အခန်း(၄)
စာဂအကြောင်းကို လေ့လာခြင်း
၎း၁။ စာဂဟူသည်
ဤအခန်းတွင် ပဌမမဟာနာမသုတ်တော်ပါ ဘ၀အာမခံရရှိရေးအတွက် ပြည့်စုံရမည့် တရားငါးပါးတို့အနက် လေးခုမြောက်ဖြစ်သည့် စာဂဟူသောဝေါဟာရနှင့် ပတ်သက်သော အကြောင်းအရာများကို လေ့လာတင်ပြသွားပါမည်။ စာဂဟူသောပုဒ်ကို သဒ္ဒါကျမ်းတို့၌ '' စဇ္ဇတေ စဇနံ ၀ါ စာဂေါ ''ဟု ၀စနတ္ထပြု၏။ ယင်းဖွင့်ဆိုချက်အရ စွန့်လွှတ်ခြင်းသည် စာဂမည်၏ ဟုမှတ်အပ်၏။ သံယုတ်ဋီကာ၌ ''စဇတိ ဧတေနာတိ စာဂေါ၊ ဒါနံ= စွန့်ကြဲပေးကမ်းလှူဒါန်းကြောင်း ဒါနစေတနာ၁ဟု ဖွင့်၏။ ဤအဖွင့်အရ စာဂနှင့်ဒါနသည် သဘောသွားတူမျ၏ဟု မှတ်အပ်၏။ စာဂကိုဖြစ်စေ၊ ဒါနကိုဖြစ်စေ လူတို့ဝေါဟာရအားဖြင့် ''စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း''ဟု ခေါ်ဝေါ်သမုတ်ကြ၏။
ယင်းစာဂတရားနှင့် ပြည့်စုံသူ၏ အရည်အချင်းကို သတ်မှတ်ရာ၌-
၁။ ၀ိဂတမလမစ္ဆေရ= ၀န်တိုခြင်းဟူသည့်အညစ်အကြေးကင်းခြင်း၊
၂။ မုတ္တစာဂ= လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း၊
၃။ ပယတပါဏိ= ဆေးကြောအပ်သောလက်ရှိခြင်း၊
၎။ ဝေါသဂ္ဂရတ= စွန့်ကြဲမှု၌ မွေ့လျော်ခြင်း၊
၅။ ယာစယောဂ= အလှူခံပုဂ္ဂိုလ်နှင့် ဆက်စပ်နေခြင်း၊
၆။ ဒါနသံဝိဘာဂရတ= ပေးကမ်းခွဲဝေမှု၌ မွေ့လျော်ခြင်း၂ ဟူသော အချက်တို့ဖြင့် တိုင်းတာရ၏။
သို့ဖြစ်၍ စာဂတရားနှင့် ပြည့်စုံလိုပါက ၀န်တိုမှု မစ္ဆရိယအညစ်အကြေးကင်းရ၏။ပစ္စည်း ဥစ္စာ၌ တွယ်တာတပ်မက်မှုလောဘတရားနှင့် နှမြောဝန်တိုမပေးလိုမှု မစ္ဆရိယသဘောကို စာဂတရားဖြင့် ခြေဖျက်ပေးရ၏။ မစ္ဆရိယ=၀န်တိုမှုဟူရာ၌လည်း ကျောင်းကန်တိုက်တာ အရိပ်အာဝါသတို့၌ ၀န်တိုမှု ဖြစ်နိုင်၏။ ယင်းကို အာဝါသမစ္ဆရိယ ဟုခေါ်၏။ တပည့်တကာတကာမ ဆွေမျိုးများ၌လည်း ၀န်တိုမှု ဖြစ်နိုင်၏။ ယင်းကို ကုလမစ္ဆရိယဟုခေါ်၏။ ပစ္စည်းလာဘ်လာဘ၌လည်း ၀န်တိုမှုဖြစ်နိုင်၏။ ယင်းကို လာဘမစ္ဆရိယဟုခေါ်၏။ ကိုယ်အဆင်း ဂုဏ်သတင်းတို့၌လည်း ၀န်တိုမှုဖြစ်နိုင်၏။ ယင်းကို ၀ဏ္ဏမစ္ဆရိယဟု ခေါ်၏။ တရားတော်၌လည်း ၀န်တိုမှုဖြစ်နိုင်၏။ ယင်းကို ဓမ္မမစ္ဆရိယဟု ခေါ်၏။ အထက်ဖော်ပြပါ မစ္ဆရိယတရား(၅)မျိုးကင်းသည့် စိတ်ဓာတ်မျိုးကို စာဂတရား ဟုခေါ်၏။
စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဟူသည့် စာဂပုဒ်ကို ၀ိဿဋ္ဌစာဂ၃=လွတ်လွတ်ကျွတ်ကျွတ် မငြိမကပ်စွန့်ကြဲမှု၊ နိဿင်္ဂပရိစ္စာဂ၄=မတွယ်မတာစွန့်ကြဲမှု၊ နိရပေက္ခပရိစ္စာဂ၅=မငဲ့မကွက်စွန့်ကြဲမှုဟု ဖွင့်ဆိုပါသည်။ ဤဖွင့်ဆိုချက်တို့အရ စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုသူတို့သည် မိမိတို့လှူဒါန်းသည့် လှူဖွယ်ဝတ္ထုတို့အပေါ်၌ ငဲ့ကွက်တွယ်တာခြင်းကင်းရမည်ဖြစ်၏။ တစ်နည်းအားဖြင့် စေတနာသုံး တန်ပြဋ္ဌာန်းရမည်ဖြစ်၏။ အချို့သောပုဂ္ဂိုလ်တို့သည် ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ ဖြူစင်သော်လည်း တစ်စုံတစ်ခုသောအကြောင်းကြောင့် အပရစေတနာ ချို့တဲ့သွားတတ်ကြ၏။ စာဂတရားကို လက်ကိုင်ထားသူတို့သည် မိမိလှူလိုက်သည့် ပစ္စည်းဝတ္ထုအပေါ် မည်သည့်အကြောင်းကြောင့်မျ ငဲ့ကွက်မှုမရှိတော့။ စေတနာသုံးတန် ညီညွတ်စွာပြဋ္ဌာန်း၍ လှူဒါန်းကြ၏။ ယင်းသဘောကို မုတ္တစာဂဟု ခေါ်၏။ ပယတပါဏိ=ဆေးကြောအပ်သောလက်ရှိခြင်းဆိုသည်မှာ စွန့်ကြဲပေးကမ်း လှူဒါန်းမှုပြုလုပ်ရန် အသင့်ရှိနေတတ်ခြင်းမျိုးကို ဆိုလို၏။ ကျရောက်တိုက်ဆိုင်လာသော အကြောင်း တစ်စုံတစ်ရာကြောင့် လှူဒါန်းစွန့်ကြဲမှု ပြုလုပ်ရခြင်းမျိုးမဟုတ်ဘဲ စွန့်ကြဲပေးကမ်းမှုနှင့် စပ်လျင် ကာလ ဒေသ အခြေအနေ မရွေး လှူဒါန်းရန် အသင့်ရှိနေတတ်၏။ အလှူပြုလုပ်ရန်လက်ကို အစဉ်အမြဲဆေးထားတတ်သူဖြစ်၏။
၎း၂။ စာဂနှင့်ဒါနတူ/မတူ
စာဂပုဒ်၏၀စနတ္ထကို အထက်၌ ပြဆိုခဲ့သည့်အတိုင်း စဇ္ဇတေ စဇနံ ၀ါ စာဂေါ၊ စဇတိ ဧတေနာတိ စာဂေါ၊ ဟု မှတ်ယူကာ ဒီယတေ ဒါနံ၊ ဒိယျတိ ဧတေနာတိ ဒါနံ ဟု ထိုထိုကျမ်းစာတို့၌ ဖွင့်ပြကြ၏။ စာဂ၌ စဇဓာတ်နှင့် ဒါန၌ ဒါဓာတ်တို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းမှုဟူသော အနက် သဘောသွား အားဖြင့် တူညီကြ၏။ ထို့ကြောင့် စာဂနှင့် ဒါန ဟူသည် အတူတူပင်ဖြစ်သည် မှတ်ယူ ရန်ရှိ၏။
ပိဋကတ်တော်အချို့နေရာတို့၌ကား ဒါနနှင့် စာဂကို ခွဲခြားကာ ဟောထားသည်တို့ကိုလည်း တွေ့နိုင်ပါသည်။ ဘုရားရှင်သည်
'' ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇ၀ံ မဒ္ဒ၀ံ တပံ။
အက္ကောဓံ အ၀ိဟðသဉ္စ၊ ခန္တိဉ္စ အ၀ိရောဓနံ။''၁ ဟု မင်းကျင့်တရားဆယ်ပါးကို ဟောကြား ရာတွင် ဒါနနှင့်ပရိစ္စာဂ(စာဂ)တို့ကို အင်္ဂါတစ်ခုစီအနေဖြင့် သီးခြားခွဲဟောခဲ့၏။ ထိုမင်းကျင့်တရား (၁၀)ပါးတို့တွင် မင်းတို့မည်သည် မြတ်သော ရဟန်း ပုဏ္ဏား အလှူခံတို့နှင့်တွေ့လျင် လှူဒါန်းခြင်း ဒါန၊ ယုတ်နိမ့်သောအလှူခံ သူဖုန်းစားတို့နှင့်တွေ့လျင် စွန့်ကြဲခြင်း ပရိစ္စာဂ(စာဂ)တို့ကို ပြုလုပ်ရ မည်ဟု ñွှန်ကြားတော်မူခဲ့၏။ ယင်းတို့ကို ရှုလျင် စာဂနှင့်ဒါနသည် အလှူခံပုဂ္ဂိုလ်ကိုလိုက်၍ ကွဲပြား ဟန်ရှိသော်လည်း စွန့်ကြဲပေးကမ်းခြင်းစေတနာဖြင့်ကား အတူတူပင်ဖြစ်၏။ မင်းကျင့်တရား(၁၀)ပါးတွင်ပါဝင်သည့် ဒါနနှင့်ပရိစ္စာဂပုဒ်တို့ကို ဖွင့်ဆိုရာ၌ အဋ္ဌကထာ ဆရာက
၁။ အန္န=ထမင်းစသောစားဖွယ်၊
၂။ ပါန= အဖျော်ယမကာ သောက်ဖွယ်၊
၃။ ၀တ္ထ= အ၀တ်သင်္ကန်း၊
၎။ ယာန=ထီးဖိနပ် စသည့်ယာဉ်၊
၅။ မာလာ= ပန်း၊
၆။ ဂန္ဓ= နံ့သာ၊
၇။ ၀ိလေပန= နံ့သာပျောင်း၊
၈။ သေယျ= အိပ်ရာနေရာ၊
၉။ အာဝါသ= ဇရပ်တန်ဆောင်းကျောင်းသင်္ခမ်း၊
၁၀။ ပဒီပေယျ= ဆီမီး၊ လျပ်စစ်မီးဟူသည့် ဒါန၀တ္ထု(၁၀) ပါးတို့ကို လှူဒါန်းမှုစေတနာသည် ဒါနမည်၏ဟု ဖွင့်ဆိုထား၍ ကြွင်းသည့်လှူဖွယ်တို့ကို လှူဒါန်းမှုစေတနာသည် ပရိစ္စာဂ(စာဂ) မည်၏ ဟု ဖွင့်ဆိုထား၏။၁
ယင်းအဖွင့်ကိုရှုလျင် ဒါနနှင့်စာဂသည် လှူဖွယ်ဝတ္ထုကိုလိုက်၍ ကွဲပြားသော်လည်း စွန့်ကြဲ ပေးကမ်းမှုစေတနာအားဖြင့်ကား အတူတူပင်ဖြစ်၏။ ¤င်းဇာတ်ဋီကာ၌ပင် '' အနာဂတ်သံသရာတွင် ခံစားရမည့်အကျိုးကို မြော်မြင်၍ လှူဖွယ်ဝတ္ထုကို စွန့်လှူသည်ကား ဒါန၊ မျက်မှောက်ဘ၀ အကျိုး ကိုသာ မြော်ခေါ်၍ သူရဲကောင်းအမှုထမ်းစသူတို့အား ပုရိသမေဓ(အမှုထမ်းတို့အား အရည်အချင်း အလိုက် ချီးမြောက်မှု၌ လိမ္မာပါးနပ်ခြင်း) ဟုခေါ်သော သင်္ဂဟတရားအတိုင်း ဆုလာဘ်ပစ္စည်းများကို ပေးစွန့်ခြင်းကား ပရိစ္စာဂဟူ၍ ဖွင့်ပြ၏။၂ ဤအဖွင့်အရလည်း ဒါနနှင့် ပရိစ္စာဂသည် ရည်ရွယ်ချက်ခြင်း ခြားနားသော်လည်း ပေးကမ်းစွန့်ကြဲမှုစေတနာခြင်းကား အတူတူပင်ဖြစ်၏။
တေရသကနိပါတ် ဇာတ်အဋ္ဌကထာ၌လာရှိသည့် ဘုရားအလောင်းတော် အကိတ္တိပုဏ္ဏား ပညာရှိဝတ္ထုဖြင့်လည်း စာဂနှင့်ဒါန၏သဘောသည် ပိုမိုပေါ်လွင်စေ၏။ အလောင်းတော် အကိတ္တိ ပုဏ္ဏားပညာရှိသည် မိဘနှစ်ပါးကွယ်လွန်သွားသောအခါ များစွာသောဥစ္စာတို့ကိုကြည့်၍ သတိ သံဝေဂ ရရှိတော်မူ၏။ '' ဤဥစ္စာများကို စုဆောင်းသူ မိဘဘိုးဘွားတို့ကား ဥစ္စာတို့ကိုစွန့်၍ သွားကြ ကုန်ပြီ။ ငါသည်ကား ဤဥစ္စာနှစ်တို့ကို ယူဆောင်၍သွားပေအံ့''ဟု အကြံရကာ ဘုရင်မင်းမြတ်ထံ အခွင့်ပန်၍ နိုင်ငံအ၀ှန်းကို စည်လှည့်ကြေငြာစေ၏။ ထိုနောက် ရှိသမျပစ္စည်းတို့ကို ခုနစ်ရက်တိုင်တိုင် ပေးလှူတော်မူ၏။ မကုန်နိုင်သောအခါ ''ဤပစ္စည်းများကို အပျော်ပြုသကဲ့သို့ စောင့်၍လှူနေသဖြင့် အကျိုးမရှိ၊ မည်သူမဆို အလိုရှိသောသူများ လာရောက်ယူကြပါစေ''ဟု ကြံ၍ နေအိမ်တိုက်တာ ဘဏ္ဍာကျီကြတို့ကို ဖွင့်လှစ်ထားခဲ့၍ တောထွက်လေ၏။ ဤအလောင်းတော်၏ ဆောင်ရွက်ပုံကို ကြည့်ပါက ပထမခုနစ်ရက်အတွင်းလှူဒါန်းမှုသည်
၁။ အလှူပေးသူ၊
၂။ အလှူခံပုဂ္ဂိုလ်၊
၃။ လှူဖွယ်ဝတ္ထုပစ္စည်း၊
၎။ ပေးလှူကြောင်းစေတနာဟူသည့် အလှူဒါနမြောက်ခြင်း၏ အင်္ဂါလေးပါးနှင့် ပြည့်စုံသောကြောင့် ဒါနပြုသည်ဟု သတ်မှတ်နိုင်၏။ ခုနစ်ရက်ကျော်သောအခါ ပြုသောအလှူ သည်ကား မိမိအနီးအပါးသို့ အလှူခံပုဂ္ဂိုလ်မရောက်မီ စွန့်လွှတ်လှူဒါန်းသည့်အတွက် ပရိစ္စာဂဟု မှတ်ယူနိုင်၏။ ဤသို့လျင် စာဂနှင့်ဒါနသည် လှူဖွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်၊ ရည်ရွယ်ချက်အားဖြင့် အနည်းငယ်မျသာ ထူးခြား၍ တရားသဘောအားဖြင့်ကား တသီးတခြားစီ မဖြစ်နိုင်၊ အတူတူပင်ဖြစ် ၏။ မြင့်မြတ်သော အလှူခံအား ပေးကမ်းမှုကို ဒါနပြုသည်၊ လှူဒါန်းသည်ဟု ခေါ်၍ ယုတ်နိမ့်သော အလှူခံတို့အား ပေးကမ်းမှုကို စွန့်ကြဲသည်ဟု လူတို့ခေါ်ဝေါ်ပြောဆိုသမုတ်ကြ၏။ သဘောအား ဖြင့်ကား လှူဒါန်းသည်ချည်းပင်ဖြစ်၏။ သို့ဖြစ်၍ ဒါနဖြစ်လျင် စာဂ(ပရိစ္စာဂ)ဖြစ်နိုင်၏။ စာဂ(ပရိစ္စာဂ) ဖြစ်လျင်လည်း ဒါနဖြစ်နိုင်၏။ အလှူခံဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ ထိုအလှူခံအား မိမိ၌ထင်ရှား ရှိသော ပစ္စည်းကို ပေးကမ်းခြင်းသည် ဒါနဖြစ်၍ မိမိပစ္စည်းဟူ၍ သိမ်းပိုက်မှတ်ယူထားသောစိတ်ကို ဖျောက်ဖျက် လိုက်ခြင်းသည် စာဂ(ပရိစ္စာဂ) ဖြစ်၏။ မည်သူမဆို မိမိပစ္စည်းကို သူတစ်ပါးအား ပေးကမ်းရာ၌ 'ဤပစ္စည်းကို ငါအသုံးမပြုပြီ' ဟူသော စွန့်လွှတ်ခြင်းပရိစ္စာဂသဘောကို ရှေးဦးစွာဖြစ်စေပြီးမှ သူတပါးတို့အား ပေးကမ်းကြခြင်းဖြစ်သည်။ ပေးလှူကြခြင်းဖြစ်သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှု အရာ၌ ပေးကမ်းခြင်းဒါနဖြစ်လျင် စွန့်ကြဲခြင်းစာဂ(ပရိစ္စာဂ)လည်း ဖြစ်တော့သည်သာဖြစ်၏။
ပါရမီရှုထောင့်မှကြည့်လျင်ကား ဒါနနှင့်စာဂသည် မကွဲပြားပေ။ လောကဝေါဟာရကို မငဲ့ကွက်ဘဲ ဟောတော်မူသော ဗုဒ္ဓ၀င်ပါဠိတော်၌ အယုတ်အလတ်အမြတ်မရွေး ပေးလှူခြင်းကို ဒါနပါရမီဟု ဆိုခဲ့သောကြောင့် ဖြစ်၏။ ပါရမီ(၁၀)ပါး၌လည်း အလှူအယုတ်အမြတ်အလတ်ကို ရွေးချယ်၍ စာဂပါရမီ၊ ဒါနပါရမီဟု သီးခြားမဟောခဲ့ပေ။ ဒါနပါရမီဟုသာ ဟောခဲ့၏။ ထို့ကြောင့် စာဂသည် ဒါန၌ အကျုံးဝင်သည်ဟု မှတ်သင့်၏။ ထို့အတူ အင်္ဂုတ္တိုရ်ပါဠိတော်ဝယ် သဒ္ဓါ၊သီလ၊ဟိရီ၊ သြတပ္ပ၊သုတ၊စာဂ၊ပညာဟူသော သူတော်ကောင်းဥစ္စာ(၇)ပါးကိုဟောရာ၌လည်း စာဂဟုသာ ဟော၍ ဒါနဟု သီးခြားမဟောခဲ့ပေ။ဤသို့မဟောရခြင်းမှာ စာဂဟုဆိုလျင် ဒါနလည်း စာဂတွင် အကျုံးဝင်သွား သောကြောင့် ဖြစ်တန်ရာ၏။
ထို့အတူ စာဂ၊၀ိဿဇ္ဇန၊ဒါန၊ဝေါဿဂ္ဂ၊ပဒေသန၊၀ိဿာဏန၊၀ိတရဏ၊၀ိဟာပိတ၊အပ၀ဇ္ဇန ဟူသောပုဒ်တို့သည် ပေးကမ်းစွန့်ကြဲခြင်းအနက်ကို ဟောသည့် ပရိယာယ်တူပုဒ်များဖြစ်ကြ၏၁ ထိုကြောင့် ဒါနနှင့်စာဂဟူသည် အတူတူပင်ဖြစ်သည်ဟု မှတ်အပ်၏။သို့ဖြစ်၍ ဘုရားရှင်သည် အချို့သောဒေသနာတို့၌ စာဂဟူသောဝေါဟာရနှင့် ဟော၍ အချို့သောဒေသနာတို့၌ ဒါနဟူသော ဝေါဟာရနှင့် ဟောထားခြင်းဖြစ်ကြောင်း သိမှတ်အပ်၏။
၎း၃။ စာဂ၏ လက္ခဏာစသည်
စာဂတရားသည်
၁။ အလှူဝတ္ထုကို ပေးစွန့်ခြင်း လက္ခဏာရှိ၏။
၂။ လှူဖွယ်ဝတ္ထုတို့၌ ငြိတွယ်ခြင်းလောဘကို ဖျက်ဆီးခြင်း(ကိစ္စ) ရသ ရှိ၏။
၃။ ငြိတွယ်မှုသဘောလျင် ထင်သောအခြင်းအရာရှိ၏။ (ငြိတွယ်ခြင်းကင်းသောတရားဟူ၍ ယောဂီ၏ ဉာဏ်၌ ထင်လာတတ်ခြင်း) (တစ်နည်း) ဘ၀နှင့်ပြည့်စုံခြင်း စည်းစိမ်နှင့်ပြည့်စုံခြင်းလျင် ထင်သောအခြင်းအရာရှိ၏။ (လူ့ဘ၀၊နတ်ဘ၀စသောဘ၀နှင့် ပြည့်စုံခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်းအကျိုးကို ဖြစ်စေတတ်သောတရားဟု စဉ်းစားဆင်ခြင်သူ၏ဉာဏ်၌ ထင်တတ်သည်ဟု ဆိုလို၏။)
၎။စွန့်လွှတ်သောပစ္စည်းဝတ္ထုလျင် နီးစွာသောအကြောင်းရှိ၏၂။ (စွန့်လွှတ်အပ်သော ၀တ္ထုမရှိလျင် စိတ်ကူးရုံမျနှင့် စာဂမဖြစ်နိုင်၊ စွန့်လှူဖွယ်ဝတ္ထရှိမှသာ စာဂ(ဒါန)စင်စစ်ဖြစ်နိုင် သောကြောင့် စွန့် လှူအပ်သောပစ္စည်းဝတ္ထုသည် စာဂ၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ဖြစ်ရခြင်းဖြစ်၏။)
၎း၎။ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း(၈)မျိုး
စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းတို့သည်(၈)မျိုးရှိကုန်၏။ ယင်းတို့မှာ-
၁။ အလှူခံပုဂ္ဂိုလ်သည်မိမိ၏ထံမှောက်သို့ရောက်လာသောကြောင့် ပေးလှူခြင်း၊
၂။ သူတပါးတို့ကဲ့ရဲ့မှုကို ကြောက်သဖြင့်လည်းကောင်း၊ အပါယ်ဘေးကို
ကြောက်သဖြင့်လည်း ကောင်း ပေးလှူခြင်း။
၃။ မိမိအားပေးခဲ့ဖူသောကျေးဇူးကို အောက်မေ့၍ပေးလှူခြင်း၊
၎။ တချိန်ချိန်တွင်မိမိအားပြည်လည်၍ ပေးလိမ့်မည်ဟူသောမျော်လင့်ချက်ဖြင့် ပေးလှူခြင်း၊
၅။ အလှူပေးခြင်းသည် ဘုရားအစရှိသောသူတော်ကောင်းတို့ ချီးမွမ်းသောတရား
ဖြစ်သောကြောင့် ပေးလှူခြင်း၊
၆။ မိမိသည် ချက်ပြုတ်စားသောက်သူဖြစ်၍ ချက်ပြုတ်၍ မစားသောက်သူအား ပေးမှ သင့်မည် ဟူသောအသိဖြင့် ပေးလှူခြင်း၊
၇။ ပေးလှူလျင် ကောင်းသတင်းကျော်စောလိမ့်မည်ဟူသော အမြော်အမြင်ဖြင့် ပေးလှူခြင်း၊
၈။ သမထ ၀ိပဿနာစိတ်၏ အဆင်တန်ဆာ၊ အခြံအရံအကျိုးငှာ ပေးလှူခြင်း၊၁ဟူ၍ ဖြစ်ကြ ၏။ ယင်းအလှူရှစ်မျိုးတွင် ရှစ်ခုမြောက်ဖြစ်သည့် သမထ၀ိပဿနာစိတ်၏ အဆင်တန်ဆာ၊ အခြံအရံ အကျိုးငှာ လှူအပ်သောအလှူသည်သာအမွန်မြတ်ဆုံးဖြစ်၏၂ဟု အဋ္ဌကထာဆရာမိန့်ဆို၏။
၎း၅။ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၏ အကြောင်းတရား(၈) ပါး
စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၏ အခြေခံအကြောင်းတရားတို့သည် (၈)ပါးရှိကုန်၏။ယင်းတို့မှာ-
၁။ ချစ်မြတ်နိုးသောကြောင့်ပေးလှူခြင်း၊
၂။ အမျက်ထွက်သောကြောင့်ပေးလှူခြင်း၊
၃။ မိုက်မဲတွေဝေသောကြောင့်ပေးလှူခြင်း၊
၎။ သူတပါးကဲ့ရဲ့မည့်ဘေး၊ အပါယ်ဒုဂ္ဂတိဘေးတို့ကိုကြောက်သောကြောင့်ပေးလှူခြင်း၊
၅။ ''အဘအဘိုးတို့သည် လှူဖူး၏။ ရှေးလူကြီးတို့၏ အမျိုးအနွယ်ကို မယုတ်လျော့စေထိုက်'' ဟု ကြံမိသောကြောင့် ပေးလှူခြင်း၊
၆။ငါသည် ဤအလှူကို လှူ၍ ကိုယ်ခန္ဓာကြွေ သေသည်မှနောက်၌ ကောင်းမှုပြုသော သူတို့၏ လားရောက်ရာဖြစ်သော နတ်ပြည်လောက၌ ဖြစ်ရပေလိမ့်မည်'ဟု ကြံမိသောကြောင့် ပေးလှူခြင်း၊
၇။ ဤအလှူကို လှူသောငါ့အား စိတ်ကြည်လင်ဝမ်းမြောက်နှစ်သက်၏ 'ဟုကြံမိသော ကြောင့် ပေးလှူခြင်း၊
၈။ သမထ၀ိပဿနာစိတ်၏ အဆင်တန်ဆာအခြံအရံအကျိုးငှာ လှူခြင်းတို့ဖြစ်၏။၃
အထက်ပါ အကြောင်းအရာတို့ကို ရှုကြည့်ပါက အလှူပေးရခြင်း၏ အကြောင်းတရားတို့တွင် ကောင်းမွန်သော အကြောင်းတရားများရှိသကဲ့သို့ မကောင်းသောအကြောင်းများကြောင့် ပေးလှူမှုများ ရှိတတ်ခြင်းကိုလည်း တွေ့ရှိနိုင်၏။ မကောင်းသောအကြောင်းများကြောင့် ပေးလှူလျင် ကုသိုလ်ကား ရနိုင်ပါ၏။ သို့သော် ထိုကုသိုလ်မျိုးသည် ဉာဏ၀ိပ္ပယုတ်ကုသိုလ်သာဖြစ်၏။ အကျိုးပေးကား မထက်သန်လှပေ။ အကြောင်းတရားကောင်းကြောင့် ပေးလှူမိသောအလှူမျိုးကား ဉာဏသမ္ပယုတ်ကုသိုလ်မျိုးဖြစ်၏။ အကျိုးပေးလည်း သန်၏။ထို့ကြောင့် အကြောင်းတရား ကောင်းကောင်းဖြင့် အလှူဒါနပြုကာ အကျိုးတရားများကို အပြည့်အ၀ ရယူသင့်၏။
၎း၆။ စာဂအပြား(၂)ပါး
စာဂတရားသည်-
၁။ အာမိသစာဂ
၂။ ဓမ္မစာဂ ဟူ၍ (၂) ပါးအပြားရှိ၏။
ထိုတွင် အာမိသစာဂဟူသည် မိမိပိုင်ဆိုင်သည့် ထမင်းစားဖွယ်သောက်ဖွယ်အစရှိသည်များ၊ ရတနာရွှေငွေအစရှိသည့် သက်မဲ့ပစ္စည်းဥစ္စာရတနာများနှင့် ကျွန်အမှုအလုပ်အကျွေး၊ဆင်ရတနာ၊မြင်း ရတနာအစရှိသည့် သက်ရှိဝတ္ထုများကို စွန့်လှူခြင်းမျိုးကို ခေါ်ဆိုခြင်းဖြစ်၏။
ဓမ္မစာဂဟူသည် တရားကို စွန့်လှူခြင်းဖြစ်၏။ တရားကိုစွန့်လှူခြင်းဟူသည် မိမိကြားနာ မှတ်သားသင်ယူဖတ်ရှုဖူးသော မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သည့်တရားများ၊ သစ္စာတရားများကို သူတပါး တို့အား ဟောဖော်ပြသခြင်းဖြစ်၏။ စာအုပ်စာပေများလှူဒါန်းခြင်း၊ စာပေရေးရာနှင့်ဆိုင်သည့် အသုံး အဆောင်ပစ္စည်းများကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းများသည်လည်း ဤဓမ္မစာဂ၌ပင် ပါဝင်၏။ စာဂတရားသည် ဤသို့နှစ်မျိုးနှစ်စားရှိရာ မည်သည့်စာဂတရားက သာလွန်ကောင်းမြတ်ပါသနည်း ဟုမေးဖွယ်ရာရှိ၏။ မိမိတို့တွင်ရှိသော သက်ရှိသက်မဲ့ပစ္စည်းဥစ္စာရတနာတို့ကို ပေးလှူစွန့်ကြဲခြင်း ဟူသော အာမိသစာဂသည် အလှူခံပုဂ္ဂိုလ်တို့အား မျက်မှောက်ဘ၀လောကီချမ်းသာသုခတို့ကိုသာ တိုက်ရိုက်ပေးစွမ်းနိုင်၏။ သံသရာဝဋ်ကင်းပြတ်ရာ လောကုတ္တရာနိဗ္ဗာန်ချမ်းသာကိုကား တိုက်ရိုက် မပေးစွမ်းနိုင်ပေ။ ပါရမီရင့်ကျက်ပြီးဖြစ်သည့် အလှူခံပုဂ္ဂိုလ်တို့သည်သာ မိမိတို့ရရှိသည့် လှူဖွယ် ၀တ္ထုကိုအမှီပြု၍ သံသရာလွတ်မြောက်ရေးအတွက် ကြိုးပမ်းနိုင်ကြ၏။ မိမိ တတ်ကျွမ်းနားလည် ထားသည့် သစ္စာလေးပါးတရားတို့ကို ဟောဖော်ñွှန်ပြခြင်းဟူသည့် ဓမ္မစာဂသည်ကား အလှူခံပုဂ္ဂိုလ် တို့အား မျက်မှောက်တမလွန်နှစ်တန်၌ လောကီသုခနှင့်လောကုတ္တရာသုခနှစ်မျိုးလုံးကို ပေးစွမ်းနိုင်၏။ ထိုဓမ္မစာဂကို အလှူခံရရှိသည့် အလှူခံပုဂ္ဂိုလ်မျိုးသည် ပစ္စုပ္ပန်အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားသိမြင်ကာ ချမ်းသာစွာနေနိုင်ပြီး တမလွန်ဘ၀လွတ်မြောက်ရေးအတွက်လည်း သုတ်သင်နိုင်၏။ ထို့ကြောင့် မြတ်စွာဘုရားက ''အာမိသစာဂနှင့် ဓမ္မစာဂနှစ်မျိုးတို့တွင်ဓမ္မစာဂသာ အမြတ်ဆုံးဖြစ်၏''၁ ဟု ဟောကြားတော်မူခဲ့၏။ ဓမ္မပဒပါဠိတော်၌လည်း '' သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူတကာတို့တွင် တရားအလှူသည်သာလွန်၏''ဟု ဟောကြားတော်မူခဲ့၏။
၎း၇။ စေတနာနှင့် အလှူခံပုဂ္ဂိုလ်အပေါ်လိုက်၍ အကျိုးပေးပုံ
စွန့်ကြဲပေးကမ်းလှူဒါန်းမှု ပြုလုပ်ကြရာ၌ လူအများစုတို့သည် မိမိတို့လှူဒါန်းမည့် ပစ္စည်း အပေါ် ချိန်တွယ်တတ်ကြ၏။ ပစ္စည်းက တန်ဖိုးနည်းလျင် ရှက်ရွံ့သယောင်ပြုကာ လှူတတ်ကြ၏။ ဗုဒ္ဓဒေသနာတော်အရ စွန့်ကြဲပေးကမ်းလှူဒါန်းမှု၏အကျိုးသည် လှူဖွယ်ပစ္စည်းနည်းခြင်း၊များခြင်း၌ မူမတည်ပေ။အလှူရှင်၏စေတနာအပေါ်၌သာ မူတည်၏။ စွန့်ကြဲပေးကမ်းလှူဒါန်းသောသူ၏ စေတနာထက်သန်လျင်ထက်သန်သည့်အလျောက် အကျိုးခံစားရမည်သာဖြစ်၏။ စေတနာဟူရာ၌ လည်း-
၁။ ပုဗ္ဗစေတနာ၊
၂။ မုဉ္စစေတနာ၊
၃။ အပရစေတနာ ဟူ၍ ၃မျိုးရှိ၏။
ထိုတွင် ပုဗ္ဗစေတနာဟူသည် အလှူမပြုမီကာလ၌ အလှူရှင်၏သန္တာန်ဝယ် ''ငါသည် လောကီလောကုတ္တရာစည်းစိမ်ဥစ္စာတို့၏ အကြောင်းဖြစ်သော ဘ၀အစဉ်အဆက်လိုက်တတ်သည့် အလှူမျိုးကို လှူရပေတော့မည်'' ဟုကြံကာ ဖြစ်ပေါ်လာသော ၀မ်းမြောက်မှုကုသိုလ်စေတနာမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။
မုဉ္စစေတနာဟူသည် လှူဖွယ်ပစ္စည်းဝတ္ထုကို အလှူခံပုဂ္ဂိုလ်၏ လက်သို့ထည့်ကာ စွန့်လှူစဉ် ခဏ၌ ''ငါသည် အနှစ်သာရမရှိသောပစ္စည်းဥစ္စာမှ အနှစ်ရှိသောကုသိုလ်မျိုးစေ့ကို ထုတ်ယူနိုင်ပေ၏။''ဟု ကြံကာ ကြည်လည်ရွှင်ပြသောကုသိုလ်စေတနာမျိုးကို ခေါ်ဆိုခြင်းဖြစ်၏။
အပရစေတနာဟူသည် စွန့်ကြဲပေးကမ်းလှူဒါန်းပြီးနောက် ''ငါသည် ပညာရှိတို့ ချီးမွမ်းသော လှူဒါန်းမှုကို အတုလိုက်၍ ပြုလုပ်လိုက်ရပေပြီ။ ကောင်းလေစွတကား'' စသည်ဖြင့်ကြံကာ ထို ကုသိုလ်ကို အဖန်ဖန်အမှတ်ရ၍ ၀မ်းသာကြည်နူးတတ်သောကုသိုလ်စေတနာမျိုးကို ခေါ်၏။ ယင်းစေတနာ သုံးမျိုးတို့ကို ကာလသုံးပါး၌ ထက်ထက်သန်သန်ဖြစ်စေကာ စွန့်ကြဲပေးကမ်း လှူဒါန်းမှု ပြုသင့်လှ၏။ ယင်းသို့ပြုသော ကုသိုလ်၏အကျိုးသည်လည်း မရေမတွက်နိုင်အောင် များပြားလှ မည်မှာ သေချာ၏။ လောကလူသားတို့ ပြုသမျသော ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မှု၊ နှုတ်မှု၊စိတ်မှုဟူသမျတို့တွင် စေတနာသည် အရေးပါလှ၏။ မည်သည့်ကိစ္စတွင်မဆို စေတနာပါမှ ထမြောက်နိုင်၏။ သို့ဖြစ်၍ 'စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ၀ါစာယ မနသာ' ဟု ဘုရားရှင် မိန့်တော်မူခဲ့၏။ ထို့ကြောင့် ကံမကောင်းလျင် စေတနာ မကောင်း၍ ဖြစ်သည်ဟု သိမှတ်သင့်၏။ မှန်၏။ ကံဟုဆိုရသော စေတနာသည် ကာယကံ ၀စီကံ မနောကံဟု သုံးမျိုးရှိသည့်အနက် ကာယကံဟူသည်မှာ အကောင်းအဆိုးနှစ်မျိုးသောကိုယ်မှုကို ဖြစ်စေတတ်သော ကာမကုသိုလ်၊အကုသိုလ် (၂၀) ကိုခေါ်ခြင်းဖြစ်၏။ ၀စီကံဟူသည် အကောင်း အဆိုး နှစ်မျိုးသောနှုတ်မှုကို ဖြစ်စေတတ်သော ကာမကုသိုလ်၊အကုသိုလ်(၂၀)ပင်ဖြစ်၏။ မနောကံ ဟူသည်မှာ အကောင်းအဆိုးနှစ်မျိုးသောစိတ်မှုကို ဖြစ်စေတတ်သော လောကီကုသိုလ်၊ အကုသိုလ် စေတနာ (၂၉)သည် မနောကံမည်ပေသည်။ ဤ်ကံသုံးပါးကို ရှုပါက စေတနာဟူသမျလည်း အကောင်းချည်း မဖြစ်နိုင်၊ စေတနာဖြင့်ပြုသည်ဆိုတိုင်းလည်း ကံမကောင်းနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် စေတနာက အကုသိုလ်စေတနာဖြစ်နေလျင် အကျိုးပေးကား လှမည်မဟုတ်သောကြောင့် ဖြစ်ပေသည်။ သို့ဖြစ်၍ ကုသိုလ်စေတနာကံအားကောင်းမှ ကံကောင်းမည်ဟူသည်ကိုလည်း သတိပြုသင့်လှ၏။
ထို့အတူ စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို ပြုသူတို့အနေဖြင့် မလှူခင်၊ လှူဆဲ၊ လှူပြီး ဟူသော ကာလသုံးပါးတို့၌ စေတနာသုံးတန်အားကောင်းပါမှ အကျိုးပေးအားကောင်းမည်ဟု မှတ်အပ်၏။ ထိုထိုကျမ်းစာတို့၌ စေတနာသုံးတန်အားကောင်းလှ၍ အကျိုးပေးသန်လှပုံ၊ စေတနာသုံးတန် အားမကောင်း၍ အကျိုးပေးညံ့ဖျင်းလှပုံသာဓကတို့လည်း များစွာပင်ရှိ၏။ ထိုသာဓကများကို 'စေတနာချို့တဲ့လျင်'ဟူသည့်ခေါင်းစဉ်ဖြင့် သီးသန့်တင်ပြပါမည်။
တစ်ဖန်အလှူတစ်ခု၏ အကျိုးပေးသန်မှု၊ မသန်မှုဟူသည် အလှူခံပုဂ္ဂိုလ် အမျိုးအစားတို့ အပေါ်၌ မူတည်သည်ကိုလည်း တွေ့ရ၏။ ဤလောက၌ အလှူခံပုဂ္ဂိုလ်တို့သည်လည်း များစွာ ရှိရာ၏။ ယင်းတို့အနက် ဥပရိပဏ္ဏာသပါဠိတော်၌ ဟောတော်မူသော အလှူခံပုဂ္ဂိုလ်တို့မှာ (၁၄)ပါးရှိ၏။ ယင်းတို့မှာ-
၁။သဗ္ဗညုမြတ်စွာဘုရား၊
၂။ပစ္စေကဗုဒ္ဓါ၊
၃။အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်၊(ရဟန္တာပုဂ္ဂိုလ်)
၎။အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၅။အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်၊(အနာဂါမ်ပုဂ္ဂိုလ်)
၆။အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
ရ။သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်၊(သကဒါဂါမ်ပုဂ္ဂိုလ်)
၈။သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၉။သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်၊(သောတာပန်ပုဂ္ဂိုလ်)
၁၀။သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
၁၁။သာသနာပအခါဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မ၀ါဒီ၊ကိရိယ၀ါဒီပုဂ္ဂိုလ်၊
၁၂။သီလရှိသောပုထုဇဉ်၊
၁၃။သီလမရှိသောပုထုဇဉ်၊
၁၄။တိရစ္ဆာန် တို့ဖြစ်သည်။၁
ထိုအလှူခံပုဂ္ဂိုလ်တို့နှင့်စပ်၍ မှတ်မိလွယ်စေရန် ရှေးပညာရှင်တို့ကလည်း ''ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာရှစ်ဝ၊ဈာန်ရဗာဟီ၊ နှစ်လီပုထုဇဉ်၊တိရစ္ဆာန်၊လှူခံတစ်ကျိပ်လေး''ဟု အလင်္ကာ စပ်ဆိုတော်မူခဲ့ကြ၏။ ထိုအလှူခံ(၁၄)ပါးတွင်လည်း တိရိစ္ဆာန်ကိုလှူသည်ထက် သီလမရှိသော ပုထုဇဉ်ကို လှူသည်ကအကျိုးကြီးမြတ်ကြောင်း၊ သီလရှိသောပုထုဇဉ်ကိုလှူသည်ထက် သာသနာပ အခါ ၀ိက္ခမ္ဘနပဟာန်ဖြင့် ရာဂကိုပယ်ခွါ ပြီးသော ကမ္မ၀ါဒီ ကိရိယ၀ါဒီပုဂ္ဂိုလ်ကိုလှူသည်က အကျိုးကြီး မြတ်ကြောင်း၊ ကမ္မ၀ါဒီ ကိရိယ၀ါဒီပုဂ္ဂိုလ်ကိုလှူသည်ထက် သောတာပန်ဖြစ်ရန် ကျင့်ကြံသူကို လှူသည်က အကျိုးကြီးမြတ်ကြောင်း၊ သောတာပန်ဖြစ်ရန် ကျင့်ကြံသူကို လှူသည်ထက် သောတာပန် ပုဂ္ဂိုလ်ကိုလှူသည်က အကျိုးကြီးမြတ်ကြောင်း၊သောတာပန်ပုဂ္ဂိုလ်ကို လှူသည်ထက် သကဒါဂါမ် ဖြစ်ရန်ကျင့်ကြံသူကိုလှူသည်က အကျိုးကြီးမြတ်ကြောင်း၊ သကဒါဂါမ်ဖြစ်ရန်ကျင့်ကြံသူကို လှူသည် ထက် သကဒါဂါမ်ပုဂ္ဂိုလ်ကိုလှူသည်က အကျိုးကြီးမြတ်ကြောင်း၊ သကဒါဂါန်ပုဂ္ဂိုလ် ကိုလှူသည် ထက်အနာဂါမ်ဖြစ်ရန် ကျင့်ကြံသူကိုလှူသည်က အကျိုးကြီးမြတ်ကြောင်း၊အနာဂါမ်ဖြစ်ရန် ကျင့်ကြံသူကို လှူသည်ထက်အနာဂါမ်ပုဂ္ဂိုလ်ကိုလှူသည်က အကျိုးကြီးမြတ်ကြောင်း၊ အနာဂါမ် ပုဂ္ဂိုလ်ကို လှူသည် ထက် ရဟန္တာဖြစ်ရန်ကျင့်ကြံသူကိုလှူသည်က အကျိုးကြီးမြတ်ကြောင်း ရဟန္တာ ဖြစ်ရန် ကျင့်ကြံသူကိုလှူသည်ထက် ရဟန္တာပုဂ္ဂိုလ်ကိုလှူသည်က အကျိုးကြီးမြတ်ကြောင်း ရဟန္တာ ပုဂ္ဂိုလ်ကို လှူသည် ထက် ပစ္စေကဗုဒ္ဓါအားလှူသည်က အကျိုးကြီးမြတ်ကြောင်း ပစ္စေကဗုဒ္ဓါအား လှူသည်ထက် ဘုရားရှင် အားလှူသည်က အကျိုးကြီးမြတ်ကြောင်းတို့ကိုလည်း ဟောကြားတော် မူခဲ့၏၊၁
ဤသို့ အဆင့်ဆင့်မြင့်မြတ်ပုံကိုသာ ဟောထားသော်လည်း မည်သည့်ပုဂ္ဂိုလ်တို့အား မလှူရ၊ မည်သည့်ပုဂ္ဂိုလ်တို့အားသာ လှူဒါန်းရမည်ဟု သီးခြားခွဲမဟောခဲ့ပေ။ အကျိုးပေးပုံ အဆင့်ဆင့် ကွာခြားကြောင်းကို ဟောလိုရင်းဖြစ်၏။ ဘုရားရှင်ကိုယ်တော်တိုင်ပင်လျင် အလောင်းတော်ဘ၀က အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ်အမြတ်မရွေးဘဲ လှူဒါန်းခဲ့၏။ အဋ္ဌကထာ၌လည်း တိရိစ္ဆာန် သတ္တ၀ါတို့အား တစ်နပ်စာဝအောင် ပေးလှူလိုက်သောကျွေးမွေးလိုက်သောအလှူသည်ပင် ဘ၀ တစ်ရာတို့၌ အာယု၊၀ဏ္ဏ၊သုခ၊ဗလ၊ပဋိဘာနဟူသော ကောင်းကျိုး(၅)ပါးတို့ကို ပေးနိုင်၏၂ဟု ဖွင့်ဆို ၏။ ထို့ကြောင့် စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို အယုတ်အလတ်အမြတ်မရွေး ပေးလှူအပ်၏ ဟု မှတ်အပ်၏။
၎း၈။ ဒုဿီလရဟန်းအား လှူဒါန်းက အကျိုးရှိ/မရှိ
အထက်ဖော်ပြပါ အလှူခံပုဂ္ဂိုလ် (၁၄) ပါးတွင် ဒုဿီလရဟန်းနှင့်စပ်၍ ဟောကြားချက် သီးခြားမရှိပေ။ အချို့က''ဒုဿီလရဟန်းအား မလှူကောင်း၊ အထက်ပါ (၁၄)ပါးတွင်လည်း ဒုဿီလ ဒါနဟူသည် သာသနာပအတွက်သာ ရည်ñွှန်း၏။ သာသနာတွင်း ဒုဿီလရဟန်းအား လှူဒါန်း ခြင်းသည် အပြစ်သာဖြစ်၏။''ဟု ပြောမိတတ်ကြ၏။ အမှန်အားဖြင့် ဒုဿီလရဟန်းပင်ဖြစ်စေကာမူ ထိုရဟန်းသည် ဗုဒ္ဓဘာသာဖြစ်လေသောကြောင့် အောက်ထစ်ဆုံးအားဖြင့် သရဏဂုံတည်သူ ဖြစ်၏။ သာသနာပ ဒုဿီလပုထုဇဉ်ကိုလှူဒါန်းလျင်ပင် အကျိုးများစွာ ရနိုင်ပါသေးလျင် သာသနာတွင်း ဒုဿီလပုဂ္ဂိုလ်ကိုလှူဒါန်းလျင် အကျိုးရဖို့ရန်မှာ ယုံမှားဘွယ်မရှိ၊ ဧကန်ရမည်သာဖြစ်၏။ မိလိန္ဒပဥှာပါဠိတော်၌လည်း လူဒုဿီလထက် ရဟန်းဒုဿီလက ဘုရား တရား သံဃာ သီတင်းသုံးဖော် တို့၌ ရိုသေလေးစားခြင်း၊ ပါဠိအဋ္ဌကထာသင်ကြားမှု၌ လုံ့လပြုခြင်း၊ သုတများခြင်း၊ သီလပင် ပျက်သော်လည်း ပရိသတ်ဘောင်သို့ ရောက်လတ်သော် သီလ၀န်အသွင်အပြင်ကို ဖြစ်စေနိုင်ခြင်း၊ ကဲ့ရဲ့ခံရမည်စိုး၍ ကိုယ်မှုနှုတ်မှုကို စောင်ရှောက်ခြင်း၊ ကမ္မဋ္ဌာန်းသို့ရှေးရှုစိတ်ရှိခြင်း၊ မကောင်းမှုကို ပြုသော်လည်း ပုန်းလျိုးကွယ်လျိုးပြုကျင့်ခြင်းဟူသည့်အချက်တို့ ပိုမိုသာလွန်ကြောင်း အရှင်နာဂသေနက ဟောကြားခဲ့၏။ တစ်ဖန် ရဟန်းဒုဿီလပုဂ္ဂိုလ်သည် မိမိသီလပျက်စီး သော်လည်း အပြစ်ကင်းသော သင်္ကန်းကို ဆောင်သည်၏အဖြစ်၊ ဘုရားအရိယာတို့နှင့်တူစွာ ဦးပြည်းဖြစ်သည်၏ အဖြစ်၊ ရဟန်းသံဃာအပေါင်းသို့ သက်ဝင်သည်၏အဖြစ်၊ ရတနာသုံးပါးကို ဆည်းကပ်သည်၏ အဖြစ်၊ ကမ္မဋ္ဌာန်း အလုပ်ရှိသူတို့၏ တည်နေရာကျောင်းကန်၌ နေထိုင်သည်၏အဖြစ်၊ သာသနာ တည်တံ့မှုကို လိုလား ရှာမှီးသည်၏အဖြစ်၊ မြတ်သောတရားကို ဟောကြားတတ်သည်၏အဖြစ်၊ တရားလျင် မှီခိုအားထားရာ ရှိသည်၏အဖြစ်၊ ဘုရားသည်သာအမြတ်ဆုံး ဧကန်ဖြစ်၏ဟု ဖြောင့်မတ်သောအယူရှိသည်၏ အဖြစ်၊ ဥပုသ်ပြုသည်၏အဖြစ်တို့ရှိသောကြောင့် မွန်မြတ်သော အလှူ၏ အကျိုးကိုပေးနိုင်၏ဟု မိန့်တော်မူခဲ့၏။
ထို့အပြင် အရှင်နာဂသေနက '' ရေသည်အလွန်နောက်ကျုချွဲပျစ်သော်လည်း ñွန်ပျောင်း ရွှံ့ကြမ်းမြူအညစ် အကြေးကို ပယ်နိုင်သကဲ့သို့လည်းကောင်း၊ ရေနွေးသည် ကျိုက်ကျိုက်ဆူ သော်လည်း အလျံတပြောင်ပြောင် တောက်လောင်သော မီးပုံကြီးကို ငြိမ်းစေနိုင်သကဲ့သို့ လည်း ကောင်း၊ ဘောဇဉ်သည် အရသာမရှိသော်လည်း ဆာလောင်ခြင်း၊ အားနည်းခြင်းကို ပယ်နိုင်သကဲသို့ လည်းကောင်း၊ ရဟန်းဒုဿီလသည် အကျင့်ပျက်သော်လည်း ဒါယကာတို့၏ မြတ်သောအမှုကို အကျိုးရှိစေနိုင်၏ဟု မိန့်တော်မူခဲ့၏။၁
မြတ်စွာဘုရားရှင်ကလည်း ထိုအချက်နှင့်ပတ်သက်၍ ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂ သုတ်၌
'' သီလရှိသောအကြင်ဒါယကာသည် အလွန်ကြည်လင်သောစိတ်ရှိသည်ဖြစ်၍ မွန်မြတ်သောကံ၏ အကျိုးကို ယုံကြည်လျက် တရားသဖြစ်ရအပ်သောအလှူဖွယ်ကို ဒုဿီလရဟန်း တို့အား ပေးလှူ၏။ ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏။ ''၂ ဟု ဟောတော်မူ၏။
သို့ဖြစ်၍ သာသနာတွင်းဒုဿီလရဟန်းတို့အား လှူဒါန်းခြင်းသည် အကျိုးမရှိ၊ အပြစ်သာဖြစ်၏ ဟု မမှတ်အပ်။ အကျိုးရှိမည်မှာ ဧကန်မုချဖြစ်၏။ သို့သော် ဒုဿီလရဟန်း၏ အကျင့်ပျက်မှုကို အားပေးအားပြုသောအလိုဆိုးဖြင့် လှူဒါန်းလျင်ကား အလှူ၏အကျိုးကို အပြည့်အ၀ ရရှိနိုင်မည် မဟုတ်ပေ။ သာသနာ နောက်ပိုင်းကာလ၌ ဒုဿီလရဟန်းတို့အား အလှူဒါနပြုကြရာဝယ် အကျိုးရှိ/ မရှိနှင့်စပ်၍ မြတ်စွာဘုရားကလည်း ''အာနန္ဒာ၊နောက်အခါ၌ ရဟန်းအမည်ခံရုံမျသာဖြစ်၍ သင်္ကန်းလည်ပင်းရောက်သော သီလမဲ့ ယုတ်မာသောရဟန်းတို့သည် ဖြစ်ပေါ်လာကြကုန်လတ္တံ့၊ ထိုဒုဿီလတို့၌ သံဃာကိုရည်မှန်း၍ လှူဒါန်းကြကုန်လတ္တံ့၊ ထိုအခါ၌ သော်လည်း သံဃိကအလှူကို အသေခ်ၤယ် အပၸေမယ် အက်ဳိးရ၏ဟု ငါဘုရားဟောတော်မူ၏။''၃ဟု ဟောတော်မူခဲ့၏။ ဤဟောကြားချက်ကိုရှုပါကလည်း မိမိတို့လှူဒါန်းမည့် ပုဂ္ဂိုလ်သည် ဒုဿီလပင်ဖြစ်ပါစေ သံဃာကို ရည်မှန်း၍ လှူဒါန်းပါက အကျိုးပြီးစီးကြောင်းထင်ရှား၏။ အဘယ်ကြောင့် သံဃာကိုရည်မှန်း၍ လှူဒါန်းရသနည်းဟူမူ သံဃာ၌ဒုဿီလမရှိသောကြောင့် ဖြစ်ပေ၏။၎
သို့ဖြစ်၍ လှူဒါန်းမှုပြုသူတို့အနေဖြင့် သီလရှိသောအလှူခံရဟန်းကို ရှာမတွေ့တော့၍ ဒုဿီလရဟန်းအား လှူဒါန်းမိပါသော်လည်း ထိုအလှူ၏အကျိုးသည် မယုတ်နိုင်ကြောင်း မှတ်သင့်၏။ ထိုဒုဿီလရဟန်းအား မိမိက မကြည်ñိုသော်လည်း ပုဂ္ဂလပသာဒမပါဘဲ သံဃိက အလှူအဖြစ်ဖြင့် သံဃာကို ရည်မှန်းလှူကလည်း အကျိုးမယုတ်နိုင်ကြောင်း နားလည်သဘောပေါက် ရမည်။
၎း၉။ အလှူ၏စင်ကြယ်ခြင်း(၄)မျိုး
စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုကြရာ၌ ငွေကြေးကုန်ကျများစွာ အကုန်ကျခံ၍ဖြစ်စေ၊ အကုန်အကျ အနည်းငယ်သာရှိသော အလှူပင်ဖြစ်စေ အကျိုးသက်ရောက်မှုပမာဏကို တိုင်းတာရာ၌ ထိုအရာ များသည် အရေးမပါလှပေ။ သီလစင်ကြယ်သော အလှူခံပုဂ္ဂိုလ်ထင်ရှားရှိမှု၊ တရားသဖြင့် ဆည်းပူးရှာမှီး ထားသော လှူဖွယ်ဖြစ်မှု၊ အလှူပေးပုဂ္ဂိုလ်၏ သီလစင်ကြယ်မှုတို့သည် သာ အရေးပါ၏။ ဤနေရာ၌ ထိုအရေးပါမှုထဲမှ တစ်ခုခုချွတ်ယွင်းလျင်ကား အလှူ၏အကျိုး ပြီးမြောက်ပါ၏လောဟု မေးဖွယ်ရာ ရှိပါ၏။ ထိုအမေး၏ အဖြေနှင့်စပ်၍ ဥပရိပဏ္ဏာသပါဠိတော်၌ မြတ်စွာဘုရားက-
'' အာနန္ဒာ အလှူ၏စင်ကြယ်ခြင်းတို့သည်လေးပါးရှိကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ-
၁။ လှူသူဘက်မှ သီလစင်ကြယ်၍ အလှူခံဘက်မှ သီလမစင်ကြယ်ခြင်း၊
၂။ အလှူခံဘက်မှ သီလစင်ကြယ်၍ လှူသူဘက်မှ သီလမစင်ကြယ်ခြင်း၊
၃။ လှူသူဘက်မှလည်း သီလမစင်ကြယ် အလှူခံဘက်မှလည်း သီလမစင်ကြယ်ခြင်း၊
၎။ လှူသူဘက်မှလည်း သီလစင်ကြယ်၊အလှူခံဘက်မှလည်း သီလစင်ကြယ်ခြင်း ဟူ၍ဖြစ်၏၁
ထိုလေးမျိုးတွင် အမှတ်(၃)နှင့် အမှတ်(၄) အလှူတို့နှင့်စပ်၍လည်း မြတ်စွာဘုရားက မှတ်ချက်လည်း ပေးတော်မူခဲ့ပါ၏။ အမှတ်(၃)ပါပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်သီလလည်းမရှိ၊ လှူဖွယ်ပစ္စည်းဝတ္ထုကို မတရားသဖြင့်လည်းရ၏။ ကြည်လင်သောစိတ်လည်းမရှိ၊ ကံ၏ အကျိုးကိုလည်း မယုံကြည်ဘဲ သီလမရှိသော ပုဂ္ဂိုလ်အား ပေးလှူလျင် ကြီးကျယ်ပြန့်ပြောသော အကျိုးမရှိဟု မှတ်ချက်ပြုတော်မူ၏။ အမှတ်(၄)ပါပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သီလရှိ၏၊ လှူဖွယ်ပစ္စည်းကိုလည်း တရားသဖြင့် ရအပ်၏။ ကြည်လင်သော စိတ်ရှိ၍ ကံအကျိုးကိုလည်း ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အားပေးလျင် ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏၂ဟု ဟောတော်မူခဲ့၏။ ထို့ကြောင့် ကြီးမား ကျယ်ပြန့်သော အကျိုးကို အလိုရှိသော အလှူရှင်တို့အနေဖြင့် မိမိတို့ကိုယ်တိုင်လည်း သီလဆောက်တည် ထားသင့်၏။ ပစ္စည်းဥစ္စာကိုလည်း တရားသဖြင့် ရှာဖွေသင့်၏။ ကြည်လင်သော စိတ်ရှိကာ ကံ၏အကျိုးကို ယုံကြည်လျက် သီလ၀န်ပုဂ္ဂိုလ်တို့အား စွန့်ကြဲပေးကမ်းလှူဒါန်းသင့်၏။
အထက်ပါ အလှူစင်ကြယ်ခြင်းလေးမျိုးတို့ကို ဤလောကတစ်ခွင်၌ ချသွင်းကြည့်လျင်လည်း အမှန်တကယ်ဖြစ်ပျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်၏။ စည်းစိမ်ဥစ္စာများကို မတရားရှာဖွေဆည်းပူး၍ အလွန်ချမ်းသာကြွယ်ဝသူများသည် မျက်ကန်းယုံကြည်မှုဖြင့် ဘိုးတော်၊ နတ်ကတော်များကို ခြိမ့်ခြိမ့်သဲ အလှူပေးနေသည်များကို တွေ့မြင်ကြားသိရသည်။ အလှူဒါနဟူသမျကို နေရာမရွေး ပုဂ္ဂိုလ်မရွေး ပြုလုပ်သင့်ပါသော်လည်း ယခုကဲ့သို့ သာသနာစည်ပင်ရာကာလ၌ကား သာသနာတွင်းသား သီလ၀န် ပုဂ္ဂိုလ်များကိုမလှူဘဲ သီလမရှိသူများကို လှူဒါန်းသောအလှူသည် ညောင်ပင်ကြီးလောက် လှူမှ ညောင်စေ့လောက်ရနိုင်သော အလှူမျိုးဖြစ်ပါ၏။ ထို့ကြောင့် ဒုလ္လဘတရားများနှင့် တွေ့ဆုံခိုက် တန်ရာတန်ကြေးယူတတ်ရန် အရေးကြီးလှ၏ဟု မှတ်အပ်၏။
တဖန်အထက်ဖော်ပြပါအလှူ၏ စင်ကြယ်ခြင်းလေးမျိုးနှင့်စပ်၍ ပို၍သိသာလွယ်ကူစေရန် ဥပရိပဏ္ဏာသအဋ္ဌကထာ၌ ၀တ္ထုသာဓက(၄)ခုကိုထုတ်ပါမည်။ မြတ်စွာဘုရားသည် အလောင်းတော် ဘ၀၀ယ် သိဝိတိုင်း ဇေတုတ္တရာမြို့၊သဉ္ဇယမင်းကြီးနှင့်ဖုဿထီဒေ၀ီမိဖုရားတို့မှ ဝေဿန္တရာအမည် ရှိသည့် မင်းသားဖြစ်ခဲ့၏။ မွေးသည့်နေ့မှစကာ အလှူဒါနအမြဲတမ်းပြုခဲ့၏။ ၁၆နှစ်အရွယ်တွင် မဒ္ဒဒေ၀ီနှင့် အိမ်ထောင်ကျကာ ဇာလီနှင့်ကဏှာဇိန်ဟူသော သားသမီးနှစ်ဦးကို ရရှိခဲ့၏။ ကလိင်္ဂ တိုင်းသားတို့အား ဆင်ဖြူတော်ကို အလှူပေးမှုကြောင့် တိုင်းသူပြည်သားတို့က စိတ်ဆိုးကာ ဝေဿန္တရာမင်းကို တိုင်းပြည်မှနှင်ထုတ်လိုက်ကြ၏။ မင်းသည် ဇနီးသားသမီးတို့နှင့်အတူ ဟိမ၀န္တာတော၊၀င်္ကတောင်သို့ ထွက်ခဲ့ကာ ရသေ့ဝတ်ဖြင့်နေထိုင်ကြ၏။ တစ်နေ့သ၌ ဇူဇကာပုဏ္ဏား ကြီးသည် ဝေဿန္တရာမင်းကြီးထံ ရောက်လာကာ ဇာလီနှင့်ကဏှာဇိန်တို့ကို အလှူခံသဖြင့် ပေး လှူ၏။၁ ဤအလှူမျိုးကို အဋ္ဌကထာဆရာ က 'ပေးလှူသူသာသီလရှိ၍အလှူခံက သီလမရှိသည့် အလှူအဖြစ်'ဟု သတ်မှတ်၏။
ကလျာဏီမြစ်ကမ်းဝ၌နေသော တံငါသည်သည် အရှင်ဒီဃသောမမထေရ်အား ဆွမ်းသုံးကြိမ် ကပ်လှူခဲ့ဖူးလေ၏။ ထိုတံငါသည် သေရာညောင်စောင်း၌လဲလျောင်းနေခိုက် 'အရှင်ဒီဃသောမ မထေရ်အား လှူဖူးသောဆွမ်းအလှူသည် ငါ့ကိုအပါယ်ဒုဂ္ဂတိမှထုတ်ဆောင်၏'ဟု ပြောခဲ့ဖူးသည် ဟူ၏။ ဤအလှူမျိုးကို အဋ္ဌကထာဆရာက အလှူခံပုဂ္ဂိုလ်သာစင်ကြယ်၍ အလှူပေးပုဂ္ဂိုလ် မစင်ကြယ် သည့်အလှူမျိုးအဖြစ်သတ်မှတ်၏။
ဝဎုမာနအရပ်၌နေသော မုဆိုးတစ်ယောက်သည် သေသူကိုရည်မှန်းကာလှူဒါန်းရာတွင် ဒုဿီလ ပုဂ္ဂိုလ်တစ်ယောက်အား သုံးကြိမ်တိုင်တိုင်လှူဒါန်းမိ၏။ သုံးကြိမ်မြောက်၌ 'ဒုဿီလသည် ငါ့ကို လုယူနေ၏။' ဟု မြည်တမ်း၏။ တစ်ပါးသော သီလ၀န္တရဟန်းကို ပေးလှူသောအခါမှသာ အလှူ၏ အကျိုးရောက်သည်ဟု ဆို၏။ ဤအလှူမျိုးကို အဋ္ဌကထာဆရာက အလှူပေးသည့် ပုဂ္ဂိုလ်နှင့် အလှူခံပုဂ္ဂိုလ်နှစ်ဦးစလုံး သီလမရှိသောအဖြစ်ဟု သတ်မှတ်၏။၂
ကောသလမင်းကြီးသည် မြတ်စွာဘုရားနှင့် နောက်ပါရဟန်းငါးရာတို့အား တစ်ဆယ့်လေး ကုဋေကုန်ကျသည့်အလှူကြီးကို ပေးခဲ့၏။ ဘုရားတစ်ဆူတွင် တစ်ခါသာကြုံဖူးသော ယင်းအလှူမျိုး ကို အသဒိသဒါန=တုနှိုင်းမဲ့အလှူဟု သမုတ်ကြ၏။ ယင်းအသဒိသအလှူကို အလှူပေးပုဂ္ဂိုလ်ဘက်က လည်း စင်ကြယ်၊ အလှူခံပုဂ္ဂိုလ်ဘက်ကလည်း စင်ကြယ်သောအလှူမျိုးဟု အဋ္ဌကထာဆရာက သတ်မှတ်၏။၃
၎း၁၀။အလောင်းတော်တို့၏ စွန့်ခြင်းကြီး(၅)ပါး
ဘုရားအဖြစ်ကို ရည်သန်တောင့်တသော အလောင်းတော်တို့သည် ပါရမီ(၁၀)ပါးတို့ကို ကမ္ဘာပေါင်းများစွာ ဖြည့်ကျင့်ရ၏။ ပါရမီဟူသည် မြင့်မြတ်သောဘုရားအလောင်းအစရှိသူတို့၏ အကျင့် (၀ါ) အလုပ်ကိုခေါ်ဆိုခြင်းဖြစ်၏။ ပါရမီ(၁၀)တို့ကား ဒါနပါရမီ၊သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာ ပါရမီ၊ ၀ီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတို့ပင် ဖြစ်၏။ ထိုပါရမီ(၁၀)ပါးတို့တွင် ဒါနပါရမီသည် ရှေ့ဦးစွာဖြည်ကျင့်ရသော ပါရမီဖြစ်၏။ အလောင်း တော်တို့သည်ဘုရားဆုပန်နိယတဗျာဒိတ်ခံသောဘ၀မှစ၍ နောက်ဆုံးဘုရားဖြစ်သည့် ဘ၀တိုင် အောင် ပါရမီကိုလုံးဝမဖြည့်ကျင့်သောဘ၀ဟူ၍ တစ်ဘ၀မျမရှိ။ အနည်းဆုံးအားဖြင့် ဒါနပါရမီ ကိုသော်လည်း ဖြည့်ကျင့်တော်မူခဲ့ကြ၏။ထိုဒါနပါရမီကို ဖြည့်ကျင့်ရာ၌ ထင်ရှားသည့် စွန့်ကြဲ ပေးကမ်းလှူဒါန်းမှုတို့သည် ငါးမျိုးရှိ၏။ ထိုငါးမျိုးတို့ကို မဟာပရိစ္စာဂ=စွန့်ခြင်းကြီးငါးမျိုးဟု ခေါ်၏။ စာဂ (ပရိစ္စာဂ)= သာမာန် စွန့်လွှတ်မှုထက် ကြီးမားသည့်အတွက် မဟာဂုဏ်ပုဒ်ကို တပ်ထားခြင်း ဖြစ်၏။ ထိုစွန့်ခြင်းကြီးငါးမျိုးနှင့် စပ်၍ ကျမ်းဂန်တို့၌ အသီးအသီး ပြဆိုကြ၏။
မူလပဏ္ဏာသအဋ္ဌကထာ၊အင်္ဂုတ္တိုရ်အဋ္ဌကထာတို့၌-
၁။ အင်္ဂပရိစ္စာဂ၊ ကိုယ်အင်္ဂါကြီးငယ်တို့ကိုစွန့်ခြင်း။
၂။ နယနပရိစ္စာဂ၊ မျက်လုံးကိုစွန့်ခြင်း။
၃။ ဓနပရိစ္စာဂ၊ ဥစ္စာကိုစွန့်ခြင်း။
၎။ ရဇ္ဇပရိစ္စာဂ၊ မင်းအဖြစ်ကိုစွန့်ခြင်း။
၅။ ပုတ္တဒါရပရိစ္စာဂ၊ သားမယားတို့ကိုစွန့်ခြင်းဟူ၍ စွန့်ခြင်းကြီးငါးပါးတို့ကို ဖွင့်ပြတော် မူ၏၁
တစ်ဖန် မူလပဏ္ဏာအဋ္ဌကထာ၌ပင်-
၁။ အင်္ဂပရိစ္စာဂ၊ ကိုယ်အင်္ဂါကြီးငယ်ကိုစွန့်ခြင်း။
၂။ ပုတ္တပရိစ္စာဂ၊ သားမယားကိုစွန့်ခြင်း။
၃။ ရဇ္ဇပရိစ္စာဂ၊ မင်းအဖြစ်ကိုစွန့်ခြင်း။
၎။ အတ္တပရိစ္စာဂ၊ မိမိကိုယ်ကို(အသက်ကို)စွန့်ခြင်း။
၅။ နယနပရိစ္စာဂ၊ မျက်လုံးကိုစွန့်ခြင်း ဟူ၍ ငါးမျိုးပြဆိုတော်မူ၏။၂
တစ်ဖန် ဣတိဝုတ်အဋ္ဌကထာနှင့် ဗုဒ္ဓ၀ံသအဋ္ဌကထာတို့၌လည်း-
၁။အင်္ဂပရိစ္စာဂ၊ ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း။
၂။ အတ္တပရိစ္စာဂ၊ မိမိကိုယ်ကိုစွန့်ခြင်း၊(ဇီဝိတပရိစ္စာဂ၊အသက်ကိုစွန့်ခြင်း၊)
၃။ ဓနပရိစ္စာဂ၊ ပစ္စည်းဥစ္စာကို စွန့်ခြင်း။
၎။ ရဇ္ဇပရိစ္စာဂ၊ မင်းအဖြစ်ကို စွန့်ခြင်း။
၅။ ပုတ္တဒါရပရိစ္စာဂ၊ သားမယားကို စွန့်ခြင်း ဟူ၍ ငါးမျိုးဖွင့်ပြတော်မူ၏။၃
ဝေဿန္တရဇာတကအဋ္ဌကထာ၌လည်း-
၁။ ဓနပရိစ္စာဂ၊ ပစ္စည်းဥစ္စာကို စွန့်ခြင်း။
၂။ အင်္ဂပရိစ္စာဂ၊ ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း။
၃။ ပုတ္တပရိစ္စာဂ၊ သားသမီးကို စွန့်ခြင်း။
၎။ ဘရိယပရိစ္စာဂ၊ မယားကို စွန့်ခြင်း။
၅။ ဇီဝိတပရိစ္စာဂ၊ အသက်ကို စွန့်ခြင်း ဟူ၍ ငါးမျိုးဖွင့်ပြထား၏။၎
သုတ်မဟာဝါဋီကာ၌လည်း-
၁။ အင်္ဂပရိစ္စာဂ၊ ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း။
၂။ နယနပရိစ္စာဂ၊ မျက်လုံးကို စွန့်ခြင်း။
၃။ အတ္တပရိစ္စာဂ၊ မိမိကိုယ်ကို စွန့်ခြင်း။
၎။ ရဇ္ဇပရိစ္စာဂ၊ မင်းအဖြစ်ကို စွန့်ခြင်း။
၅။ ပုတ္တဒါရပရိစ္စာဂ၊ သားမယားတို့ကို စွန့်ခြင်း ဟူ၍ ငါးမျိုးဖွင့်ပြထား၏။၅
အထက်ပါဖွင်ဆိုချက်တို့ကိုရှုလျင် အလောင်းတော်တို့၏ စွန့်ခြင်းကြီးငါးပါးနှင့်စပ်၍ ဤကဲ့သို့ အမည် အနည်းငယ်ကွဲပြားကာ ဖွင့်ထားကြသည်ကို တွေ့ရမည်ဖြစ်၏။ယင်းသို့ အနည်းငယ်မျသော အမည်ကွဲတို့ဖြင့် ဖွင့်ပြကြပါသော်လည်း သဘောသွားကား မကွဲပြားကြပါပေ။ အထက်ပါ အဖွင့်တို့ကို ရှုပါက ကိုယ်မှပြင်ပဖြစ်သည့် ဗာဟိရက၀တ္ထုများအနက်မှ အပြင်ပ ကျဆုံးဖြစ်သည့် ပစ္စည်းဥစ္စာကို စွန့်လှူခြင်းဓနပရိစ္စာဂ၊ အသက်တမျ ချစ်ခင်ကြင်နာအပ်သော သားမယားကို စွန့်လှူခြင်း ပုတ္တဒါရ ပရိစ္စာဂ၊ ကိုယ်ရေးအတွက် အရေးကြီးလှသော မင်းစည်းစိမ်ကို စွန့်လှူခြင်းရဇ္ဇပရိစ္စာဂ ဟူ၍ ပြင်ပ၀တ္ထုများနှင့် စပ်လျဉ်းသည့် ပရိစ္စာဂ(၃)ပါးနှင့် အသက် မသေနိုင်သည့် အင်္ဂါကြီးငယ်နိုင်သည့် အင်္ဂါကြီးငယ်ကိုစွန့်လှူခြင်းအင်္ဂပရိစ္စာဂ၊ အသက်ပင် သေစေနိုင်လောက်သည့် စွန့်ခြင်းမျိုးနှင့် စပ်လျဉ်းသည့် နယနပရိစ္စာဂ၊ အတ္တပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂ ဟူသည့် အတွင်းကျသည့် စွန့်လွှတ်ခြင်း နှစ်ပါးအားဖြင့် သဘောသွားတူလှသည်ကို တွေ့ရမည်ဖြစ်၏။ မျက်လုံးကိုစွန့်ခြင်း၊ ကိုယ်ကိုစွန့်ခြင်းတို့မှာ အသက်သေစေနိုင်သည်ပင်ဖြစ်၍ ဇီဝိတပရိစ္စာဂနှင့် သဘောသွားတူ၏။
အချုပ်အားဖြင့်ဆိုရလျင် ပြင်ပ၀တ္ထုများအတွက် စွန့်ခြင်းကြီးသုံးမျိုး၊ မိမိခန္ဓာကိုယ်အတွက် အသက်သေနိုင်သည့် စွန့်ခြင်းကြီးနှင့် အသက်မသေနိုင်သည့် စွန့်ခြင်းကြီးနှစ်မျိုးအားဖြင့် သဘောသွား တူပေ၏။ ထိုကြောင့် ကျမ်းဂန်အမျိုးမျိုး၌ ကွဲပြားစွာ ဖွင့်ဆိုထားခြင်းမဟုတ်ကြောင်း မှတ်ယူသင့်၏။
အလောင်တော်၏သားမယားကို စွန့်လှူမှုနှင့်စပ်၍ ဤနေရာ၌ စဉ်းစားဖွယ်ရှိသည်မှာ မိမိ၏ မယားနှင့်သားသမီးတို့အား သူတပါး၏ ကျွန်အဖြစ်စွန့်လှူခြင်းသည် ကိုယ်ချင်းစာတရားမရှိသည့် ရက်စက်သောလုပ်ရပ်ပင် ဖြစ်သည်မဟုတ်ပါလော ဟူသည့်အချက်ဖြစ်၏။ လောကထုံးတမ်း အစဉ်အလာအားဖြင့်လည်း သူတပါး၏ကျွန်ဖြစ်နေသူကို ကျွန်အဖြစ်မှ လွတ်အောင်လုပ်ပေးလျင် ထိုသူသည် သူတော်ကောင်းပင်ဖြစ်၏။ ဘုရားအလောင်းတော်သည်ကား ထိုကဲ့သို့မဟုတ်၊ ကျွန်မဟုတ်ဘဲ မင်းမျိုးဖြစ်သည့် မိမိ၏ သားမယားတို့ကို ကျွန်ဇာတ်သွင်းခဲ့၏။ ယင်းသို့ ပြုလုပ် ခြင်းသည် ရက်စက်လွန်းသည့် စိတ်ထားဖြင့်မဟုတ်ဘဲ ဘုရားဖြစ်ကြောင်းတရားတို့သို့ အစဉ်လိုက်မှု ကြောင့်သာ ဖြစ်၏။၁ ရှေးအလောင်းတော်တို့၏ ရှေ့ထုံးအစဉ်အလာကို ကျင့်သုံးမှုကြောင့်ဖြစ်၏။ စွန့်ခြင်းကြီးငါးပါး တို့ကို မဖြည့်ကျင့်ဘဲ ဘုရားမဖြစ်နိုင်ပေ။ လူတို့၏ သဘောမှာ ငါ့ဟာ ငါ့ဥစ္စာဟု စွဲမြဲစွာ သိမ်းပိုက် ထားသည့်အရာများကို သူတပါးအား စွန့်ကြဲပေးကမ်းရန် အလွန်ဝန်လေးလှ၏။သက်မဲ့ပစ္စည်းကိုပင် ပေးလှူရန် လက်တွန့်တတ်၏။ သက်ရှိပစ္စည်းဆိုလျင် ဆိုဖွယ်ရာမရှိတော့ချေ။ သို့သော် အလောင်းတော်တို့ကား အလှူခံပုဂ္ဂိုလ်တို့နှင့် ကြုံလာပါက မည်သည့်အရာကိုမဆို ပေးလှူရန် အသင့်ရှိနေတတ်၏။ အလောင်းတော်တို့မှာ လူသာမာန်တို့မပြုဝံ့သည့် လှူဒါန်းမှုမျိုးကို လှူဒါန်းရဲသည့် စိတ်ဓာတ်ပိုင်ရှင်များ ဖြစ်၏။ ထိုစိတ်ထားဖြင့်သာ အလောင်းတော်သည် မင်းစည်းစိမ် များ၊ မိမိ၏ ကိုယ် အင်္ဂါအစိတ်အပိုင်းများ၊ အမျိုးအနွယ်ကို အရှည်တည်တံ့စေနိုင်သည့် သားသမီးများ၊ ချစ်ခင်မြတ်နိုးလှသည့် ဇနီးမယားနှင့် မိမိ၏အသက်ကိုပင် မငဲ့ကွက်ဘဲ ပေးလှူခဲ့ခြင်းဖြစ်ပါ၏။
ဤဝေဿန္တရာမင်းကြီး၏ သားမယားကို စွန့်ကြဲလှူဒါန်းမှုနှင့် စပ်လျဉ်း၍ အရှင်နာဂသေန နှင့်မိလိန္ဒမင်းတို့၏ အမေးအဖြေသည် စိတ်ဝင်စားစရာကောင်းလှ၍ တင်ပြလိုပါ၏။ မိလိန္ဒ မင်းကြီးသည် ဝေဿန္တရာမင်းကြီး၏ သားသမီးဇနီးမယားတို့အား လှူဒါန်းမှုကို မညှာမတာ ရက်စက်သည့် လုပ်ရပ်အဖြစ် ရှုမြင်နေသူဖြစ်၏။ သို့ဖြစ်၍ 'ကောင်းမှုကို အလိုရှိသောသူသည် သူတပါးကို မဆင်းရဲ စေဘဲ မိမိကိုယ်ကိုသာ ပေးအပ်သည်မဟုတ်ပါလော'ဟု အရှင်နာဂသေနအား မေးလျောက်၏။ ထိုအခါ အရှင်နာဂသေနက 'ဘုရားအလောင်းသည် ပြုနိုင်ခဲသောအမှုကို ပြုခဲ့သည်၏အဖြစ်ကြောင့် လောကဓာတ်တစ်သောင်း၌ ပြန့်နှံ့ကျော်ကြား၏။ ခြေထောက် မကောင်းသော သီလ၀န်သမဏ ဗြဟ္မဏကို ကောင်းမှုလိုလားသူတစ်ယောက်က ယာဉ်ထက်သို့ တင်၍ လိုရာအရပ်သို့ ပို့ဆောင်သည်ရှိသော် ၀န်ဆောင်နွားလားတို့ကို ဆင်းရဲစေသော်လည်း ထိုပို့ဆောင်သူအား နတ်ပြည်နိဗ္ဗာန်သို့ ရောက် စေနိုင်သကဲ့သို့လည်းကောင်း၊ တရားနှင့်လျော်သည့် အခွန်အတုပ်ကောက်ခံ၍ အာဏာဖြင့် အလှူပေး သောမင်းသည် အသိန်းမကသောအကျိုး ကျေးဇူးကို ရရှိသကဲ့သို့လည်းကောင်း ဘုရားအလောင်း၏ အလှူသည် အကျိုးရှိ၏' ဟုအဖြေပေး၏။
ထိုအခါ မိလိန္ဒမင်းကြီးက' မိမိမယားကို တပါးသူ၏ မယားအလို့ငှါ၊ မိမိ၏ ရင်နှစ်သည်းချာ သားသမီးတို့ကို ပုဏ္ဏားအား ကျွန်အလို့ငှါ ပေးလှူခြင်းဟူသည့် လွန်ကဲသည့်အလှူကို ဝေဿန္တရာ မင်းကြီးက ပေးလှူခဲ့၏။ လွန်ကဲသည့်အလှူကို ပညာရှိတို့ ကဲ့ရဲ့အပ်၏။ လှေသည် အလွန်ဝန်လေး သဖြင့် နစ်မြုပ်၏။အလွန်စားလျင် အစာမကြေဖြစ်ရ၏။ အလွန်မိုးရွာလျင် စပါးပျက်၏။ အလွန် ပေးလှူသဖြင့် စည်းစိမ်ဥစ္စာ ကုန်ခမ်းရ၏။ ဤအတူ လွန်ကဲသည့်အလှူကို ပညာရှိတို့ ကဲ့ရဲ့အပ်၏။ လွန်ကဲသည့်အလှူကိုလှူသည့် ဝေဿန္တရာမင်းကြီးအား အကျိုးရှိနိုင်မည်မထင်ပါ' ဟု လျောက်၏။ထိုအခါ အရှင်နာဂသေနက 'မင်းမြတ်၊ လူသာမာန်တို့သည် အလှူမည်ကာမတ္တမျကိုသာ ပေးလှူ ၀ံ့ကုန်၏။ လွန်ကဲသည့်အလှူကို လှူသူသည် လောက၌ ကျော်စောထင်ရှား၏။ ထိုလွန်ကဲသော အလှူကြောင့်သာ ဝေဿန္တရာမင်း ယခုအခါ နတ်နှင့်တကွသောလောက၌ အမြတ်ဆုံးသောဘုရား ဖြစ်တော်မူ၏။ မင်းမြတ်၊အလှူခံပုဂ္ဂိုလ်ရောက်လာသည်ရှိသော် မလှူကောင်းသော အလှူမည်သည် မရှိလေသောကြောင့် သားသမီးနှင့်မယားကို ပေးလှူသော ဝေဿန္တရာမင်းအား အလွန်ပြင်းထန်စွာ မနှိမ့်ချသင့်ပါ။ မင်းမြတ် လောကထုံးစံအားဖြင့် ကြွေးမြည်တင်၍ စားဝတ်နေရေးခက်ခဲသော ဖခင်သည် သားသမီးတို့ကိုပေါင်နှံရောင်းစားခွင့်ရှိသကဲ့သို့ ဝေဿန္တရာမင်းကြီးသည်လည်း သဗ္ဗညုတဉာဏ်ကို မရသည်ဖြစ်၍ ဆင်းရဲသို့ ရောက်ရသည်ဖြစ်ရကား ထိုသဗ္ဗညုတညာဏ်ကို ရခြင်းအကျိုးငှါ သားမယားကို ပေါင်နှံရောင်းစားခြင်းသာ ဖြစ်၏။ သူတပါးတို့ပြုသည်ကိုသာ ပြုခြင်း ဖြစ်၏'ဟု အဖြေပေး၏။
ထိုအခါ မိလိန္ဒမင်းကြီးက ' အရှင်ဘုရား၊ စင်စစ်အားဖြင့် သားမယားကိုတောင်းလာသည်ရှိ သော် နှိုင်းချိန်၍ မိမိကိုယ်ကို ပေးလှူအပ်သည်မဟုတ်ပါလော' ဟု အထွတ်တတ်ပြန်၏။ အရှင်နာဂ သေနက 'မင်းမြတ် ထိုသို့ပေးလှူခြင်းသည် စင်စစ် သူယုတ်တို့၏ အပြုအမူသာဖြစ်၏။ အလှူခံ ရည်ရွယ်သော ၀တ္ထုကိုသာ ပေးလှူအပ်၏။ ထို့ကြောင့် ပုဏ္ဏားတောင်းလာသည့် သားသမီးတို့ကိုသာ ပေးလှူခြင်းဖြစ်၏။ အကယ်၍ ပုဏ္ဏားကသာ ဝေဿန္တရာမင်း၏ ကိုယ်ကို အလှူခံငြားအံ့၊ ဝေဿန္တ ရာမင်းကြီးသည် ဤသို့ ကျင့်သည်ရှိသော် သဗ္ဗñုတဉာဏ်သို့ ရောက်ရလတ္တံ့ဟု စိတ်ထားရှိသော ကြောင့် လှူဒါန်းရန် အသင့်ရှိပါ၏။ ဥပမာသော်ကား ဘွဲ့တံဆိပ်အလိုရှိသောအမတ်သည် ဘွဲ့တံဆိပ် ရရှိရန် အိမ်၌ရှိသမျ ရွှေငွေအလုံးစုံကို ပေးနိုင်သကဲ့သို့ ဖြစ်၏။ သားသမီး ဇနီးမယားတို့အား မုန်းသော ကြောင့် ပေးလှူခြင်းလည်းမဟုတ်။ သဗ္ဗñုတဉာဏ်တော်ကို ချစ်ခြင်းကြောင့်သာ ပေးလှူခြင်းဖြစ်၏။ ထိုစကားသည် စရိယာပိဋကပါဠိတော်လာ ဤစကားဖြင့်လည်း သိသာထင်ရှား၏။ '
'ငါသည် နှစ်ယောက်ကုန်သော သားသမီးငယ်တို့ကို မုန်းသည်မဟုတ် မဒ္ဒီမိဖုရားကိုလည်း မုန်းသည်မဟုတ် သဗ္ဗñုတဉာဏ်တော်ကို ချစ်ခင်သောကြောင့်သာ ချစ်လှစွာသောသားမယားတို့ကို ငါပေးလှူခဲ့ဖူးလေပြီ။ '
မင်းမြတ် စင်စစ်သော်ကား ဝေဿန္တရာမင်းသည် ' ငါ၏ အလှူဝတ်သည်လည်း မယုတ်လျော့ ခြင်း ဖြစ်လတ္တံ့ တောသစ်မြစ် သစ်သီးတို့ဖြင့် ဆင်းရဲခြင်းသို့ရောက်ကုန်သော သားသမီးတို့ကို ဘိုးတော်သိဉ္ဇည်းမင်းကြီးသည် လွတ်စေလတ္တံ့' ဟူသော အကျိုးထူးနှစ်ပါးတို့ကို စွဲ၍ လှူခြင်းဖြစ်၏။ ခမည်းတော်မင်းကြီးသည် သားသမီးတို့ကို ရွေးနှုတ်၍ ဤသို့လှူခြင်းဖြင့် ငါတို့မှာလည်း ပြည်တော် ပြန်ရလတ္တံ့ ဟု သိပေ၏။ ထိုကြောင့်သာ ပေးလှူခြင်းဖြစ်ပေ၏။ မိမိ၏ သားသမီးတို့ကို ပုဏ္ဏားသည် ကျွန်အဖြစ်အသုံးမပြုနိုင်သည်၏ အဖြစ်ကိုလည်း သိပေ၏။''ဟု ဖြေကြားခဲ့၏။၁ သို့ဖြစ်၍ သဗ္ဗñုတ ဉာဏ်တော်ကိုရည်၍ အလှူပြုခဲ့သော ဝေဿန္တရာမင်းကြီးအား အထင်မလွဲသင့်ပေ။ စွန့်လွှတ်ဝံ့သူ အဖြစ် ချီးကျူးသင့်လှ၏။
ထိုသို့ စွန့်လွှတ်ဝံ့မှုကြောင့်လည်း လူသာမန်တို့မမျော်မှန်းရဲသည့် သဗ္ဗñုတဘ၀ကို ပိုင်ဆိုင်ခဲ့ ခြင်းဖြစ်၏။ သဗ္ဗñုတဉာဏ်ပိုင်ရှင်ဖြစ်လာသည့်အခါ၌ လူသားတို့အား သံသရာဝဋ်မှ အမြစ်ပြတ် အောင် ကူညီမှုဟူသည့် စစ်မှန်သောကယ်တင်ခြင်းဖြင့် ကယ်တင်နိုင်ခဲ့၏။ ဤသည်မှာ ဒါနပါရမီ အစပြုသည့် ပါရမီဆယ်ပါးတို့ကို ရဲရဲဝံ့ဝံ့ပြုလုပ်ခဲ့မှုကြောင့်ပင် ဖြစ်၏။ ယင်းစွန့်ကြဲပေးကမ်း လှူဒါန်းမှုစသည်နှင့်စပ်၍ မြတ်စွာဘုရားရှင်က 'ငါဘုရားရှင်သည် သဗ္ဗñုတရွှေဉာဏ်တော် ရရှိရန်အတွက် မစွန့်ကြဲ မပေးကမ်း မလှူဒါန်းဘူးသောဒါန၊ မကျင့်သုံးဘူးသောသီလ၊ မဖြည့်ကျင့် ဘူးသော ပါရမီဟူ၍ မရှိ၂ဟု မိန့်တော်မူခဲ့၏။ ထို့ကြောင့် စာဂဟူသမျကို ပြုလုပ်အပ်သည်ဟု မှတ်အပ် ၏။
၎း၁၁။ ယုန်ပညာရှိ၏ အလှူတော်
မြတ်စွာဘုရားသည် စွန့်ကြဲပေးကမ်းလှူဒါန်းမှု၏ အကျိုးနှင့်စပ်၍ ဣတိဝုတ္တကပါဠိတော်၌ ''ရဟန်းတို့၊ မျတစွာ ခွဲဝေသုံးစွဲစွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၏ အကျိုးတို့ကို သဗ္ဗñုတဉာဏ်အမြင်ဖြင့် ငါဘုရားမြင်တော်မူသကဲ့သို့သာ သိမြင်ခဲ့ကြပါလျင် မိမိတို့တွင်ရှိသော ပစ္စည်းဥစ္စာများကို သူတစ်ပါးတို့အား မပေးမလှူဘဲ မစ္ဆေရအညစ်အကြေးဖြင့် သိမ်းပိုက်ထားလိမ့်မည်မဟုတ်၊ အလှူခံ ပုဂ္ဂိုလ်သာရှိလျင် အနည်းငယ်သောထမင်းလုတ်ကိုပင် သူတစ်ပါးအား မမျဝေဘဲ မသုံးစွဲရာ။ ဒါန၏ အကျိုးကို သဗ္ဗñုတဉာဏ်ဖြင့် ငါဘုရားသိမြင်သကဲ့သို့ မမြင်၍သာ သူတစ်ပါးအား မမျဝေ မပေးလှူလိုကြခြင်းဖြစ်သည်''ဟု ဟောတော်မူခဲ့၏။
ဤစကားတော်ကိုကား မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရရှိသောအခါ၌သာ မိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။ ပါရမီနုစဉ်အခါက ထိုကဲ့သို့ အလှူ၏အကျိုးကို ပြည့်ပြည့်စုံစုံ သိမြင်မည်မဟုတ်သော်လည်း အသက်စွန့်လှူရန်ကြုံသည့်အခါ အသက်ကိုပင် ပဓာနမထားဘဲ လှူခဲ့ သည်မှာ လေးစားချီးကျူးဖွယ်ကောင်းလှ၏။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးထီးနန်းစိုးစံစဉ် ဘုရားအလောင်းသည် ယုန်သတ္တ၀ါ အမျိုး၌ဖြစ်လေသည်။ သူ့တွင် မျောက်၊မြေခွေး၊ဖျံ ဟူသော မိတ်ဆွေသုံးဦးလည်းရှိ၏။ သူတို့လေးဦးသည် ညနေချမ်းအချိန်သို့ရောက်သောအခါတိုင်း တွေ့ဆုံကြ၍ ယုန်မင်း၏ ဆုံးမစကားကို နာယူကြ၏။ တစ်နေ့သောအခါ ယုန်မင်းသည် ကောင်းကင်သို့မော့ကြည့်ရာ မနက်ဖြန် လပြည့်ဥပုသ်နေ့ဖြစ်သည်ကိုသိရ၍ မိတ်ဆွေတို့အား ဥပုသ်နေ့၌ ဥပုသ်သီလ ဆောက် တည် ကြရန်၊အလှူခံပုဂ္ဂိုလ်များရောက်လာခဲ့လျင် မိမိတို့စားသောက်သော အာဟာရများမှ ပေးလှူ ကြရန် မှာကြားလိုက်၏။
လပြည့်နေ့နံနက်စောစောတွင် အစာရှာထွက်လာသောဖျံသည် ဂင်္ဂါမြစ်ကမ်းခြေ၌ တံငါသည် တစ်ဦးသည် သဲဖြင့်ဖုံး၍ ၀ှက်ထားခဲ့သော နွယ်ကြိုးဖြင့်သီထားသည့် ငါးကြင်းခုနစ် ကောင်ကို တွေ့ရ သည့်အခါ ပိုင်ရှင်ရှိမရှိကို သုံးကြိမ်တိုင်တိုင်အော်ဟစ်မေးမြန်း၍ ပြန်ကြားသံ မကြားရသည့်အတွက် ထိုငါးများကို ယူလာ၏။မြေခွေးသည်လည်း လယ်စောင့်တဲတစ်ခုမှ အမဲတံစို့နှစ်ခု၊ဖွတ်ကင်တစ်ခုနှင့် နို့ဓမ်းအိုးတစ်လုံးတို့ကို ပိုင်ရှင်ရှိမရှိကို သုံးကြိမ်တိုင်တိုင် အော်ဟစ်မေးမြန်း၍ ယူလာခဲ့၏။ မျောက်သည်ကား သရက်သီးမှည့်တစ်ခိုင်ကို ရလာ၏။ တစ်စုံတစ်ရာ လှူဖွယ်မရှိသေးသော ယုန်မင်းကား မတုန်မလှုပ်နေလျက် အလှူခံပုဂ္ဂိုလ်ရောက်လာ လျင် မိမိ၏အသားကို ပေးလှူရန် ဆုံးဖြတ်ထားလေ၏။
ယုန်မင်း၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ မြကျောက်ဖျာပူပြင်းလာသောအခါ သိကြား မင်းသည်ယုန်မင်း၏ သီလကိုစစ်ဆေးရန် ပုဏ္ဏားအသွင်ဖြင့် လူ့ပြည်သို့ဆင်းခဲ့၏။ မျောက်၊ မြေခွေး၊ဖျံတို့ထံ အလှူခံသောအခါ အားလုံးက ရထားသမျကို ပေးလှူကြ၏။ ထိုအခါ သိကြားမင်းက 'နောက်မှလာယူမည်'ဟု ပြောကာ ယုန်မင်းထံလာ၍ အလှူခံ၏။
ယုန်မင်းက ''ငါသည် ရှေးကမလှူဖူးသောအလှူကို ယနေ့လှူရအံ့။ သင်သည် သီလရှိသူ ဖြစ်၍ ပါဏာတိပါတကံကို ပြုလိမ့်မည်မဟုတ်။ ထိုကြောင့် မီးဖို၍ မီးကျီကို ပြုပါလော့။ ငါသည်လည်း မီးကျီထဲသို့ ၀င်အံ့။ ငါ့အသားများ ကျက်ချိန်၌ အသားကိုစား၍ ရဟန်းတရားအားထုတ်ရစ်ပါလေ'' ဟု သိကြားမင်းပုဏ္ဏားအိုအား ပြော၏။ ပုဏ္ဏားသည် မီးကျီတစ်ခုကို ပြုလုပ်၏။ ထိုအခါ ယုန်မင်းသည် မိမိ၏ အမွှေးကြားများ၌ ရှိနေကြသော တိရစ္ဆာန်ပိုးမွှားငယ်များ မသေစေရန် သုံးကြိမ်တိုင်တိုင် ကိုယ်ကို ခါလှုပ်ပစ်၏။ ထို့နောက် မီးးကျီးသို့ ခုန်ဆင်းလိုက်ရာ မီးကျီးသည် ယုန်မင်း၏ကိုယ်ကို ပူလောင်မည်ကို မဆိုထားဘိ၊ အမွှေးမျကိုပင် အပူငွေ့မကပ်နိုင်ခဲ့ပေ။ ဆီးနှင်းတိုက်ထဲသို့ ၀င်ရ သကဲ့သို့ ရှိ၏။ ထိုသို့ဖြစ်ရခြင်းအကြောင်းကို ယုန်မင်းကမေးရာ ''မိမိသည် ပုဏ္ဏားအစစ်မဟုတ်၊ သိကြားမင်းဖြစ်၏။ သီလကိုစမ်းသပ်လို၍ လာခြင်းသာဖြစ်သည်''ဟု သိကြားမင်းက ပြော၏။ ထို့နောက် သိကြားမင်းက ယုန်မင်း၏ ကျေးဇူးဂုဏ် ကမ္ဘာဆုံးသည့်တိုင် ခိုင်မြဲနေစေရန် ရည်ရွယ်ကာ တောင်ဆီကို ညှစ်ယူ၍ လ၀န်းပေါ်၌ ယုန်ရုပ်အမှတ်အသား ရေးဆွဲပေးခဲ့လေသည်။၁
ဤ၀တ္ထုကို ရှုပါက စွန့်လွှတ်ဝံ့သူတို့၏ သဘောကို မြင်သာ၏။ ယင်းစွန့်လွှတ်မှု၌ ယုံကြည်မှု သည်လည်း အရေးပါ၏။ အလောင်းတော်တို့၏ စွန့်လွှတ်မှု၌ယုံကြည်ခြင်းသည်ကား နောက်မတွန့်တတ်သည့် အဓိဂမသဒ္ဓါမျိုးဖြစ်၏။ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လျောက်လှမ်းရဲသည့် အလောင်း တော်တို့၏ စိတ်ဓာတ်ကား အတုယူလေးစားအားကျ ဖွယ်ကောင်းလှ၏။
၎း၁၂။ အသက်နှင့်လဲ၍ လှူရဲသူ
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်ဝယ် သူဋ္ဌေးမျိုး၌ ဖြစ်၏။ မိဘနှစ်ပါးကွယ်လွန်၍ မိမိသူဋ္ဌေးဖြစ်လာသည့်အခါ မြို့တံခါးပေါက်လေးခုတို့၌ အလှူမဏ္ဍပ်လေးခု၊ မြို့အလယ်၌ အလှူမဏ္ဍပ်တစ်ခု၊ မိမိအိမ်ရှေ့၌ အလှူမဏ္ဍပ်တစ်ခုတည်၍ အလှူကြီး ပေး၏။ တစ်ခုသောနံနက်ခင်းဝယ် နံနက်စာစားသောက်ရန် မွန်မြတ်သောခဲဖွယ် ဘောဇဉ်တို့ကို ပြင်ဆင်ထားစဉ် နိရောဓသမာပတ်မှထလာသော ပစ္စေကဗုဒ္ဓါအရှင်တစ်ပါးသည် သူဋ္ဌေးအား ချီးမြှောက်ရန် ဆွမ်းခံရပ်လာ၏။အလောင်းတော်သူဋ္ဌေးသည် ပစ္စေကဗုဒ္ဓါအရှင်ြမတ်ကို ဖူးတွေ့ရ၍ ကြည်လင် ရွှင်ပြသောစိတ်ဖြင့် စားအံ့ဆဲဆဲ ထမင်းပွဲမှ ထ၍ အမှုလုပ်ယောက်ျားအား သပိတ်တော်ကို ယူခဲ့ရန် စေခိုင်း၏။
ထိုအခိုက်၌ မာရ်နတ်သည် 'ခုနစ်ရက်ပတ်လုံး အာဟာရမသုံးဆောင်ရသေးသော ပစ္စေကဗုဒ္ဓါအား ပျက်စီးစေအံ့။ အလှူဒါန၏ အန္တရာယ်ကိုလည်း ပြုအံ့'' ဟူသောအကြံဖြင့် သူဋ္ဌေး၏ အိမ်နှင့် ပစ္စေကဗုဒ္ဓါအရှင်ြမတ်ရပ်တန့်သော နေရာ၏အကြား၌ အတောင်ရှစ်ဆယ်ရှိသော မီးကျီးတွင်းကို ဖန်ဆင်းလေ၏။ ထိုမီးကျီးတွင်းကို မြင်သည့် အမှုလုပ်ယောက်ျားသည် သပိတ်ကို မယူဝံ့တော့ဘဲ ပြန်ပြေးလေ၏။ သူဋ္ဌေးက အခြားတစ်ယောက်အား စေလွှတ်သောအခါတွင်လည်း ရှေ့အတိုင်းပင် ပြန်ပြေးလေ၏။
ထိုအခါ ဘုရားအလောင်းသည် မာရ်နတ်ဖျက်ဆီးသည်၏အဖြစ်ကိုသိ၍ လှူဒါန်းရန် စီမံထားသောဆွမ်းများကိုယူ၍ အိမ်အပြင်သို့ ထွက်၏။ အိမ်အပြင်၌ မာရ်နတ်နှင့်တွေ့၍ ' သင်နှင့် အကျွန်ုပ် မည်သူက စွမ်းအားပိုကြီးသည်ကို သိရတောအံ့'ဟု ပြော၏။ တစ်ဖန် ပစ္စေကဗုဒ္ဓါအရှင်ြ်မတ်အား 'အလျံတပြောင်ပြောင်တောက်လောင်သော ဤမီးကျီးတွင်းသို့ တပည့်တော် ကျမူလည်း ကျပါစေ၊ တပည့်တော်၏ ဤဆွမ်းကို ကရုဏာရှေ့ထား ငဲ့ညှာသောအားဖြင့် အလှူခံတော်မူပါ ဘုရား' ဟု လျောက်ထားကာ ဆွမ်းခွက်ကို ကိုင်လျက် မီးကျီးအတွင်း၏ အထက်၌ နင်းတက်၍ သွား၏။ အလောင်းတော်သူဋ္ဌေးသည် မီးကျီးတွင်းအပေါ်သို့ ကျော်ဖြတ်ခြေချလိုက်သည်နှင့် တပြိုင် နက် ပွင့်ချပ်တစ်ရာရှိသော ကြာပဒုမ္မာပင်သည် မီးကျီးတွင်းမှ ပေါက်လာ၏။ အလောင်းတော်သည် ပဒုမ္မာကြာပန်းအထက်၌ ရပ်လျက် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆွမ်းများလောင်းလှူလေ၏။၁
ဤ၀တ္ထုတို့ကို ရှုပါက ဘုရားအလောင်းတော်၏ ပါရမီနုစဉ်အခါကပင် စွန့်ကြဲပေးကမ်း လှူဒါန်းမှု၌ ယုံယုံကြည်ကြည်သက်ဝင်ပုံကို တွေ့မြင်နိုင်၏။ မာရ်နတ်မင်းက မည်သို့ပင် တားဆီး နှောင့်ယှက်ပါသော်လည်းမိမိ၏ အလှူဒါနကို အပျက်မခံဘဲ အသက်ကိုပင် အသေခံစွန့်လွှတ်၍ လှူဒါန်းပုံကို နည်းယူသင့်လှ၏။ ထိုကြောင့် သဒ္ဓါကြည်လင်ပါရမီရှင်တို့အနေဖြင့် မိမိတို့၏ အလှူဒါနကို မည်သို့သော အကြောင်းကြောင့်မျ အပျက်မခံဘဲ ပြုလုပ်လှူဒါန်းကြရမည် ဖြစ်ပါ၏။
၎း၁၃။ အမည်ခံအလှူရှင် နှင့် ကိုယ်တိုင်လှူသူ
ဤလောက၌ အချို့သောသူတို့သည် ငွေကြေးဓနဥစ္စာပြည့်စုံမှုကို အကြောင်းပြုကာ အရာရာကို ငွေနှင့်ဆုံးဖြတ်တတ်ကြ၏။ အလှူအတန်းပြုလုပ်ရာ၌လည်း ငွေသာအကုန်ခံ၍ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်မှုစသည် ဝေယျဝစ္စကုသိုလ် မယူတတ်ကြပေ။ ထိုကဲ့သို့သော အလှူမျိုး၌ အလှူ၏ အကျိုးကို များစွာခံစားရသူတို့မှာ အမည်မျသာခံထားသည့်အလှူရှင်မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ဝေယျာဝစ္စ ကုသိုလ်ယူသည့် အလုပ်သမားဖြစ်ကြောင်း ကျမ်းဂန်တို့၌ ဆို၏။ ကိုယ်တိုင်ကိုယ်ကျ မိမိလက်ဖြင့် ကိုင်တွယ်လှူဒါန်းအပ်သောဒါနကို သာဟတ္ထိကဒါန ဟုခေါ်၏။ မိမိကိုယ်တိုင်မဟုတ်ဘဲ မိမိကိုယ်စား သူတစ်ပါးအား ကိုယ်စားလှယ်လုပ်စေ၍ လှူအပ်သောဒါနကို အာဏတ္တိကဒါန ဟုခေါ်၏။ ရှေးအခါ၌ ပါယာသိမြို့စားနှင့် ဥတ္တရလုလင်ဟူ၍ ဆရာတပည့်နှစ်ဦး ရှိ၏။ မြို့စားကြီးသည် အလှူအတန်း လုပ်သော်လည်း ရိုသေလေးစားမှု၊ စိတ်စေတနာထက်သန်မှု မရှိဘဲ မလိုချင်၍ လွှင့်ပစ်သကဲ့သို့သာ ပေးစွန့်ခိုင်း၏။ ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကဒါန အနေ အားဖြင့်ကား တစ်ကြိမ်တစ်ခါမျ လှူဒါန်း ခဲ့ဖူးခြင်းမရှိပေ။ တပည့်ဥတ္တရလုလင်ကိုသာ လှူခိုင်းလေ့ ရှိ၏။ ရဟန်းပုဏ္ဏားများနှင့် သူဆင်းရဲများ၊ ခရီးသွားများ၊သူတောင်းစားစသူတို့အား ဆန်ကွဲထမင်း၊ ပအုံးရည်ဟင်း၊ ဖျင်ကြမ်းအ၀တ်အထည်များကိုသာ ပေးလှူစေ၏။ အလှူတာဝန်ခံဖြစ်သူ ဥတ္တရ လုလင်က'ဤ ကောင်းမှုကြောင့် ပါယာသိမြို့စားနှင့် ယခုဘ၀၌သာ တွေ့ဆုံပြီး နောက်တမလွန်ဘ၀၌ မတွေ့ဆုံပါရစေသား'ဟု ဆုတောင်း၏။ မြို့စားက 'အဘယ်ကြောင့် ဤသို့ဆုတောင်းရသနည်း'ဟု မေးစိစစ်သောအခါ လုလင်က 'မင်းကြီးကိုယ်တိုင် သုံးဆောင်ရန် မဆိုထားဘိ၊ ခြေဖြင့်ပင် မတို့ချင်သောအစားအသောက် နှင့် အ၀တ်အထည်များကို ပေးလှူနေရသဖြင့် စိတ်မချမ်းမသာ သောကြောင့် ဤကဲ့သို့ ဆုတောင်းရခြင်းဖြစ်ကြောင်း' လျောက်ထား၏။ ဤသို့ လျောက်ထားသော အခါမှသာ မြို့စားကြီးသည် မိမိသုံးဆောင်သည့် အစားအသောက်အ၀တ်အထည်မျိုးကိုသာ ပေးလှူစေလေ၏။ ကိုယ်တိုင်ကိုယ်ကျ မလှူဒါန်းခဲ့ပေ။
တပည့်ဖြစ်သည့် ဥတ္တရလုလင်ကား သူတပါး၏ပစ္စည်းဖြင့် လှူဒါန်းရသော်လည်း ပေးလှူ ရခြင်းကို ရိုသေလေးစား၏။ စိတ်အားထက်သန်၏။ ကိုယ်တိုင်ကိုယ်ကျလှူ၏။ အသိညာဏ် ရှေ့ထား၍ လှူ၏။ ထိုကြောင့် တပည့်ဥတ္တရလုလင် ကွယ်လွန်သောအခါ တာဝတðသာနတ်ပြည်၌ အလွန်အထက်တန်းကျသည့်အဆင့်မြင့်နတ်သား ဖြစ်ရလေ၏။ ပါယာသိမြို့စားကြီး ကွယ်လွန်သော အခါ၌ကား အလှူဒါနကို လေးလေးစားစား ကိုယ်တိုင်ကိုယ်ကျမလှူခဲ့မှုကြောင့် စတုမဟာရာဇ်နတ် ပြည် သေရီသကဗိမာန်၌ နတ်သားနတ်သမီးအခြံအရံကင်းမဲ့စွာဖြင့် ပျင်းခြောက်စွာ နေထိုင်ရ၏။၁
ဤကား ပစ္စည်းဥစ္စာအကုန်ခံသော်လည်း ကိုယ်တိုင်ကိုယ်ကျလည်း မပေးလှူ၊ အသိဉာဏ် လည်းမပါသော အလှူရှင်နှင့် သူတပါး၏အလှူ၌ စေတနာထက်သန်စွာ အသိဉာဏ်ဦးစီး၍ ကိုယ်တိုင် ဝေယျဝစ္စဆောင်ရွက်ကာ လှူဒါန်းပေးသော အကျိုးဆောင်အလှူရှင်တို့၏ အကျိုးခံစားရ ရာ၌ အဆင့်အတန်း ကွားခြားသွားရပုံဖြစ်၏။ ဤဆရာတပည့်နှစ်ဦးတို့အဖြစ်သနစ်တွင် ပါယာသိ မြို့စားကြီး သည် သွေးချွေးဖြင့် ရင်းနှီးထားသည့် မိမိကိုယ်ပိုင်ဥစ္စာပင်ဖြစ်သော်လည်း အလှူဒါန ပြုလုပ်ရာ၌ လေးစားမှုမရှိဘဲ ပေါ့ပေါ့ဆဆပြုလုပ်ခဲ့၏။ ဆန္ဒ၊၀ီရိယ၊စိတ္တ၊၀ီမံသဟူသည့် အဓိပတိ တရားတို့ အညံ့စား ဖြစ်ခဲ့သည့်အတွက် ဟီနဒါနဖြစ်ခဲ့ရ၏။ တပည့်ဖြစ်သည့် ဥတ္တရလုလင်သည်ကား မိမိကိုယ်ပိုင် ဥစ္စာပင်မဟုတ်သော်လည်း သူတပါးပစ္စည်းဖြင့် အလှူပြုမှု၌ လေးလေးစားစားပြုခဲ့၏။ အလှူဒါန ပြုရာတွင် ဆန္ဒ၊၀ီရိယ၊စိတ္တ၊၀ီမံသဟူသည့် အဓိပတိတရားတို့ အမြတ်စားဖြစ်ခဲ့သည့် အတွက် ပဏီတဒါန=မွန်မြတ်သောအလှူဖြစ်ခဲ့ရ၏။ ထိုကြောင့် ကုသိုလ်ကောင်းမှုပြုသည့်အခါ သာဟတ္ထိက= ကိုယ်တိုင်ကိုယ်ကျလည်း လှူသင့်၏။ အဓိပတိတပ်သည့် ပဏီတဒါနအမြတ်စား အလှူလည်း ဖြစ်သင့်၏ ဟု နှလုံးသွင်းအပ်၏။
၎း၁၄။ သူတော်ကောင်းတို့အလှူပြုနည်း
ဘုရားအလောင်းအစရှိသော ပညာရှိသူတော်ကောင်းတို့သည် အလှူဒါနပြုလုပ်သောအခါ မူ(၅)မျိုးကို ချမှတ်၍ လှူဒါန်းလေ့ရှိသည်။ ၄င်းမူငါးမျိုးမှာ-
၁။လှူဖွယ်ဝတ္ထုကို စင်ကြယ်ကောင်းမွန်အောင် စီမံပြုလုပ်၍ ရိုသေလေးစားစွာလှူခြင်း၊
၂။စိတ်ထဲ၌ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း၊(လှူဖွယ်ဝတ္ထုကို ဂရုတစိုက်စိတ်၌ ထား၍ လှူဒါန်းခြင်း၊)
၃။မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း၊(အစမထင်သံသရာတခွင်၌ လက်ခြေကိုမရသည့် ဘ၀ကား များလှပြီ၊လက်ခြေအင်္ဂါပြည့်စုံသည့် ယခုဘ၀၀ယ် ရသောလက်ဖြင့်ဘ၀မှ လွတ်မြောက်ရေး ကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင်ကိုင်တွယ်၍ လှူဒါန်းခြင်း၊)
၎။ထမင်းကြွင်းဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးကိုကဲ့သို့မဟုတ်ဘဲ ဂရုတစိုက် လှူဒါန်းခြင်း၊
၅။ ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန်ရောက်လိမ့်မည်ဟု သိရှိသော
ကမ္မဿကတာပညာရှေ့သွားပြု၍ လှူဒါန်းခြင်း ဟူ၍ ဖြစ်၏။၁
ဘုရားအလောင်းအစရှိသောသူတော်ကောင်းတို့သည် အထက်ပါမူ(၅)မျိုးတို့ကို ကိုင်စွဲ၍ အလှူဒါနပြုလုပ်လေ့ရှိကြ၏။ ယင်းသပ္ပုရိသဒါန(၅)မျိုးကို ပြောင်းပြန်လှန်လိုက်လျင် အသပ္ပုရိသ ဒါနငါးမျိုးဟု ဖြစ်၏။ ပါယာသိမြို့စားသည် ငွေကြေးကုန်ကျများစွာခံကာ လှူဒါန်းပါသော်လည်း သူလှူသည့်အလှူမျိုးက အသပ္ပုရိသဒါနအမျိုးအစားတွင်ပါဝင်သောကြောင့် အလှူ၏အကျိုးကို မရရှိခဲ့ပေ။ စတုမဟာရာဇ်နတ်ပြည်၌ အခြံအရံမဲ့သောနတ်သားမျသာဖြစ်ခဲ့ရ၏။ တပည့်ဖြစ်သည့် ဥတ္တရလုလင်ကား မိမိ၏ဥစ္စာအရင်းမစိုက်ရသော်လည်း သူတပါးအလှူ၌ သပ္ပုရိသဒါန မျိုးဖြင့် အလှူပေးခဲ့သောကြောင့် မိမိဆရာဖြစ်ရသည့် နတ်ပြည်၏အထက်ဖြစ်သည့် တာဝတðသာ နတ်ပြည်၌ အခြံအရံများနှင့် ပျော်ပါးစွာစံစားရ၏။
သို့ဖြစ်လေသောကြောင့် အလှူ၏အကျိုးကို အပြည့်အ၀ရရှိလိုသော အလှူရှင်တို့အနေဖြင့် မိမိတို့အလှူသည် သပ္ပုရိသဒါနမျိုးဖြစ်စေရန် သတိပြုချပ်သင့်လှ၏။
ကျမ်းဂန်တို့၌ သပ္ပုရိသဒါန(၅)မျိုးနှင့်စပ်၍ တစ်နည်းအားဖြင့်လည်း ပြဆိုသေး၏။ ယင်းတို့မှာ-
၁။သဒ္ဓါဒါန၊ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။
၂။သက္ကစ္စဒါန၊လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာပြုလုပ်စီမံ၍ လှူဒါန်းခြင်း။
၃။ကာလဒါန၊အချိန်အခါနှင့်သင့်လျော်စွာ လှူဒါန်းခြင်း၊ (ဆွမ်းလှူသင့်သော အချိန်၌ ဆွမ်းကို လှူဒါန်းခြင်း၊သင်္ကန်းလှူသင့်သောအချိန်၌ သင်္ကန်းကိုလှူဒါန်းခြင်း စသည်ပင်ဖြစ်၏။)
၎။အနုဂ္ဂဟဒါန၊အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ်ဖြင့် လှူဒါန်းခြင်း။
၅။အနုပဃာတဒါန၊ မိမိနှင့်သူတပါးတို့ကို အစွန်းအငြိအထိအခိုက် မရှိစေဘဲ လှူဒါန်းခြင်း ဟူ၍ ဖြစ်၏။၂
ထိုငါးမျိုးလုံးကြောင့်ပင် ကြွယ်ဝချမ်းသာ ဥစ္စာစီးပွားများပြားခြင်းအကျိုးကို ရနိုင်၏။ ထို့အပြင် သဒ္ဓါဒါနကြောင့် အဆင်းလှခြင်း၊ သက္ကစ္စဒါနကြောင့် အခြွေအရံပရိသတ်များ မိမိ၏စကားကို လိုက်နာခြင်း၊ကာလဒါနကြောင့် လိုအပ်သောအချိန်ကာလ၀ယ် လိုအပ်သည့်အရာတို့ကို ရရှိခြင်း၊ အနုဂ္ဂဟဒါနကြောင့် ရရှိသောစည်းစိမ်၊ မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်ရန် ဆန္ဒရှိခြင်း၊ သုံးဆောင်ရခြင်း၊ အနုပဃာတဒါနကြောင့် ရရှိလာသမျစည်းစိမ်တို့ကို ရန်သူမျိုးငါးပါးတို့ အထိအပါး မခံရခြင်း တည်းဟူသောအကျိုးထူးတို့ကို အသီးသီး ရရှိနိုင်၏။
ဤသပ္ပုရိသဒါန(၅)မျိုးကို ပြောင်းပြန်အားဖြင့် ယူလိုက်လျင် အသပ္ပုရိသဒါနဟူ၍ ဖြစ်လာ ၏။ အချို့သူတို့သည် ဆင်းတုတော်စသည်တို့အား နေ့အခါ၌ ဆီးမီးထွန်းညှိပူဇော်တတ်၏။ မွန်းလွဲပြီး သော်လည်း ဆွမ်းခဲဖွယ်စသည်ကို ကပ်လှူပူဇော်တတ်၏။ စေတနာကောင်းဖြင့်ပင် ပြုလုပ် သော်လည်း ထိုသူတို့၏ ဒါနသည် အကာလဒါနဖြစ်သွား၏။ အကာလဒါနမှာ အသပ္ပုရိသဒါန၌ ပါဝင်၏။ သတိ ချပ်သင့်လှ၏။
၎း၁၅။ အပါယ်ချမည့်ဒါန(၁၀)မျိုး
လောက၌ လူတို့က ကုသိုလ်ကောင်းမှုဟု သတ်မှတ်သမုတ်အပ်သော်လည်း စင်စစ် မကောင်းမှု အကုသိုလ်သာဖြစ်သော အလှူများလည်းရှိ၏။ ထိုအလှူများသည် အလှူရှင်အဖို့ ကုသိုလ်မရသည့်အပြင် အပါယ်သို့ပင် ရောက်စေနိုင်၏။ ယင်းအလှူတို့မှာ-
၁။မဇ္ဇဒါန၊ သေရည်သေအရက်အလှူ။
၂။သမဇ္ဇဒါန၊ ပွဲလမ်းသဘင်အလှူ။
၃။ဣတ္ထိဒါန၊မည်သူမဆိုအလိုရှိသောသူများ သွားလာကြရန် ပြည့်တန်ဆာမများကို ငှါးထား သောအလှူ။
၎။ဥသဘဒါန၊ နွားမများရှိရာသို့ နွားသိုးကို အလိုရှိသလို မြူးတူးပျော်ပါးရန်လွှတ်ပေးခြင်း အလှူ၊
၅။စိတ္တကမ္မဒါန၊ မသင့်မလျော်သောရုပ်ပုံများကို ရေးသားလှူဒါန်းခြင်းအလှူ၊
၆။ သတ္ထဒါန၊ လက်နက်အလှူ၊
၇။ ၀ိသဒါန၊ အဆိပ်အလှူ၊
၈။ သင်္ခလိကဒါန၊ သံခြေချင်းအလှူ၊
၉။ ကုက္ကုဋသူကရဒါန၊ ကြက်ဝက်အလှူ၊
၁၀။ ထုလာကူဋမာနကူဋဒါန၊ ချိန်စဉ်းလဲ တောင်းစဉ်းလဲ(အလေးခိုး) အလှူ၁ ဟူ၍ ဖြစ်၏။
အလှူဒါနပြုလုပ်သူတို့သည် အထက်ပါအရာများကို လှူဖွယ်ဝတ္ထုစာရင်း၌ မထည့် သွင်းသင့် ပေ။ ယခုခေတ်အခါ၌ တီဗီ၊ ကွန်ပျူတာစသည်လှူဒါန်းခြင်းကိုလည်း စိတ္တကမ္မဒါနဟု ဆိုနေကြ၏။ အမှန်စင်စစ်အားဖြင့် ယင်းပစ္စည်းတို့သည် ဇိမ်ခံပစ္စည်းအနေဖြင့်လည်း သုံးနိုင်၏။ သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက်လည်း အသုံးချနိုင်၏။ ဇိမ်ခံပစ္စည်းအနေဖြင့်သာ သုံးလျင် စိတ္တကမ္မဒါန ဖြစ်နိုင်၏။ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် သုံးလျင်ကား စိတ္တကမ္မဒါန မဖြစ်နိုင်ပေ။ အလှူရှင်ဖက်ကလည်း သာသနာတော်ထွန်းကားပြန့်ပွားရေးဟူသော စိတ်စေတနာကောင်းများ ထားရှိလှူဒါန်းရန် လိုအပ်၏။ ထိုသို့လှူဒါန်းလျင် တီဗီ၊ကွန်ပျူတာစသည့်ပစ္စည်းများ လှူဒါန်းမှုသည် စိတ္တကမ္မဒါန မဖြစ်နိုင်ပါ။
အလှူအတန်းပြုလုပ်ရာ၌လည်း မိမိတို့အလှူ၌ လူစည်ကားစေရန် ဟူသော ရည်ရွယ်ချက် မျိုးဖြင့် ပွဲလမ်းသဘင်ထည့်သွင်းကျင်းပတတ်ကြ၏။ ကူညီသူကာလသားများပေါများစေရန် ရည်ရွယ်ချက်ဖြင့် မီးဖိုချောင်၌ ပုလင်းထောင်ပေးတတ်ကြ၏။ ထိုသို့သော အလှူများကား မဇ္ဇဒါန၊သမဇ္ဇဒါန၌ပါဝင်သောကြောင့် အလှူမမြောက်သည့်အပြင် အပါယ်သို့ပါကျတတ်၏။
အထက်ဖေါ်ပြပါ အလှူတို့သည် လူသာမာန်တို့၏စိတ်တွင် ကုသိုလ်ပြုသည်သာဖြစ်သည်
ဟု ထင်မြင်ဖွယ်ရှိ၏။ ဘိန်းပြတ်၍ သေတော့မည့်ဆဲဆဲ ဘိန်းသမားကို အသက်ကယ်ရန် ရည်ရွယ်ချက်ဖြင့် ဘိန်းကျွေးပေးလျင် ဇီဝိတဒါနကုသိုလ်ဖြစ်သည်ဟု ထင်မြင်ဖွယ်ရှိ၏။ စင်စစ်သော် ကား မစားသင့်သောဘိန်းကို စားစေလိုခြင်းသည် ကုသိုလ်မဟုတ်။ စိတ်စေတနာကောင်းလည်း မဟုတ်။ အကုသိုလ်စိတ်ထား စိတ်ယုတ်သာဖြစ်၏။ သို့ဖြစ်လျင် ဝေဿန္တရာမင်းကြီးသည် မိမိအလှူ၌ အရက်ကို ထည့်လှူရသနည်းဟု မေးဖွယ်ရှိ၏။ စင်စစ် ဝေဿန္တရာမင်းကြီးသည် လှူဖွယ်ခင်းကျင်းရာ၌ သေရည်အရက်ထည့်ထားခြင်းသည် အရက်သမားတို့အား သောက်စားစေလိုသော စိတ်ဆန္ဒဖြင့် မဟုတ်ဘဲ သူ၏အလှူကြီးထဲ၌ သေရည်အရက်လှူဖွယ်ဝတ္ထုမပါ'' အကဲ့အရဲ့လွတ်စေရန် သာဖြစ်၏။ သောက်စားစေလိုသော ဆန္ဒမပါသောကြောင့် အကုသိုလ်မဖြစ်'ဟု အချို့ကဆို၏။ သေချာစွာစိစစ် ကြည့်ပါက ဝေဿန္တရာမင်းကြီးကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤကဲ့သို့သော ကဲ့ရဲ့မှုမျိုးကို ကြောက်ရွံ့ လိမ့်မည်မဟုတ်။ အရက်သည် သောက်မှသာ အပြစ်ရှိသည်။ ဝေဿန္တရာမင်းကြီးကား သောက်သုံး စေရန် ဆန္ဒဖြင့်မဟုတ်ဘဲ ခန္ဓာကိုယ်ပြင်ပ၌ လိမ်းကျံရန်အတွက်သာ လှူဖွယ်ဝတ္ထု၌ ထည့်သွင်း ထားခြင်းဖြစ်ကြောင်း မင်းကွန်းတိပိဋကဓရဆရာတော်က မှတ်ချက်ပြု၏။
၎း၁၆။ သာသနာတွင်းဒါန နှင့် သာသနာပဒါန
ပေးကမ်းစွန့်ကြဲမှုအလှူဒါနကို ပြုလုပ်ကြရာ၌ သာသနာတွင်း၌ ပြုလုပ်သောဒါနသည် သာသနာပအခါ၌ ပြုလုပ်သောဒါနထက် အကျိုးပေးသန်၏။ ဒက္ခိဏေယျ=မြတ်သောအလှူကို ခံထိုက်သူကို သာသနာတွင်း၌သာ ရနိုင်သောကြောင့်ဖြစ်၏။
ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်၌ ဝေလာမပုရောဟိတ်ပုဏ္ဏားဖြစ်စဉ် တစ်ဆယ့်နှစ် ယူဇနာရှည်လျားသော မီးဖိုကြီးများ၊ အလှူမဏ္ဍပ်ကြီးများကို စီမံ၍ မိမိအလှူကို လာရောက်သုံးဆောင် ကြရန် တစ်တိုင်းပြည်လုံးသို့ ကြေညာမောင်းခတ်၏။ ငွေဖြင့်ပြည့်သော ရွှေခွက်၊ ရွှေဖြင့် ပြည့်သောငွေခွက်၊ ရတနာခုနစ်ပါးဖြင့်ပြည့်သောကြေးခွက်၊ ရွှေတလား၊ ရွှေတံခွန်၊ ရွှေကွန်ရက်တို့ဖြင့် တန်ဆာဆင်ထားအပ်သည့် ဆင်ရေ၊ခြင်္သေ့ရေ၊သစ်ရေ၊ ကျားရေစသော တန်ဆာ တို့ဖြင့် တန်ဆာဆင်ထားသည့် ရထား၊ ဘွဲ့ဖြူပုဆိုး၊ အခင်းနို့ရေခံငွေခွက်နှင့် တကွသော နွားမ၊ ပတ္တမြားနားတောင်းဝတ်ဆင်ထားသော အမျိုးသမီးကညာ၊ မွေးရှည်ကော်ဇောကြီး စသည်တို့ဖြင့် တန်ဆာဆင်ထားသောပလ္လင်၊သိမ်မွေ့နူးညံ့သော ခေါမပုဆိုး၊ ပိုးချည်အ၀တ်၊ ကမ္ဗလာအထည်၊ ၀ါချည်အ၀တ်အထည် ၈၄၀၀၀ တို့ကို ၇ နှစ်နှင့် ၇ လတိုင်တိုင် ပေးလှူ၏။ ထမင်း၊အဖျော်၊ ခဲဖွယ်၊ ဘောဇဉ်၊လျက်ဖွယ်၊သောက်ဖွယ်တို့၏ အပိုင်းအခြားကား ဆိုဖွယ်ရာမရှိ၊မြစ်ရေစီးဆင်း သည့်ပမာများစွာလှူဒါန်း၏။ မလှူဖူးသော အလှူမရှိရလေအောင် ပြုစီမံ၍ လှူဒါန်း၏။၁
ဝေလာမပုဏ္ဏားသည် ဤမျကြီးကျယ်သောအလှူကို ပေးလှူပါသော်လည်း သာသနာပ အခါဖြစ်၍ သရဏဂုံသီလရှိသူအလှူခံပုဂ္ဂိုလ်အား မလှူဒါန်းခဲ့ရပေ။ သာမာန်အလှူခံလူဝတ်ကြောင် တို့အားသာ ပေးလှူခဲ့ရသဖြင့် အလှူ၏ အကျိုးပေးမှုသည် အားနည်းခဲ့ရ၏။ တန်ရာတန်ကြေး မရရှိခဲ့ပေ။
နတ်တို့သနင်းသိကြားမင်းသည်လည်း ဘုရားပွင့်ရာအခါ မဟုတ်သည့် သာသနာပအခါ၌ အလှူပေး၍ သိကြားမင်းပင်ဖြစ်သော်လည်း မိမိ၏လက်အောက်ငယ်သားဖြစ်သည် နတ်သား အချို့ထက် ဘုန်းတန်ခိုးနည်းခဲ့ရ၏။ အခါတပါး၌ အရှင်မဟာကဿပမထေရ်ကြီးသည် နိရောဓ သမာပတ်မှထ၍ ရာဇဂြိုဟ်မြို့အတွင်း၌ အိမ်စဉ်လှည့်လည်ကာ ဆွမ်းခံကြွတော်မူ၏။ ထိုအခါ သိကြားမင်း၏ အခြွေအရံ ဖြစ်သည့် နတ်သမီးငါးရာတို့သည် ဆွမ်းပွဲငါးရာပြုစီမံကာ လမ်းခရီး အကြား၌ ဆီးကြို၍ လှူဒါန်းရန် အားထုတ်ကြ၏။ အရှင်မဟာကဿပမထေရကြီးက 'ဆင်းရဲငြိုငြင်ပင်ပန်းသူများ အားသာ ချီးမြှောက် မည်'ဟု မိန့်ကာ နတ်သမီးတို့၏ ဆွမ်းကို ပယ်မြစ် ၏။
နတ်သမီးတို့သည် သိကြားမင်းအား အကြောင်းစုံကို ပြောကြားကြသောအခါ သိကြားမင်းသည် သုဇာတာကိုခေါ်ကာ လူ့ပြည်သို့ ဆင်းခဲ့၏။ ထို့နောက် ဇရာနှိပ်စက် ခံထားရသည့် ရက်ကန်းသည်အဘိုးအိုဇနီးမောင်နှံအသွင် ဖန်ဆင်းလျက် လမ်းခရီးအကြားရွာ၌ ရက်ကန်းရက်လျက် နေလေ၏။ အရှင်မဟာကဿပမထေရ်သည် အိမ်ရှေ့သို့ ရောက်လာသောအခါ သပိတ်အပြည့် ထည့်၍ လှူဒါန်း၏။ ထိုသိကြားမင်းလှူဒါန်းသောဆွမ်းသည် ရာဇဂြိုဟ်မြို့အနှံ့ အနံ့ဖြင့် လွှမ်းလေ၏။ အလွန် ဆင်းရဲသည့် လူအိုများဖြစ်ပါလျက် အလွန်ကောင်းမြတ်သည့် ဆွမ်းလှူဒါန်းနိုင်ခြင်း၏ အကြောင်းကို အရှင်မဟာကဿပမထေရ် စုံစမ်းဆင်ခြင်တော်မူသည့်အခါ သိကြားမင်းအဖြစ်ကို သိတော်မူလေ၏။ ထို့နောက် သိကြားမင်းအား ' သင်သည် သူဆင်းရဲတို့၏ စည်းစိမ်ဥစ္စာချမ်းသာကို လုယက်သဖြင့် ၀န်လေးသော အမှုကိုပြုဘိ၏။ ယနေ့ ငါ့အား သူဆင်းရဲတို့သာ အလှူပေးပါလျင် စစ်သူကြီးအရာ၊ သူဋ္ဌေးအရာကို ရစေနိုင်၏'ဟု မိန့်တော်မူ၏။
ထိုအခါ သိကြားမင်းက'အရှင်ဘုရား၊ တပည့်တော်လောက် ဆင်းရဲသူရှိမည် မထင်ပါ၊ တပည့်တော်သည် ဘုရားမပွင့်သည့် သာသနာပအခါ၌သာ ကုသိုလ်ပြုခဲ့ရ၍ သိကြားမင်းဖြစ်ခဲ့ပါ၏။ သာသနာတွင်းကာလ၌ ကောင်းမှုကုသိုလ်ပြုလုပ်ကြ၍ ဤနတ်ပြည်သို့ ရောက်လာကြသော တပည့်တော်၏ လက်အောင်ငယ်သားနတ်များဖြစ်သည့် စူဠရထနတ်၊မဟာရထနတ်၊ အနေက၀ဏ္ဏနတ် တို့နှင့် တွေ့ဆုံသောအခါ တပည့်တော်သည် ပုန်းအောင်း၍ နေရပါသည်။ ထိုနတ်သားသုံးဦးတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုသည် သာသနာတွင်းကုသိုလ်များဖြစ်၍ ထိုနတ်သားသုံးဦးမှ ထွက်သောကိုယ်ရောင်ကိုယ်ဝါသည် တပည့်တော်အား နှိပ်စက်သောကြောင့် ထိုနတ်သားတို့နှင့် ရင်ဆိုင်မတွေ့ရဲလောက်အောင် သိမ်ငယ်ရပါသည်။ သို့ဖြစ်သောကြောင့် တပည့်တောာ်အောက် ဆင်းရဲသူ ရှိမည်မထင်ပါ''ဟုလျောက်၏။ ထိုအခါ အရှင်မဟာကဿပက 'တကာတော်သိကြားမင်း၊ ဤနေ့ဤအခါမှစ၍ နောက်နောင် ငါ့အား ဤကဲ့သို့လှည့်ပတ်ခြင်းကို မပြုပါလင့်' ဟု မိန့်တော်မူ၏။ သိကြားမင်းက ' အရှင်ဘုရားတို့အားလှည့်ပတ်၍ လှူအပ်သော ဆွမ်းအလှူသည် တပည့်တော်အား ကုသိုလ်ရပါ၏လော' ဟုလျောက်၏။ အရှင်မဟာကဿပ မထေရ်က 'ရပေ၏' ဟု မိန့်ကြား၏။ သိကြားမင်းသည် ' ငါကား ဒါနအထူးကို ပုဂ္ဂိုလ်ပြုအပ်ပေပြီ' ဟု ဥဒါန်းကျူးရင့်ကာ နတ်ပြည်သို့ ပြန်လေ၏။၁
သာသနာတွင်းဒါန နှင့် သာသနာပဒါနတို့၏ အကျိုးပေးပုံကွာခြားပုံကို ဣန္ဒကနတ်သားနှင့်
အင်္ကုရနတ်သားတို့၏ ၀တ္ထုဖြင့်လည်း သက်သေပြပါဦးမည်။ မြတ်စွာဘုရားရှင်သည် ခုနစ်ဝါ မြောက်ဝယ် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို အမှူးထား၍ နတ်ဗြဟ္မာတို့အား ၀ါတွင်းသုံးလ ပတ်လုံး အဘိဓမ္မာ တရားကို ဟောတော်မူ၏။ ထိုအခါ ဣန္ဒကနတ်သားသည် မယ်တော်နတ်သား နေသော ဘုရား၏လက်ယာဘက်တော်၌ နေ၍ တရားနာသကဲ့သို့ အင်္ကုရနတ်သားသည်လည်း ဘုရား၏ လက်ဝဲဘက်တော်၌နေ၍ တရားနာ၏။ တန်ခိုးကြီးနတ်များရောက်လာသောအခါ အင်္ကုရနတ်သားသည် ဘုရားနှင့်တစ်ဆယ့်နှစ်ယူဇနာဝေးသောအရပ်တိုင်အောင် ဆုတ်ခွါ နေရာဖယ်ပေးရလေ၏။ ယင်းသို့ ဘုရားနှင့် တစ်ဆယ့်နှစ်ယူဇနာအကွာသို့ ဖဲခွါရခြင်းသည် အတိတ်ဘ၀တစ်ခုက (၁၂) ယူဇနာအရပ်တိုင်အောင် မီးဖိုပြု၍ အနှစ်တစ်သောင်းတိုင်တိုင် ပေးလှူခဲ့သော်လည်း ယင်းအလှူသည် သာသနာပကာလ၌သာ ဖြစ်သောကြောင့်ဖြစ်၏။ ဣန္ဒကနတ်သားသည်ကား သာသနာအတွင်း၌ အရှင်အနုရုဒ္ဓါအရှင်မြတ်အား တစ်ဇွန်း တစ်ယောက်ချိုမျသောဆွမ်းကို လှူဒါန်းခဲ့၏။ ယင်းသာသနာတွင်းကုသိုလ်ကြောင့် ဣန္ဒက နတ်သားမှာ နောက်မဆုတ်ရဘဲ ဘုရားအနီး၌ပင် တရားနာခဲ့ရ၏။၂
ဤ၀တ္ထုတို့ကို သုံးသပ်ပါက ဝေလာမပုဏ္ဏားသည် ထမင်းရည်ချောင်းစီးအလှူကြီး ပေးခဲ့ပါ သော်လည်း ဒက္ခိဏေယျ=မြတ်သောအလှူကိုခံထိုက်သည့်ပုဂ္ဂိုလ်မရှိသည့် သာသနာပအခါဖြစ်သော ကြောင့် အလှူ၏အကျိုး ပြီးစီးသင့်သလောက် မပြီးစီးခဲ့သည်ကို တွေ့မြင်နိုင်၏။နတ်တို့သနင်း သိကြားမင်းသည်လည်း သာသနာပကုသိုလ်မျသာ ပြုခဲ့မိ၍ မိမိ၏လက်အောက်ငယ်သားနတ်သား တို့အား မျက်နှာငယ်နေရသည်၏ အဖြစ်၊ မတွေ့ဆုံမိစေရန် ရှောင်ပုန်းနေရသည်၏အဖြစ် တို့ကို ရှုမြင်နိုင်၏။ ဣန္ဒကနတ်သားသည် သာသနာတွင်း၌ ညောင်စေ့လောက်မျ လှူသော်လည်း အကျိုး ပေးသည့်အခါ ညောင်ပင်ကြီးလောက် အကျိုးပေးခံရကြောင်းနှင့် အင်္ကုရနတ်သားသည် သာသနာပ၌ ညောင်ပင်ကြီးလောက်လှူခဲ့သော်လည်း အကျိုးပေးသည့်အခါ ညောင်စေ့မျသာ အကျိုးပေးခံရသည့် အဖြစ်တို့ကို လေ့လာနိုင်၏။ ထိုကြောင့် ကြုံတောင့်ကြုံခဲ သာသနာတွင်းနှင့် ဆုံတွေ့ခိုက်ဖြစ်သည့် ယခုကဲ့သို့အချိန်းမျိုး၌ ဒါနမျိုးစေ့ကို အထူးအားထုတ်၍ စိုက်ပျိုးသင့်လှ၏။
၎း၁၇။ ဒါနစစ်ပွဲ
အလှူဒါနပြုခြင်းသည် စစ်တိုက်သည်နှင့်တူ၏။ သဗ္ဗေသံ ဇီဝိတံ ပိယံ= သတ္တ၀ါအားလုံးသည်
မိမိတို့၏အသက်ကို မြတ်နိုး၏ ဟု မြတ်ဗုဒ္ဓဟောကြားခဲ့၏။ သေရမည်ကို သတ္တ၀ါအားလုံးက ကြောက်ရွံ့ကြ၏။ စစ်ပွဲဆင်နွှဲရာ၌ကား မိမိတို့ချစ်မြတ်နိုးသည့် အသက်ကို စတေးဝံ့ကြရ၏။ ယင်း
သို့ စတေးဝံ့မှ စစ်သားကောင်းပီသ၏။ သေရမည်ကို ကြောက်ရွံ့သူသည် စစ်ပွဲမဆင်နွှဲဝံ့။ မိမိ အသက်ကို ငဲ့ကွက်မှုမရှိဘဲ စွန့်လွှတ်နိုင်မှသာ စစ်တိုက်ဝံ့ကြ၏။ အသက်မသေခံဝံ့၊ စစ်ကိုလည်း တိုက်မည်ဟု ဆိုသော သူသည် မည်သည့်အချိန်အခါမှ စစ်တိုက်ဖြစ်လိမ့်မည် မဟုတ်ပေ။ အသက်ကို မငဲ့ကွက်ဘဲ သေချင်လျင်သေပါစေဟု စွန့်လွှတ်နိုင်မှသာ စစ်တိုက်နိုင်၏။ စစ်တိုက်ရာ၌ စစ်သည် အင်အား အနည်းအများသည် ပဓာနမကျပေ။ ရဲစွမ်းသတ္တိရှိ မရှိသာ လိုရင်းဖြစ်၏။ စစ်သည်အင်အား နည်းပါးသော်လည်း စစ်ဗျူဟာကျွမ်းကျင်၍ သတ္တိရှိက ရန်သူအင်အားအမြောက်အမြားကို အနိုင်ရနိုင်၏။
ထို့အတူ မိမိပစ္စည်းဥစ္စာကုန်ခမ်းမည်ကို ကြောက်ရွံ့သူသည် ပေးလှူဖို့ မ၀ံ့ရဲ။ ဥစ္စာကိုလည်း
စောင့်ရှောက်မည် အလှူလည်းပေးမည်ဟု ဆိုသူသည် မည်သည့်အခါမှ ပေးကမ်းလှူဒါန်းနိုင်လိမ့်
မည်မဟုတ်။ ကုန်ချင်ကုန်ပါစေဟု အာလယပြတ် စွန့်လွှတ်သူသာ လှူဒါန်းမှုပြုနိုင်၏။ သဒ္ဓါ၊စေတနာ
တရားစသည်တို့နှင့်ပြည့်စုံသူသည် အနည်းငယ်သော လှူဖွယ်ဝတ္ထုကို လှူသော်လည်း မလှူဖြစ်အောင် ဟန့်တားတတ်သည့် များစွာသော မစ္ဆရိယရန်သူတို့ကို နင်းချေအနိုင်ယူနိုင်၏။ ထိုကြောင့် ဒါနပြုခြင်းကို စစ်ပွဲနှင့်တူသည် ဟု ဆိုရ၏။
၎း၁၈။ ဧကသာဋကဇနီးမောင်နှံ၏ ဒါနစစ်ပွဲ
ဒါနပြုခြင်းသည် စစ်ပွဲကြီးတစ်ခုကိုဆင်နွဲသည်နှင့်တူကြောင်း အထက်၌ဆိုခဲ့၏။ ဤနေရာ၌ ဗုဒ္ဓလက်ထက် သာဝတ္ထိပြည်မှ ဧကသာဋကဇနီးမောင်နှံအကြောင်းကို သာဓကအဖြစ် တင်ပြပါမည်။
ထိုပုဏ္ဏားဇနီးမောင်နှံနှစ်ဦးသည် အလွန်ဆင်းရဲလှ၏။ ခါးဝတ်လုံခြည်တစ်ထည်စီရှိကြသော် လည်း ကိုယ်အပေါ်ပိုင်း၌ ၀တ်ဆင်ရသော အပေါ်ရုံခြုံထည် အင်္ကျီအ၀တ်ကား နှစ်ယောက်ပေါင်းမှ တစ်ထည်သာရှိ၏။ ထို့ကြောင့် ယင်းဇနီးမောင်နှံကို ဧကသာဋက (အပေါ်ရုံအင်္ကျီတစ်ထည်သာ ရှိသူ)ဟု ခေါ်ကြ၏။
တစ်နေ့သောအခါ သာဝတ္ထိပြည်မွန် ဇေတ၀န်ရွှေကျောင်းတော်၌ အထူးတရားပွဲအနေဖြင့် ပြုလုပ်သော ဓမ္မသဘင်သို့ သာဝတ္ထိမြို့သူမြို့သားများ တရားနာသွားကြ၏။ ဧကသာဋကပုဏ္ဏား ဇနီးမောင်နှံမှာ ပရိသတ်အတွင်းသို့ဝင်ရန် အပေါ်အင်္ကျီတစ်ထည်သာရှိသဖြင့် ဇနီးက နေ့အခါ တရားနာ သွားရ၏။ ခင်ပွန်းသည်သည် ဇနီးပြန်လာမှ ညတရားနာသွားရလေသည်။ ပုဏ္ဏားသည် တရားနာရသဖြင့် သဒ္ဓါတရားများဖြစ်ပေါ်လာ၏။ ဒါနပြုချင်စိတ်များ တဖွားဖွားဖြစ် ပေါ်တိုးပွား လာ၏။ တရာနာနေလျက်ပင် မြတ်စွာဘုရားအား အ၀တ်သင်္ကန်း လှူဒါန်းပူဇော်လိုစိတ်များ ဖြစ်ပေါ်လာ၏။ တစ်ဖန် '' ငါ့မှာရှိသော ဤအပေါ်ရုံကို လှူလိုက်လျင် ငါတို့ဇနီး မောင်နှံနှစ်ဦးအတွက် ၀တ်ရုံစရာအ၀တ်မရှိဘဲ ဖြစ်တော့မည်''ဟု အလှူကိုဖျက်ဆီးသော နှမြောတွန့်တိုမှုမစ္ဆေရစိတ်တို့ ထောင်သောင်းမက စိတ်တွင်ဖြစ်ပေါ်လာပြန်ကာ မလှူဖြစ်ဘဲ နေလေ၏။ ပုဏ္ဏား၏စိတ်ထဲ၌ လှူဒါန်း ရန် ဆုံးဖြတ်သော သဒ္ဓါ စေတနာစိတ်နှင့် မလှူတော့ပါဟု ဆုံးဖြတ်သော မစ္ဆေရစိတ်တို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ၍ တိုက်ပွဲဆင်နေကြလေ၏။
လှူလိုသည့် စေတနာသဒ္ဓါတရားတစ်ကြိမ်ပြန်ပေါ်လာသည်နှင့် တပြိုင်နက် လှူဒါန်းရေး၌ နှောက်ယှက်သော နှမြောတွန့်တိုသည့် မစ္ဆေရစိတ်များ အကြိမ်များစွာဝင်လာလျက် မစ္ဆေရစိတ်က အနိုင်ယူကာ ဒါနကုသိုလ်အထမမြောက် မအောင်မြင်အောင် နှောက်ယှက်ဖျက်ဆီးလျက်ရှိ၏။ လှူမည်ဟု ကြံတိုင်းကြံတိုင်း၌ မလှူဖြစ်အောင်နှောက်ယှက်နေသည့် နှမြောမှုမစ္ဆေရစိတ်က အနိုင်ယူလျက်ရှိ၏။ ညာဥ့်ဦးယံနှင့် သန်းခေါင်ယံတိုင်သည်အထိ ဒါနစေတနာတပ်နှင့် မစ္ဆေရရန်သူတပ် များ၏ တိုက်ပွဲကား ပြင်းထန်ဆဲပင်ဖြစ်လေ၏။
နောက်ဆုံးမိုးသောက်ယံသို့ ရောက်သောအခါ၌သာလျင် ပုဏ္ဏားသည် စိတ်နှလုံးကို ဒုံးဒုံးချလျက် မြတ်စွာဘုရားအား လှူဒါန်းနိုင်ခဲ့လေသည်။ ထိုအခါမှသာ ဗိုလ်ချုပ်သဒ္ဓါတရားက မစ္ဆေရသူပုန်တို့ကို အပြတ်အသတ်ချေမှုန်းအနိုင်ယူကာ ဒါနစစ်ပွဲကြီးအောင်မြင်စွာပြီးဆုံးနိုင်ခဲ့၏။ ထို့နောက်ပုဏ္ဏားသည် 'ငါအောင်ပြီ၊ငါအောင်ပြီ' ဟူသောကြွေးကြော်သံကို လှိုက်လှဲဝမ်းသာစွာ သုံးကြိမ်တိုင်တိုင် ကြွေးကြော်လိုက်၏။ ထိုကြွေးကြော်သံကို ပသေနဒီကောသလမင်း ကြားသောအခါ အကြောင်းကို မေး၏။ ဧကသာဋကက ရှင်းပြ၏။မင်းကြီးသည် အကြောင်းစုံကို သိရသောအခါ အ၀တ်ပုဆိုး(၃၂)ထည်ကို ဧကသာဋကပုဏ္ဏားအား ချီးမြောက်လေ၏။ ပုဏ္ဏားသည် မိမိနှင့်ဇနီး အတွက် နှစ်ထည်သာယူ၍ ကျန်သောအထည်(၃၀)ကို မြတ်စွာဘုရားအား လှူဒါန်းပူဇော်လိုက်၏။ ထိုအဖြစ်ကို ကြားသိ၍ ဘုရင်သည် ပုဏ္ဏားအား ထပ်မံ၍ ချီးမြင့်လိုသောစိတ်များ ပေါ်လာ၏။ ဒါန၏ ဒိဋ္ဌဓမ္မအကျိုးကား ထင်ရှားလှ၏။
မင်းကြီးသည် အဖိုးတစ်သိန်းစီထိုက်သည့် ကမ္ဗလာပုဆိုးနှစ်ထည်ကို ချီးမြင့်ပြန်၏။ ပုဏ္ဏားက လည်း တစ်ထည်ကို မြတ်စွာဘုရားသီတင်းသုံးသော ဂန္ဓကုဋိကျောင်းတော်၏ မျက်နှာကျက်အတွက် လှူဒါန်း၏။ ကျန်တစ်ထည်ကို မိမိအိမ်ဝယ် ရဟန်းတော်အား ဆွမ်းကပ်သည့်နေရာ၌ မျက်နှာကျက် ပြုလုပ်ထားလိုက်လေသည်။ ထိုအကြောင်းကို မင်းကြီးကြားသိပြန်လျင် လေးပါတွဲဆု(၇)ဆု ထပ်မံ ချီးမြင့်ပြန်၏။ ထိုဆု(၇)ဆုကား-
၁။ ဆင်လေးကောင်၊
၂။ မြင်းလေးကောင်၊
၃။ ငွေသားစစ်စစ်လေးထောင်၊
၎။ အမျိုးသမီးလေးယောက်၊
၅။ ကျွန်လေးယောက်၊
၆။ အမျိုးသားလေးယောက်၊
၇။ ရွာလေးရွာ ဟူ၍ ဖြစ်သည်။၁
ဤ၀တ္ထုကိုရှုလျင် ဧကသာဋကပုဏ္ဏားသည် သဒ္ဓါစေတနာဟူသော လက်နက်ဖြင့် မစ္ဆရိယ စစ်တပ်ကြီးကို အနိုင်ယူကာ များပြားလှစွာသော ဆုလာဘ်တော်ဟူသော အောင်ပွဲကြီးကို ရယူခဲ့သည်ကို တွေ့မြင်နိုင်၏။ ဤအောင်ပွဲ ဆုလာဘ်ကြီးသည်လည်း ဧကသာဋကပုဏ္ဏား စစ်တိုက် နှေး၍ ရခဲ့သောဆုလာဘ်မျသာ ဖြစ်၏။ ပစ္ဆိမယာမ်အောင်ပွဲ၏ ဆုလာဘ်မျသာဖြစ်၏။ အကယ်၍ သာ သူသည် ညာဥ့်၏ ပထမယာမ်အချိန်တွင် တိုက်နိုင်ခဲ့လျင်(၁၆)ပါးတွဲဆုများကို ရရှိမည်ဖြစ်၏။ မဇ္ဈိမယာမ်၌ တိုက်နိုင်ခဲ့လျင်လည်း (၈)ပါးတွဲဆုများကို ရရှိမည်ဖြစ်၏။ စွန့်ကြဲပေးကမ်း လှူဒါန်းမှု၏ ဒိဋ္ဌဓမ္မအကျိုးကား အံ့သြဖွယ်ကောင်းလှပါ၏။
သို့ဖြစ်၍ စွန့်ကြဲပေးကမ်းမှုဟူသည်ကို နေ့ညမဆိုင်းတတ်စွမ်းသရွေ့ပြုလုပ်သင့်လှ၏။ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် အချိန်နာရီ၊ရက်ရာဇာပြဿဒါး ရွေးနေရန်မလိုအပ်ပေ။ လက်ငင်း ချက်ခြင်းသာ ပြုလုပ်အပ်၏။ လူတို့၏ စိတ်သဘောသည် ကုသိုလ်ထက် အကုသိုလ်၌ မွေ့လျော် ရသည်ကို ပိုမိုနှစ်ခြိုက်၏။ ထိုကြောင့် ကုသိုလ်စိတ်ဖြစ်ပေါ်သည်နှင့် ချက်ခြင်းသာပြုလုပ်သင့်ကြောင်း မြတ်စွာဘုရားက လမ်းညွှန်တော်မူ၏။ ထို့အပြင် ကုသိုလ် ကောင်းမှုပြုလုပ်ရာ၌ လှုဖွယ်ဝတ္ထု ပစ္စည်း အနည်းအများအပေါ်တွင် စိတ်စနိုးစနောင့်မဖြစ်ဘဲ ပေးလှူသင့်၏။ အလှူ၏အကျိုး ဟူသည် ပစ္စည်းအနည်းအများအပေါ်တွင်မူမတည်ပေ။ ဧကသာဋကထုံး နှလုံးမူသင့်၏။ ဧကသာဋက ပုဏ္ဏားသည် အပေါ်ရုံအင်္ကျီဟူသည့်အနည်းငယ်သော အလှူဖွယ်ဝတ္ထုကို စိတ်ချီတုံ ချတုံဖြစ်ပြီးမှ လှူဖြစ်ခဲ့၏။ ဤအလှူ၏အကျိုးကပင် များပြားလှ၏။ အလှူဒါန၏ ကြီးမားရန် လိုရင်းအချက်ကား စေတနာသဒ္ဓါတရားအားကောင်းခြင်းသာ ဖြစ်၏။ စေတနာသဒ္ဓါတရား အားကောင်းကောင်းဖြင့်သာ ပြုလုပ်လျင် အလှူဝတ္ထုပင်နည်းပါးသော်လည်း အကျိုးပေးကား သန်လှမည်ဖြစ်၏။
အထက်ဖေါ်ပြပါ စူဠေကသာဋကပုဏ္ဏားဇနီးမောင်နှံသည် ၀ိပဿီဘုရားရှင် လက်ထက် တော် အခါကလည်း ဂေါတမဘုရားရှင်လက်ထက်တော်တွင် ပြုလုပ်ခဲ့သည့် အလှူအတိုင်း ပေးလှူ ခဲ့သောကြောင့် ဗန္ဓုမမင်းကြီး၏ ချီးမြှောက်ပူဇော်မှုကို ခံခဲ့ရ၏။၁
အရှင်မဟာကဿပအလောင်း နန္ဒမင်းသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးအား သင်္ကန်း အနားပတ်လှူခဲ့ခြင်းကြောင့် မင်းဖြစ်သောအခါ၌ နတ်၌ဖြစ်သည့် ပုဆိုးပဒေသာပင် (၃၂)ပင် ပေါက်ခဲ့ ၏။၂
သုမနပန်းသည်သည် ဘုရားရှင်အား ပန်းရှစ်ဆုပ်လှူဒါန်းပူဇော်ခဲ့ခြင်းကြောင့် ဆင်မြင်းစသည် ရှစ်ခုစီရသော ဆုလာဘ်တို့ကို မျက်မှောက်ဘ၀၌ပင် ရရှိခံစားခဲ့ရ၏။၃
ဝန၀ါသီတိဿသာမဏေအလောင်းဖြစ်သည့် မဟာသေနပုဏ္ဏားကြီးသည် အရှင်သာရိ ပုတ္တရာအား ပုဆိုးကြမ်းတစ်ထည်နှင့် တစ်ပါးစာနို့ဃနာဆွမ်းကို လှူဒါန်းခဲ့ခြင်းကြောင့် တိဿ သာမဏေဘ၀ ခုနစ်နှစ်သားအရွယ်တွင် နှစ်ရက်တည်းဖြင့်ပင် ဆွမ်းအုပ်တစ်ထောင်၊ ကမ္ဗလာ အထည်တစ်ထောင်တို့ကို ရရှိ၍ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ခဲ့ရ၏။၎ ဥပဍ္ဎုဒုဿမထေရ် အလောင်း သူခစားသည် ပဒုမုတ္တရ ဘုရားရှင်၏ တပည့်သုဇာတမထေရ်အား မိမိ၏အ၀တ်မှပုဆိုး တစ်ပိုင်း တစ်စကို လှူခဲ့မှုကြောင့် ဘ၀များစွာ သုဂတိဘုံတို့၌သာ ကျင်လည်ရပြီး နောက်ဆုံးဘ၀၌ အလိုရှိခဲ့ပါမူ တောတောင်အရပ် မျက်နှာရှိသမျကို ခေါမပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်သည်အထိ အကျိုးရရှိခဲ့၏။၅ ဤသာဓကတို့ကို ရှုပါက အလှူ၏အကျိုးသည် လှူဖွယ်ဝတ္ထုအနည်း အများ၌မတည်ဘဲ အလှူရှင်၏ စေတနာသဒ္ဓါတရား အပေါ်၌သာ တည်မှီကြောင်းထင်ရှား၏။ စေတနာသဒ္ဓါတရား ထက်သန် လာမှုကြောင့်ပင် စူဠေကသာဋကပုဏ္ဏားသည် အကျိုးများစွာ ရရှိခဲ့ခြင်းဖြစ်၏။ ထိုကြောင့် လှူဖွယ် ၀တ္ထုသည် နည်းလွန်းလှ၏ ဟု အားမငယ်သင့်။
၎း၁၉။ အာစိဏ္ဏကံကုသိုလ်
ကုသိုလ်အရာ၌ အမြဲဒါနပြုမှု၊ သီလဆောက်တည်မှု၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းမှု၊ စာပေ ပို့ချမှုစသည်ဖြင့် အမြဲမပြတ်လေ့ကျက်တိုးပွားစေအပ်သောကံမျိုးကို အာစိဏ္ဏကံ ဟုခေါ်၏။ ဒါနကုသိုလ်ပြုလိုသူသည် လှူဖွယ်ဝတ္ထုနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ အာစိဏ္ဏကံကုသိုလ် ဖြစ်စေရန် နေ့စဉ်ပြုသင့်လှ၏။ အလှူဒါနပြုရာ၌ အလှူမဏ္ဍာပ်ခမ်းနား ကြီးကျယ်စွာ ဆောက်လုပ် လျက် သိန်းပေါင်းများစွာ အကုန်အကျခံလှူဒါန်းခြင်းကိုသာ ဒါနပြုသည်ဟု မမြင်သင့်ပေ။ အလှူဒါန ဟူသည် ကြွယ်ဝချမ်းသာသူတို့သာ ပြုလုပ်သင့်သည်ဟုမမြင်သင့်ပေ။
၎း၂၀။ ဒါနအကျိုးအမျိုးမျိုး
ဒါန၏အကျိုးတရားများနှင့်စပ်၍ ထိုထိုပါဠိတော်တို့၌ အလှူဒါနအမျိုးမျိုး၏ အကျိုးတရား အမျိုးမျိုးတို့ကို များစွာဟောကြားထားပေ၏။ သင်္ကန်းလှူရကျိုး၊ဆွမ်းလှူရကျိုး၊ ကျောင်းလှူရကျိုး၊ ဆေးလှူရကျိုး၊ ထီးလှူရကျိုး၊ဖိနပ်လှူရကျိုး၊ဆီမီးလှူရကျိုးစသည်ဖြင့် အလှူဒါနအမျိုးမျိုးနှင့်စပ်၍ သီးခြားအကျိုးများမှာ များပြားလှ၏။ သို့သော် ဤနေရာ၌ ထိုဒါနအားလုံး၏အနှစ်ချုပ်ဖြစ်သည့် လှူဖွယ်ဝတ္ထုအစုစုကို လှူဒါန်းသူအား ရရှိနိုင်သည့် အကျိုးတို့ကိုသာ ရွေးနှုတ်တင်ပါပြပါမည်။
လှူဖွယ်ဝတ္ထုအစုစုကို လှူဒါန်းသောအလှူရှင်သည်
၁။လူအများ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရခြင်း၊
(လူချစ်လူခင်များ၍ မျက်နှာပန်းပွင့်လန်းခြင်း၊)
၂။သူတော်ကောင်းများ လာရောက်ဆည်းကပ်မှီဝဲခြင်း၊
(အလှူခံပညာရှင်သူတော်စင်တို့နှင့် အမြဲထိတွေ့ခွင့်ရခြင်း၊)
၃။ဂုဏ်ကျေးဇူးသတင်းပြန့်နှံ့ကျော်ကြားခြင်း၊
(နာမည်ကောင်းထွက်ခြင်း၊)
၎။ပရိသတ်လေးပါးသို့ ရဲဝံ့ရွှင်ပြစွာ ၀င်ရောက်နိုင်ခြင်း၊
၅။သေလွန်သောအခါ နတ်ရွာသုဂတိသို့ လားရောက်ရခြင်း ဟူသည့်လက်တွေ့အကျိုးတို့ကို ခံစားရ၏။၁
ဤအကျိုးတရား(၅)ပါးနှင့်စပ်၍ သီဟစစ်သူကြီးသည် လက်တွေ့ထောက်ခံခဲ့၏။ လက်တွေ့ ထောက်ခံကြောင်းကိုလည်း မြတ်စွာဘုရားအား ဤသို့လျောက်ကြားခဲ့၏။
'' မြတ်စွာဘုရား၊ မြတ်စွာဘုရားမိန့်ကြားတော်မူသည့် ဒါန၏မျက်မှောက်အကျိုးငါးပါးအနက် ရှေ့လေးမျိုးကို တပည့်တော် ယုံကြည်လက်ခံခြင်းမှာ မြတ်စွာဘုရားကို ယုံကြည်သောကြောင့် မဟုတ်ပါ။ တပည့်တော်ကိုယ်တိုင် သိသောကြောင့်ဖြစ်ပါသည်။ တပည့်တော်သည် ပေးလှူတတ်သူ အလှူရှင်တစ်ယောက်ဖြစ်ပါသည်။ လူအများသည် တပည့်တော်ကို ချစ်ခင်မြတ်နိုးကြပါသည်။ သူတော်ကောင်းတို့သည် တပည့်တော်ထံ ဆည်းကပ်ကြပါသည်။ တပည့်တော်သည် ကောင်းသော ဂုဏ်သတင်းကျော်စောသူဖြစ်ပါသည်။ မည်သည့်ပရိသတ်သို့မဆိုဝင်လျင် ရဲဝံ့ရွှင်ပြစွာ ၀င်ရပါသည်။ ဤအကျိုးလေးမျိုးကို တပည့်တော်ကိုယ်တွေ့သိပါသည်။ သေလွန်သောအခါ နတ်ရွာသုဂတိသို့ လားရောက်ရခြင်းဟူသောအကျိုးကိုကား မြတ်စွာဘုရားကို ယုံကြည်သဖြင့် တပည့်တော် လက်ခံ ပါသည်ဘုရား'' ၂
ထို့အပြင် ဒါနပြုသူသည် အောက်ပါအကျိုး(၇)မျိုးတို့ကိုလည်း ရရှိခံစားနိုင်၏။ ထို(၇)မျိုးမှာ-
၁။ကိလေသာကင်းကွာ ရဟန္တာအရှင်မြတ်တို့၏ အချီးအမြှေက်ကို ရှေ့ဦးစွာခံရခြင်း၊
၂။ရဟန္တာအရှင်မြတ်တို့၏ ရှေ့ဦးစွာချဉ်းကပ်မှုကို ခံရခြင်း၊
၃။လှူဖွယ်ဝတ္ထုကို ရှေ့ဦးစွာ လှူဒါန်းခွင့်ရခြင်း၊
၎။တရားတော်ကို ရှေ့ဦးစွာ နာယူခွင့်ရခြင်း၊
၅။ကောင်းသောဂုဏ်သတင်း ပျံ့သင်းကျော်ကြားခြင်း၊
၆။ပရိသတ်လေးပါးသို့ ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်း၊
၇။သေသည်၏အခြားမဲ့၌ နတ်ပြည်သို့လားရောက်ရခြင်း ဟူ၍ဖြစ်၏။၁
ဤအကျိုးများသည် ဒါနပြုလုပ်သူမည်သူမဆို အလိုအလျောက်ရယူပိုင်ဆိုင်နိုင်သည့် အလှူရှင်တိုင်း
နှင့်သက်ဆိုင်သော အကျိုးတရားများဖြစ်၏။
ထို့အပြင် ဒါနသည် အလှူပေးအလှူခံ နှစ်ဦးလုံး၏ စိတ်ကို နူးညံ့ပျော့ပြောင်းအောင်ပြုနိုင်၏။မလိမ်မာမယဉ်ကျေးသောသူကို လိမ်မာယဉ်ကျေးစေနိုင်၏။ မိမိစကားနားမထောင်သူတို့ကိုလည်း နားထောင်လာစေနိုင်၏။ မိမိသူတစ်ပါးနှစ်ဦးသားတို့၏ အကျိုး၊ပစ္စုပ္ပန်လောကအကျိုးနှင့် တမလွန် လောကအကျိုး အမျိုးမျိုးကို ပြီးစေနိုင်၏။ အခြံအရံအကျော်အဇော ကျက်သရေစည်းစိမ် ချမ်းသာတို့ကိုလည်း ပေးစွမ်းနိုင်၏။ တရားသဖြင့်ရသော ပစ္စည်းဝတ္ထုကို တရားထူးရသောပုဂ္ဂိုလ် တို့အား ပေးလှူလျင် နတ်ပြည်သို့ လားရောက်နိုင်၏။၂ ထို့အပြင် ဒါနသည် သိကြားမင်းစည်းစိမ်၊ မာရ်နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်၊စကြာဝတေးမင်းစည်းစိမ်၊မင်းစည်းစိမ်စသော လောကီ စည်းစိမ်အမျိုးမျိုးနှင့် သာဝကပါရမီညာဏ်၊ ပစ္စေကဗောဓိညာဏ်၊ အဘိသမ္ဗောဓိဥာဏ်ဟုဆိုအပ် သော လောကုတ္တရာစည်းစိမ်ချမ်းသာကိုလည်း ပေးစွမ်းနိုင်၏။၃ အလှူဒါနကြောင့် လူ့ပြည် နတ်ပြည် သို့ လားရောက်ရသည်မှာ ထင်ရှားလှပါ၏။ ဗြဟ္မာ့ပြည်သို့မူကား ပေးလှူရုံမျဖြင့် မလားရောက်နိုင်ပါ။ ထိုသို့ တိုက်ရိုက်မရောက်နိုင်သော်လည်း ဒါနစေတနာသည် သမထ၊၀ိပဿနာစိတ်၏ အခြံအရံ အဖြစ်ဖြင့် ပေးလှူပြီးနောက် မိမိအား ရန်ငြိုးဖွဲ့နေသည့် ရန်သူများ၌သော်လည်း နူးညံ့သိမ်မွေ့သော စိတ် ပေါ်ပေါက်လာပြီးလျင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည့် ဗြဟ္မစိုရ်တရားတို့ကိုပွားမျာ အားထုတ်ခဲ့ပါမူ ဗြဟ္မာ့ပြည်သို့ လားရောက်စေနိုင်၏။၎ ထို့အပြင် ဒါနသည် ဈာန်၊၀ိပဿနာ၊ မဂ်၊ဖိုလ်၊နိဗ္ဗာန်ချမ်းသာအားလည်း အားကြီးသောမှီရာအကြောင်း အထောက်အပံ့ ဥပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏။၅
၎း၂၀။ စေတနာချို့တဲ့လျင်
စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို ပြုလုပ်ရာ၌ စေတနာသုံးတန်ထက်သန်ညီညွတ်ရန် အလွန် အရေးကြီးလှ၏။ စွန့်ကြဲပေးကမ်းလှူဒါန်းသူသည် မလှူမီရှေးအဖို့၌ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရခြင်း ဟူသော ပုဗ္ဗစေတနာလည်း ထက်သန်ရ၏။ ပေးလှူနေစဉ် ၀မ်းမြောက်ဝမ်းသာဖြစ် နေရခြင်းဟူသည့် မုဉ္စစေတနာလည်း ထက်သန်ရ၏။ ပေးကမ်းလှူးဒါန်းပြီးသည့်နောက်၌ ၀မ်းမြောက်ဝမ်းသာဖြစ်နေ ခြင်းဟူသည့် အပရစေတနာလည်း ထက်သန်ရ၏။ ယင်းသို့ကာလသုံးပါး၌ စေတနာသုံးတန် ထက် သန်ခြင်းကို ညီညွတ်မှုဟု ဆိုရ၏။ စေတနာသုံးတန်ထက်သန်ညီညွတ်မှသာ အလှူသည်လည်း အကျိုးပေးသန်၏။ ဆွမ်း၊သင်္ကန်း ၊ကျောင်း၊ ဆေးစသည့်လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးသည့်အခါ၌ ဖြစ်စေ၊ ဘုရားတည်၊ကျောင်းဆောက်၊ရဟန်းခံပြီးသောအခါ၌ဖြစ်စေ အလှူခံပုဂ္ဂိုလ်များဖက်မှ အကျင့် သီလချွတ်ယွင်းမှု၊ အလှူရှင်တကာဖက်မှ ပစ္စည်းအား စေတနာအား နည်းသွားမှုကြောင့် နှမြော တွန့်တိုစိတ်များ ဖြစ်ပေါ်လာတတ်၏။ ယင်းသို့ဖြစ်ခြင်းသည် အပရစေတနာ ပျက်မှုပင်ဖြစ်၏။
စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုရာ၌ စေတနာသုံးတန်တို့တွင် ပုဗ္ဗစေတနာ ပျက်ကွက်ပါလျင် ရုပ်ရည်မလှပခြင်း၊ ပထမအရွယ်၌ ဆင်းရဲနွမ်းပါးခြင်းစသည့် မလိုလားအပ်သောအကျိုးများ ဖြစ်ရ တတ်၏။ ဗာရာဏသီပြည်၌ ဗကမင်းကြီးမင်းပြုစဉ်အခါက ပဉ္စပါပီအမည်ရှိသော အမျိုးသမီး တစ်ဦးရှိ၏။ ထိုအမျိုးသမီးသည် လိုဏ်ဂူ၌လိမ်းကျံရန် မြေညက်ခဲအလှူခံလာသော ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တစ်ပါးကို မလှူမီရှေ့အဖို့၌ အမျက်ဒေါသဖြင့်ကြည့်လျက် ''မြေညက်ခဲမျကိုပင် အလှူခံဘိ၏''ဟု ပြစ်မှားမိ၏။ ထို့နောက်မှ စေတနာ ထက်သန်စွာဖြင့် လှူဒါန်းလေ၏။ ပဉ္စပါပီသည် မြေညက်ခဲလှူခဲ့သော ဒါနစေတနာကြောင့် ဤဘ၀၌ ခန္ဓာကိုယ်အထိအတွေ့ အလွန်ကောင်းမွန် နူးညံ့သည့် မိန်းမတစ်ယောက်ဖြစ်ရသော်လည်း ပုဗ္ဗစေတနာပျက်ကွက်ချို့တဲ့မှုကြောင့် လက်၊ ခြေ၊ ပါးစပ်၊မျက်စိ၊နှာခေါင်းဟူသည့် အင်္ဂါငါးခုတို့ အချိုးအစားမကျ အလွန်အရုပ်ဆိုးသူဖြစ်ရလေ၏။ မုဉ္စစေတနာ၊အပရစေတနာကောင်းမှုကြောင့် သူမတူသည့်အထိအတွေ့နှင့်ပြည့်စုံကာ မင်းနှစ်ပါး တို့၏ တန်းတန်းစွဲမိဖုရားဖြစ်ခဲ့ရ၏။၁
အပရစေတနာချို့တဲ့ပါက စည်းစိမ်ဥစ္စာအခြံအရံနှင့် ပြည့်စုံပါသော်လည်း ကောင်းမြတ်သော အသုံးအဆောင်ပစ္စည်းဘဏ္ဍာတို့ကို မသုံးစွဲလိုခြင်း၊ မသုံးစွဲရခြင်းစသည့် ဆိုးကျိုးတို့ ဖြစ်ပေါ်ရတတ်၏။ အပုတ္တကသူဋ္ဌေးသည် တဂ္ဂရသိခီမည်သော ပစ္စေကဗုဒ္ဓါတစ်ပါးအား ဆွမ်း လှူဖို့ရန် ဇနီးဖြစ်သူအား ဇနီးဖြစ်သူအား မှာထားပြီးလျင် အရပ်တစ်ပါးသို့သွား၏။ ပြန်လာ သောအခါ ပစ္စေကဗုဒ္ဓါနှင့်ဆုံ၍ သပိတ်ကိုတောင်းယူကြည့်ရှု၏။ထိုအခါ ဇနီးဖြစ်သူ လောင်းလှူ လိုက်သည့် မွန်မြတ်သော ဘောဇဉ်ကိုတွေ့မြင်ရသဖြင့် 'ဤမွန်မြတ်သော ဘောဇဉ်ကို ငါ၏ ကျေး ကျွန် အစေအပါးတို့အား ကျွေးမွေးရမူ ကောင်းပေရာ၏။ အစေအပါးကျေးကျွန်တို့သည် ဤမွန်မြတ်သောဘောဇဉ်ကိုစား၍ ငါ၏ ကိစ္စအ၀၀တို့ကို ပြုလုပ်ကြပေလိမ့်မည်။ ဤရဟန်း သည်ကား မိမိနေရာသို့ပြန်သွား၍ ဤမွန်မြတ်သော ဘောဇဉ်ကိုစားကာ အိပ်၍နေပေလိမ့်မည်'ဟု နှလုံးမသာမယာဖြစ်၍ အပရစေတနာ ချွတ်ယွင်းခဲ့၏။
ဆွမ်းလှူးဒါန်းခဲ့သော ဒါနစေတနာကြောင့် နတ်ပြည်၌ နတ်သားခုနစ်ကြိမ်၊ လူ့ပြည်၌ သူဋ္ဌေး ခုနစ်ကြိမ်ဖြစ်ရသော်လည်း အပရစေတနာချို့တဲ့ပျက်ကွက်ခဲ့မှုကြောင့် ကောင်းမြတ်သော ထမင်း၊ ကောင်းမြတ်သောအ၀တ်တန်ဆာ၊ ယာဉ်စသော အသုံးအဆောင်နှင့် မွန်မြတ်သည့် ငါးပါးအာရုံ ကာမဂုဏ်တို့ကို မသုံးစွဲရက်ဖြစ်ခဲ့ရ၏။ စည်းစိမ်ဥစ္စာ အလျံပယ်ကြွယ်ဝသူပင်ဖြစ်သော်လည်း မစား ရက်၊မ၀တ်ရက်၊မသုံးရက်ဖြစ်ခဲ့ရ၏။၂ ထို့ကြောင့် စွန့်ကြဲပေးကမ်း လှူဒါန်းမှုပြုရာ၌ စေတနာသုံးတန် ညီညွတ်မြဲမြံထက်သန်ရန် အထူးဂရုပြုသင့်လှပေ၏။ ထိုစေတနာသုံးတန်အကြောင်းနှင့် စပ်လျဉ်း၍ မန်လည်ဆရာတော်ဘုရားကြီးကလည်း ဤသို့မိန့်တော်မူခဲ့၏။
''ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မူနည်ယုတ်မြတ်၊ မမှတ်အညီ၊ လာရောက်ပြီတိုင်း၊ ဒုဿီသုသီ၊ အလဇ္ဇီက၊လဇ္ဇီမကြွင်း၊ မချန်ချွင်းဘဲ၊ ၀မ်းတွင်းခိုင်ကြည်၊ သူမည်မည်နှိုက်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေရှေးဘို့၊ ဥာဏ်မဲ့ချို့၍၊ တွန့်ဘို့တုံက၊ ပထမရွယ်၊ နောင်ခါဝယ်နှိုက်၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုလ၊ ပဉ္စပါပီ၊မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျဖြင့်၊ ရူပလက္ခဏာ၊ပျက်တတ်စွာ၏။နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဥာဏ်သိမ်နိမ့်ကျ၊ ဖြစ်တတ်ကြ၏။ပဒုမ၀တီ၊ ဒေ၀ီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဋ္ဌေးစသည့်၊ ထိုမျဝတ္ထု၊ အစုစုကို၊မျော်ရှုနှိုင်းဆ၊ ထောက်အပ်စွရှင့်၊ မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊မပြည့်ဖြိုးသည်။ နွမ်းညှိုးယော်ရမည်ကိုကား။၃
၎း၂၁။ လှူသည့်အတွက်မွဲသွားသည်ဟူ၍မရှိ
ဤလောကရှိလူတို့သည် လူချင်းတူပါလျက်နှင့် အချို့ကအသက်တို၏။ အချို့က အသက် ရှည်၏။ အချို့က အနာရောဂါထူပြော၏။ အချို့က အနာရောဂါကင်း၏။ အချို့လူများက အရုပ်ဆိုး ကြ၏။ အချို့လူများက ရုပ်ချောကြ၏။ အချို့လူများက အခြွေအရံနည်းကြ၏။ အချို့လူများက အပေါင်းအသင်း ပေါကြ၏။ အချို့လူများက ဆင်းရဲနွမ်းပါးကြ၏။ အချို့လူများက ချမ်းသာကြွယ်ဝ ကြ၏။ အချို့လူများက အမျိုးညံ့ကြ၏။ အချို့လူများက အမျိုးမြတ်ကြ၏။ အချို့လူများကအသိပညာ ကင်းကြ၏။ အချို့လူများက ဥာဏ်ပညာရှိကြ၏။ ထိုသို့လူတန်းစားကွဲပြားရခြင်း၏ အကြောင်းတရား သည်ကား စေတနာဟူသော ကံကြောင့်ပင်ဖြစ်၏။ ကံဖန်တီးရာနာခံရသည့် နိယာမကြောင့်ပင် ဖြစ်ပါ၏။
ကံဟူသည်မှာလည်း အလုပ်ပင်ဖြစ်လေသောကြောင့် ကောင်းသည့်အလုပ်ကို လုပ်လျင် ကောင်းကျိုးရ၍ မကောင်းသည့် အလုပ်ကိုလုပ်လျင် မကောင်းကျိုးရမည်မှာသေချာလှ၏။ ဤလောက၌ လူချမ်းသာနှင့်လူဆင်းရဲဟူ၍ လူတန်းစားနှစ်ရပ်ကွဲပြားလာရခြင်းမှာလည်း ယင်းကံတရားကြောင့်ပင် ဖြစ်၏။ ချမ်းသာဆင်းရဲခြင်း၏ အကြောင်းကိုသိလိုသည့် သုဘလုလင်အား မြတ်စွာဘုရားက-
''လုလင်၊ဤလောက၌ အချို့သောသူသည် ၀န်တိုသောစိတ်ရှိသဖြင့် ရဟန်းပုဏ္ဏားတို့အား ထမင်း၊အဖျော်၊အ၀တ်စသည်ကို မပေးလှူ၊ ထိုသူသည် သေသောအခါ အပါယ်ငရဲကျရ၏။ အပါယ်ငရဲမကျဘဲ လူဖြစ်ရလျင်လည်း ပစ္စည်းဥစ္စာချို့တဲ့သူဖြစ်ရ၏။ လုလင်၊မပေးမလှူခြင်းသည် ပစ္စည်းဥစ္စာချို့တဲ့စေတတ်သောအကျင့်ဖြစ်၏။ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား ထမင်း အဖျော်အ၀တ်စသည်ကို ပေးလှူ၏။ ထိုသူသည် သေလွန်သောအခါ နတ်ရွာသုဂတိသို့ ရောက် ရ၏။ နတ်ရွာသုဂတိသို့ မရောက်ဘဲ လူဖြစ်ရလျင်လည်း ပစ္စည်းဥစ္စာပေါများချမ်းသာသူ ဖြစ်ရ၏။ လုလင်၊ ပေးလှူခြင်းသည် ပစ္စည်းဥစ္စာပေါများချမ်းသာစေတတ်သော အကျင့်ဖြစ်၏။'၁ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ချမ်းသာကြွယ်ဝမှုကို အလိုရှိသူတို့အနေဖြင့် စွန့်ကြဲပေးကမ်းလှူဒါန်းမှု ဟူသမျကို တတ်စွမ်း သရွေ့ ပြုကျင့်အပ်၏။
လူအချို့ကား 'လှူသည့်အတွက် မွဲသွားလိမ့်မည်'ဟူသော ကြောက်ရွံ့မှုဖြင့် အလှူပေးဖို့ရန် လက်တွန့်နေတတ်ကြ၏။ အမှန်စင်စစ်အားဖြင့် မြတ်စွာဘုရားရှင် အလိုရှိတော်မူသည့်'ဒါနပြုမှု' ဟူသည် 'တစ်ပဲရှိလို့ တစ်မူးလှူ'ဟူသကဲ့သို့ စည်းစိမ်ဥစ္စာရှိသမျ အကုန်လှူပစ်ခြင်းမျိုးမဟုတ်။ စည်းစိမ်ဥစ္စာကိုတရားသဖြင့်ရှာလည်းရှာ၍ စားလည်းစား၊ လှူလည်းလှူခြင်းမျိုးကိုသာ ဆိုလိုတော် မူ၏။၂ အသိဥာဏ်ဖြင့် ချင့်ချိန်၍ လှူခြင်းမျိုးကိုသာ အားပေးတော်မူခြင်းဖြစ်ပေ၏။
အမှန်စင်စစ်အားဖြင့် လှူဒါန်းခြင်းသည် မိမိတို့၏ ပစ္စည်းဥစ္စာများ ကုန်သွားခြင်းမဟုတ်။ရရှိလာခြင်းသာ ဖြစ်ပေ၏။ အိမ်တစ်အိမ်မီးလောင်နေသည့်အခါ အိမ်ရှင်သည် အိမ်အတွင်း၌ ရှိသည့် ပစ္စည်းများကို ဆွဲမထုတ်ဘဲ လက်ပိုက်ကြည့်နေပါက အိမ်အတွင်းရှိ ပစ္စည်းတို့သည် မီးလောင် ကျွမ်းခြင်း ခံရမည်သာဖြစ်၏။ မိမိတို့၏ ပစ္စည်းဥစ္စာဟူသမျသည်လည်း ရန်သူမျိုး(၅)ပါး စသည် တို့၏ ၀ိုင်းရံခံ နေရ၏။ ထိုသို့မီးများ ၀ိုင်းရံနေပါလျက် လှူဒါန်းခြင်းဒါနဖြင့် ပစ္စည်းများကို ဆွဲမထုတ်လျင်ကား ထိုပစ္စည်းများသည် ကိုယ်ပိုင်မဟုတ်တော့ဘဲ သူတပါးအပိုင်အဖြစ် စွန့်ပစ်ခဲ့ရမည်သာ ဖြစ်၏။ ထိုကြောင့် ဒါနပြုခြင်းဟူသည် မီးလောင်နေသည့်အိမ်အတွင်းရှိ ပစ္စည်း များကို ဆွဲထုတ်သည်နှင့် တူ၏။
အကယ်၍သာ စွန့်ကြဲပေးကမ်းလှူဒါန်းမှုဖြင့် ဆွဲမထုတ်နိုင်ခဲ့ပါက ထိုပစ္စည်းဥစ္စာများကို သူခိုးလည်း ခိုးနိုင်၏။ မင်းတို့သည်လည်း ဆောင်ယူနိုင်၏။ မီးလည်းလောင်နိုင်၏။ ရေလည်း မျောနိုင် ၏။ သွေးချွေးဖြင့်ရင်းကာ ရှာဖွေထားရသည့် မိမိတို့၏ ပစ္စည်းဥစ္စာသည် အလဟဿလည်း ကုန်ခမ်း ပျက်စီးနိုင်၏။ ထိုကြောင့် မိမိတို့၏ ချွေးနှဲစာများကို စားလည်းစား၊လှူလည်းလှူသင့်၏။ လှူဒါန်းမှု ဟူသော အကြောင်းကြောင့် စည်းစိမ်ဥစ္စာများကုန်ခမ်းသွားလိမ့်မည်ဟု မည်သည့်အခါမှ မတွေးထင် သင့်ပေ။ 'လှူသည့်အတွက် မွဲသည်ဟူ၍မရှိ'ဟု မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူဖူး၏။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် နောက်ပါသံဃာတော်များနှင့်အတူ ကောသလတိုင်း၊ နာဠန္ဒာမြို့သို့ ဒေသစာရီ ကြွတော်မူလာ၏။ ထိုအချိန်တွင် နာဠန္ဒာမြို့သည် ငတ်မွတ်ခေါင်းပါး ဘေး ဆိုက်ရောက်နေချိန် ဖြစ်၏။ အသိဗန္ဓက၏သားဖြစ်သူ ရွာသူကြီးသည် သူ့ဆရာနိဂဏ္ဌက သင်ပေးလိုက်သည့်အတိုင်း 'ငတ်မွတ်ခေါင်းပါးဘေးဆိုက်ချိန်၌ နောက်ပါသံဃာများစွာနှင့်အတူ မြတ်စွာဘုရား ကြွလာခြင်းသည် တကာတကာမတို့ကို ပျက်စီးစေလို၍လော' ဟု မေး၏။ ထိုအခါ မြတ်စွာဘုရားက 'ရွာသူကြီး၊ ယခုပင် ဤကမ္ဘာမှနောက်ပြန်၍ ကိုးဆယ့်တစ်ကမ္ဘာထိအောင် ငါဘုရား ဆင်ခြင်ကြည့်သည်၊ ထိုကိုးဆယ့်တစ်ကမ္ဘာအတွင်း၌ ချက်ထားသော ဆွမ်းကို လောင်းရုံမျဖြင့် ဆင်းရဲသွားသောသူ တစ်စုံတစ်ယောက်ကိုမျ ငါဘုရားမြင်တော်မမူ။ စင်စစ်အားဖြင့် ပစ္စည်းဥစ္စာ ကြွယ်ဝ သောသူဟူသမျသည် ပေးလှူခြင်းဟူသောဒါနနှင့် မှန်ကန်စွာဆိုခြင်း သစ္စာတို့ ကြောင့် ချမ်းသာ ကြွယ်ဝကြခြင်း ဖြစ်၏။ အမျိုးတို့၏ ပျက်စီးမွဲတေခြင်းငှါ ရေ၊ မီး၊ မင်း၊ ခိုးသူစသော အကြောင်း ရှစ်မျိုးရှိ၏။ ထိုအကြောင်းရှစ်မျိုးကို ထင်ရှားတွေ့မြင်နေပါလျက် တကာ တကာမတို့ကို ဖျက်ဆီးခြင်းငှါ ကြွလာ၏ဟု ပြောဆိုခြင်းကို မရှောင်ကြဉ်လျင် အပါယ်ငရဲသို့ ကျရောက်ရမည်'၁ဟု မိန့်တော်မူခဲ့၏။ ထိုကြောင့် စွန့်ကြဲပေးကမ်းလျင် မွဲတတ်သည်ဟု မမှတ်သင့်။ ပစ္စည်းဥစ္စာရှိသော ကြောင့်သာ သူတပါးအား စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို ပြုနိုင်ခြင်းဖြစ်ပြီး ထိုစွန့်ကြဲပေးကမ်း လှူဒါန်းမှုကြောင့်လည်း ပစ္စည်းဥစ္စာများ ရှိလာခြင်းသာဖြစ်၏။ ဥစ္စာနှင့်ဒါနသည် ဤသို့အပြန်အလှန် ဆက်စပ်မှုရှိ၏။ ယင်းသဘောကို လောက၌ ''ရှိလို့လှူ၊လှူလို့ရှိ''ဟူ ၍လည်းကောင်း၊ 'မရှိလို့မလှူ၊ မလှူလို့မရှိ'' ဟုလည်းကောင်း ပြောဆိုကြ၏။
၎း၂၂။ အလှူမမြောက်အောင်နှောင့်ယှက်တတ်သည့်တရားများ
ဤလောက၌ အချို့သူတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းမှုဟူသည် ပြုသင့်ကြောင်း မိမိတို့စိတ်ဝယ် သိရှိကြ၏။ စွန့်ကြဲပေးကမ်းလှူဒါန်းသူနှင့် မလှူဒါန်းသူတို့၏ ကွားခြားချက်ကိုလည်း သိရှိကြ၏။ စွန့်ကြဲပေးကမ်းလှူဒါန်းမှုကြောင့် သူတစ်ပါးအပေါ် သြဇာလွှမ်းနိုင်မှု၊မျက်နှာပန်းပန်း ပွင့်လန်းသဖြင့် လုပ်သမျအောင်မြင်မှု စသည့်အကျိုးတရားတို့ကိုလည်း သိရှိကြပါ၏။ ယင်းသို့သိရှိပင် သိရှိထားကြပါသော်လည်း လက်တွေ့၌မူကား ပေးလှူရန် ၀န်လေးတတ်ကြ၊ လက်တွန့်တတ်ကြ၏။ ထိုသို့ဖြစ်ကြခြင်းသည်ကား ပမာဒတရား၊လောဘ၊ ဒေါသ၊မောဟ၊ဣဿာ၊မစ္ဆရိယ၊ မာနအစရှိသည့် တရားတို့ ၀င်ရောက်နှောင့်ယှက်မှုကြောင့်ဖြစ်၏။၂
သတ္တ၀ါတို့၏စိတ်သည် မိမိတို့၏ လက်ရှိဘ၀ အသုံးအဆောင်အစာအာဟာရတို့၌ အလွန် တပ်မက်လွန်းအားကြီးကြ၏။ သာယာနှစ်သက်စွဲလမ်းမှုများကြ၏။ မည်သည့်သတ္တ၀ါမဆို မိမိတို့ တန်ဖိုးထားသည့်အရာကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏အစွမ်းဖြင့် တရှိုက်မက်မက်စွဲလမ်းကြ၏။ တိရစ္ဆာန် သတ္တ၀ါတို့တွင် ခွေးသည် မိမိစားသုံးနေကျ မစင်ကို မက်မော၏။ မိမိစားနေခိုက် အခြား ခွေးတစ်ကောင် ရောက်လာလျင် မာန်ဖီကာ ရန်ငြိုးဖွဲ့ကိုက်လွှတ်တတ်၏။ ပြာပုံစသည့်နေရာတို့၌ မက်မက်မောမော နေကြအိပ်ကြ၏။ လူတို့အနေဖြင့်မူ ထိုခွေးတို့၏အစားအစာ၊ အိပ်ရာစသည် တို့သည် အလွန်စက်ဆုပ် ရွံ့ရှာဖွယ်ရာများဖြစ်ကြ၏။ သို့သော် ခွေးစသည့်တိရစ္ဆာန်တို့အတွက်မူ ထိုအစာ၊နေရာတို့သည် အကောင်းဆုံးသောအရာများ ဖြစ်ကြ၏။
ထို့အတူ လူတို့သည်လည်း မိမိတို့၏ စားဖွယ်သောက်ဖွယ်၊ အသုံးအဆောင် ပစ္စည်းစသည် တို့၌ ခုံမင်မြတ်နိုးစွာ စားသောက်နေထိုင်သုံးစွဲကြ၏။ မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို အခြား သူတို့က လာရောက်ယူငင်လျင် ဒေါသတကြီး ရန်ပြုတိုက်ခိုက်တတ်၏။ နတ်တို့အနေဖြင့်မူ လူတို့က အကောင်းစားဟု သတ်မှတ်ထားသည့်အရာများသည် အလွန်စက်ဆုပ်ဖွယ်ရာများသာဖြစ်၏။
ထို့အတူ နတ်တို့သည်လည်း သတ္တလောကအတွင်း၌ အကောင်းဆုံးဖြစ်သော နတ်သုဒ္ဓါ နတ်သြဇာတို့ကို စားသုံးကြ၏။ အကောင်းဆုံး ဘုံဗိမာန်တို့၌ နေထိုင်ကြ၏။ အကောင်းဆုံးဖြစ်သည့် သာယာဖွယ်စုံကာမဂုဏ်တို့ကို မက်မောနှစ်ခြိုက်စွာ ခံစားကြရ၏။ လောဘကင်းပြီးသော ဘုရား၊ ရဟန္တာတို့အနေဖြင့်မူ ထိုနတ်တို့ တွယ်တာမက်မောအပ် သည့်အရာဟူသမျကို တွယ်တာမက်မော လိုချင်စရာဟု မထင်ကြတော့။ လောဘတရားရှိသူတို့ အကောင်းထင်၍ ခံစားစံစားအပ်သည့်အရာ ဟူသမျသည် လောဘကင်းပြီးသူတို့အတွက် နှစ်သက်တွယ်တာစရာဟု မမြင်ကြတော့ပေ။ လောဘ တရား၏ ဖိစီးနှိပ်စက်မှုကို ခံနေရသည့် လောကသားတို့ကား ထိုထိုအစာအာဟာရ အသုံးအဆောင် တို့ကိုပင် အလွန်တွယ်တာ မက်မောနှစ်သက်စွဲလမးကြ၏။ ထိုစွဲလမ်းနှစ်သက်သည့် လောဘကြောင့် မိမိသာ စားလိုနေလို၏။ သူတစ်ပါးတို့ စားသောက်နေထိုင်မည်ကို မလိုလားချေ။ သူတစ်ပါးတို့အား စွန့်ကြဲပေးကမ်းလှူဒါန်းရန် လွန်စွာဝန်လေးကြ၏။ လက်နှေးကြ၏။ ဤသို့ဖြစ်ကြခြင်းမှာ မိမိတို့၏ သန္တာန်၌ရှိနေသည့် လောဘတရား၏ ပိတ်ဆို့ဟန့်တားမှုကြောင့်ပင်ဖြစ်၏။
သာဝတ္ထိပြည်၌နေသည့် အဒိန္နပုဗ္ဗကသူဋ္ဌေးသည် ပစ္စည်းဥစ္စာအလွန်ပင် ချမ်းသာကြွယ်ဝ ပါသော်လည်း မည်သူ့အား မည်သည့်အရာကိုမျ မပေးလှူခဲ့ဖူးပေ။ ၁၆နှစ်သားအရွယ် မိမိ၏သားငယ်သည် ယင်းနာရောဂါစွဲကပ်သောအခါ ဆေးဆရာပင့်ရမည်စိုး၍ ဆေးဆရာထံ 'ဤမည်သော ရောဂါဖြစ်လျင် မည်သို့ကုသရမည်နည်း'ဟု မလိမ့်တပတ်ဖြင့် မေး၏။ သူဋ္ဌေးကြီးသည် ဆေးဆရာ တွေ့ကရာပြောလိုက်သည့် စကားကို အဟုတ်ထင်မှတ်ကာ ကိုယ်တိုင်ထောင်းထု ကျိုချက်ကာ သားငယ်ကို တိုက်ကျွေး၏။ သားငယ်၏ ရောဂါမှာ မသက်သာဘဲ ပိုဆိုးလာ၍ ထို ရောဂါဖြင့်ပင် သေဆုံးလေ၏။ သူဋ္ဌေးကြီးကား သူတစ်ပါးကို ပေးလှူဖို့မဆိုထားနှင့်၊ မိမိ၏ အချစ်ဆုံးသားငယ် ရောဂါပျောက်ရေးထက်ပင် မိမိ၏ ပစ္စည်းဥစ္စာအပေါ် အချစ်ပိုခဲ့၏။ သားငယ် ထက် မိမိ၏ပစ္စည်းဥစ္စာကိုသာ ပို၍တပ်မက်ခဲ့၏။ ထိုကြောင့် သားငယ်၏ အသက်ကိုပင် အဆုံးခံကာ လောဘ ဇောဖြင့် ပစ္စည်းဥစ္စာကိုသာ ပိုတွယ်တာခဲ့၏။ လောဘတရား၏ နှောင့်ယှက် ဟန့်တားမှု ကား ကြောက်ဖွယ်ရာကောင်းလှပေ၏။
ထို့အတူ အလှူဒါနပြုသူတစ်ဦးအား မပေးမလှူဖြစ်အောင် ဒေါသတရားကလည်း နှောင့်ယှက်ဖျက်ဆီးတတ်၏။ မည်မျပင်သဒ္ဓါတရားကောင်းသောပုဂ္ဂိုလ်ဖြစ်စေကာမူ တစ်ခါတစ်ရံ၌
ဒေါသစိတ်ရိုင်းဝင်ရောက်နှောင့်ယှက်မှုကြောင့် စွန့်ကြဲပေးကမ်းလှူဒါန်းမှုများ ပျက်ပြယ်သွားတတ်၏။ လောက၌ ကြောက်စရာအကောင်းဆုံးတရားဆိုးတို့တွင် ဒေါသလည်း ပါဝင်၏။ ဒေါသရှေ့ထား မိသဖြင့် မိမိအတွက် အကျိုးရှိ မရှိကို နှလုံးမသွင်းနိုင်တော့ဘဲ စိတ်လိုက်မာန်ပါ ပြုလုပ်ပြောဆိုကြံစည် မိခဲ့ကြောင့် အပါယ်ငရဲကျခဲ့သူများသည်လည်း အသင်္ချေယျ အနန္တများလှပေ၏။ အထက်၌ ဖော်ပြခဲ့သည့် ပဉ္စပါပီဝတ္ထု၌ ဒေါသစိတ်ဝင်လာ၍ ပုဗ္ဗစေတနာ ပျက်ကွက်ခဲ့မှုကြောင့် ပထမပိုင်း၌ မြေညက်မျကိုပင် အလွယ်တကူမလှူနိုင်ဖြစ်ခဲ့ရ၏။ ဒေါသစိတ်ဖြင့်ပြောဆို၍ ဒေါသစိတ်ဖြင့် ကြည့်ခဲ့သော အကုသိုလ်ကံ ကြောင့် အရုပ်ဆိုးခဲ့ရ၏။ ဒေါသစိတ်ကို သတိဖြင့် ဆက်မထိန်းနိုင်ဘဲ ဆက်လက်ပြစ် မှားစော်ကား မိခဲ့လျင်ကား မြေညက်လှူဒါန်းမှုဒါနလည်း အောင်မြင်နိုင်ဖွယ်မရှိချေ။ အပါယ်ငရဲသို့ကျရောက်၍ ဘ၀များစွာ ဆင်းရဲဒုက္ခခံစားရမည်သာဖြစ်၏။ ထို့ကြောင့် ဒေါသတရား ထားမိခြင်းကား အရာရာကို ဆုံးရှုံးစေနိုင်သည်သာမက ဘ၀စည်းစိမ်ကို ပေးတတ်သော စွန့်ကြဲ ပေးကမ်းလှူဒါန်းမှုလုပ်ငန်း၌လည်း နှောင့်ယှက်ဖျက်ဆီးတတ်ပေ၏။
ထို့အပြင် စွန့်ကြဲပေးကမ်းလှူဒါန်းမှု၌ နှောင့်ယှက်တတ်သည့် တရားတို့တွင် မောဟလည်း ပါဝင်၏။ မောဟဟူသည် တွေဝေမိုက်မဲမှု၊ အမှန်မမြင်နိုင်မှု အ၀ိဇ္ဇာကို ခေါ်ခြင်းဖြစ်၏။ မောဟသည် အကုသိုလ်စိတ် စေတသိက် ဖြစ်ပေါ်တိုင်း၌ အမြဲပါဝင်သောကြောင့် လောဘ၊ ဒေါသ ဖြစ်သည့်အခါ တိုင်း၌ မောဟအမြဲပါဝင်၏။ အမှန်မသိမှုဟူသည့် အ၀ိဇ္ဇာ၏ အားပေးအားမြှောက်ပြုမှုကြောင့် သာယာတတ်မက်ဖွယ်မရှိသည့် ပစ္စည်းဝတ္ထုတို့၌ သာယာတတ်မက်ဖွယ်ဟု ထင်၏။ ထိုအခါ လောဘကစွဲလမ်းနှစ်သက်စရာဟူသော အမှတ်ဖြင့် အနိဋ္ဌာရုံများကို စွဲလမ်းနှစ်သက်၏။ ထို့အတူ ဒေါသစိတ်ဖြစ်ပေါ်အောင်လည်း အ၀ိဇ္ဇာကပင်ပြုပေး၏။ မိမိအလိုကျ မဖြစ်လာတိုင်း ဒေါသစိတ် ဖြစ်ရခြင်းသည်အကျိုးအကြောင်းဖြစ်စဉ်ဟူသည့် သဘာဝအမှန် တရားကို မသိမမြင်ခြင်း အ၀ိဇ္ဇာ တရားက ဖုံးကွယ်ပေးမှုကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် လောဘ၊ ဒေါသ၊မောဟဟူသည့် အကုသိုလ် တရားများဖြစ်နေခိုက် စွန့်ကြဲပေးကမ်း လှူဒါန်းမှုပျက်တတ်၏။
ထို့အပြင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုသူအား အကြီးမားဆုံး နှောင့်ယှက်တတ်သည့် တရားမှာ ဣဿာ မစ္ဆရိယတရားတို့ဖြစ်၏။ မိမိတို့၏ ပစ္စည်းဥစ္စာကို မပေးလှူရုံမျသာမက သူတစ်ပါးတို့ ပေးလှူမှုကို တားမြစ်သူတို့သည် မျက်မှောက်ဘ၀၌လည်း အကဲ့အရဲ့ခံရမှု၊ မိတ်ဆွေရှားပါးမှုတို့နှင့် ကြုံရနိုင်၏။ တမလွန်တွင်လည်း အပါယ်ငရဲကျရောက်ရ၏။ လူဖြစ်ပြန်လျင် ပစ္စည်းဥစ္စာချို့တဲ့ရ၏။ သာဝတ္ထိပြည် မနီးမဝေးရှိ တုဒိရွာစား တောဒေယျပုဏ္ဏားသည် ချမ်းသာကြွယ်ဝသော်လည်း မွဲသွား မည်စိုး၍ စွန့်ကြဲပေးကမ်းလှူဒါန်းမှု မပြုလုပ်ခဲ့ပေ။ သားဖြစ်သူ သုဘလုလင်အားလည်း ''မျက်စဉ်း တောင့်သည် အနည်းငယ်သာ သုံးသော်လည်း သုံးဖန်များလာသောအခါ ကုန်ခမ်းသွားသကဲ့သို့ ပစ္စည်းဥစ္စာကိုလည်း အနည်းငယ်မျကိုပင် လှူသော်လည်း လှူဖန်များက ကုန်သွားမည်သာ။''ဟု စသည်ဖြင့်ဆုံးမ၏။ တောဒေယျပုဏ္ဏား သေလွန်သောအခါ ထိုမစ္ဆရိယအကုသိုလ်ကံကြောင့် သူ့အိမ်၌ပင် ခွေးပြန်ဖြစ်ရ၏။၁
သက္ကာရရွာသား မစ္ဆရိယကောလိယသူဌေးသည် ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသော် လည်း မွဲသွားမည်စိုး၍ မပေးမလှူရုံမျမက မိမိကိုယ်တိုင်ပင် မသုံးဆောင်ပေ။ မည်သူအားမျ မပေးမလှူဘဲ နှမျောတွန့်တိုလှ၏။ တစ်နေ့တွင် မုန့် အိုးကင်းကို စားလိုစိတ်ရှိသော်လည်း သူတစ်ပါးအား ကျွေးရမည်စိုး၍ ကြိတ်မှိတ်ကာ အောင့်အည်း၏။ သူဌေးကတော်က ကြော်ပေးမည် ဟု ပြော၏။ ထိုအခါ သူဌေးသည် သူတစ်ပါးတို့အား ကျွေးရမည်စိုး၍ ဘုံခုနစ်ဆင့်သို့တက်ကာ တံခါးကို အလုံပိတ်၍ သူဌေးကတော်ကို အကြော်ခိုင်း၏။ အရှင်မဟာမောဂ္ဂလာန်သည် ကြွရောက် ၍ တန်ခိုးပြမှသာ လောင်းလှူလေ၏။၁ သူဌေးကား ယခုဘ၀တွင် ကျွတ်တမ်းဝင်မည့်သူဖြစ်၍သာ ဘုရားရှင်၏ ကရုဏာ တော်ကြောင့် အလှူမြောက်ခဲ့ရခြင်းဖြစ်၏။ ဘုရားရှင်နှင့်သာ မတွေ့ခဲ့ လျင် ကား ထိုသူဌေး၏ မစ္ဆရိယစိတ်သည် မည်မျနှိပ်စက်ဦးမည်မသိပေ။
ထို့အတူ အလှူဒါနမပြုဖြစ်အောင် မာနတရားကလည်း နှောင့်ယှက်ဖျက်ဆီးတတ်ပေ၏။ မာနတရားသည်လည်း အလွန်ကြောက်ဖွယ်ကောင်းသည့် တရားတစ်ပါးပင်ဖြစ်သည်။ ယင်းမာန တရားကြောင့် ရသင့်ရထိုက်သည့်အကျိုးများ မရလိုက် ဖြစ်သွားနိုင်၏။ အလှူနှင့်ပတ်သက်၍ တတ်သိနားလည်သူတို့၏ နည်းပေးလမ်းပြမှုကို မဖြစ်မနေခံယူသင့်လှ၏။ 'ငါသိ ငါတတ်' သဘောဖြင့် မာန်ထောင်လျင်ကား အလှူ၏အကျိုးကို အပြည့်အ၀ ရရှိမည်မဟုတ်ပေ။
၎း၂၃။ စာဂ(ဒါန)ဖြင့် ဘ၀အာမခံချက်ရရှိနိုင်ပုံ
အချို့က စာဂ(ဒါန) ပြုခြင်းသည် သံသရာရှည်စေနိုင်၏ဟု ပြောတတ်ကြ၏။ ဒါနပြုခြင်းဖြင့် သံသရာကို ပိုရှည်လာအောင် ဆွဲဆန့်သကဲ့သို့ဖြစ်၏ ဟု ပြောတတ်ကြ၏။ အမှန်အားဖြင့် ဒါနသည် လောကီစည်းစိမ်ချမ်းသာကိုသာ တောင့်တ၍ လှူအပ်သော ၀ဋနိဿတဒါနနှင့် ၀ဋ်ဆင်းရဲ ကင်းလွတ်ရာ နိဗ္ဗာန်ကိုတောင့်တ၍ ပေးလှူအပ်သော ၀ိဝဋနိဿိတဒါနအားဖြင့် နှစ်ပါးရှိ၏။
ဤနှစ်ပါးတို့တွင် ၀ဋနိဿိတဒါနပြုသူသည် ထိုကဲ့သို့သံသရာကို မရှည်ရှည်အောင် ဆွဲဆန့် ကောင်းဆွဲဆန့်နိုင်ပါ၏။ ဘုရားအလောင်းအစရှိသော သူတော်ကောင်းတို့သည်ကား အလှူဒါနပြုရာတွင် နိဗ္ဗာန်ကိုသာ ရည်သန်တောင့်တ၍ ပြုတတ်၏။ ယင်းသို့ နိဗ္ဗာန်ကို တောင့်တကာ ကုသိုလ်ပြုခြင်းဖြင့် ဒါနပါရမီလည်း ဖြစ်၏။ ဒါနပါရမီဖြစ်မှလည်း နိဗ္ဗာန်သို့ရောက်နိုင်၏။ လူ့ဘ၀၊နတ်ဘ၀၊စည်းစိမ်ဥစ္စာ စသည်ကို တောင့်တ၍ ကုဋေကုဋာမရေမတွက်နိုင်အောင် အလှူပေးပါသော်လည်း ဒါနပါရမီ မဖြစ်ပေ။ ပါရမီမဖြစ်သည့် တောင့်တမှုတို့ကို မြတ်စွာဘုရားရှင်က မိစ္ဆာပဋိပဒါ= မှားယွင်းသော ကျင့်ဝတ်ဟုပင် မိန့်ဆိုတော်မူခဲ့၏။၂ လွဲမှားသည့် တောင်းဆုကြောင့် ပုညာဘိသင်္ခါရဖြစ်သွား၍ သံသရာ လည်စေနိုင်သောကြောင့် မိစ္ဆာပဋိပဒါဟု အမည်တပ်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် နိဗ္ဗာန်ကို ရည်သန်သည့် ပါရမီမြောက်ဒါနမျိုးကိုသာ ပြုသင့်၏။
ပါရမီဟူသည်မှာလည်း အချိန်ယူကာ အဆင့်ဆင့်ဖြည့်ကျင့်ရသည့် သဘောရှိ၏။ ဂေါတမဘုရားအလောင်းသည်ပင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာ ပါရမီဖြည့်ကျင့်ခဲ့ရ၏။ အလှူဒါနပြုတိုင်၌လည်း သမ္မာသမ္ဗောဓိဆုကိုသာ ဦးတည်၍ '' ဣဒံ မေ ပုညံ သဗ္ဗñုတညာဏဿ (သမ္မာသမ္ဗောဓိ ဉာဏဿ) ပစ္စယော ဟောတု''ဟု ဆုတောင်းမှုပြုလေ့ရှိ၏။ သို့သော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီရင့်ကျက်ချိန်ကို စောင့်ခဲ့ရ၏။ ယင်းကို သံသရာရှည်စေသည်ဟု သတ်မှတ်ပါမည်လော။ ကုသိုလ်ပြုသူက နိဗ္ဗာန်ကိုတောင့်တ၍ ပါရမီမြောက်ဒါနကို လှူဒါန်းပင် လှူဒါန်းငြားသော်လည်း ထိုကုသိုလ်ရှင်သည် ပါရမီမရင့်ကျက်သေး၍ (ကျွတ်ချိန်မတန်သေး၍) ဘ၀သံသရာ၌ ကျင်လည်ရသေးသည်ရှိသော် လူ့ဘ၀ လူ့ချမ်းသာ နတ်ဘ၀ နတ်ချမ်းသာတို့ကို ကုသိုလ်အကြောင်းအားလျော်စွာ မတောင့်တဘဲ ဓမ္မနိယာမအားဖြင့် ခံစားရမည်သာဖြစ်၏။ ထို့ကြောင့် ဒါနသည် သံသရာရှည်ကြောင်းမဟုတ်။ မသေချာ မရေရာသည့်သံသရာ၌ ဘ၀အာမ ခံချက် ပေးနိုင်သည့် တရားမျိုးသာ ဖြစ်၏။
မြတ်စွာဘုရားကလည်း'' စင်စစ်အားဖြင့် စာဂတရားသည် ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှာဖြစ်၏။ တပ်မက်မှုကင်းခြင်းငှာဖြစ်၏။ ရာဂစသည်တို့ ချုပ်ငြိမ်းခြင်းငှာဖြစ်၏။ ကိလေသာတို့ ငြိမ်းအေး ခြင်းငှာဖြစ်၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေး သုံးပါးသို့ တင်၍ အထူးသိခြင်းငှာ ဖြစ်၏။ သစ္စာလေးပါးကို ထိုးထွင်း၍သိခြင်းငှာ ဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏ ဟု ဟောကြားတော်မူခဲ့၏။ ဤဒေသနာကိုရှုပါက သံသရာလွတ်မြောက်ရေးတွင် ဒါနက ပထမ အဆင့် ဖြစ်သည်မှာ ထင်ရှား၏။ သို့သော် ဒါနသက်သက်ဖြင့် နိဗ္ဗာန်ချမ်းသာကို ရနိုင်သည်ဟုကား မမှတ် သင့်ပေ။ ထိုစွန်ကြဲပေးကမ်းလှူဒါန်းမှုအပေါ်တွင် '' ငါသည် ဂုဏ်ပကာသနကိုလည်း မမျော်၊ မောက်မောက် မော်မော်လည်း မပြု၊ ၀န်တိုမှုမစ္ဆရိယလည်းမဖက်ဘဲ မဂ်ဖိုလ်နိဗ္ဗာန်အကျိုးငှာ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအမှုကို ပြုအပ်ပြီ''ဟု စာဂတရား၏ သန့်ရှင်းစင်ကြယ်ခြင်းဂုဏ်ကို အဖန်ဖန်အထပ်ထပ် အောက်မေ့ခြင်းစာဂါနုဿတိဖြင့် စိတ်တည်ငြိမ်မှု သမာဓိကိုဖြစ်စေကာ ဈာန်၊ မဂ်၊ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိစေနိုင်၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားက ပဋ္ဌာန်း ပါဠိ တော်၌ ''စာဂတရားကို အမှီပြု၍ စွန့်ကြဲပေးကမ်းလှူဒါန်းနိုင်၏။ သီလကို ကောင်းစွာဆောက်တည် နိုင်၏။ ဈာန်သမာပတ်၊အဘိညာဉ်၊ ၀ိပဿနာ မဂ်ဉာဏ်တို့ကို ဖြစ်စေနိုင်၏၁ဟု ဟောကြားတော်မူ ခဲ့၏။ ဋီကာဆရာကလည်း ''စာဂသည် ဈာန်ဝိပဿနာမဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာအား အားကြီးသောမှီရာ အကြောင်းအထောက်အပံ့ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏၂ဟု ဖွင့်ပြခဲ့၏။
ဤဒေသနာတို့ကိုရှုပါက စာဂသည် လောကီဘ၀အာမခံချက်ကို ပေးနိုင်သည့်အပြင် အဆုံးစွန် ချမ်းသာဖြစ်သည့် နိဗ္ဗာန်သို့ပင် ရောက်စေနိုင်ကြောင်း ထင်ရှား၏။
၎း၂၄။ စွန့်ကြဲပေးကမ်းမှုဖြင့် သေခြင်းတရားကို ရင်ဆိုင်ရဲ၏
လောကလူသားများစွာတို့သည် သေခြင်းတရားကို လွန်စွာကြောက်ကြ၏။ သေဟူသော စကားလုံးကို ပြောမိလျင်ပင် နိမိတ်မရှိဟုယူဆကာ လွန်စွာစိတ်ဆိုးတတ်ကြ၏။ သေခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာစကား၊ အပြုအမူမှန်သမျတို့ကို တတ်နိုင်သမျ ရှောင်၍ ပြောဆို ဆက်ဆံ ပြုမူ လုပ်ကိုင်တတ်ကြ၏။ ဤသို့ဖြစ်ခြင်းမှာ မိမိတို့သေကြရမည်ကိုတွေး၍ ကြောက်နေကြ ခြင်းကြောင့် ဖြစ်၏။ သို့သော် ထိုသေခြင်းတရားကို မရှောင်လွှဲနိုင်ကြဘဲ ရင်ဆိုင်တွေ့ကြုံရမည်မှာ သတ္တ၀ါတိုင်းအတွက် နိယာမပင် ဖြစ်၏။ ရှောင်လွှဲ၍မရနိုင်သည့်အတူတူ ထိုသေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင် လိုက်ခြင်းသည် အကောင်းဆုံးသောနည်းလမ်းဖြစ်၏။
သေဆုံးခြင်းဟူသည်မှာ ယခုလက်ရှိ ခန္ဓာအဟောင်းကို စွန့်၍ နောက်ဘ၀သစ်တစ်ခုသို့ ရောက်သွားခြင်းပင်ဖြစ်၏။ ထိုရောက်ရမည့်ဘ၀ကို မည်သည့် ဘုံဘ၀ဖြစ်မည်ဟု တပ်အပ်သေချာ မသိနိုင်ပေ။ သုဂတိ ဘုံဖြစ်နိုင်သကဲ့သို့ ဒုဂ္ဂတိဘ၀သို့လည်း ရောက်နိုင်၏။ အကောင်းကိုသာ ခံစား လိုသည့် လူသားတို့သဘာဝအတိုင်း ကောင်းသောဘုံဘ၀သို့သာ ရောက်လိုလျင်ကား ကုသိုလ်ကောင်းမှုများများ ပြုကြရန်သာရှိ၏။ ကောင်းမှုကုသိုလ်များများပြုခြင်းဖြင့် ဂတိချွတ်ချော် မည်ကို တွေး၍ကြောက်နေရသည့် သေခြင်းတရားကိုလည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်လာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သေရမည့်ဘေးကိုတွေး၍ ကြောက်ရွံမနေကြဘဲ စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို အမြဲမပြတ် ပြုလုပ်ခြင်း ဖြင့် သေခြင်းတရားကို ရင်ဆိုင်ရဲအောင် ကြိုးစားသင့်ကြ၏။
၎း၂၅။ စွန့်ကြဲပေးကမ်းလှူဒါန်းပြီးတိုင်း ဆုတောင်းအမျဝေသင့်
စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုပြီးတိုင်း နိဗ္ဗာန်ကိုရည်မှန်းတောင့်တသည့် ၀ိဝဋနိဿိတဒါန ဖြစ်စေမည့် ဆုတောင်းအပ်၏။ ၀ိဝဋနိဿိတဒါနဖြစ်စေရန် အလှူပေးပုဂ္ဂိုလ်ဖြစ်သူသည် မောင်ဖြူ စသည်ဖြင့် ပညတ်အမည် မည်သို့ပင်ရှိသော်လည်း ပရမတ်အားဖြင့်ကား ရုပ်နာမ်နှစ်ပါးသာရှိ၏။ လှူဖွယ်ဝတ္ထုတို့သည် ပညတ်အားဖြင့် အမည်အမျိုးမျိုးရှိသော်လည်း ပရမတ်အားဖြင့် ရုပ်အစုမျသာ ဖြစ်၏။ အလှူခံပုဂ္ဂိုလ်(၁၄)ယောက်တို့တွင်လည်း မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်စေ ပရမတ်အားဖြင့် ရုပ်နာမ် မျသာ ဖြစ်၏။ ထိုရုပ်နာမ်နှစ်ပါးသည် မမြဲခြင်းအနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အစိုးမရခြင်းအနတ္တဟူသည့် လက္ခဏာရေး သုံးရပ်မှမလွတ်ဟု ဆင်ခြင်အပ်၏။ ထိုကဲ့သို့ လက္ခဏာရေးသုံးပါးတင်ကာ ဆင်ခြင်၍ နိဗ္ဗာန်ရည်မှန်းလျက် လှူဒါန်းပါမှ ၀ိဝဋနိဿိတဒါန စစ်စစ်ဖြစ်နိုင်၏။ သို့ဖြစ်၍ ကုသိုလ်ကောင်းမှု ပြုပြီးတိုင်း သံသရာမလည်စေမည့် ဆုတောင်းမျိုးကိုသာ၎ ဆုတောင်းသင့်၏။ ဆုတောင်းသည် ဆိုရာ၌လည်း မိမိတို့တောင်းည့် ဆုမျိုးနှင့်တန်သည့် ကုသိုလ်ကောင်းမှုပြုမှ လိုအပ်သောဆုကို ရနိုင်၏။ ဂေါတမဘုရားရှင်သည် မိမိတောင်းသောသဗ္ဗñုဆုနှင့်တန်အောင် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း တိုင်အောင် ပါရမီကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးခဲ့ရ၏။ အရှင်သာရိပုတ္တရာ၊ အရှင် မောဂ္ဂလာန်တို့သည် အဂ္ဂသာဝကဆုနှင့်တန်အောင် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်ခဲ့ရ၏။ အရှင်မဟာ ကဿပ၊ အရှင်အာနန္ဒာ၊ မိထွေးတော်ဂေါတမီ၊ ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရ်စသူတို့သည် မဟာသာဝကဆုနှင့်တန်အောင် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ ဖြည့်ကျင့်ခဲ့ရ၏။ ထို့ကြောင့် မည်သည့်အရာကိုမှ မတန်မရာ မရကြ၊ တန်ရာတန်ကြေး ပေးဆပ် ရသည်၏အဖြစ်ကို သတိပြုသင့်လှ၏။
ဆုတောင်းပြီးသည့်နောက် ထိုကုသိုလ်အဖို့ကို သူတစ်ပါးတို့အား အမျဝေသင့်၏။ လှူဖွယ် ၀တ္ထုပစ္စည်းစုကို လှူဒါန်းပေးကမ်းစွန့်ကြဲပြီးနောက် ''သတ္တ၀ါအားလုံးအား အမျပေးဝေပါ၏။ ကုသိုလ် အမျရကြပါစေ'' ဟု အမျအတမ်းပေးဝေခြင်းသည် ပတ္တိဒါနကုသိုလ်ဖြစ်၏။ ဥပမာ အိမ်ခြေ တစ်ရာ ရှိသောရွာ၌ တစ်အိမ်သာ မီးရှိ၍ ကျန်အိမ်အသီးသီးမှ မီးကို ကူးယူထွန်းညှိကြလျင် ကူယူခံရသည့် ပထမမီးအိမ်မှ မီးရောင်သည် ယုတ်လျော့သွားခြင်းမရှိ။ အသစ်ဖြစ်သော နောက်မှ ကူးယူထွန်းညှိ ကြသည့် မီးရောင်၏ အကူအညီကိုရ၍ အလင်းဓာတ် ပိုမိုတောက်ပြောင်လာသကဲ့သို့ မိမိ၏ ကုသိုလ်အဖို့ကို အမျပေးဝေလိုက်ခြင်းအားဖြင့် မိမိကုသိုလ်မှာ မယုတ်လျော့သည့်အပြင် ပို၍ တိုးပွားလာ၏။ အလှူ၏အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သူအဖို့လည်း ပတ္တာနုမောဒန ကုသိုလ်ရ၏။ ။
အခန်း (၄) ပြီး၏။
Blog Archive
-
▼
2010
(47)
-
▼
December
(14)
- ခြုံငုံသုံးသပ်ချက်နှင့်ကျမ်းကိုး
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၅)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၄)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၃)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၂)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်း အခန်း(၁)
- မဟာသတိပဋ္ဌာန် ၄ ပါးနှင့် အကျိုး
- သမ္ဗုဒ္ဓေ ပါဠိ ဘာသာပြန်
- သက်ရှည်ကျန်းမာ လေးဂါထာ
- ဗြဟ္ကစိုရ်တရားလေးပါး
- သြကာသရှိခိုးခြင်း၏ အနက်အဓိပ္ပါယ်
- ဗုဒ္ဓ၏ အဆုံးအမ
- ကြီးပွါးကြောင်းတရား
- No title
-
▼
December
(14)
Labels
- article (33)
- Buddhism (1)
- computer (3)
- English Learning Sample(1) (1)
- interview (1)
- photo (2)
- The Buddhist Series (1)
- video (11)
- ကဗျာ (1)
- ကဗျာမဟုတ် စာမဟုတ် (1)
- ကဗျာမဟုတ် စာမဟုတ်(၂) (1)
- ကွန်ပျူတာအခြေခံ (1)
- ဂါထာ (2)
- စိတ်အကြောင်းလေ့လာခြင်း (1)
- နစ်သစ်ကူးလက်ဆောင် (1)
- ဘွဲ့ယူကျမ်းစာ (7)
- ဘာသာပြန် (1)
- ပြန်တူးမိသောအတိတ်များ (1)
- မြန်မာပြန် (1)
- အင်္ဂလိပ်ဝါကျသီကုံးခြင်း (1)
- အင်္ဂလိပ်စကားပြော (2)
- အမှတ်တရစာစု (1)
- အရှင်ဝိစိတ္တ(ကိုးရီးယား) (1)
- ဆောင်းပါး (3)
-ှုဆရာဦးမြကြိုင် (1)
Followers
Powered by Blogger.
Thursday, December 23, 2010
ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၄)
Posted by အလင်းနယ် at 3:10 AM
Labels: ဘွဲ့ယူကျမ်းစာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment