတ်ပင်သတ်ငြားသော် လည်း သတ္တ၀ါမသေခဲ့လျင်လည်းကောင်း ပါဏာတိပါတကမ္မပထမမြောက်ပေ။ ကမ္မပထမမြောက် လျင် အပါယ်ကျရန်မသေချာ။
ယင်းကမ္မပထမြောက်မှု၊မမြောက်မှုတို့၏ အကျိုးပေးမှုနှင့်စပ်၍ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ ၌'ပဋိသန္ဓေအကျိုးကိုဖြစ်စေနိုင်သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုသာလျင် ကမ္မပထဟုဆို၍ ပဋိသန္ဓေ အကျိုးကိုပေးရန် မသေချာသော ကုသိုလ်ကံ အကုသိုလ်ကံ တို့ကိုကား ကမ္မပထဟု မဆိုအပ်ကုန်ဟု ဖွင့်ဆို၏။၂ သို့ဖြစ်၍ ကံမြောက် မမြောက်ကို အထက်ပါအင်္ဂါရပ်တို့နှင့် တိုက်ဆိုင်၍ ကြည့်ရမည်။ယင်းအင်္ဂါ(၅)ပါးလုံးနှင့် ပြည့်စုံလျင် ကံမြောက်၍ တစ်ပါးပါးချွတ်ယွင်းလျင် ကံမမြောက်ဟု မှတ်ရမည်။
၂း၆း၁း၂။ သတ်နည်းအမျိုးမျိုး
ပါဏာတိပါတအင်္ဂါ(၅)မျိုးတွင် နံပါတ်(၄)အင်္ဂါဖြစ်သည့် သေအောင်လုံ့လ ပြုခြင်းဟူရာ၌ သတ်နည်းအမျိုးမျိုးကို ကျမ်းဂန်များ၌ ပြဆိုထား၏။ ယင်းတို့မှာ-
၁။ သာဟတ္ထိက= တုတ်ဓားစသည်တို့ကို ကိုယ်တိုင်ကိုင်စွဲ၍ကိုယ်ထိလက်ရောက် ရိုက်ပုတ်ထိုးခုတ်သတ်ဖြတ်ခြင်း၊
၂။ အာဏတ္တိက= နှုတ်ဖြင့်ပြောဆို၍ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ၊ အရိပ်နိမိတ်ကို ပြ၍ဖြစ်စေ သတ်ခိုင်းခြင်း၊
၃။ နိဿဂ္ဂိယ= လေး၊မြှား၊သေနတ်၊အြောက်၊ဗုံးစသည်တို့ဖြင့် ပစ်ခတ်သတ် ဖြတ်ခြင်း၊
၎။ ထာဝရ= သွားလာရာလမ်းခရီးတို့၌ သတ္တ၀ါများသေကြေပျက်စီးအောင် တွင်းတူး၍ ဖြစ်စေ၊ ထောင်ချောက်ဆင်၍ ဖြစ်စေ၊ ဆူးငြောင့် စသည်ကို စိုက်ထား၍ဖြစ်စေ၊ ဗုံးအမြောက်စသည်တို့ကို မြုပ်ထား၍ဖြစ်စေ သတ်ဖြတ်ခြင်း၊
၅။ ၀ိဇ္ဇာမယ= အင်းအိုင်ချ၍ဖြစ်စေ၊ မန္တာန်မန်းမှုတ်၍ဖြစ်စေ သတ်ဖြတ်ခြင်း၊ လောကအတတ်အတတ်ပညာအမျိုးမျိုးတို့ဖြင့် သတ်ဖြတ်ခြင်း၊
၆။ ဣဒ္ဓိမယ= ကံကြောင့်ဖြစ်သောတန်ခိုး(ကမ္မဇိဒ္ဓိ)တို့ဖြင့် သတ်ဖြတ်ခြင်း ဟူ၍ ဖြစ်၏။၁
ထိုသတ်နည်းအမျိုးမျိုးတို့တွင် တစ်မျိုးမျိုးသောနည်းဖြင့် သတ်ရာ၌ မိမိရည်ရွယ်သော သတ္တ၀ါ သေလျင် ပါဏာတိပါတကံထိုက်သည်။ မရည်ရွယ်သောသတ္တ၀ါသေလျင် ပါဏာတိပါတကံမထိုက်ပေ။
၂း၆း၁း၃။ သတ္တ၀ါအလိုက်အပြစ်ကြီးငယ်ကွဲပြားပုံ
ပုဂ္ဂိုလ်သတ္တ၀ါတို့ကို သတ်ဖြတ်၍ သေဆုံးရာ၌ သင့်ရောက်သောအပြစ်သည် အသတ်ခံရသော ပုဂ္ဂိုလ်သတ္တ၀ါတို့အပေါ်လိုက်၍ ကွဲပြားခြားနား၏။ သေဆုံးမှုချင်း တူသော်လည်း အပြစ်ကားမတူညီပေ။
တိရစ္ဆာန်တို့ကို သတ်ဖြတ်ရာ၌ ခန္ဓာကိုယ်သေးငယ်သော တိရစ္ဆာန်ကို သတ်ဖြတ်လျင် အပြစ်လည်း သေးငယ်၏။ ခန္ဓာကိုယ်ကြီးသောတိရစ္ဆာန်ကို သတ်ဖြတ်လျင် အပြစ်ပိုကြီး၏။ ခန္ဓာကိုယ် ကြီးလျင်လုံ့လစိုက်ထုတ်ရမှုပို၍ကြီးသောကြောင့်လည်းကောင်း၊ လုံ့လစိုက်ထုတ်ရ မှုခြင်းတူသော်လည်း ခန္ဓာကိုယ်ပို၍ကြီးသောကြောင့်လည်းကောင်း အပြစ်ပိုကြီးရခြင်းဖြစ်၏။ သို့ဖြစ်၍ ကြမ်းပိုး၊ ခြင်စသည့် သတ္တ၀ါငယ်လေးများကို သတ်ဖြတ်ခြင်းထက် ဆင်၊ ကျွဲ၊ နွားစသည့် တိရစ္ဆာန် အကြီးများကို သတ်ဖြတ်ခြင်းက အပြစ်ပိုကြီးသည်ဟုမှတ်ရမည်။ လူတို့ကို သတ်ဖြတ်ရာ၌ အပြစ် အကြီးအငယ် ကိုလည်း ထိုသူတို့၏ သီလစသည့်ဂုဏ်သို့လိုက်၍ ဆုံးဖြတ်ရမည်။ ကိုယ်ကျင့်သီလ မရှိသူကို သတ်ဖြတ်ရာ၌ အပြစ်သေးငယ်၍ ကိုယ်ကျင့်သီလရှိသူကို သတ်ဖြတ်ရာ၌ အပြစ်ပိုကြီး၏။၂ ကိုယ်ကျင့် သီလစသည့် ဂုဏ်တို့နှင့် ပြည့်စုံသူတို့တွင်လည်း သောတာပန်ကို သတ်သူထက် သကဒါဂါမ်ကို သတ်သူက အပြစ်ပိုကြီး၏။ သကဒါဂါမ်ကိုသတ်သူထက် အနာဂါမ်ကိုသတ်သူက အပြစ်ပိုကြီး၏။ အနာဂါမ်ကို သတ်သူထက် ရဟန္တာကိုသတ်သူက အပြစ်ပိုကြီး၏ဟု မှတ်သင့်၏။
၂း၆း၁း၎။ ပါဏာတိပါတကံ၏ ဆိုးကျိုးများ
ပါဏာတိပါတကံကို ကျူးလွန်သူသည် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်ဟူသော အပါယ်(၄)ဘုံတို့တွင် တစ်ဘုံဘုံ၌ ဖြစ်ရတတ်၏။ ကောင်းမှုတစ်ခုခုကြောင့် လူ့ဘ၀သို့ ရောက်လာ ပြန်လျင်လည်း အောက်ပါဆိုးကျိုးများကို ခံစားရတတ်၏။ ထိုဆိုးကျိုးများမှာ-
၁။ မျက်စိနားနှာခြေလက်အင်္ဂါ ချို့တဲ့ခြင်း၊
၂။ အနာရောဂါများပြားခြင်း၊
၃။ အင်အားချို့တဲ့ခြင်း၊(အားနည်းခြင်း၊)
၎။ ဘေးရန်ပေါ်လာလျင် ကြောက်ရွံ့တတ်ခြင်း၊
၅။ စိုးရိမ်သောကများရခြင်း၊
၆။ သူတပါးတို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရခြင်း၊
၇။ သူတပါး အသတ်ခံရခြင်း၊(၀ါ)ကိုယ့်ကိုယ်ကို သတ်သေခြင်း၊
၈။ အခြွေအရံပျက်စီးရခြင်း၊
၉။ လျင်မြန် ဖျတ်လတ်မှု မရှိခြင်း၊
၁၀။ အသက်တိုခြင်း စသည်တို့ဖြစ်သည်။၁
ဤဆိုးကျိုးများကို ကြည့်လျင် ပါဏာတိပါတကံကို ကျူးလွန်ခဲ့သူသည် ဒုလ္လဘဟုဆိုသည့် လူ့ဘ၀ကိုပင် ရငြားသော်လည်း လူတန်းစေ့မနေနိုင်ဘဲ အရမတော်လှသည်ကို တွေ့ရမည်ဖြစ်၏။ထို ကြောင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သင့်၏။ ပါဏာတိပါတကံကျူးလွန်က ခံစားရမည့် ဆိုးကျိုးများနှင့်စပ်၍ မှတ်ရလွယ်ကူစေရန် ရှေးဆရာတော်များက ဤသို့လင်္ကာစပ်ဆိုခဲ့ သည်။
''ပါဏာတိပါတ်၊သူ့သက်သတ်က၊ချို့တဲ့အင်္ဂါ၊မွဲပြာရုပ်သွင်၊အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊ဘေး ကိုကြောက်တတ်၊အသတ်ခံရာ၊အနာများလျက်၊ခြွေရံပျက်၍၊အသက်တိုလျ၊ပြစ်များစွာ့သည်၊ရှောင်က
အပြန်အကျိုးတည်း။''၂
၂း၆း၁း၅။ ပါဏာတိပါတမှ ရှောင်ကြဉ်ရကျိုးများ
သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျင် နတ်ရွာသုဂတိသို့ရောက်ပြီး လူဖြစ်လျင် လည်း အောက်ပါအကျိုးတို့ကို ခံစားရတတ်သည်။ ထိုအကျိုးတရားတို့မှာ-
၁။ အင်္ဂါကြီးငယ်နှင့်ပြည့်စုံခြင်း၊
၂။ အလုံးအရပ် အချိုးအစားကျခြင်း၊
၃။ လျင်မြန်ပေါ့ပါးခြင်း၊
၎။ ညီညွတ်သော ခြေဖ၀ါး လက်ဖ၀ါးရှိခြင်း၊
၅။ တင့်တယ်ပြေပြစ်ခြင်း၊
၆။ အသားအရေ နူးညံ့သိမ်မွေ့ခြင်း၊
၇။ စင်ကြယ်ခြင်း၊
၈။ ရဲရင့်ခြင်း၊
၉။ ခွန်အားဗလ ကြီးခြင်း၊
၁၀။ စကားပြေပြစ်ခြင်း၊
၁၁။ လူအများချစ်ခင်ခြင်း၊
၁၂။မိမိပရိသတ်စည်းလုံး ညီညွတ်မှုရှိခြင်း၊
၁၃။ အကြောက်အရွံ့ကင်းခြင်း၊
၁၄။ အဆိပ်အတောက်မသင့်ခြင်း၊
၁၅။ သူတစ်ပါးလုံ့လပယောဂကြောင့် မသေခြင်း၊
၁၆။ အခြံအရံ ပရိသတ်များခြင်း၊
၁၇။ အဆင်းလှခြင်း၊
၁၈။ ရုပ်ရည်သန္တာန်ကောင်းခြင်း၊
၁၉။ အနာရောဂါကင်းခြင်း၊
၂၀။ စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
၂၁။ ချစ်ခင်မြတ်နိုးသူတို့နှင့် မကွေမကွင်းခြင်း၊
၂၂။ အသက်ရှည်ခြင်း စသည်တို့ဖြစ်ကြောင်း ခုဒ္ဒကပါဌအဋ္ဌကထာ၁၌ ဖွင့်ပြထား၏။
မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင် ရှည်သောဖနောင့်၊လက်ချောင်း၊ ခြေချောင်း နှင့်ပြည့်စုံပြီး ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ခန္ဓာကိုယ်ရှိခြင်းဟူသည့် လက္ခဏာတော်ကြီးသုံးပါးတို့ ပါဝင်၏။ မြတ်စွာဘုရားရှင်အား ထိုလက္ခဏာတော်ကြီးသုံးပါးနှင့်ပြည့်စုံရခြင်းမှာ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သောကြောင့်ဖြစ်၏။ သူအသက်သတ်မှုမှ ရှောင်ကြဉ်ခဲ့သူသည် စကြာဝ တေးမင်းဖြစ်၍ ဆန့်ကျင်ဘက်ရန်သူတို့က မသတ်ဖြတ်နိုင်ခြင်း၊ အသက်ရှည်ခြင်း၊အကျိုးတို့ကို ရရှိနိုင်၏။ ဘုရားဖြစ်ခဲ့သော် သက်တော်ရှည်ခြင်း၊ ဆန့်ကျင်ဘက်ကို အလိုရှိကြသည့် သမဏဗြဟ္မဏ စသူတို့၏ အသက်အန္တရာယ်မပေးနိုင်ခြင်းအကျိုးတို့ကို ရရှိ၏။၂
သို့ဖြစ်၍ ကျူးလွန်လျင် ချို့တဲ့မှုများစွာဖြစ်ပြီး ရှောင်ကြဉ်လျင် အကျိုးများစွာရသောသူ့ အသက်သတ်ခြင်း ပါဏာတိပါတကံကို လူသားတိုင်း ရှောင်ကြဉ်သင့်လှ၏။
၂း၆း၂။ အဒိန္နာဒါနအဓိပ္ပါယ်
ငါးပါးသီလ၌ ဒုတိယမြောက်ဖြစ်သောသီလကို အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိ ယာမိ=ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ဟု ရွတ်ဆို၍ ဆောက်တည်ရ၏။ ထိုတွင် အဒိန္နာဒါနဟူသည် အဒိန္န နှင့် အာဒါန ဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်၏။
ထိုအဒိန္နာဒါန ပုဒ်နှင့်စပ်၍ အဋ္ဌကထာများ၌ အောက်ပါအတိုင်း ဖွင့်ဆိုထားကြ၏။
''အဒိန္နဟူသည် ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့်မပေးအပ်သောပစ္စည်း၊ သူတပါးတို့ သိမ်းဆည်း ထားသောပစ္စည်းဖြစ်၍ အာဒါနဟူသည် ယူခြင်းဖြစ်သည်။''၁
ပိုင်ရှင်မပေးသောဥစ္စာကို ခိုးယူခြင်းသည် အဒိန္နာဒါနမည်၏။ အဒိန္နဟူသည် သူတပါး သိမ်းဆည်းအပ်သော ပစ္စည်းဖြစ်သည်။ ဥစ္စာရှင်သည် ထိုပစ္စည်းကို အလိုရှိတိုင်းသုံးစွဲနိုင်၏။ အပြစ်မရှိ။မကဲ့ရဲ့ထိုက်။ ထိုသူတပါးတို့ သိမ်းပိုက်အပ်သော ပစ္စည်း၌ သူတပါးပစ္စည်း မှန်းသိလျက် ယူသောသူ၏ လုံ့လကို ဖြစ်စေတတ်သော ခိုးသူ၏ဖြစ်ကြောင်းစေတနာသည် အဒိန္နာဒါနမည်၏။၂
လူအများစုတို့သည် သူတပါးပစ္စည်းကို ပိုင်ရှင်မသိခိုက်ယူမှသာ အဒိန္နာဒါနကံမြောက်၏ဟု ထင်တတ်ကြ၏။ အမှန်စင်စစ် ပိုင်ရှင်သိသော်လည်း ဓားပြတိုက်ယူခြင်း၊ လုယက်ခြင်း၊ ရာထူး အာဏာဖြင့်ခြောက်လှန့်၍ယူခြင်း၊ တင်းတောင်းချိန်ခွင်တို့ဖြင့် အလေးခိုး၍ ရောင်းဝယ်ခြင်း ၊အကြပ် ကိုင်၍ ယူခြင်းစသည်တို့မှာလည်း အဒိန္နာဒါနကံမြောက်၏။
ထို့ပြင် သူတပါးပစ္စည်းကို ခိုးယူခြင်းအားဖြင့် တူညီသော်လည်း သင့်ရောက်သောအပြစ်သည် ပစ္စည်းဝတ္ထု၊ ပိုင်ရှင်အပေါ်လိုက်၍ အပြစ်အကြီးအသေးကွဲပြား၏။ တန်ဖိုးနည်းယုတ်ညံ့သည့်ဥစ္စာကို ခိုးခြင်းထက် အဖိုးတန်သည့်ရွှေငွေစသည်ကိုခိုးယူခြင်းက ပို၍အပြစ်ကြီး၏။ ပစ္စည်းဝတ္ထုတူမျသော် လည်း သီလစသောဂုဏယုတ်နိမ့်သောသူ၏ ဥစ္စာကို ခိုးယူခြင်းထက် သီလစသောဂုဏကြီးမြတ်သူ၏ ဥစ္စာကို ခိုးယူခြင်းက ပို၍ အပြစ်ကြီးလေ၏။
၂း၆း၂း၁။ အဒိန္နာဒါနကံအင်္ဂါ(၅)ပါး
သူတစ်ပါးပိုင်ဥစ္စာကိုခိုးယူရာ၌ အောက်ပါအင်္ဂါ(၅)ပါးနှင့်ပြည့်စုံရလျင် အဒိန္နာဒါနကံမြောက် ၏။ ယင်းတို့မှာ-
၁။ သူတစ်ပါးတို့၏ဥစ္စာဖြစ်ခြင်း၊
၂။ သူတစ်ပါးတို့၏ ဥစ္စာဟုသိရှိခြင်း၊
၃။ ခိုးယူလိုသောစိတ်ရှိခြင်း၊
၎။ ခိုးယူလိုသောစိတ်ဖြင့်လုံ့လပြုခြင်း၊
၅။ ခိုးယူခြင်း၃တို့ဖြစ်သည်။
ဤအင်္ဂါ(၅)ပါးနှင့်ပြည့်စုံလျင် ကမ္မပထမြောက်၏။ အင်္ဂါတစ်ပါးပါးချွတ်ယွင်းပါက ကမ္မပထ မမြောက်ပေ။
၂း၆း၂း၂း။ အဒိန္နာဒါနကံ၏ဆိုးကျိုးများ
အဒိန္နာဒါနကံ ကျူးလွန်သူသည် အပါယ်ဒုဂ္ဂတိသို့ ကျရောက်ရပြီး သုဂတိဘ၀ကို ရသောအခါ၌ လည်း လူ့လောကအလယ် မတင့်မတယ်ဥစ္စာမွဲသူအဖြစ်သို့ ရောက်ရ၏။ အဒိန္နာဒါနကံကျူးလွန်သူတို့ ခံစားရမည့်ဆိုးကျိုးများမှာ--
၁။ ပစ္စည်းဥစ္စာနွမ်းပါး၍ ဆင်းရဲရခြင်း၊
၂။ ကိုယ်စိတ်နှစ်ပါးဆင်းရဲရခြင်း၊
၃။ အစာရေစာငတ်မွတ်ခြင်း၊
၎။ အလိုရှိသည့်အရာကို မရရှိနိုင်ခြင်း၊
၅။ ပစ္စည်းဥစ္စာရှိပြန်လျင်လည်း မတည်မမြဲခဏချင်းပျက်စီးတတ်ခြင်း၊
၆။ ရေမီးမင်းခိုးသူအမွေခံသားဆိုးသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့ဖျက်ဆီးမှုကြောင့် ပစ္စည်းဥစ္စာ ပျက်စီးရခြင်းစသည့် ဆိုးကျိုးတို့ကိုခံစားရ၏။
ဤသို့သောဆိုးကျိုးတို့ကို မှတ်ရလွယ်စေရန် ရှေးဆရာတို့က-
'' အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုး အပြား၊ရန်မျိုးငါးကြောင့်၊ မျက်ပြားဥစ္စာ၊ပြစ်များစွာသည်၊ ရှောင်က အပြန်အကျိုးတည်း။ ''ဟု လင်္ကာစပ်ဆိုတော်မူခဲ့ကြ၏။၁
၂း၆း၂း၃။ အဒိန္နာဒါနကံမှ ရှောင်ကြဉ်ရကျိုးများ
လူသားတိုင်းသည် မိမိတို့အသက်ရှင်နေထိုင်စဉ်အတွင်း ချမ်းချမ်းသာသာနေလိုကြ၏။ ပစ္စည်းဓန ချမ်းသာကြွယ်ဝရန် အမျိုးမျိုးအဖုံဖုံကြိုးစားကြ၏။ ထိုသို့ ကြိုးစားရာ၌ သူတပါး တို့၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်သင့်၏။သူတပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်သူတို့သည် ဖြစ်လေရာဘ၀တွင် ကြီးကျယ်သောဥစ္စာပစ္စည်းရှိခြင်း၊ ဆန်ရေစပါးပေါများခြင်း၊ အတိုင်းမသိသော စည်းစိမ်ဥစ္စာရရှိခြင်း၊မရရှိသေးသော စည်းစိမ်ဥစ္စာများရရှိခြင်း၊ ရပြီးသောစည်းစိမ်ဥစ္စာများ အမြဲတည် ခြင်း၊အလိုရှိသောစည်းစိမ်ဥစ္စာများကို လျင်မြန်စွာရရှိခြင်း၊ မိမိတို့၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါး တို့ မဖျက်ဆီးနိုင်ခြင်း၊သူတပါးမရရှိနိုင်သော ဥစ္စာရရှိခြင်း၊လောကတွင် အမြတ်ဆုံးဥစ္စာရှင်ဖြစ်ခြင်း၊ မရှိဟူသောစကားကို မကြားရခြင်း၊ ချမ်းချမ်းသာသာနေထိုင်ရခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိခံစားနိုင်၏။၂
၂း၆း၃။ ကာမေသုမိစ္ဆာစာရအဓိပ္ပါယ်
ကာမေသုမိစ္ဆာစာရပုဒ်သည် ကာမသုနှင့်မိစ္ဆာစာရဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားသည့် အလုတ္တသမာသ်ပုဒ်ဖြစ်သည်။ ကာမပုဒ်သည် ၀တ္ထုကာမ၊ ကိလေသာကာမ၊ လိုချင်တောင့်တခြင်း၊ မေထုန်၊အလိုအတိုင်းဖြစ်ခြင်း၊ခွင့်ပြုခြင်းဟူသော အနက်တို့ကို ဟော၏။၃ ဤကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်၌ ကာမအရ မေထုန်အနက်ကိုယူရမည်။မေထုန်ဟူသည် ရုန့်ရင်းကြမ်းတမ်းသော ရေဆေး ခြင်းလျင်အဆုံးရှိသော ကွယ်ရာအရပ်၌ ပြုကျင့်ရသည့် တပ်ခြင်းတူသော ယောက်ျားမိန်းမနှစ်ဦးသား တို့၏အကျင့်ကို ခေါ်ဆိုခြင်း ဖြစ်၏။ ထိုအကျင့်နှင့်စပ်၍ ဗုဒ္ဓဘာသာက မရှောင်လွဲသာသော ပုထုဇဉ် လူသားများအဖို့ စည်းမျဉ်းသတ်မှတ်ပေးခဲ့၏။သို့ဖြစ်၍ လူတို့ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမည့်(၅)ပါး သီလတွင် တတိယမြောက်အဖြစ် ''ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ=မိမိမယား မှ တပါးသော အခြားသူတို့၌ ယုတ်မာသောမေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ် သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏''ဟူသည့် စည်းမျဉ်းကို ချမှတ်ပေးခဲ့၏။
ထိုတွင် ကာမေသုမိစ္ဆာစာရဟူသည် သူတပါးသားမယား(အိမ်ရာ)၌ မှားမှားယွင်းယွင်း ကျူးလွန်ပြစ်မှားခြင်းကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် မေထုန်မှီဝဲလိုသဖြင့် ကာယကံမြောက် မသွားမလာထိုက်သောသူတို့၌ မှီဝဲကျူးလွန်ကြောင်းစေတနာကို ကောက်ရ၏။၁ ၄င်းကာမေသုမိစ္ဆာ စာရကံသည် သီလစသည့် ဂုဏ်မရှိသူ၌ လွန်ကျူးခြင်းထက် သီလစသည့်ဂုဏ်ရှိသူ၌ လွန်ကျူးခြင်းက အပြစ်ပိုကြီး၏။၂
၂း၆း၃း၁။ ကာမေသုမိစ္ဆာစာရ အင်္ဂါ (၄)ပါး
ကာမေသုမိစ္ဆာစာရကံ၌ ကမ္မပထမြောက်သည့် အင်္ဂါ(၄)ပါးရှိ၏။ယင်းတို့မှာ-
၁။ မသွားမလာထိုက်သော အဂမနီယ၀တ္ထုဖြစ်သည့် မိန်းမ (၂၀) ဖြစ်ခြင်း၊
၂။ ထိုဝတ္ထုတို့၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့် စိတ်ရှိခြင်း၊
၃။ မှီဝဲရန် လုံ့လပယောဂ ပြုခြင်း၊
၎။ မှီဝဲပေါင်းသင်းဆက်ဆံရာ၌ သာယာခြင်း ဟူ၍ဖြစ်သည်။၃
ယင်းအင်္ဂါလေးပါးနှင့်ပြည့်စုံလျင် ကာမေသုမိစ္ဆာစာရကမ္မပထမြောက်၏။ တစ်ပါးပါးချွတ်ယွင်းလျင် ကမ္မပထမမြောက်ဟု မှတ်အပ်၏။
၂း၆း၃း၂။ မသွားမလာထိုက်သောမိန်းမ(၂၀)
အထက်ပါအင်္ဂါ(၄)ပါး၌ နံပါတ်(၁)အင်္ဂါတွင်ပါဝင်သည့် မသွားမလာထိုက်သော အဂနီယ ၀တ္ထုဖြစ်သည့် မိန်းမ(၂၀)နှင့်စပ်၍ ဤနေရာ၌ တင်ပြလို၏။ယင်းတို့မှာ-
၁။ မိခင်စောင့်ရှောက်အပ်သောမိန်းမ၊
၂။ ဖခင်စောင့်ရှောက်အပ်သောမိန်းမ၊
၃။ မိဘနှစ်ပါးလုံးစောင့်ရှောက်အပ်သောမိန်းမ၊
၎။ မောင်ကြီးမောင်ငယ် စောင့်ရှောက်အပ်သောမိန်းမ၊
၅။ အစ်မ၊ညီမတို့စောင့်ရှောက်အပ်သောမိန်းမ၊
၆။ ဆွေမျိုးတို့စောင့်ရှောက်အပ်သောမိန်းမ၊
၇။ အနွယ်တူတို့ စောင့်ရှောက်အပ်သောမိန်းမ၊
၈။ သီတင်းသုံးဖော်တို့ စောင့်ရှောက်အပ်သောမိန်းမ၊
၉။ ကိုယ်ဝန်တည်စကစ၍ မယားအဖြစ်လက်ထပ်ယူရန် တောင်းရမ်း သတ်မှတ်သိမ်းဆည်းခံထား ရသောမိန်းမ၊
၁၀။ 'ဤမိန်းမကို သွားလာလျင် ဒဏ်သင့်စေ'ဟု မင်းအမိန့်ထုတ်ခံထားရသောမိန်းမ၊
၁၁။ ဥစ္စာဖြင့်ဝယ်ယူထားသောမိန်းမ၊
၁၂။ အလိုတူ၍ ပေါင်းသင်းနေသောမိန်းမ၊
၁၃။ စည်းစိမ်အတွက်သွားရောက်နေထိုင်သောမယား၊
၁၄။ အ၀တ်တန်ဆာဆင်ပေး၍ ပေါင်းသင်းခံရသောမယား၊
၁၅။ လူကြီးစုံရာလက်ထပ်ပေါင်းသင်းထားသောမယား၊
၁၆။ ထင်းခွေရေခပ်လုပ်ကိုင်သောမိန်းမအား ထိုအလုပ်ကိုမလုပ်စေဘဲ မယားအဖြစ်ပေါင်းသင်းခံရ သောမယား၊
၁၇။ မယားအဖြစ်သိမ်းပိုက်ခံထားရသောအလုပ်သမ၊
၁၈။ မယားအဖြစ်သိမ်းပိုက်ခံထားရသောအလုပ်သမ၊
၁၉။ စစ်အောင်၍ ဆောင်ယူအပ်သော သုံ့ပန်းမယား၊
၂၀။ ခေတ္တငှါးရမ်းပေါင်းသင်းထားသောမယား ဟူ၍ဖြစ်သည်။၁
ယောက်ျားတို့အား မိမိမယားမှတပါး အထက်ပါမိန်းမ(၂၀)တို့ကို လွန်ကျူးခဲ့သော် ကာမေသုမိစ္ဆာကံ ထိုက်၏။
အထက်ပါမိန်းမ(၂၀)တို့တွင် အမှတ်(၁)မှ အမှတ်(၈)ထိသော မိန်းမတို့သည် မိမိတို့၏ ကာမအတွေ့ကို မိမိတို့ပင်ပိုင်ဆိုင်၏။ထိုမိန်းမတို့သည် ယောက်ျားတို့နှင့် ကာမဆက်ဆံသော် ကာမေသုမိစ္ဆာစာရကံမထိုက်။ သွားလာဆက်ဆံသော ယောက်ျားတို့သာ ကံထိုက်၏။ အမှတ်(၉)မှ အမှတ်(၂၀)ထိသော မိန်းမတို့ကား မိမိတို့၏ ကာမအတွေ့ပိုင်ရှင် ရှိပြီးဖြစ်သောကြောင့် ပိုင်ရှင် ယောက်ျားမှတပါး အခြားယောက်ျားတို့နှင့် ဆက်ဆံသော် ကာမေသုမိစ္ဆာရကံထိုက်၏။၂
၂း၆း၃း၃။ ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးများ
ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်သူသည် မျက်မှောက်ဘ၀၌ပင် ဘေးရန်အမျိုးမျိုးနှင့် တွေ့ကြုံ ၍ ကိုယ်စိတ်ဆင်းရဲရ၏။ တမလွန်ဘ၀တွင်လည်း အပါယ်လေးဘုံသို့ ကျရောက်ရ၏။ အပါယ်လေးဘုံမှ လွတ်၍ လူဖြစ်ပြန်လျင်လည်း ထိုကံ၏ အကျိုးဆက်ကြောင့်-
၁။ မလိုမုန်းထားသူပေါများခြင်း၊
၂။ ရန်သူပေါများခြင်း၊
၃။ လာဘ်လာဘပစ္စည်းဥစ္စာရှားပါးခြင်း၊
၎။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခမှ ကင်းဆိတ်ခြင်း၊
၅။ မိန်းမဖြစ်ရခြင်း၊
၆။ မိန်းမမဟုတ် ယောက်ျားမဟုတ် နပုံးပဏ္ဍုတ်ဖြစ်ရခြင်း၊
၇။ ယောက်ျားဖြစ်သော်လည်း ယုတ်ညံ့သောအမျိုး၌ ဖြစ်ရခြင်း၊
၈။ မျက်နှာပျက် အရှက်တကွဲဖြစ်ခြင်း၊
၉။ ကိုယ်လက်အင်္ဂါ ချို့ယွင်းသေးသိမ်ခြင်း၊
၁၀။ စိုးရိမ်ကြောင့်ကြအားကြီးရခြင်း၊
၁၁။ ချစ်သူနှင့် ကွေကွင်းရခြင်း စသည့်ဆိုးကျိုးများကို ခံစားရတတ်၏။၁
ထိုဆိုးကျိုးများနှင့်စပ်၍ မှတ်သားလွယ်စေရန် ရှေးဆရာတို့က ဤသို့လင်္ကာစပ်ဆိုတော်မူ ခဲ့ကြ၏။'' မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ချမ်းသာ ဆိတ်၏၊ဣတ္ထိပဏ္ဍုတ်၊မျိုးယုတ်ခါခါ၊မျက်နှာမလှ၊အရှက်ရလျက်၊လက္ခဏဣနြေ္ဒ၊ယွင်း သွေချို့သိမ်၊စိုးရိမ်များစွာ၊ချစ်သူကွာသည်၊ရှောင်ခါအပြန်အကျိုးတည်း။''၂
၂း၆း၃း၎။ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရကျိုးများ
ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်သူတို့သည် အောက်ပါအကျိုးများကို ခံစားရနိုင်၏။ထိုအကျိုးများမှာ-
၁။ ရန်သူကင်းခြင်း၊
၂။ လူအပေါင်းတို့ ချစ်ခင်မြတ်နိုးခြင်း၊
၃။ စားဝတ်နေရေး အဆင်ပြေခြင်း၊
၎။ ချမ်းသာစွာ အိပ်ရ နိုးရခြင်း၊
၅။ မိန်းမ ပဏ္ဍုတ်မဖြစ်ခြင်း၊
၆။ အမျက်မထွက်ခြင်း၊
၇။ ဇနီးမောင်နှံအချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၈။ ကိုယ်အင်္ဂါလက္ခဏာပြည့်စုံခြင်း၊
၉။ စိုးရိမ်ကြောင့်ကြမှု နည်းပါးခြင်း၊
၁၀။ ချမ်းသာစွာ နေထိုင်ရခြင်း၊
၁၁။ ဘေးရန်ကင်းခြင်း၊
၁၂။ ချစ်သူတို့နှင့် မကွေမကွင်းခြင်း စသည်တို့ဖြစ်သည်။၁
၂း၆း၎။ မုသာဝါဒအဓိပ္ပါယ်
ငါးပါးသီလတွင် စတုတ္ထမြောက်သိက္ခာပုဒ်ဖြစ်သည့် မုသာဝါဒသိက္ခာပုဒ်ကို 'မုသာဝါဒါ ဝေရမဏိသိက္ခာဒံ သမာဒိယာမိ=လိမ်လည်လှည့်စား မုသားစကားပြော ကြားခြင်းမှ ရှောင်ကြဉ် ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ ဟုရွတ်ဆို ဆောက်တည်ရ၏။
ထိုတွင် မုသာဝါဒဟူသောပုဒ်သည် မုသာနှင့်ဝါဒဟူသောပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ထင်ရှားမရှိမဟုတ်မှန်သော အကြောင်းအရာကို မုသားဟုခေါ်၏။ ထင်ရှားမရှိမဟုတ်မှန်သော အကြောင်းအရာကို ထင်ရှားရှိဟုတ်မှန်သောအားဖြင့် သိစေခြင်းကို ၀ါဒ ဟုခေါ်၏။၂ သို့ဖြစ်၍ မုသာဝါဒဟူသည် ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန် ပြောဆိုမှုကို ရှေးရှုသောသူ၏ သူတပါးအကျိုး စီးပွါးကို ပျက်ပြားစေတတ်သော ကိုယ်ဖြင့် လိမ်ညာခြင်း၊ နှုတ်ဖြင့်လိမ်ညာခြင်းတို့ကို ဖြစ်စေတတ်သည့် အကုသိုလ်စေတနာပင် ဖြစ်၏။၃
ထိုမုသာဝါဒသည် မိမိ၏ လိမ်လည်မှုကြောင့် သူတပါး၏ အကျိုးစီးပွါးပျက်စီးမှု အနည်း အများအပေါ်မူတည်၍လည်းကောင်း၊ အလိမ်ခံရသူ၏ သီလစသည့်ဂုဏ်ရှိ မရှိအပေါ် မူတည်၍ လည်းကောင်း အပြစ်ကြီးငယ်ကွဲပြား၏။ မိမိ၏ လိမ်လည်မှုကြောင့် သူတပါး၏ အကျိုးစီးပွား အနည်းငယ်သာပျက်စီးလျင် အပြစ်သေးငယ်၍ ပျက်စီးဆုံးရှုံးများလျင် အပြစ်ပိုကြီး၏။ အလိမ်ခံရသူက သီလစသည့်ဂုဏ်မရှိလျင် အပြစ်သေးငယ်၍ သီလစသည့်ဂုဏ်ရှိသူဖြစ်လျင် အပြစ်ပိုကြီး၏။
၂း၆း၎း၁။ မုသာဝါဒအင်္ဂါ(၄)ပါး
မုသားပြောရာ၌ အင်္ဂါ(၄)ပါးရှိ၏။ ထိုအင်္ဂါတို့မှာ-
၁။ မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
၂။ ချွတ်ယွင်းလွဲမှားစေလိုသောစိတ်ရှိခြင်း၊
၃။ ထိုစိတ်မျိုးဖြင့် သူတပါးအား လိမ်ညာရန်အားထုတ်ခြင်း၊
၎။ အလိမ်ခံရသူက လိမ်သည့်အတိုင်း ယုံကြည်ခြင်း ဟူ၍ ဖြစ်သည်။၎
အထက်ထက်သိက္ခာပုဒ်တို့၌ ဆိုင်ရာအင်္ဂါများနှင့် ပြည့်စုံလျင် ကမ္မပထမြောက်၏။ ဤမုသာ ၀ါဒသိက္ခာပုဒ်၌ကား မုသာဝါဒအင်္ဂါ(၄)ပါးနှင့် ညီညွတ်သော်လည်း သူတပါး၏ အကျိုးစီးပွားပျက်စီးမှု မရှိလျင် ကမ္မပထမမြောက်။ ကမ္မမတ္တ=ဒုစရိုက်ကံဖြစ်ရုံသာဖြစ်၏။ သိက္ခာပုဒ်သီလပျက်ရုံသာဖြစ်၏။ အထက်ပါအင်္ဂါ(၄)ပါးနှင့် ပြည့်စုံ၍ သူတပါးအကျိုးစီးပွား ပျက်စီးမှုလည်း ရှိလျင်ကား သိက္ခာပုဒ် လည်းပျက်၏။ ကမ္မပထလည်းမြောက်၏။၁
အသက်အန္တရာယ်စသည်တို့ကြောင့် ကိုယ်လွတ်ရုန်းလို၍ လိမ်လည်ပြောရာ၌ကား မုသာဝါဒ ကမ္မပထမမြောက်ပေ။ သံသုမာရဇာတ်၌ မိချောင်းတစ်ကောင်သည် ဘုရားအလောင်းဝါနရိန္ဒမျောက်မင်း ၏ အသည်းနှလုံးကို တောင်းလေ၏။ ထိုအခါ မျောက်မင်းက 'ငါတို့မျောက်မျိုး၏ အသည်းနှလုံးကား ကိုယ်ထဲ၌ မရှိ။ ရေသဖန်းပင်၌ ချိတ်ထားသည်' ဟုပြော၍ နီရဲနေသော ရေသဖန်းသီးကို လက်ညှိုး ညွှန်ပြခဲ့၏။၂
ပဉ္စာဝုဓဇာတ်၌လည်း ဘုရားအလောင်းပဉ္စာဝုဓမင်းသားသည် တောအုပ်တစ်ခုအတွင်း၌ သိလေသလောမဘီးလူးမကြီးအား''ငါ့ဝမ်းထဲ၌ ၀ရဇိန်လက်နက်ရှိ၏။ ငါ့အား သင်စားသော် အစာမကြေဘဲ အူအပိုင်းပိုင်းပြတ်၍ သေလိမ့်မည်''ဟု ပရိယာယ်ဖြင့် လိမ်လည်လှည့်ပတ်ပြောဆိုရာ သေဘေးမှ လွတ်မြောက်ခဲ့၏။၃ ဤ၀တ္ထုတို့၌ ဘုရားအလောင်းသည် လိမ်ပြောသည်ပင်ဖြစ်သော်လည်း သူတစ်ပါးအကျိုးပျက်စီးရန် မရည်ရွယ်သောကြောင့် မုသာဝါဒကမ္မပထ မမြောက်ပေ။
၂း၆း၎း၂။ မုသာဝါဒကံ၏ ဆိုးကျိုးများ
သူတစ်ပါး၏အကျိုးပျက်စီးဆုံးရှုံးအောင် မုသားစကားပြောဆိုသူတို့သည် ယခုဘ၀၌ပင် လူမှု ရေးဒုက္ခအ၀၀ကို ခံစားရနိုင်သည့်အပြင် နောက်ဘ၀၌လည်း အပါယ်ဘုံများသို့ ကျရောက်ရ၏။ ထိုအပါယ်ဘုံမှ လွတ်၍ လူဖြစ်ပြန်သောအခါ၌လည်း
၁။ စကားမပီသခြင်း၊
၂။ သွားများညီညီညာညာမရှိခြင်း၊
၃။ ခံတွင်းမှအပုပ်နံ့ထွက်ခြင်း၊
၎။ အသားအရေခြောက်ကပ်ခြင်း၊
၅။ မျက်စိနားစသောဣနြေ္ဒများမကြည်လင်းခြင်း၊
၆။ ချွတ်ယွင်းဖောက်ပြန်ပုံဟန်မလှခြင်း၊
၇။ သူတစ်ပါးအပေါ်သြဇာအာဏာမတည်ခြင်း၊
၈။ အပြောအဆိုနှုတ်လျာများကြမ်းတမ်းခြင်း၊
၉။ လျပ်ပေါ်လော်လီစိတ်မတည်ကြည်ခြင်း၎ စသည့်ဆိုးကျိုးများကို ခံစားရ၏။
ယင်းကိုရည်ရွယ်၍ ရှေးဆရာတို့က ''မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊သွား မညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက် သြဇာ၊နှုတ်လျာကြမ်းထော်၊ လျပ်ပေါ်လော်လည်၊စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း''၅ ဟု လင်္ကာစပ်ဆိုတော်မူခဲ့ကြ၏။
၂း၆း၎း၃း။ မုသာဝါဒမှရှောင်ကြဉ်ရကျိုးများ
မုသားစကားပြောကြားခြင်းမှ ရှောင်ကြဉ်သောသူတို့သည် အထက်ပါဆိုးကျိုးများ၏ ဆန့်ကျင် ဘက်ဖြစ်သည့် ကောင်းကျိုးများကို ခံစားရမည့်အပြင် ဖြစ်လေရာဘ၀တို့၌-
၁။ မျက်စိနားစသောဣနြေ္ဒများကြည်လင်ခြင်း၊
၂။ စကားပီသချိုသာပြတ်သားခြင်း၊
၃။ ညီညွတ်၍သန့်စင်သောသွားရှိခြင်း၊
၎။ မ၀လွန်း၊မပိန်လွန်းခြင်း၊
၅။ အရပ်မနိမ့်လွန်း၊မမြင့်လွန်းခြင်း၊
၆။ ကောင်းသောကိုယ်အတွေ့ရှိခြင်း၊
၇။ ခံတွင်းမှမွှေးသောအနံ့ထွက်ခြင်း၊
၈။ မိမိစကားကိုနားထောင်ကြခြင်း၊
၉။ မိမိပြောဆိုသောစကားကိုအများကယုံကြည်ခြင်း၊
၁၀။ နူးညံ့နီမြန်း၍ပါးလွှားသောလျာရှိခြင်း၊
၁၁။ စိတ်တည်ကြည်ခြင်း၊
၁၂။ မလျပ်ပေါ်မလော်လည်ခြင်း၁စသည့် အကျိုးများကို ခံစားရနိုင်၏။
ဤကဲ့သို့ အကျိုးများလှသည့် မုသားစကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းကို လူသားတိုင်း ကျင့်ကြံသင့်လှ၏။ ဘုရားရှင်၏လက္ခဏာတော်ကြီး ၃၂ ပါးအနက် ဧကေကလောမတာလက္ခဏာ= မွေးညှင်းတွင်းတစ်ခုလျင် တစ်ပင်စီသာပေါက်ခြင်းလက္ခဏာ နှင့် ဥဏ္ဏလောမတာလက္ခဏာ=မျက်မှောင် နှစ်ဖက်ကြား၌ နူးညံ့သည့် လဲ ၀ါဂွမ်းနှင့်တူ၍ ဖြူစင်သောဥဏ္ဏလုံမွေးရှင်တော်ပေါက်ခြင်းလက္ခဏာ ဟူသည့် လက္ခဏာတော်ကြီး(၂)ပါးနှင့် ပြည့်စုံခြင်းတို့မှာ ဖြစ်လေရာဘ၀တို့၌ မုသားစကားပြောဆိုမှုမှ ရှောင်ကြဉ်ခဲ့သောကြောင့်ဖြစ်၏။၂ သို့ဖြစ်၍ မုသာဝါဒမှ ရှောင်ကြဉ်မှုကို လူ့အခြေခံကျင့်ဝတ်အဖြစ် လူသားတိုင်းလိုက်နာသင့်၏။
၂း၆း၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာသီလအဖွင့်
ငါးပါးသီလ၏ပဉ္စမမြောက်သိက္ခာပုဒ်ဖြစ်သည့် သုရာမေရယမဇ္ဇပမာဒဋ္ဌာနာသိက္ခာပုဒ်ကို ဆောက်တည်သောအခါ''သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ=မူးယစ်မေ့ လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာ ပုဒ်ကို ဆောက်တည်ပါ၏။ ဟု ရွတ်ဆိုဆောက်တည်ရ၏။
ထိုတွင် သုရာမေရယ ဟူသောသိက္ခာပုဒ်သည် သုရာ နှင့် မေရယ ဟူသော ပုဒ်နှစ်ပုဒ်ကို တွဲစပ်ထားခြင်းဖြစ်၏။ သုရာ ဟူသည် သေရည်ကိုခေါ်ဆိုခြင်းဖြစ်ပြီး မေရယ ဟူသည် အရက်ကိုခေါ်ဆို ခြင်းဖြစ်၏။ ယင်းသုရာနှင့်မေရယသည် အမျိုးအစားအားဖြင့် အသီးသီးငါးမျိုးစီရှိ၏။ ယင်းသုရာနှင့်မေရ ယတို့သည် ယစ်မူးမေ့လျော့စေတတ်၏။ ယင်းတို့ကိုသောက်ရှုလျင် ကုသိုလ်ကောင်းမှုအရေးကို မေ့လျော့စေတတ်၏။ ထို့ကြောင့် ယင်းတို့ကို ပမာဒဋ္ဌာနဟုလည်း ခေါ်၏။၁ သို့ဖြစ်၍ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနဟူသည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက် သုံးမှုဟု သိမှတ်အပ်၏။
ယင်းသေရည်အရက်ကို သောက်သုံးရာ၌ သောက်သုံးသည့်ပမာဏအနည်း အများအပေါ်မှုတည် ၍ အပြစ်ကြီးငယ်ကွဲပြား၏။ တစ်လက်ဖက်မျလောက်သော သေရည်အရက်ကိုသောက်သုံးခြင်းသည် အပြစ်ငယ်၍ တစ်လက်ခုပ်အတိုင်းအရှည်ရှိသော သေရည်အရက်ကိုသောက်သုံးခြင်းက အပြစ်ပိုကြီး၏။ သေရည်သေရက်များစွာသောက်ပြီး ရွာ နိဂုံးစသည်တို့ကို ဖျက်ဆီးမှုပြုသောသူကား ထိုထက်ပို၍ပင် အပြစ်ကြီး၏။၂ ထို့ကြောင့်သေရည်သေရက်ဆိုလျင် နည်းသည်ပင် ဖြစ်စေ များသည်ပင်ဖြစ်စေ ရှောင်ကြဉ်သင့်လှ၏။
၂း၆း၅း၁။ သုရာ(၅)မျိုး
သုရာဟူသည် မုန့်ညက်စသည်ကို ပြုပြင်စီမံချက်လုပ်အပ်သော အရည်များကိုခေါ်ဆိုခြင်း ဖြစ်၏။ ယင်းသုရာသည်(၅)မျိုးရှိ၏။ ၄င်းတို့မှာ-
၁။ ပိဋ္ဌသုရာ=မုန့်ညက်ဖြင့်ပြုလုပ်အပ်သောသေရည်၊
၂။ ပူဝသုရာ=မုန့်ဖြင့်ပြုလုပ်အပ်သောသေရည်၊
၃။ သြဒနသုရာ=ထမင်းဖြင့်ပြုလုပ်အပ်သောသေရည်၊
၎။ ကိဏ္ဏပက္ခိတ္တသုရာ=သေရည်ကိုခပ်လောင်း၍ပြုလုပ်အပ်သောသေရည်၊
၅။သမ္ဘာရသံယုတ္တသုရာ=သစ်မြစ် သစ်သီးအစရှိသော အဆောက်အဦးတို့နှင့် ရောစပ်၍ပြုလုပ် အပ်သောသေရည်၃ဟူ၍ဖြစ်၏။
၂း၆း၅း၂။ မေရယ(၅)မျိုး
မေရယဟူသည် အပွင့်အသီးတို့ကို ထုထောင်းပြီး ရသောအရည်ဖြင့် ကြာရှည်စွာစိမ်အပ်သော အရည်မျိုးကိုခေါ်၏။ ယင်းမေရယသည်(၅)မျိုးရှိ၏။ ၄င်းတို့မှာ-
၁။ ပုပ္ဖာသ၀=သစ်ပွင့်ဖြင့်ပြုအပ်သောအရက်၊
၂။ ဖလာသ၀=သစ်သီးဖြင့်ပြုအပ်သောအရက်၊
၃။ မဓွာသ၀=မုဒရက်အသီးအရည်ဖြင့်ပြုအပ်သောအရက်၊
၎။ ဂုဠှာသ၀=တင်လဲဖြင့်ပြုအပ်သောအရက်၊
၅။သမ္ဘာရသံယုတ္တာသ၀= အထူးထူးသောအဆောက်အဦးတို့၏အရည်ဖြင့် ပြုအပ်သောအရက် ၁ဟူ၍ဖြစ်၏။
ယင်းသုရာ(၅)မျိုးနှင့်မေရယ(၅)မျိုးတို့အပြင်ယခုကာလသုံးစွဲနေကြသော ကဇော်၊ဘိန်း၊ ကိုကင်းဆေးခြောက်၊ ဘီယာစသည့်အရာများကိုလည်း သုရာမေရယ၌ သွင်းယူသင့်၏ ဟု ဘာသာဋီကာဆရာ တော်မိန့်၏။၂
၂း၆း၅း၃။ သုရာမေရယသိက္ခာပုဒ်အင်္ဂါ(၄)ပါး
သုရာမေရယသိက္ခာပုဒ်ပျက်ကြောင်းအင်္ဂါသည်(၄)ပါးရှိ၏။ ယင်းတို့မှာ-
၁။ သုရာမေရယတစ်မျိုးမျိုးဖြစ်ခြင်း၊
၂။ သောက်စားမူးယစ်လိုသောစိတ်ရှိခြင်း၊
၃။ သောက်စားနိုင်ရန်လုံ့လပြုခြင်း၊
၎။ သောက်စားမူးယစ်ခြင်း တို့ဖြစ်သည်။၃
ဤအင်္ဂါလေးပါးနှင့်ညီညွတ်သော်လည်း မူးယစ်သောက်စား၍ အခြားဒုစရိုက်မှုများကို မကျူးလွန်က သီလသာပျက်၏၊ ကမ္မပထမမြောက်ပေ။ သို့သော် မည်သို့သောသောက်စား မူးယစ်ခြင်းပင်ဖြစ်စေ လူမှုရေးရှုထောင့်မှကြည့်လျင် အရက်သေစာသောက်စားမှုမှန်သမျ မကောင်းပါ၊ အရက်သေစာသောက်စားမှုကြောင့် လူမှုဝန်းကျင်၌ အိမ်ထောင်ရေးတာဝန်မကျေပြွန်မှု စသောအပြစ် များစွာဖြစ်ရ၏။
၂း၆း၅း၎။ အရက်သေစာသောက်စားခြင်း၏အပြစ်များ
အရက်သေစာသောက်စားခြင်းကြောင့် မျက်မှောက်ဘ၀၌ပင် ဒုက္ခအဖုံဖုံကြုံရနိုင်၏။ အရက်သေ စာသောက်စားသူသည်-
၁။ စီးပွားဥစ္စာဆုံးရှုံးပျက်စီးခြင်း၊
၂။ သူတစ်ပါးတို့နှင့် ငြင်းခုံခိုက်ရန်မှုများဖြစ်ခြင်း၊
၃။ အနာရောဂါထူပြောခြင်း၊
၎။ မကောင်းသတင်းကျော်စောခြင်း၊
၅။ အရှက်အကြောက်ကင်းမဲ့စွာ လျို့ဝှက်အပ်သောအင်္ဂါတို့ကိုထုတ်ပြတတ်ခြင်း၊
၆။ ဉာဏ်ပညာအားနည်းအောင်ပြုတတ်ခြင်း၎ဟူသည့် ဆိုးကျိုးတို့ကို မျက်မှောက်ဘ၀၌ပင် ကြုံတွေ့ရနိုင်၏။
ထို့အပြင် အရက်သေစာသောက်စားမှုကိုပြုသောပုဂ္ဂိုလ်သည် တမလွန်ဘ၀၌ အပါယ်ဒုဂ္ဂတိသို့ လားရောက်ရ၏၊ လူဖြစ်ပြန်သောအခါ၌လည်း-
၁။ ကိစ္စခပ်သိမ်းတို့၌ အခွင့်အရေးသင့်မသင့်ကို မသိတတ်ခြင်း၊
၂။ ပျင်းရိတတ်ခြင်း၊
၃။ မေ့လျော့မူးရူးတတ်ခြင်း၊
၎။ သူတစ်ပါးကျေးဇူးကိုမသိတတ်ခြင်း၊
၅။ အရှက်အကြောက်မရှိခြင်း၊
၆။ မကောင်းမှုမှန်သမျကိုအလွယ်တကူပြုမိတတ်ခြင်း ၁စသည့် ဆိုးကျိုးများကို တွေ့ကြုံရနိုင်၏။
၂း၆း၅း၅။ အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ရကျိုးများ
''လူကို ဖျက်အရက်''ဟူသကဲ့သို့ပင် အရက်သေစာသောက်စားမှုသည် လူ့ဘ၀တစ်ခုလုံးကို အညွန့်တုံးစေနိုင်သည်ဖြစ်၍ ရှောင်ကြဉ်သင့်လှသည်။ သို့မှသာ လူနေမှုဘ၀ သာယာမည်ဖြစ်၏၊ အရက်သေစာသောက်စားမှုမှ ရှောင်ကြဉ်သူတို့သည် အောက်ပါ အကျိုးများရရှိခံစား နိုင်ကြောင်း ခုဒ္ဒကပါဌအဋ္ဌကထာ၌ ဆိုထား၏။ ယင်းအကျိုးတို့မှာ-
၁။ အမှုကိစ္စအားလုံးတို့၌လျင်မြန်စွာသိတတ်ခြင်း၊
၂။ အမြဲမပြတ်သတိရှိခြင်း၊
၃။ ရူးပေါမှုမရှိခြင်း၊
၎။ ဉာဏ်ပညာရှိခြင်း၊
၅။ မပျင်းမရိလုံ့လ၀ီရိယရှိခြင်း၊
၆။ မထိုင်မှိုင်းမတွေဝေခြင်း၊
၇။ မမေ့မလျော့ခြင်း၊
၈။ ၀စီကံလေးပါးလုံခြုံခြင်း၊
၉။ သူတစ်ပါးကျေးဇူးကိုသိတတ်ခြင်း၊
၁၀။ နှမြောတွန့်တိုမှုမရှိဘဲစွန့်ကြဲပေးကမ်းတတ်ခြင်း၊
၁၁။ သီလရှိခြင်း၊
၁၂။ စိတ်ထားဖြောင့်၍ဒေါသနည်းခြင်း၊
၁၃။ အရှက်အကြောက်ရှိခြင်း၊
၁၄။ အယူမှန်ခြင်း၊
၁၅။ ပညာကြီး၍အကျိုးရှိမရှိ၌လိမ်မာသိမြင်ခြင်း၁စသည်တို့ဖြစ်၏။
အထက်ပါအကျိုးတရားတို့ကိုပိုင်ဆိုင်လိုသူတို့အနေဖြင့် သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်သင့်၏။ ထိုသို့ရှောင်ကြဉ်က ဆိုင်ရာအကျိုးတရားများကို ခံစားရမည့်အပြင် မျက်မှောက် ဘ၀၌လည်း မိမိကိုအမှီပြုသောမိသားစု၊ ပတ်ဝန်းကျင်၏ ကောင်းကျိုးကို မပျက်မကွက်သယ်ပိုး ရွက်ဆောင်နိုင်၏။
ဤပြဆိုပြီးသမျတို့ကား ဂဟဋ္ဌသီလတွင်ပါဝင်သည့် ငါးပါးသီလနှင့်စပ်၍ မှတ်သားဖွယ်ရာ များဖြစ်ပါ၏။ ဤကဲ့သို့သောသီလမျိုးကို မြတ်စွာဘုရားက ပဌမမဟာနာမသုတ်တော်၌ ဘ၀အာမခံချက် ပေးနိုင်သော တရားတစ်ပါးအဖြစ် ဟောကြားတော်မူခဲ့၏။ တစ်ဖန် သီလပျက်စီးခြင်း၏ အပြစ်များကို ဆက်လက်တင်ပြပါမည်။
၂း၇။ သီလပျက်စီးခြင်း၏အပြစ်
ငါးပါးသီလဟူသည် လူသားများ စည်းစနစ်ကျစွာ နေထိုင်တတ်ရန် သွန်သင်သော ကိုယ်ကျင့် တရားဖြစ်၏။ သတ္တ၀ါအချင်းချင်း၊ လူသားအချင်းချင်း ကိုယ်ချင်းစာတရားလက်ကိုင်ထားဖို့ရန်လည်း ဆုံးမထား၏။တစ်ဦး၏တန်ဖိုးကို တစ်ဦးက အသိအမှတ်ပြုကာ အချင်းချင်းလေးစား တန်ဖိုးထား တတ်ရန်လည်း လမ်းညွှန်ပေး၏။ ထိုကိုယ်ကျင့်တရားသည် လူမျိုးဘာသာမရွေးကျင့်သုံးသင့်သော အခြေခံလူ့ကျင့်ဝတ်ဖြစ်၏။ ယင်းကျင့်ဝတ်ကို ဖောက်ဖျက်က တမလွန်ဘ၀ကို မဆိုထားဘိ။ယခုဘ၀ ၌ပင် အောက်ကျနောက်ကျဖြစ်၍ ပွဲမတိုးနိုင်ကြောင်းကို ကျမ်းဂန်များ၌ အောက်ပါအတိုင်းပြဆိုထား၏။
၁။ မေ့လျော့ခြင်းကြောင့် များစွာသော ပစ္စည်းဥစ္စာတို့ ဆုံးရှုံးရခြင်း၊
၂။ မကောင်းသတင်းပြန့်နှံ့ကျော်ကြားခြင်း၊
၃။ ပရိသတ်အပေါင်းသို့ မ၀ံ့မရဲဝင်ရခြင်း၊
၎။ တွေဝေစွာဖြင့် သေရခြင်း၊
၅။ သေပြီးသည့်နောက် ငရဲ၌ ဖြစ်ရခြင်း၂ ဟူ၍ ဆိုးကျိုးများဖြစ်ပွားနိုင်ကြောင်း ပြဆိုထား၏။ထို့အပြင် အင်္ဂုတ္တိုရ်၌ သီလပျက်စီးလျင် တရားထူးမရနိုင်ကြောင်းကို ''သစ်ပင်သည်အခက်အရွက် ပျက်စီးခဲ့သော် ထိုသစ်ပင်၏ အပွေး၊အခွံ၊အခေါက်၊အနှစ်တို့ ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ သီလ ပျက်စီးသောပုဂ္ဂိုလ်များ၌ ကိလေသာတို့မှ လွတ်မြောက် သောဉာဏ်အမြင်တို့ မဖြစ်နိုင်၃ဟု မိန့်ဆို ထား၏။ ဤဒေသနာတို့ကို ရှုပါက သီလမရှိသူအား ဘ၀အာမခံချက်မရှိကြောင်းကား ထင်ရှား ၏။
၂း၈။ သီလရှိက ဘ၀အာမခံချက်ရှိပုံ
လူတို့က 'ကိုယ်ကျင့်တရား'ဟု သုံးနှုံးပြောဆိုကြသော သီလသည် ကျင့်သုံးသူအား ပစ္စုပ္ပုန်ဘ၀ ကိုလည်း သာယာစေ၏။ တမလွန်ဘ၀ကိုလည်း ချမ်းသာစေ၏။ သို့ဖြစ်၍ ယင်းသီလခေါ် ကိုယ်ကျင့် တရားကို နှစ်ဖက်လှတရား ဟုဆိုနိုင်၏။
သီလနှင့်ပြည့်စုံသူသည် အပေါင်းအသင်းဆံ့၏။ပတ်ဝန်းကျင်အကူအညီဖြင့် မိမိစီးပွားရေးကို လွယ်ကူစွာ လုပ်ကိုင်နိုင်၏။ စီးပွားရေးချောမွေ့သဖြင့် စည်းစိမ်ဥစ္စာတိုးပွားနိုင်၏။
ဤလောက၌ ကိုယ်ကျင့်တရားကောင်းသူကိုသာ ခေါင်းဆောင်ခန့်ချင်ကြ၏။ ကိုယ်ကျင့်တရား မရှိသူအား ရှောင်ဖယ်ချင်ကြ၏။ ကိုယ်ကျင့်တရားရှိသူအား ကောင်းသတင်းရနံ့သည် အလိုလိုပင် ပြန့်နှံ့လေသောကြောင့် အချိန်မရွေး ခေါင်းဆောင်ဖြစ်နိုင်ကြ၏။
သီလရှိသူသည် ပွဲလမ်းသဘင်အခမ်းအနားများ၌လည်း မိမိ၏သီလအားကိုးဖြင့် အလိုလိုရဲဝံ့ လျက်ရှိတတ်ကြ၏။ မလုံမလဲဖြစ်မှု၊ ကြောက်ရွံ့မှု မရှိတတ်ကြ။
သီလရှိသူသည် သေခါနီးအခါ၌လည်း သေခြင်းတရားကို မတွေမဝေ ရဲရဲဝံ့ဝံ့ ရင်ဆိုင် နိုင်စွမ်း ရှိတတ်ကြ၏။ ဤသည်တို့ကား ကိုယ်ကျင့်တရားကောင်းလျင် ပစ္စုပ္ပန်ဘ၀၌ တွေ့ကြုံရမည့် သုခများ ဖြစ်ကြ၏။ သေပြီးသည့်နောက် တမလွန်ဘ၀ကျရောက်သည့် အခါ၌လည်း ကောင်းမွန် သည့်ဂတိသို့သာ ရောက်နိုင်၏။ သီလရှိသူအား ဂတိဖောက်ပြန်မှုဟူသည် မရှိ။၁ ဘ၀အာမခံချက်ကို ရထားပြီးသူဖြစ်၏။ ထိုကြောင့် မြတ်စွာဘုရားက ပဌမမဟာနာမသုတ်တော်၌ သီလတရားကို ဘ၀အာမခံချက် ပေးနိုင်သည့် တရားအဖြစ် ဟောကြားခဲ့ခြင်းဖြစ်ပါ၏။ ။
အခန်း (၂) ပြီး၏။
Blog Archive
-
▼
2010
(47)
-
▼
December
(14)
- ခြုံငုံသုံးသပ်ချက်နှင့်ကျမ်းကိုး
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၅)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၄)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၃)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၂)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်း အခန်း(၁)
- မဟာသတိပဋ္ဌာန် ၄ ပါးနှင့် အကျိုး
- သမ္ဗုဒ္ဓေ ပါဠိ ဘာသာပြန်
- သက်ရှည်ကျန်းမာ လေးဂါထာ
- ဗြဟ္ကစိုရ်တရားလေးပါး
- သြကာသရှိခိုးခြင်း၏ အနက်အဓိပ္ပါယ်
- ဗုဒ္ဓ၏ အဆုံးအမ
- ကြီးပွါးကြောင်းတရား
- No title
-
▼
December
(14)
Labels
- article (33)
- Buddhism (1)
- computer (3)
- English Learning Sample(1) (1)
- interview (1)
- photo (2)
- The Buddhist Series (1)
- video (11)
- ကဗျာ (1)
- ကဗျာမဟုတ် စာမဟုတ် (1)
- ကဗျာမဟုတ် စာမဟုတ်(၂) (1)
- ကွန်ပျူတာအခြေခံ (1)
- ဂါထာ (2)
- စိတ်အကြောင်းလေ့လာခြင်း (1)
- နစ်သစ်ကူးလက်ဆောင် (1)
- ဘွဲ့ယူကျမ်းစာ (7)
- ဘာသာပြန် (1)
- ပြန်တူးမိသောအတိတ်များ (1)
- မြန်မာပြန် (1)
- အင်္ဂလိပ်ဝါကျသီကုံးခြင်း (1)
- အင်္ဂလိပ်စကားပြော (2)
- အမှတ်တရစာစု (1)
- အရှင်ဝိစိတ္တ(ကိုးရီးယား) (1)
- ဆောင်းပါး (3)
-ှုဆရာဦးမြကြိုင် (1)
Followers
Powered by Blogger.
Thursday, December 23, 2010
ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၂)
Posted by အလင်းနယ် at 3:04 AM
Labels: ဘွဲ့ယူကျမ်းစာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment